"ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်မ နောက်တစ်ခေါက် သွားလိုက်ပြန်လိုက် လုပ်ရတော့မှာ။" ပန်းရောင်ဝတ်ထားသည့် သူနာပြုဆရာမလေးက ချွီးဟယ်ချင်း လက်ထဲမှ ပစ္စည်းကို ယူလိုက်ရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။
ယနေ့တွင် မြို့ထဲ၌ ကားမတော်တဆမှု ဖြစ်ခဲ့ပြီး သူနာပြုဆရာမလေးသည် ထိုသတင်းကို ချွီးဟယ်ချင်း၏ လက်မှ ဆေးသွင်းအပ်ကို ဖြုတ်နေစဥ် ကြားလိုက်ရခြင်း ဖြစ်သည်။ သူမက ထိတ်လန့်သွားပြီး အလွဲလွဲအမှားမှား လုပ်မိလုနီးပါး ဖြစ်သွားသည်။ သူမက ပစ္စည်းတချို့လည်း ပျောက်သွားခဲ့ပြီး ကံကောင်းစွာဖြင့် ချွီးဟယ်ချင်းက တွေ့သွားပြီး ကောက်ယူ၍ ပြန်ပေးခဲ့သည်။
"ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း အခုလေးတင် တွေ့လိုက်မိလို့ပါ။" ချွီးဟယ်ချင်းက အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။ "ခင်ဗျား တစ်မနက်လုံး အလုပ်ရှုပ်နေတာ။ သူနာပြုကျယ်ကျဲ... ရေများများသောက်ဖို့ သတိရဦးနော်။ ဆေးဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။"
"အိုး... အပြောလေးက အရမ်းချိုတာပဲ။" ပုံမှန်အားဖြင့် ဆေးဝန်ထမ်းတစ်ယောက်အနေနှင့် သူတို့က လူနာကို ဂရုစိုက်ပေးကြရသည်။ မမျှော်လင့်ဘဲ ဤတစ်ကြိမ်၌ လူနာက သူတို့ကို ပြန်ဂရုစိုက်ပေးခဲ့သည်။ ၎င်းသည် သူတို့ နှလုံးသားထဲတွင် ချိုမြိန်မှုများ ပြည့်နှက်လာစေသည်။
ထို့ပြင် သူတို့ရှေ့ရှိ လူငယ်လေးတွင် ချိုမြိန်သော အပြုံးလေးတစ်ခု ရှိပြီး မျက်စိ အလွန် ပသာဒရှိစေကာ စိတ်ချမ်းမြေ့စေပေသည်။ တစ်ချက်လေး မြင်လိုက်ရရုံနှင့်ပင် စိတ်ခံစားချက်များအား ပိုမိုကောင်းမွန်လာစေသည့် အသွင်လေး ဖြစ်၏။
ချွီးဟယ်ချင်း ထွက်သွားပြီးနောက် သူနာပြုဆရာမလေးများစွာ ဝိုင်းလာပေသည်။
"အဲဒါ ဟိုသရုပ်ဆောင်လေး မလား။ သူက အတင်းအဖျင်းတွေထဲကနဲ့ မတူဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ။ သူ့ကို ကြည့်ရတာ တော်တော်လေး ရွှင်လန်းတက်ကြွတဲ့ပုံပဲ။"
"တခြားဟာတွေထက် အဲဒီမျက်နှာလေးက တော်တော်ကြည့်ကောင်းတယ်။ ငါ ဘာလို့ သူ့ကို အရင်တုန်းက မသိခဲ့ရတာလဲ။"
"ဘယ်သူသိမှာလဲ။ အနုပညာလောကထဲက သတင်းတွေက အမှန်အမှားရောနေတာ။ အဲဒါတွေက အရည်မရအဖတ်မရတွေပဲ။ ဘာပဲဖြစ်ဖြစ် သူ ပြုံးလိုက်တဲ့အခါ အရမ်းဆွဲဆောင်မှုရှိတယ်လို့ ငါ ထင်မိတယ်။"
လူနာဆောင်သို့ ပြန်လာရင်း ချွီးဟယ်ချင်းက အချိန်ကို ကြည့်လိုက်သည့်အခါ နေ့လယ်စာစားချိန်ပင် ရောက်နေပြီ ဖြစ်၏။ သူက လမ်းလျှောက်ရန် အောက်ထပ်သို့ ဆင်းသွားချင်ခဲ့သည်။
ဆေးရုံမှ ကျွေးသော အစားအစာကို နှစ်ရက်လောက် စားပြီးနောက် သူက မနေနိုင်တော့ဘဲ အခြားအစားအသောက်ကို စားချင်လာသည်။
၎င်းမှာ သူက ရောင့်ရဲတတ်ခြင်း မရှိသောကြောင့် မဟုတ်ဘဲ ယခင်ဘဝတွင် သူက အနုပညာလောကမှ အနားယူပြီးနောက် လုပ်စရာအလုပ်၍ အိမ်မှာ ပျင်းရိနေသဖြင့် ချက်ပြုတ်ခြင်းကို စတင်သင်ယူမိခဲ့သည်။
ဖြစ်ချင်တော့ သူက ထိုနယ်ပယ်တွင် အနည်းငယ် ပါရမီပါခဲ့ပြီး သူ့လျှာကလည်း မတော်တဆ အလေ့အကျင့် ဖြစ်သွားခဲ့သည်။
ယခု သူက ဆေးရုံရောက်နေလေရာ သူကိုယ်တိုင် မချက်ပြုတ်နိုင်သေးသည်က သေချာပေသည်။ ထို့ကြောင့် သူက လူနာအစားအသောက်များကိုသာ နာနာခံခံ စားသောက်ရုံသာ တတ်နိုင်၏။ သို့သော်လည်း အလေ့အကျင့်ဖြစ်နေသည့် အစားအသောက် ချေးများသော အလေ့အထက အလွယ်တကူ ပြောင်းလဲရန် ခက်ခဲသည်။
အမှန်ပြောရလျှင် ဆေးရုံကဲန်တင်းရှိ အစားအသောက်များက အတော်လေး ကြွယ်ဝပြီး အသားနှင့် အသီးအရွက်တို့ မျှတသော်လည်း ဆေးရုံစရိတ်ထဲ၌ တစ်ခါတည်းပါဝင်သည့် လူနာအစားအသောက်ကတော့ လုံးဝကို အရသာမရှိလှပါချေ။
သို့သော် မြို့ထဲတွင် ကျော်ကြားသော ဆေးရုံဖြစ်သည်နှင့်အညီ အစားအသောက်တွင် ပိုကောင်းသော ရွေးချယ်စရာများ ရှိသည်။
အတွင်းလူနာဆောင်၏ နောက်ဘက်တွင် သပ်သပ်ခွဲခြားထားသော နာလန်ထစလူနာများအဆောင် ရှိသည်။ ထိုနေရာတွင် အဆင့်မြင့်စားသောက်ဆိုင် ရှိပြီး အရသာရှိသော အစားအသောက်များ ရှိရုံမျှမက အရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုပါ ရှိလေသည်။
သူတို့၏ အစားအသောက်များမှာ အပြစ်ဆိုစရာမရှိဘဲ တစ်ခုတည်းသော အားနည်းချက်မှာ စျေးကြီးခြင်းပင် ဖြစ်လေသည်။
သူနာပြုများ၏ စကားအရ ဤနေရာတွင် တစ်နပ်စာ ငွေကြေးက ဆေးရုံစားသောက်တန်းတွင် တစ်လ စားသောက်နိုင်ပေသည်။
ချွီးဟယ်ချင်းက အလွန် စိတ်လှုပ်ရှားနေသည်။ သူ နိုးလာကတည်းက ကောင်းကောင်းမွန်မွန် မစားသောက်ရသေးပေ။
လောင်လိန်က အလွန် ဆင်းရဲသောသူ ဖြစ်ပြီး နောက်ဆုံးတစ်ခေါက် သူ လူနာလာတွေ့စဥ်က ပန်းသီးနှစ်လုံးသာ ဝယ်လာခဲ့ကာ ထိုအထဲမှ တစ်လုံးကို စကားပြောနေရင်း သူ ပြန်စားသွားလေသည်။
ကံမကောင်းစွာနှင့် သူ မည်မျှ စိတ်လှုပ်ရှားနေပါစေ သူ၏ ဆင်းရဲမွဲတေလှသော ဘဏ်ကတ်လေးကို စဥ်းစားလိုက်ပြီးနောက် လက်လျှော့လိုက်ရသည်။
သူ့အနေနှင့် ထိုအစားအသောက်ဖိုး မတတ်နိုင်ခြင်း မဟုတ်သော်လည်း ဤတစ်ကြိမ် စားသောက်ပြီးနောက် သူက နောက်နေ့တွေ၌ စားသောက်ရန် မရှိတော့မည်ကို စိုးရိမ်ခြင်း ဖြစ်သည်။
ဤသို့ဖြစ်လာသည့်အချိန်တိုင်း သူသည် မနေနိုင်ဘဲ ယခင်ဘဝမှ မီးဖိုချောင်ပစ္စည်းများကို လွမ်းဆွတ်မိသည်။ သူ၏ ဂဏန်းဥအသီးအရွက်မွှေ၊ အရက်မူးငါး၊ ကြက်သားတုံးအစပ်ကြော်၊ သိုးသားစဥ်းကော.....
"ရှလွတ်--" သူက ထပ်တွေးမနေနိုင်တော့ဘဲ ရပ်တန့်လိုက်ရသည်။ မဟုတ်လျှင် သွားရည် အများအပြား ကျလာခြင်းကြောင့် ဆေးရုံမဆင်းခင်မှာပင် ဆရာဝန် ထပ်ပြရပေလိမ့်မည်။
လမ်းလျှောက်လာရင်းနှင့် ချွီးဟယ်ချင်းက နာလန်ထလူနာများရှိရာ အဆောင်သို့ ရောက်ရှိလာသည်။
အခြားနေရာများနှင့်မတူဘဲ ဤနေရာက သိသိသာသာ အများကြီး ပိုကောင်းပေသည်။ ကြီးမားသော ဥယျာဥ်ကြီးထဲတွင် မည်သူမှ မရှိဘဲ ကျေးငှက်များ၏ အော်မြည်သံက ကိုယ့်နားနားတွင် လာအော်နေသကဲ့သို့ ရှင်းလင်းပြတ်သားနေသည်။
ဤနေရာရှိ ပတ်ဝန်းကျင် အခြေအနေက အတော်လေး ကောင်းမွန်ပြီး ချွီးဟယ်ချင်းက တွေးနေသည့်အချိန်တွင် ရုတ်တရက် စွဲမက်စရာကောင်းသည့် ရနံ့တစ်ခုကို ရလိုက်သည်။
အဲဒါက ငါးစွပ်ပြုတ်အနံ့ပဲ!
သူက အနံ့သာခံနိုင်သော်လည်း အညှီနံ့ကို ဖယ်ပြီးနောက် ထွက်လာသည့် လတ်ဆတ်သော ရနံ့က အလွန် ထူးခြားပြီး စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည်။
ချွီးဟယ်ချင်းက မနေနိုင်တော့ဘဲ ချုံပုတ်ကို ကွေ့ဝိုက်၍ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားမိသည်။ သေချာပေါက်ပင် သူသည် ကျောက်တုံးစားပွဲပေါ်၌ တင်ထားသည့် ငါးစွပ်ပြုတ်တစ်ပန်းကန်ကို မြင်လိုက်ရ၏။
သို့သော် ကျောက်တုံးစားပွဲ၏ ဘေး၌ ရှိနေသည့် လူနှစ်ယောက်တွင် တစ်ယောက်က မတ်တပ်ရပ်ကာ တစ်ယောက်က ထိုင်နေပြီး တစ်စုံတစ်ရာ ပြောနေကြပုံရသည်။
ချွီးဟယ်ချင်းက အခြားသူများကို မနှောက်ယှက်ချင်ဘဲ ပြန်လှည့်ထွက်သွားတော့မည့် အချိန်တွင် မတ်တပ်ရပ်နေသည့် လူက စားပွဲပေါ်မှ အစားအသောက်တို့ကို တွန်းချကာ ဒေါသတကြီး ဆဲရေးလိုက်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
"မင်း သေချင်းဆိုး ဒုက္ခိတကောင်။ မင်းက ဒီလိုဖြစ်ဖို့ ထိုက်တန်တာပဲ။ မင်းမှာ စွမ်းရည်တွေ ရှိတော့ရော ဘာဖြစ်လဲ။ မင်းက ဘာမှ အသုံးမဝင်တဲ့လူသာသာပဲလေ။"
ချွီးဟယ်ချင်းက ရပ်တန့်သွားပြီး ရပ်နေသည့် အမျိုးသားက ဝတ်စုံပြည့်နှင့် နက်ခ်တိုင် ဝတ်ဆင်ထားကြောင်း မြင်လိုက်ရသော်လည်း ထိုလူ၏ အပြုအမူ လှုပ်ရှားမှုများက ဣန္ဒြေသိက္ခာကင်းမဲ့ကာ ရုန့်ရင်းကြမ်းတမ်းလှသည်။ သူက လူများကို ကျိန်ဆဲသည့်အပြင် အစားအသောက်များကိုပင် တက်နင်းနေသည်မှာ မြင်ရသူကို စိတ်မချမ်းမြေ့ ဖြစ်စေ၏။
ထိုင်နေသည့် လူက မည်သည့်စကားမှ မဆိုပေ။
ချွီးဟယ်ချင်း ရပ်နေသော ရှုထောင့်မှနေ၍ သူသည် ထိုလူ၏ ဘေးတိုက်ပုံရိပ်ကိုသာ မြင်ရသော်လည်း အသားအရေက ဖြူဖျော့ကာ ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း မျက်နှာလိုင်းအနားသတ်များကတဆင့် ထိုလူ့တွင် အလွန် ချောမောကောင်းမွန်သော အသွင်အပြင် ရှိမည်ဖြစ်ကြောင်း ဖော်ပြနေသည်။
သို့သော် ကံမကောင်းစွာနှင့် သူက ဝှီးလ်ချဲပေါ်တွင် ထိုင်နေရပြီး ဝတ်စုံပြည့်နှင့် လူက သူ့နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းနေသော်လည်း သူက တူညီစွာ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ချွီးဟယ်ချင်းသည် တစ်ကြိမ်တစ်ခါက ဒုက္ခိတဖြစ်ခဲ့ဖူးပြီး တစ်ခါတစ်ရံ၌ အနာကျင်ရဆုံးအရာမှာ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုမဟုတ်ဘဲ ဝှီးလ်ချဲနှင့် ထိုင်နေသော သူ့ကို မြင်သည့်အခါ စပ်စုစူးစမ်းလိုသော အကြည့်များ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်သရော်မှုများ ဖြစ်လေသည်။
မတော်တဆမှုက ပထမနာကျင်မှုဆိုလျှင် ဒုတိယနာကျင်မှုကို အခြားသူများက ယူဆောင်လာပေးခြင်း ဖြစ်သည်။
ချွီးဟယ်ချင်းသည် ထိုဝတ်စုံပြည့်လူ၏ နှုတ်မှ ဝှီးလ်ချဲပေါ်ရှိ လူကို 'ဒုက္ခိတကောင်' ဟု ခေါ်လိုက်သည့်အချိန်တွင် ဆက်သည်းမခံနိုင်တော့ပေ။
"ဒီက လူကြီးမင်း... ခင်ဗျား ပြောတာ နည်းနည်းတော့ လွန်သွားပြီ။" သူက ပြောလိုက်သည်။
"ခင်ဗျားရဲ့ မူလတန်းပြဆရာက တခြားလူတွေအပေါ် ဘယ်လို လေးစားမှုထားရမလဲဆိုတာ မသင်ပေးခဲ့ဘူးလား။"
"မင်းက ဘယ်သူလဲ။" ချွီးဟယ်ချင်း၏ အသံကို ကြားလိုက်ရသည့်အခါ ဝတ်စုံပြည့်နှင့် လူက လှည့်ကြည့်လာပြီး မေးလိုက်သည်။
ဆေးရုံဝတ်စုံနှင့် ရှိနေသည့် ချွီးဟယ်ချင်းကို မြင်သည့်အခါ သူက ချက်ချင်းပင် အထင်အမြင်သေးစွာ ပြောလိုက်သည်။ "အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ ကံမကောင်းတာမျိုး မဖြစ်ချင်ဘူးဆိုရင် ဒီနေရာကနေ ထွက်သွား!"
ချွီးဟယ်ချင်းက ထိုလူ့ကို လျစ်လျူရှုပြီး ဝှီးလ်ချဲနှင့်သူထံသို့ တည့်မတ်စွာ လျှောက်သွားခဲ့သည်။
ဝှီးလ်ချဲနှင့် လူသည် သူ၏ လက်နှစ်ဖက်လုံးနှင့် ဝှီးလ်ချဲလက်တင်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူက အလျင်အမြန်ပင် ထိုသူ့ကို နှစ်သိမ့်ပေးလိုက်သည်။ "အဆင်ပြေပါတယ်။ မကြောက်နဲ့။"
သူသည် ထိုဝတ်စုံပြည့်လူကဲ့သို့ သူတို့၏ ကျန်းမာသော ခန္ဓာကိုယ်ကို အားကိုးကာ အခြားသူများကို အနိုင်ကျင့်ရင်း စိတ်ကျေနပ်မှုရှာတတ်သော လူမျိုးများကို အများကြီး မြင်ဖူးခဲ့သည်။ ထိုလူက အလကား ဆန်ကုန်မြေလေးသာ ဖြစ်လေသည်။
ဝှီးလ်ချဲထက်မှ လူက အမှန်တကယ်ပင် အလွန် ချောမောလှသော်လည်း သူ၏ အသားအရေက ဖြူဖျော့နေကာ မျက်လုံးမျက်ခုံးများက အနည်းငယ် မှိုင်းညို့နေသည်။
သူက အနည်းငယ် တွေဝေစွာဖြင့် ချွီးဟယ်ချင်းကို စိုက်ကြည့်နေပြီး သူ ဘာတွေတွေးနေသလဲတော့ မသိရပေ။
********