လိန်ဖန်းဖန်းက ဤနေရာတွင် ရှိနေသည်ဖြစ်ရာ ချီရှောင်နင်က မည်သည့် အမူအရာမှ မပြနိုင်ခဲ့ပေ။ သူက ပစ္စည်းများ နေရာချရန် နေရာအား သာမန်ကာလျှံကာ ပြထားခဲ့ပြီး သူ့အခန်းသို့ ပြန်သွားခဲ့သည်။
သူက ကူညီပေးရန် အလွန် ပျင်းရိနေသည်။ ချွီးဟယ်ချင်းက သူနှင့် ကင်းကင်းရှင်းရှင်း နေပြီး အချင်းချင်း မည်သည့်အခါမှ စကားမပြောဆိုရပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် ချီရှောင်နင်သည် အစောနက မြင်ခဲ့သည့် ချွီးဟယ်ချင်း၏ တောက်ပသော အပြုံးကို ပြန်တွေးမိသည့်အခါ ထူးဆန်းသည့် ခံစားချက်ကို ခံစားနေရဆဲ ဖြစ်သည်။
သူက ဖုန်းကို ကောက်ယူ၍ သူ့ သူငယ်ချင်းများနှင့် စတင် ဆွေးနွေးလိုက်သည်။
ချီရှောင်နင်က အမှန်တကယ်ပင် ချွီးဟယ်ချင်းကို အာရုံမစိုက်ချင်သည်အား မြင်သည့်အခါ လိန်ဖန်းဖန်းက အကြိမ် အနည်းငယ် ရယ်မောလိုက်သော်လည်း သူ့ စိတ်ထဲမှာ မပူပန်ဘဲ မနေနိုင်ခဲ့ပေ။
အနုပညာလောကအတွင်း၌ ရန်သူများ ဖြစ်ကြလျှင်ပင် ခင်ပွန်းနှင့် ဇနီးသည်အဖြစ် သရုပ်ဆောင်ကြသူများ ရှိသော်လည်း သူတို့အားလုံးက အလွန် ကောက်ကျစ်သည့် နှစ်တစ်ထောင် မြေခွေးများ ဖြစ်ကြလေသည်။
ချွီးဟယ်ချင်းက ၂၁ နှစ် စွန်းစွန်းလေးသာ ရှိသေးပြီး ဤအခြေအနေက သူ့အတွက် ပြဿနာဖြစ်လာနိုင်မလားဆိုတာ မသိရပေ။
"မင်းမှာ ပြောစရာတစ်ခုခုရှိရင် တောင် နည်းနည်းလောက် သည်းခံလိုက်ပါ။ ချီရှောင်နင်က မင်းထက် ခေါင်းတစ်ဝက်စာလောက် အရပ်ပိုရှည်တယ်လေ။ ရန်ဖြစ်ရင် မင်း နိုင်မှာ မဟုတ်ဘူး။" လိန်ဖန်းဖန်းက ပြောလိုက်သည်။
လိန်ဖန်းဖန်း၏ အတွေးများကို ကြားလိုက်ရသောအခါ ချွီးဟယ်ချင်းက အပြုံးနှင့် ပြောလိုက်၏။ "လောင်လိန် ကျွန်တော့်အတွက် စိတ်ပူပေးနေတာလား။"
အရပ်လေး နည်းနည်း ပိုရှည်တာကို ကြောက်နေစရာ ဘာရှိလို့လဲ။ သူ့မှာ အရင်ဘဝတုန်းက ပြဿနာကောင် တပည့်လေးတွေ အများကြီး ရှိခဲ့ဖူးတာပဲ မဟုတ်ဘူးလား။
ချီရှောင်နင်နှင့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဆိုတာ သူ အာမခံနိုင်သည်။
အရပ်အတွက်ကတော့.....
"လောင်လိန်... ခင်ဗျား ကျွန်တော်နဲ့ ပတ်သတ်ပြီး နည်းနည်းလောက် ပိုယုံကြည်ချက် ရှိပေးလို့မရဘူးလား။ ကျွန်တော်က ဒီထက် ပိုပြီး အရပ်ရှည်လာနိုင်ပါသေးတယ်~"
သူ၏ ဘဝင်ခိုက်နေသော အကြည့်ကို မြင်သောအခါ လိန်ဖန်းဖန်းက အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားရပေသည်။
"ကျစ်.... မင်းက ဂရုစိုက်တာလား ဂရုမစိုက်တာလားပဲ။" တဗျစ်တောက်တောက် ပြောပြီးနောက် လိန်ဖန်းဖန်းက ထွက်ခွာသွားသည်။
အေးဂျင့်ထွက်သွားပြီးနောက် ချွီးဟယ်ချင်း တစ်ယောက်တည်းသာ ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့တော့သည်။
သူ့တွင် ပစ္စည်းပစ္စယအိတ် အများကြီးမရှိတာကြောင့် ရိုးရိုးရှင်းရှင်းပင် သိမ်းဆည်းလိုက်ကာ မည်သည်ကို စားသောက်ရမည်အား စတင် စဥ်းစားလိုက်သည်။
မီးဖိုချောင်ထဲမှ မီးဖိုချောင်သုံးပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချွီးဟယ်ချင်းက ချီရှောင်နင်၏ အခန်းတံခါးကို ခေါက်လိုက်သည်။
*********
ချီရှောင်နင်က ယနေ့ဖြစ်ပျက်ခဲ့သည့် ထူးထူးဆန်းဆန်း အကြောင်းအရာအား သူ့သူငယ်ချင်းများ၏ ဝီချက်ထံ မက်ဆေ့ချ်ပို့ကာ ပြောပြနေသည်။
[အဲဒီ ဆိုက်ကိုကောင်လို ချွီးဟယ်ချင်းက ဒီနေ့ တကယ်ကြီး ငါ့ကို ပြုံးပြတယ်ဆိုတာ မင်းတို့ သိလား။ ပြီးတော့ သူ့ အပြုံးက တကယ်ပဲ အရမ်း ချိုမြနေတာနော်။]
——[ဖာ့ခ်! မင်း ဂရုစိုက်နေတာ ကောင်းလိမ့်မယ်။ ထူးဆန်းတဲ့ လူသတ်သမားက သူတို့ မတိုက်ခိုက်ခင်မှာ အရင်ဆုံး ရယ်ပြတာနဲ့ တူနေတယ်။]
[..... မင်း ခြောက်လှန်းနေတာကို ရပ်ပေးနိုင်မလား။]
[ကျစ်... ကျစ်! အားနင် မင်း ဘာလို့ အခန်းထဲမှာ ပုန်းနေတာလဲ။ ငါသာ မင်းဆိုရင် အရင်ဆုံး အပြင်ထွက်ပြီး ချွီးဟယ်ချင်းနဲ့ စည်းမျဥ်းစည်းကမ်းတချို့ သတ်မှတ်ဖို့ လုပ်မှာ။]
ချီရှောင်နင်က သူ့ သူငယ်ချင်းများအား မည်သည့် စည်းကမ်းများ သတ်မှတ်ရမည်ကို မေးမည့်အချိန်တွင် ချွီးဟယ်ချင်း၏ အသံကို ကြားလိုက်ရသည်။
"ရှောင်နင် ငါ မင်းရဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ငှားလို့ရမလား။"
ချီရှောင်နင်သည် သူ၏ ရန်ဘက်က သူ့နာမည်ကို ထိုမျှ စိတ်အားထက်သန်နေသော အသံမျိုးနှင့် ခေါ်လာသည်ကို ကြားသည့်အခါ ခုတင်ပေါ်မှပင် ခုန်ထလိုက်မိပြီး တံခါးဘက် လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လောင်လိန်က ပြန်သွားပြီး ဟန်ဆောင်နေတာကို ရပ်လိုက်တော့!"
ချွီးဟယ်ချင်းက သူ့စကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူးထင်၍ မီးဖိုချောင်သုံး ပစ္စည်းများ ငှားရမ်းရန် အကြောင်းကို ထပ်ပြောလိုက်သည်။
"ငါ ဒီကိုလာတုန်းက စားစရာတချို့ ဝယ်လာခဲ့တယ်။ ငါ မင်းရဲ့ အိုးကို ခဏလောက် ငှားချင်ရုံပါ။ သုံးပြီးသွားတာနဲ့ သေချာပေါက် ပြန်ဆေးပေးမယ်။"
သူက ချီရှောင်နင် သဘောမတူမည်ကို စိုးရိမ်နေသကဲ့သို့ ထပ်ပြောလိုက်သည်။ "ငါက အချက်အပြုတ် တကယ်တော်ပါတယ်။ နောက်ကျ အတူတူ စားကြမယ်လေ။"
ချီရှောင်နင်သည် အရာအားလုံးက အကျိုးအကြောင်းမသင့်ဟု ခံစားနေရပြီး တံခါးကို ကြမ်းကြမ်းတမ်းတမ်း ထုနှက်ရင်း ပြောလိုက်သည်။ "မင်း ချက်တာကို ဘယ်သူက စားချင်နေလို့လဲ။ မင်း ကြိုက်တာသာ သုံးလိုက်။"
သူက အသင့်စား ခေါက်ဆွဲပြုတ် ပြုတ်စားချင်ရုံသာ ဖြစ်နိုင်သော်လည်း အချက်အပြုတ် တော်သည်ဟု လေလုံးထွားရဲသေးသည်။ သူက ချွီးဟယ်ချင်း ပြောသမျှ စကားတစ်လုံးပင် မယုံပေ။
ချီရှောင်နင် သဘောတူလိုက်သည်ကို ကြားရသောအခါ ချွီးဟယ်ချင်းက ပခုံးတွန့်လိုက်ပြီး မီးဖိုချောင်ထဲသို့ သွက်လက်စွာ ဝင်သွားခဲ့သည်။
အခန်းဖော်အသစ်လေးက အလွန် ငယ်ရွယ်နေဆဲဖြစ်ကာ လှုံ့ဆော်မှုကို သည်းမခံနိုင်ပေ။ ချီရှောင်နင်က သဘောတူလိုက်ပြီဖြစ်ရာ သူက ယဥ်ကျေးနေတော့မည် မဟုတ်ချေ။
ချွီးဟယ်ချင်းက တစ်ချက် ဝေ့ကြည့်လိုက်ပြီး မီးဖိုချောင်သုံး ပစ္စည်းများက အလွန် ရိုးရှင်းနေသည်ကို တွေ့လိုက်ရသည်။ ထမင်းပေါင်းအိုးမှလွဲ၍ အသင့်စားခေါက်ဆွဲပြုတ်ရန် အသုံးပြုပုံပေါ်သည့် သံချေးမကိုက်သည့် စတီးအိုးတစ်အိုးသာလျှင် ရှိသည်။
ဓားများသည်လည်း အလွန် ရိုးရှင်းပေသည်။ မီးဖိုချောင်သုံး ဓားတစ်လက်အပြင် သစ်သီးခွဲသည့် ဓားသာလျှင် ရှိ၏။
ယနေ့ခေတ်မှ လူများက သူတို့၏ ဓားများကို မည်သို့ သွေးရမည်အား လူအနည်းငယ်သာ သိကြောင်း တွေးမိသည့်အခါ ဤအသစ်နီးပါးရှိနေသည့် ဓားများမှာ အကြိမ်ရေ အနည်းငယ်သာ အသုံးပြုထားကြောင်း ချွီးဟယ်ချင်း ခန့်မှန်းမိလိုက်သည်။
မီးဖိုချောင်သုံးဓားကို ကောက်ကိုင်ကာ ရေဆေးလိုက်ပြီးနောက် ချွီးဟယ်ချင်း၏ စိတ်ထဲတွင် ချက်ပြုတ်မည့် ဟင်းလျာအမယ် ပေါ်လာပြီး ဖြစ်သည်။ သူက အရိုးရှင်းဆုံး အစားအစာဖြစ်သည့် ကွမ်းတုန်းကျူ ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာတွင် အကြော်ဒယ်ပြားမရှိသည့်အတွက် သူက အခြားအရာ ချက်ပြုတ်ချင်လျှင်ပင် မလုပ်နိုင်ပေ။
ထို့ပြင် သူက အမြန်လာခဲ့ခြင်း ဖြစ်သောကြောင့် စူပါမားကတ်မှ အေးခဲထားသည့် အစားအစာအချို့နှင့် အသီးအရွက်အနည်းငယ်သာ ဝယ်ယူခဲ့ရသည်။ တွေးကြည့်ပြီးနောက် သူက ကွမ်းတုန်းကျူက ချက်ပြုတ်ရ ပို၍ အဆင်ပြေလွယ်ကူကာ အရသာလည်း ရှိသည်ဟု ဆုံးဖြတ်လိုက်သည်။
အမှန်တကယ်တွင် ဟော့ပေါ့ဟင်းရည်ချက်ပြုတ်ရန် ပစ္စည်းပစ္စယ မစုံလင်သော်လည်း သူက အငယ်စားဟော့ပေါ့တစ်မျိုး ပြုလုပ်ချင်ပေသည်။
သာမန်အဖြစ်ဆုံး လမ်းဘေးစားစရာတစ်မျိုး အနေနှင့် ကွမ်းတုန်းကျူက ပြုလုပ်ရန် အလွန် လွယ်ကူပေသည်။ အခြေခံဟင်းရည် ပြုလုပ်၍ အသင့်ဖြစ်သည်နှင့် အခြားဟင်းပွဲများ ချက်ပြုတ်ရန် လိုပေသည်။
ချွီးဟယ်ချင်းသည် ကွမ်းတုန်းကျူကို အိမ်တွင် ပြုလုပ်ခဲ့ဖူးသည်။ သူက ဟင်းရည်အကြမ်းထည်တွင် လှီးထားသော မုန်လာဥဖြူနှင့် မှိုများ ထည့်ကာ မှိုခြောက်ပန်းခြောက်၊ ကျောက်ပွင့် အစရှိသည်များ ပစ်ထည့်လိုက်ရုံသာ ဖြစ်၏။ သူက အရသာကို ပိုကောင်းအောင် လုပ်ချင်လျှင် ပန်းသီးနှင့် မုန်လာဥအပိုင်းအစလေးများလည်း ပေါင်းထည့်လိမ့်မည် ဖြစ်သည်။
အိုးထဲမှ ဟင်းရည်တို့ ဆူပွက်လာအောင် စောင့်နေရင်း ချွီးဟယ်ချင်းက မုန်လာဥဖြူတို့အား စတင်လှီးဖြတ်လိုက်သည်။
ချွီးဟယ်ချင်းက မီးဖိုချောင်ထဲတွင် အလုပ်များနေစဥ် ချီရှောင်နင်ကလည်း အခန်းထဲတွင် အလုပ်ရှုပ်နေ၏။
သူနှင့် သူ့သူငယ်ချင်းများက ဝီချက်တွင် အရူးအမူး စာပို့နေကြပြီး ခဏအတွင်းတွင် စာပေါင်းများစွာ ပို့ပြီးသွားကြပြီ ဖြစ်၏။
သူတို့က စကားပြောနေရင်း ပင်ပန်းလာသောကြောင့် သူ့သူငယ်ချင်းများက သူ့ကို အပြင်သို့ တစ်ချက်ထွက်ကာ ကြည့်ကြည့်ရန် ပြောလာသည်။
——[အားနင် အခန်းတံခါးဖွင့်ပြီး တစ်ချက်လောက် ကြည့်ကြည့်ပါဦး။ တော်ကြာ ချွီးဟယ်ချင်းက မီးဖိုချောင်ကို ပြာချပစ်လိုက်ဦးမယ်။ သတိထားဦး။]
ချီရှောင်နင်က အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း မျက်လုံးကို လှိမ့်လိုက်ပြီး ပျင်းရိစွာ စာပြန်လိုက်သည်။ [တော်စမ်းပါကွာ။ သူ့ဟာသူ ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။]
——[ငါ ပြောချင်တာက သူ တကယ်ကြီး မင်းနဲ့အတူ စားချင်နေတာတော့ မဟုတ်ဘူးမလား။ မင်းလည်း သူ့ရှေ့မှာတင် အော်ဒါမှာစားဖို့တော့ အဆင်မပြေဘူးလေ။ အဲဒီလို လုပ်ရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့။]
ချီရှောင်နင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ယနေ့ အိပ်ရာထထချင်း လိန်ဖန်းဖန်းထံမှ ဖုန်းခေါ်ဆိုမှုကို ရခဲ့သည်ဖြစ်ရာ စားသောက်ရန် အချိန်မရှိခဲ့ပေ။
ထိုအရာအားလုံးအတွက် မည်သူ့မှာ တာဝန်ရှိကြောင်း တွေးပြီးနောက် သူက စိတ်ထဲတွင် ချွီးဟယ်ချင်းကို တိတ်တိတ်လေး တေးမှတ်လိုက်၏။
ချီရှောင်နင် : [သူတောင် အရှက်ကွဲမှာ မကြောက်တာ။ ငါက ဘာလို့ ကြောက်ရမှာလဲ။ နေဦး... ငါ အော်ဒါမှာဖို့ လုပ်လိုက်ဦးမယ်။]
သူက ဖုန်းသုံးတာ အရမ်းများသွားတာကြောင့် ဖြစ်နိုင်ပြီး သူ့ ဖုန်းဘက်ထရီက ကုန်သွားသဖြင့် ချီရှောင်နင်က ဖုန်းအား အရင်သွင်းရန် လုပ်လိုက်သည်။
သူက အနည်းငယ် ပြားချပ်နေပြီ ဖြစ်သည့် ဗိုက်ကို ထိလိုက်ပြီး အော်ဒါမှာထားသည်များ ရောက်မလာခင် သူ့ဗိုက်ကို အရင်ဖြည့်ထားရန် ရေခဲသေတ္တာထဲမှ ပန်းသီး သွားယူဖို့ရာ ဆုံးဖြတ်လိုက်သည်။
သူ တံခါးဖွင့်လိုက်သည်နှင့် ချီရှောင်နင်က မွှေးရနံ့တချို့ကို ရှုရှိုက်လိုက်မိသည်။ ရနံ့မှာ ပြင်းခြင်းပျော့ခြင်းမရှိဘဲ စားသောက်ချင်စိတ်ကို အလွန်အမင်း နှိုးဆွနိုင်ကာ သူ့နှလုံးသားနှင့် အစာအိမ်ထဲသို့ ချက်ချင်း ပျံ့နှံ့လာလေသည်။
သူက မနေနိုင်ဘဲ တံတွေးတစ်ချက် မြိုချလိုက်မိပြီး ရနံ့ ထွက်ပေါ်လာရာသို့ ကြည့်လိုက်သည့်အခါ ချွီးဟယ်ချင်းက အစားအသောက်အိုးကို ကိုင်ကာ ဖြေးညင်းစွာ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
ချီရှောင်နင်က အဝေးသို့ အကြည့်လွှဲကာ ပြန်လှည့်၍ အခန်းထဲဝင်လိုက်ချင်သော်လည်း သူ့ခြေထောက်များက ထိန်းချုပ်မရနိုင်စွာ ချွီးဟယ်ချင်းရှိရာဘက်သို့ လျှောက်သွားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် သူက အရှက်မဲ့စွာဖြင့် မေးလိုက်သည့် သူ့အသံသူ ပြန်ကြားလိုက်ရလေသည်။
"အဟမ်း... ချွီးဟယ်ချင်း အိုးထဲက ဘာတွေလဲ။"
********