အပိုင်း (၇)
Viewers 78

ချီရှောင်နင်သည် ချွီးဟယ်ချင်းက မှော်စွပ်ပြုတ်တစ်ခွက် ချက်နေခြင်း ဖြစ်ရမည်ဟု ခံစားမိလိုက်သည်။ မဟုတ်လျှင် သူက အနံ့ရလိုက်သည်နှင့် ထိန်းချုပ်မရနိုင်စွာ ထိုနေရာသို့ လျှောက်သွားမိလိမ့်မည် မဟုတ်ပေ။


ထို့ပြင် အရှက်မရှိစွာပင် မေးလိုက်မိသေးသည်လေ။ 

  

သူ့မှာ စားရမဲ့သောက်ရမဲ့ ဖြစ်နေလို့လား။ အော်ဒါမှာစားဖို့ သူ့မှာ ပိုက်ဆံမရှိလို့လား။ အိမ်မှာ အရသာအမျိုးမျိုးနဲ့ အသင့်စားခေါက်ဆွဲတွေ မရှိလို့လား။ တစ်လလုံး နေ့တိုင်း မတူညီတဲ့ အရသာတွေ စားနိုင်တာ မကောင်းလို့လား။ 

  

သူက လောဘကြီးသည့် အစားသမား မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။ 


ချီရှောင်နင်၏ အသံကို ကြားသောအခါ ချွီးဟယ်ချင်းက အိုးကို ချလိုက်ပြီး မော့ကြည့်ရင်း မေးလိုက်သည်။ "မင်း ထွက်လာပြီလား။" 

  

"ငါ ကွမ်းတုန်းကျူ (ဟော့ပေါ့တစ်မျိုး) ချက်ထားတယ်။ အတူတူစားကြမလား။" 

  

"အိုခေ!" ချီရှောင်နင်က အလျင်အမြန် သဘောတူလိုက်သည့် သူ့အသံသူ ပြန်ကြားသည့်အခါ သူက မသိစိတ်အလျောက် ထမင်းစားတူများကို ကောက်ကိုင်ပြီးသား ဖြစ်နေကြောင်း သတိထားမိလိုက်သည်။ 


ချီရှောင်နင် : "..."


ဒါကြီးက မဟုတ်သေးဘူးလေ။ ဘာလို့ ငါ့လက်တွေက ငါ့ကို မနာခံတော့တာလဲ။ 

 

ဒါပေမယ့်..... ဆူပွက်နေတဲ့ ဟော့ပေါ့အနံ့က အရမ်းကောင်းတာပဲ။ 

 

ချွီးဟယ်ချင်းက အရာအားလုံးကို မြင်လိုက်သော်လည်း ဘာမှမပြောပေ။


၎င်းက ရိုးရှင်းသည့် ကွမ်းတုန်းကျူ ဟော့ပေါ့တစ်အိုးသာ ဖြစ်သော်လည်း သူ၏ စိတ်ကို အများကြီး နှစ်ပြီး လုပ်ထားခြင်း ဖြစ်သည်။ 

 

သူက စွပ်ပြုတ်ရည်ကို အနံ့ရော အရသာပါကောင်းမွန်ပြီး အပေါ့အငံကိုလည်း သေချာထိန်းချုပ်ကာ သေသေချာချာ ပြုလုပ်ထား၏။ နောက်ဆုံး၌ ၎င်းကို ချက်ပြုတ်ပြီးသောအခါ အမျိုးမျိုးသော အစားအစာများ ပေါင်းထည့်လိုက်ခြင်းကြောင့် အပေါ်ယံ၌ ဝေ့တက်လာသော ဆီတို့ကိုလည်း ဂရုတစိုက် ဖယ်ရှားထားသည်။ 


ချီရှောင်နင်က ကပ်သီကပ်ဖဲ့လူ ဖြစ်နေလျှင်ပင် ဤကွမ်းတုန်းကျူဟော့ပေါ့အား ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။ 


ချီရှောင်နင်က မည်သို့ ချက်ပြုတ်ရမည်ကို မသိသော်လည်း ၎င်းကို မြင်ရုံနှင့်ပင် အရသာရှိကြောင်း သိရှိပေသည်။ 

  

ထိုထဲတွင် ပါဝင်သည်မှာ စူပါမားကတ်များတွင် အေးခဲထားသော သာမန် အသားလုံးများသာ ဖြစ်ကြောင်း ရှင်းလင်းသည်။ တို့ဟူးကြော်နှင့် မှိုများသည်လည်း သာမန်သာ ဖြစ်သည်။ သို့သော် သူ့ပါးစပ်ထဲသို့ ၎င်းတို့ကို ထည့်လိုက်သည့်အခါ ပျော်ဝင်သွားကာ လျှာကိုပါ မြိုချမိလုနီးပါး ဖြစ်သွားရသည်။  


ဟော့ပေါ့က ဒီလောက် အရသာ ရှိလိမ့်မယ်လို့ အရင်က ထင်မထားမိခဲ့ဘူး။ 


ထို့ပြင် တစ်အိုးတည်းတွင် ချက်ပြုတ်ထားသည့် ဟော့ပေါ့နှင့် ယှဥ်လျှင် ကွမ်းတုန်းကျူ၏ အရသာက ပို၍ ပေါ့ပါးသည်။


ဟော့ပေါ့ကို အမြန်စားပါက အစပ်အရသာကို စိုးရိမ်ရသော်လည်း ကွမ်းတုန်းကျူကို စားသောအခါ ချီရှောင်နင်သည် သူ မရပ်တန့်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။

 

ဟင်းရည်ထဲမှ မှိုကို ဆယ်ယူပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်ကိုက်ကိုက်ပြီးနောက် ဟော့ပေါ့ဟင်းရည်၏ လတ်ဆတ်မွှေးပျံ့သော ရနံ့က သူ့ပါးစပ်ထဲတွင် ပျံ့နှံ့လာသည်။ ပြိုင်ဘက်ကင်း နူးညံ့မှုနှင့် မှို၏ အိစက်သော အထိအတွေ့တို့ ပေါင်းစပ်လိုက်သည့်အခါ လျှာလည်သွားရတော့သည်။  


ပါးစပ်အပြည့် မှိုများကို မြိုချပြီးနောက် ချီရှောင်နင်က အသိစိတ်ပြန်ဝင်လာကာ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ "တော်ပြီ ငါ ထပ်စားလို့ မရတော့ဘူး။ ဝိတ်တက်လာလို့ မရဘူး။" 


ထိုသို့ ပြောနေသော်လည်း သူ့အကြည့်များက ဟော့ပေါ့အိုး၌သာ ကပ်ညိနေသည်ကို မြင်လိုက်ရသည့်အခါ ချွီးဟယ်ချင်းက အလွန် ပျော်ရွှင်သွားသည်။


"မင်း တကယ် ထပ်မစားတော့ဘူးလား။" သူက အပြုံးနှင့် မေးလိုက်သည်။ "တကယ်တော့ ငါ အပြင်ကို ယူထုတ်မလာရသေးတဲ့ အိုးတစ်ဝက်လောက် ကျန်နေသေးတယ်။"  


ချီရှောင်နင် : “…”


နတ်ဆိုးကောင်ပဲ! ရယ်ရတာကြိုက်ပြီး ချက်ပြုတ်နိုင်တဲ့ ချွီးဟယ်ချင်းက တကယ် နတ်ဆိုးကောင်ပဲ! 

  

သို့သော် သူ့ ဗိုက်ကို ထိကြည့်ပြီးနောက် ချီရှောင်နင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ကျစ်! ဖြုန်းတီးတာက မကောင်းဘူး။ နည်းနည်းလောက် ပိုစားလိုက်လည်း အဆင်ပြေပါတယ်။ 

 

သူ၏ ဝေခွဲမရဖြစ်ကာ ရုန်းကန်နေရသော အကြည့်များကို မြင်သောအခါ ချွီးဟယ်ချင်းသည် အမျိုးသား၏ လက်ထပ်ခွင့်တောင်းခြင်း ခံရသော အမျိုးသမီးက လက်ခံလိုက်ရမလား ငြင်းပယ်ရကောင်းမလား တွန့်ဆုတ်နေသည့် အမူအရာကို ပြေးမြင်လိုက်ပြီး အသံထွက် ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့သည်။ 


သို့သော် ချွီးဟယ်ချင်းသည် သူ ရယ်လိုက်လျှင် ချီရှောင်နင်က အလွန် ရှက်ရွံ့ကာ ဒေါသထွက်လာမည်ကို စိုးရိမ်သောကြောင့် ရယ်ချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။ 

 

သူ၏ ထူးဆန်းသော အကြည့်ကို မြင်သည့်အခါ အစားအသောက်အတွက် ကျေးဇူးတင်သင့်သည်ဟု ခံစားနေရသည့် ချီရှောင်နင်က စိုးရိမ်မှုတချို့ ပြသကာ မေးမြန်းလာသည်။


ချွီးဟယ်ချင်းက လက်ကို ယမ်းရင်း ပြောလိုက်၏။ "ငါ ဘာမှမဖြစ်ပါဘူး။ စားနေရင်းက ပင်ပန်းလာသလို ခံစားရရုံပါပဲ။" 

  

"ဒီအရသာကို ဘယ်လို ထင်လဲ။" ချွီးဟယ်ချင်းက မေးလိုက်သည်။ 

  

သေချာပေါက် အရသာရှိတာပေါ့ဟု ချီရှောင်နင်က တွေဝေခြင်းမရှိ စဥ်းစားလိုက်သည်။


ချွီးဟယ်ချင်း ပြုလုပ်ထားသော ဟော့ပေါ့နှင့် ယှဥ်လျှင် သူ မကြာခဏ စားလေ့ရှိသည့် အသင့်စားခေါက်ဆွဲများမှာ ကြက်အစပ်(လာ့ကျီး=အမှိုက်)များသာ ဖြစ်ပြီး အော်ဒါမှားစားသည့် အစားအသောက်များကလည်း ဆိုးရွားပေသည်။ ၎င်းတို့က တူညီသော အဆင့်တွင် ရှိမနေသည့်အတွက် နှိုင်းယှဥ်၍ပင် မရချေ။ 


သို့သော် သူနှင့် ချွီးဟယ်ချင်းကြားမှ အတိတ်ပဋိပက္ခများကလည်း အတုအယောင် မဟုတ်ပေ။

 

ချီရှောင်နင်က လျှာသပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "အဆင်ပြေပါတယ်။ စားလို့ ရတယ်။" 

  

သူ အခုလေးတင် ပျော်ရွှင်စွာ စားသောက်နေသည်ကို မမြင်ခဲ့ရလျှင် ချွီးဟယ်ချင်းသည် သူ၏ အချက်အပြုတ် စွမ်းရည်က ငြင်းပယ်ခံရသည်ဟု ထင်မှတ်မိလုနီးပါးပင်။ 


"အဲဒီလိုလား။" ချွီးဟယ်ချင်းက သက်ပြင်းချရင်း တမင်သက်သက် ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ငါ နောက်ကျရင် ကွမ်းတုမ်းကျူဟော့ပေါ့ မချက်တော့ဘူး။ ငါ့မှာ အချက်အပြုတ်နဲ့ ပတ်သတ်တဲ့ ပါရမီမရှိတဲ့ပုံပဲ။" 


ချီရှောင်နင် : “!”


ဘာလို့ မချက်တာလဲ။ သူ ဒီည ဘာစားရမှာလဲ။ သူ မနက်ဖြန်ရော ဘာစားရမှာလဲ။ သူ နောက်တစ်ပတ်ကျရင်ရော ဘာစားရမှာလဲ။ 


ချွီးဟယ်ချင်းက အချက်အပြုတ်ကို စိတ်မဝင်စားတော့သလို ခေါင်းငုံ့ထားသည်ကို မြင်သည့်အခါ ချီရှောင်နင်က အံကြိတ်လိုက်သည်။ 


သုံးစက္ကန့်လောက်ကြာပြီးနောက် သူက အလွန် တွန့်ဆုတ်စွာဖြင့် ချွီးဟယ်ချင်းကို ပြောလာသည်။ "တကယ်တော့.... အဲဒါက အဆင်ပြေပါတယ်။ မင်းက အချက်အပြုတ်မှာ တော်တော်လေး ကောင်းပါတယ်။" 


ချီရှောင်နင်က 'အချက်အပြုတ်' ဟူသော စကားလုံးကို အလေးပေးပြောသွားခဲ့ပြီး အခြားအရာများကို အသိအမှတ်မပြုသည်အား မြင်သည့်အခါ ချွီးဟယ်ချင်းက မနေနိုင်တော့ဘဲ ရယ်မောရင်း မေးလိုက်သည်။ 

  

"ငါက တခြား ကဏ္ဍတွေမှာ ဆိုးဝါးလို့လား။" 

 

ချီရှောင်နင်သည် ချွီးဟယ်ချင်းက သရုပ်ဆောင်နေကြောင်း သတိပြုမိသွားပြီး မပျော်မရွှင်နှင့် ပြောလိုက်သည်။ "မင်း ဘယ်လိုထင်လဲ။ မင်းကိုယ်မင်း ဘာလို့ သေချာပြန်မကြည့်တာလဲ။" 


သူ ပြောပြီးပြီးချင်း ချီရှောင်နင်က နောင်တရသွားခဲ့သည်။ 

 

ဟော့ပေါ့အိုးက အခုထိ မအေးသွားသေးသော်လည်း သူက ချွီးဟယ်ချင်းကို ရန်စောင်နေမိပြီ ဖြစ်သည်။ ထိုသည်က အမှန်တကယ် အကျိုးအကြောင်း မသင့်လှပေ။ 

  

မမျှော်လင့်ဘဲ ချွီးဟယ်ချင်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ "မင်း ပြောတာ မှန်တယ်။ ငါ အရင်က တကယ် မကောင်းခဲ့ဘူး။" 


ချီရှောင်နင် : “…”


**********