အပိုင်း (၉)
Viewers 81

ယခုက နွေဦးအချိန် ဖြစ်သော်လည်း ဖေဖော်ဝါရီ အစောပိုင်း၏ ရာသီဥတုက ပူနွေးခြင်း မရှိသေးပေ။ ၎င်း ရာသီဥတုမျိုးတွင် နေ့နှင့် ညကြားမှ ကွာခြားမှုကိုပင် သိပ်မပြောနိုင်ချေ။ 


ဝမ်ပင်းက အချိန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အရန်လေးများ ဝန်ထမ်းများက သူ့ကို အခုလေးတင် ခိုးခိုးကြည့်နေကြသည်မှာ အံ့သြစရာမရှိပေ။ ဖြစ်ချင်တော့ နေ့လယ်စာဘူး ဖြန့်ဝေပေးရန် အချိန် ရောက်နေပြီ ဖြစ်လေသည်။ 


ဝမ်ပင်းက ရိုက်ကွင်းမှ တာဝန်ခံဝန်ထမ်းဖြစ်ပြီး ကိစ္စအများကြီးကို ဦးဆောင်ပေးရသော်လည်း အခုတလော သူ အများဆုံး ပြောရသည့်အကြောင်းက နေ့လယ်စာဘူးကိစ္စပင် ဖြစ်သည်။ 


ထိုသည်မှာ အခြားအကြောင်းရင်းကြောင့် မဟုတ်ဘဲ အရသာက အလွန် ဆိုးဝါးနေသောကြောင့် ဖြစ်လေသည်။ 


စုစုပေါင်း ဟင်းလျာ သုံးမျိုးသာ ရှိပြီး ဟင်းနှစ်မျိုးမှာ ဂေါ်ဖီနှင့် တို့ဟူးတို့ ​ဖြစ်သည်။ ကျန်သည့် အသားဟင်းအတွက်မူ ဖက်ထုပ်သာ ဖြစ်လေသည်။ 


ထို့ပြင် ဖက်ထုပ်များက သေးငယ်ရုံမျှမက အသားချည်းသက်သက် ဖြည့်သွင်းထားခြင်းမျိုး မဟုတ်ပေ။ ကြက်သွန်မြိတ်နှင့် ရောထားသည့် အသားအနည်းအကျဥ်းမျှသာ ဖြစ်ပြီး သွားကြားပင် ညပ်နိုင်မည့် ပမာဏမဟုတ်ပါလေ။ 


ရိုးရိုးသားသားပြောရရင် ဝမ်ပင်းသည် သူ နှစ်သစ်ကူးအချိန် အိမ်သို့ ပြန်စဥ်က မွေးရပ်မြေမှ ခွေးများ စားသောက်သည့် အစားအစာကပင် ယခု နေ့လယ်စာဘူးထက် အများကြီး ပိုကြွယ်ဝသည်ဟု ခံစားရပေသည်။ 


ဤနယ်ပယ်အတွင်း အလုပ်လုပ်သူများက ငွေအများကြီး ရှာနိုင်သည်ဟု လူအများက ထင်မှတ်ကြသော်လည်း ဝမ်ပင်းသည် ဤနေ့လယ်စာဘူးအတွက် သုံးစွဲရမည့် ငွေထဲကနေ တစ်ပြားတစ်ချပ်မှ အလွဲသုံးစားလုပ်မထားပါကြောင်း ကျိန်ရဲပါသည်။ 


သူတို့အနေနှင့် ရိုက်ကူးရေးနေရာက အလွန် ဝေးလံခေါင်သီနေသည်ကိုသာ အပြစ်တင်ရပေမည်။ တရုတ်နှစ်သစ်ကူး ပြီးသည်မှာ အချိန်သိပ်မကြာသေးသောကြောင့် ဆိုင်အချို့သာလျှင် ဖွင့်သေးသည်။ အစားအသောက်က အရသာမရှိလျှင်ပင် အံကြိတ်ကာ ဝယ်ရပေလိမ့်မည်။


ထို့ပြင် စီစဥ်သူက သူ့ကို အစားအသောက်အတွက် ပိုက်ဆံ အနည်းအကျဥ်းသာ ပေးခဲ့သောကြောင့် ဝန်ထမ်းတစ်ယောက်အနေနှင့် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။ 


နေ့လယ်စာဘူး ဖြန့်ဝေပြီးနောက် ဝမ်ပင်းက သူ့ကိုယ်ပိုင် နေ့လယ်စာဘူးကို ယူလိုက်ပြီး ခုံတစ်ခုရှာကာ ထိုင်လိုက်သည်။ 

 

သူက ဘူးအဖုံးကို ဖွင့်ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။ ထိုလူများက သူ ပိုက်ဆဲ အလွဲသုံးစားလုပ်ထားကြောင်း သံသယဝင်နေသည်မှာ အံ့သြစရာမရှိပေ။ သူကိုယ်တိုင်ပင်လျှင် အစားအသောက်ကို ကြည့်မိရုံနှင့် စားချင်စိတ် ပျောက်သွားပြီ ဖြစ်သည်။ 


သို့သော် ရုတ်တရက် သူက အသားရနံ့ကို ရလိုက်သည်။ 


ဝမ်ပင်းက အံ့သြမှင်တက်သွား​လေသည်။ အသားနံ့က ဘယ်ကနေ ရောက်လာတာလဲ။ တစ်ယောက်ယောက်များ အော်ဒါမှာလိုက်တာလာ၏။

  

အနံ့နောက်သို့ လိုက်သွားပြီးနောက် သူသည် ထိုကြွယ်ဝလှသည့် အသားရနံ့က အမှန်တကယ်ပင် အရံဇာတ်ကောင် ဖြတ်လျှောက်လေးများထံမှ လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ဝမ်ပင်းက သူ့ နေ့လယ်စာဘူးနှင့်အတူ ထိုနေရာသို့ လျှောက်သွားပြီး သိချင်စိတ်နှင့် မေးလိုက်သည်။ "အနံ့က ဘာလို့ အဲဒီလောက် ကောင်းရတာလဲ။ မင်း ကိုယ့် စားစရာ ကိုယ် ယူလာတာလား။" 


ရိုက်ကွင်းသို့ အစားအသောက် သယ်လာခြင်းမှာ အဓိက သရုပ်ဆောင်များသာလျှင် လုပ်ဆောင်နိုင်ပြီး ထိုအစားအသောက်များမှာ လက်ထောက်မှ ဝယ်ယူလာပေးခြင်း ဖြစ်သည်။ 


ဇာတ်ရံလေးများအတွက် သူတို့ ကိုယ်ပိုင် အစားအသောက် ယူလာရန်မှာ အဆင်မပြေလှသည့်အတွက်ကြောင့် ဝမ်ပင်းက သိချင်စိတ်များသွားပြီး လာမေးခြင်း ဖြစ်သည်။


ဝမ်ပင်းလာနေသည်ကို ကမင်သောအခါ အခြားသော ဇာတ်ရံများစွာက ချက်ချင်းပင် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ 

  

ဇာတ်ရံလေးများက နေ့လယ်စာဘူး ကိုယ်စီ ထုတ်ရင်း ပြောလိုက်သည်။ "ဘယ်သူက ဒီရာသီဥတုမှာ အစားအသောက် ယူလာမှာလဲ။ အခုလေးတင် ဝယ်လာတာ။ ခင်ဗျား နည်းနည်း စမ်းစားကြည့်ချင်လား။" 

 

ဝမ်ပင်းက ငြင်းဆန်ရန် ခေါင်းခါတော့မည့် အချိန်တွင် ဘူးထဲမှ ရွှေရောင်သမ်းနေအောင် ကြော်ထားခြင်းခံရသည့် တောက်ပနေသော ကြက်ပေါင်တစ်ချောင်းကို မြင်လိုက်ရသည်။ 


​ထူးခြားလှသည့် ကြက်အစပ်နှင့် ငရုတ်ဆီရနံ့တို့က သူ့နှာခေါင်းကို တိုးဝှေ့ကျီစယ်နေ၏။ ရွှေရောင်သမ်းကာ တောက်ပနေသော ကြက်သားတုံးလေးက ကြွပ်ရွသည့် အရေခွံလွှာပါးပါးလေးနှင့် ဖုံးအုပ်ထားပြီး အပေါ်တွင် ရနံ့မွှေးသည့် အဖြူရောင် နှမ်းစေ့လေးများနှင့် နီရဲရဲ ငရုတ်အချဥ်ရည်တို့ဖြင့် ဝန်းရံခြင်းကို ခံထားသည်။ ၎င်းက အရောင်ရော အနံ့၊ အရသာနှင့်ပါ ပြည့်စုံလေသည်။ 


ဟုတ်ပါတယ်။ အရသာကလည်း အလွန်ပင် ပြည့်စုံလှပေသည်။ ဝမ်ပင်းသည် သတိမပြုမိဘဲနှင့် တစ်ဖဲ့ယူစားလိုက်မိသည်။ 


"မင်း ဒါကို ဘယ်ကနေ ဝယ်လာတာလဲ။" ဝမ်ပင်းက မနေနိုင်ဘဲ မေးလိုက်သည်။ "အော်ဒါမှာလိုက်တာလား။ ပို့ဆောင်ခက အရမ်း မြင့်မှာပဲနော်။" 


ဤအနီးအနားတွင် ကောင်းမွန်သည့် စားသောက်ဆိုင်မျိုး မရှိဘဲ အနီးဆုံး အော်ဒါမှာနိုင်သည့် နေရာက ဤကဲ့သို့ အရသာရှိသော အစားအစာမျိုး မလုပ်နိုင်ပေ။ 

  

သူ့ မေးခွန်းကို ကြားသည့်အခါ အရံဇာတ်ကောင်လေးက တံခါးဘက်သို့ လက်ညှိုးထိုးရင်း ပြောလိုက်သည်။ "ခင်ဗျား အော်ဒါမမှာချင်ရင် ဟိုနားကို သွားဝယ်လိုက်။ အဲ့မှာ ရောင်းနေတဲ့သူ ရှိတယ်။ တစ်ဘူးကိုမှ ဆယ့်နှစ်ယွမ်ပဲ။" 

 

"ဆယ့်နှစ်ယွမ်လား။" ဤတစ်ကြိမ်၌ ဝမ်ပင်းက အမှန်တကယ် အံ့သြသွားတာ ဖြစ်သည်။ 

 

သူသည် ဤကြက်အစပ်တစ်ဘူးက အနည်းဆုံး ယွမ်သုံးဆယ်လောက် ရှိမည်ဟု ထင်ထားခဲ့သော်လည်း သူ မှန်းထားတာ၏ တစ်ဝက်ပင် မရှိကြောင်း ထင်မှတ်မထားခဲ့ပေ။ ၎င်းက ဘူးသေးသေးလေးသာ ဖြစ်ပေမယ့် ရိုက်ကွင်းမှ ပေးသည့် နေ့လယ်စာဘူးထက် အပုံကြီးသာပေသည်။ 


ဝမ်ပင်းသည် ဇာတ်ရံလေးက ထိုရောင်းနေသည့် အမျိုးသား ထွက်မသွားသေးကြောင်း ပြောသည်ကို ကြားသောအခါ ချက်ချင်း ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။ 


သူ တံခါးနားသို့ ရောက်ရောက်ချင်းပင် ကြည့်လိုက်ရုံနှင့် ထင်းခနဲ ဖြစ်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက ပို့ဆောင်ရေး ဝန်ထမ်း ယူနီဖောင်းကို ဝတ်ဆင်ထားသော်လည်း သူ၏ ရုပ်ရည်သွင်ပြင်က သရုပ်ဆောင်များထက်ပင် ပို၍သာလေသည်။ 


ဝမ်ပင်းက သိချင်စိတ်အချို့ဖြင့် ထိုနေရာသို့ လျှောက်သွားလိုက်သည်။ 


ချွီးဟယ်ချင်းက လျှပ်စစ်စကူတာလေးပေါ်တွင် ထိုင်ကာ စားနေစဥ်၌ အနည်းငယ် ပုပြီး ဝသည့် လူတစ်ယောက် ချဥ်းကပ်လာသည်ကို မြင်သည့်အခါ ပြောလိုက်သည်။ "ခင်ဗျား ကြက်အစပ်ကြော် လိုချင်လို့လား။" 

 

"ခင်ဗျားက တော်တော်ကံကောင်းတယ်။ အပူထိန်းသေတ္တာထဲမှာ တစ်ဘူးပဲ ကျန်တော့တာ။" ချွီးဟယ်ချင်းက အပြုံးနှင့် ပြောလိုက်သည်။ "ငါးမိနစ်အတွင်း ဘယ်သူမှ လာမဝယ်ရင် ကျွန်တော် ကိုယ့်ဘာသာ အကုန်စားပစ်မလို့ တွေးနေတာ။" 


သူက ယနေ့ မနက်စောစော ထကာ ကြက်အစပ်နှစ်အိုး ကြော်ခဲ့ပြီး ချီရှောင်နင်အတွက် တချို့တစ်ဝက် ဖယ်ထားပြီး ကျန်သည်များကို ထုပ်ပိုး၍ လျှပ်စစ်စကူတာ၏ နောက်ကျော၌ တပ်ဆင်ထားသော အပူထိန်းသေတ္တာထဲသို့ ထည့်လိုက်သည်။ 


သူက အခြား အမှာစာများ ပို့ဆောင်ခြင်းကို လုပ်ဆောင်နေစဥ် အပူထိန်းသေတ္တာထဲ၌ သူ ကိုယ်တိုင် လုပ်ထားသော စားစရာများလည်း အပြည့်ထည့်ထားပေသည်။ 

 

သူ၏ ရောင်းအားက အလွန် ကောင်းမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အားလုံးကို အချိန်တိုအတွင်း ရောင်းထွက်သွားခဲ့ပေသည်။ 


ဝမ်ပင်းသည် သူ အရမ်းကံကောင်းပြီး နောက်ဆုံးကျန်သည့် တစ်ခုကို မီလိုက်မည်ဟု ထင်မှတ်မထားခဲ့ပေ။ 


သူက မစောင့်နိုင်တော့ဘဲ ဘူးကို ဖွင့်ကာ ကြက်သားအရသာကို မြည်းလိုက်သည်။ သူက အရမ်းကို စိတ်ကျေနပ်သွားသဖြင့် မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံးလိုက်ပေသည်။ 


ထိုသည်မှာ ဆယ့်နှစ်ယွမ်သာ ကျသင့်သည့် ဘူးလေးဖြစ်ကြောင်း တွေးမိသည့်အခါ သူ ဝယ်လိုက်သည့်ဘူးက နောက်ဆုံးကျန်သည့် တစ်ဘူးသာ မဟုတ်လျှင် နောက်ထပ် ထပ်ဝယ်မိမည်မှာ သေချာပေသည်။


"မင်း ကြက်အစပ်ကြော်လုပ်ထားတာ အရမ်းကောင်းတာပဲ။" ဝမ်ပင်းက ချွီးဟယ်ချင်းကို ချီးမွမ်းရင်း စကားစမြည် ပြောလိုက်သည်။ "မင်းက အရမ်းချောလို့ ငါ မင်းကို မြင်တော့ တခြားရိုက်ကူးရေးအဖွဲ့တချို့က သရုပ်ဆောင်လို့တောင် ထင်လိုက်မိတာ။' 

   

ချွီးဟယ်ချင်းက အပြုံးနှင့် ပြောလိုက်သည်။ "ခင်ဗျား ခန့်မှန်းတာ မှန်တယ်။ ကျွန်တော်က သရုပ်ဆောင်ပဲ။ ဒါပေမယ့် လတ်တလော ရိုက်စရာ ဘာကားမှ မရှိလို့ စားသောက်နေထိုင်ဖို့ တခြားတစ်ခုခု ထွက်လုပ်နေရတာလေ။" 


ဝမ်ပင်းသည် ထိုစကားကို ကြားလိုက်သည့်အခါ စားနေလက်စကို သီးပြီး ချောင်းဆိုးတော့မလို ဖြစ်သွားခဲ့သည်။ သူက သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူက အမှန်တကယ် သရုပ်ဆောင် ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။ 


သို့သော် သူ အဘယ့်ကြောင့် ထိုသို့ ရုပ်ရည်ချောမောလှသည့် သရုပ်ဆောင်တစ်ယောက် အနုပညာအသိုင်းအဝိုင်းထဲ ရှိနေတာကို မမှတ်မိရပါသနည်း။ 

 

ဝမ်ပင်းသည် ချွီးဟယ်ချင်းက အလွန် ပွင့်လင်းကာ သဘောကောင်းသည်ကို မြင်သောအခါ စိတ်ထဲမှ လေးစားမိသွားပေသည်။ 


သူသည် အနုပညာအသိုင်းအဝိုင်းထဲ၌ နေလာသည်မှာ အချိန်တချို့ ကြာပြီ ဖြစ်ကာ အမျိုးမျိုးသော ကိုယ်ကျင့်စရိုက်များနှင့် သရုပ်ဆောင်များကို မြင်ဖူးခဲ့သော်လည်း ထိုသူများထဲမှ မည်သူက ထိပ်ဆုံးမှာ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်ကြပါသနည်း။ 


ယခုလေးတင် ပြောဆိုခဲ့သည့် စကားအနည်းငယ်ကို အခြေခံကြည့်လျှင် သူသည် ချွီးဟယ်ချင်း၏ စိတ်ထားက အလွန် တည်ငြိမ်ခိုင်မာသည်ကို ခံစားရပေသည်။ 

 

သူတို့ ရိုက်ကူးရေးအဖွဲ့မှ နေ့လယ်စာဘူးက တစ်ဘူးကို ဆယ်ယွမ်ပေးရသော်လည်း မည်သည့်အတွက်ကြောင့် ဤဆယ့်နှစ်ယွမ်သာ ပေးရသော ကြက်အစပ်ဘူးလောက် အရသာမရှိရပါသနည်းဟုလည်း သူက တွေးလိုက်မိလေသည်။