Part 127
ဆောင်းဦးကို၀င်ရောက်လာသည်နှင့် ရာသီဥတုကချက်ချင်းဆိုသလိုအေးစက်လာခဲ့သည်။ ထို့အတူ နှစ်၀က်စာမေးပွဲလည်းလာချေပြီ။
ဤသည်မှာ သူမ ရီကျောင်းကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ် နှစ်၀က်စာမေးပွဲဖြစ်သည်။စာမေးပွဲပြီးသည်နှင့် အထက်တန်းပထမနှစ်များမှာ အတန်းများပြန်လည်ခွဲေ၀ခြင်းကိုရင်ဆိုင်ရလိမ့်မည်။
ကျန်းယန်ရှန့်မှာ စစ်ပွဲကိုရင်ဆိုင်ရတော့မည့်သူလို
အခန်းတံခါးပိတ်ကာ တချိန်လုံးစာကိုသည်းကြီးမည်းကြီးလုပ်နေတော့သည်။
အငယ်လေးနှစ်ယောက်၄င်းကိုပွစိပွစိလုပ်နေကြလျှင် ကျန်းဟွမ်ကကြားပြီးမေးလာခဲ့သည်။
"မင်းတို့အစ်မကဘာဖြစ်နေတာလဲ"
ကျန်းဟယ်လင်ဘာမှမပြောနိုင်ခင်တွင် ကျန်းရှို့ချန်ကဦးစွာလုဖြေလာသည်။
"အစ်မက စာကြမ်းပိုးကြီးဖြစ်လာပြီ ဟီးဟီးဟီး"
ကျန်းဟယ်လင်းက နဖူးကိုခေါက်လိုက်ပြီး ကျန်းဟွမ်ကိုပြောလိုက်သည်။
"အာ့ကျဲကအခုစာတအားလုပ်နေရတာ၊ သမီးညလယ်လောက်က ရေထသောက်တော့ အာ့ကျဲအခန်းကမီးလင်းနေတုန်းပဲ"
ဘယ်မိဘကများ မိမိသားသမီးစာလုပ်နေတာကို မကြိုက်ပဲရှိမည်နည်း၊ကျန်းဟွမ်ကပြုံးလိုက်ပြီး မျက်နှာကိုအလျင်အမြန်ပြန်တည်လိုက်ကာ
"မင်းအစ််မကိုကြည့်၊ မင်းတို့လည်းစာသေချာကြိုးစားကြ၊ သေချာမလုပ်ရင် ရိုက်ခံရမယ်"
မည်သည့်ကလေးမှ အကြီးနှင့်နှိုင်းယှဥ်ခံရတာကိုမနှစ်သက်ချေ။ ကလေးများမှာ ငှက်ကလေးတွေလိုပြေးထွက်သွားခဲ့သည်။
ကျန်းဟွမ်လည်း ဒုတိယထပ်ကိုတက်သွားပြီး ကျန်းယန်ရှန့်၏အခန်းတံခါးကပိတ်ထားတာကိုတွေ့လိုက်ရသည်။သူကတံခါးကိုအသာခေါက်ကြည့်လိုက်သည်။
ကျန်းယန်ရှန့်လည်းလျှောက်လာပြီး တံခါးကိုဖွင့်လိုက်သည်၊ သူ့ကိုမြင်တော့အနည်းငယ်အံ့သြသွားပုံပင် "ဘာကိစ္စလဲ"
"ခုတလောညနက်တဲ့ထိနေနေလို့လေ"
ကျန်းဟွမ်ကစိတ်ပူစွာမေးလိုက်သည်။
ကျန်းယန်ရှန့်ကစိတ်မရှည်စွာ
"နှစ်၀က်စာမေးပွဲရှိတယ်"
ကျန်းဟွမ်ကရုတ်ချည်း" အိုး " ထို့နောက်ဆက်ပြောလိုက်သည်။
"အရမ်းလည်းနောက်ကျအောင်မနေနဲ့ ကျန်းမာရေးလည်းဂရုစိုက်ရမယ်နော်"
ကျန်းယန်ရှန့်မျက်လုံးကို လှိမ့်လိုက်ပြီးဆိုလိုက်သည်။
"ဒီနှစ်၀က်စာမေးပွဲရလဒ်အပေါ် မူတည်ပြီး အတန်းတွေပြန်စီမှာ၊ အမှတ်မမှီရင် အထုတ်ခံရမှာ၊ သမီး သာမာန်အတန်းကိုပြန်ဆင်းရပြီး အဖေ့မျက်နှာကိုပျက်အောင်မလုပ်စေချင်ရင် သမီးစာလုပ်နေတာကိုလာမနှောင့်ယှက်နဲ့"
ကျန်းဟွမ်ကအမြန်ပြောလိုက်သည်။
"အိုကေ၊ ဟုတ်တယ်၊ လုပ်လုပ် ၊ အဖေမနှောင့်ယှက်တော့ဘူးနော်"
ကျန်းဟွမ် ဆက်ပြောချင်သေးသော်လည်း ကျန်းယန်ရှန့်မှာ တံခါးကို ဘန်းခနဲပိတ်နှင့်ပြီးပြီဖြစ်သည်။ သူ့နှာခေါင်းကိုပင်ရိုက်မိတော့မလို့၊
ကျန်းဟွမ်ဇက်ကိုပုလိုက်ပြီး တံခါးနားကပ်ကာအော်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်စောစောအိပ်ဦးနော်၊ အရမ်းအပင်ပန်းမခံနဲ့"
သူကထပ်အော်လိုက်သည်။
"အဖေကမင်းကိုမုန့်ဖိုးပိုပေးမယ်"
ကျန်းယန်ရှန့်၏ဆဲလ်ဖုန်းကမြည်လာခဲ့သည်၊
သူမကကောက်ယူလျက်ကြည့်လိုက်လျှင် မုန့်ဖိုးအပိုလွှဲပေးထားသော အသိပေးချက်ကိုတွေ့လိုက်ရလေသည်။
အတိတ်ဘ၀တွင် သူမကအဖေဖြစ်သူ၏ဂရုစိုက်မှုနှင့် သွန်သင်မှုတို့လိုအပ်နေစဥ်ကမူ သူဘယ်ရောက်နေခဲ့သနည်း။
ဤဘ၀တွင် သူမကသူမဘာသာ အသိစိတ်နှင့် ကောင်းကောင်းမွန်မွန်စာလုပ်နေတော့မှ အဘယ်ကြောင့်အပိုတွေလုပ်နေပြန်ပါသနည်း။
အဓိပ္ပါယ်မရှိတာ၊
ကျန်းယန်ရှန့်ကဖုန်းကိုဒေါသထွက်စွာပစ်ထုတ်လိုက်သည်။ ထို့နောက်စာကိုသာအာရုံစိုက်လိုက်တော့သည်။
သို့သော်သူမတွက်လက်စပုစ္ဆာမှာတွက်လေရှုပ်လေဖြစ်ကာ ဘယ်လိုမှဖြေရှင်းမရချေ။ ခေါင်းတွေပါမူးလာသည့်အထိပင်။ မနက်ဖြန်တွင်သူမကျန်းဇီယွမ်ကိုသွားရှာရမည်။ သူဆိုလျှင်တော့ကောင်းကောင်း ရှင်းပြနိုင်မည်မှာသေချာသည်။
……
နှစ်၀က်စာမေးပွဲ၏နောက်ဆုံးဘာသာရပ်ဖြေပြီးသည့်နေ့
စာရွက်များအပ်ပြီးသည်နှင့် အချိန်ပြည့်ခေါင်းလောင်းသံထွက်ပေါ်လာခဲ့သည်။ကျန်းယန်ရှန့်က
"ဟူး" ဆိုပြီးအသံကျယ်စွာသက်ပြင်းကိုမှုတ်ထုတ်လိုက်သည်။
သို့သော်တတန်းလုံးမှာ သူမနှင့်ပြိုင်တူ အသံပြုလာလိမ့်မည်မထင်ထားချေ။ သူမအံ့အားသင့်စွာ လှည့်ကြည့်လိုက်လျှင် တတန်းလုံးမှာ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီဟူသော အမူအယာမျိုးရှိနေတာပင်၊
တချို့ဆိုလျှင် မျက်လုံးများလှိမ့်လျက်ပင်
"ငါဘ၀ကူးသွားပြီ ငါ့အတွက် ပိုက်ဆံတွေမီးရှို့ပေးကြပါ" ဟုအော်ဟစ်နေကြသည်။
ကျန်းယန်ရှန့်အတွက်တော့ အတော်လေးဆန်းသစ်နေတာပင်။
သူမထင်ခဲ့သည်မှာ ဤအတန်းတွင် သူမတစ်ယောက်ကသာ ကပ်၍၀င်လာနိုင်သော အမှိုက်တစ်စဖြစ်ကာ ကျန်လူများက ဆရာ့ဆရာကြီးများဟု။ သူမတစ်ယောက်တည်းကသာ စာမေးပွဲ၏ ဖိအားကိုခံစားနေခဲ့ရတာဟု ထင်မှတ်နေခဲ့တာပင်။
မမျှော်လင့်ထားသည်မှာ အားလုံးကသူမနည်းတူ ဖိအားကိုခံစားနေခဲ့ရတာဖြစ်သည်။
သူမမပြုံးမိပဲမနေနိုင်ခဲ့ချေ။
သူမရှေ့မှမိန်းကလေးမှာ နောက်ကိုလှည့်ပြီး သူမကိုစကားပြောချင်ခဲ့သော်လည်း ရုတ်ချည်းမျက်လုံးကတောက်ပသွားလျက် နောက်သို့ကပ်ကာ အသံကိုနှိမ့်လျက်ဆိုလာသည်။
"ကျန်းဇီယွမ်ကနင့်ကိုကြည့်နေတယ်"
ကျန်းယန်ရှန့်လှည့်ကြည့်လိုက်သည်နှင့် ကောင်လေး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလေသည်။
ကောင်လေးမှာထိတ်လန့်သွားလျက် ခဏမျှထိုအတိုင်းငြိမ်သက်နေပြီးမှနောက်ကိုလှည့်ကာ တခြားသူများနှင့်စကားပြောရန်ပြင်လိုက်လေသည်။
သူ၏ပုံစံကအနည်းငယ်တော့ သဘာ၀ဆန်မနေပေ။
သူမရှေ့မှကောင်မလေးကမူ အလွန်သဘောကျစွာရယ်လိုက်သည်။ တခန်းလုံးမှာတက်ကြွသော လေထုတို့ဖြင့်ဖုံးလွှမ်းသွားခဲ့သည်။
ကျန်းယန်ရှန့်လည်း ရှေ့ကိုပြန်လှည့်လိုက်တော့သည်။
ကောင်မလေးက သူမ၏အသံကိုနှိမ့်လျက် မေးလာပြန်သည်။
"အမှန်အတိုင်းပြောစမ်းပါ၊ နင်တို့နှစ်ယောက်"
ကျန်းယန်ရှန့်ကသူမ၏ပါးမှအဆီလေးကိုဆွဲဖျစ်လိုက်ပြီး
"ကျောင်းမှာရည်းစားမထားရဘူးလေ"
"မဆွဲနဲ့တော့၊ လွှတ် ငါ့မျက်နှာကအကြီးကြီးပါဆိုမှ ပိုကြီးလာရင်ဘယ်လိုလုပ်မလဲ" သူမကကျန်းယန်ရှန့်လက်ကိုတဖတ်ဖတ်ရိုက်ကာဖယ်ရှားလိုက်သည်။
ထို့နောက်သူမမျက်နှာကိုပွတ်လျက်
"နင်တို့နှစ်ယောက်က လိုက်ဖက်တဲ့အတွဲလို့ လူတိုင်းကပြောတယ်၊ နင်ကငါ့ကိုတကယ်မခင်ဘူးပဲ၊ ငါ့ကိုအမှန်အတိုင်းကျမပြောဘူး"
ကျန်းယန်ရှန့်ကဆိုလိုက်သည်။
"လျှောက်မပြောနဲ့"
သူမကမျက်လုံးကိုလှိမ့်လိုက်သည်။ ကျိန်းသေမယုံကြည်ပုံပင်
Xxxxxx
Part 128
ကျန်းယန်ရှန့်မှာ ဤအဖြစ်အပျက်ကြောင့် သူမကိုယ်သူမဆင်ဆင်ခြင်ခြင် နေသင့်သည်လို့ သတိထားမိလေသည်။
ပြန်လည်မွေးဖွားပြီးနောက် ကျန်းယန်ရှန့်မှာ အတန်းဖော်များကိုမိမိ၏မောင်ငယ် ညီမငယ်လေးများကဲ့သို့သာမြင်ခဲ့သည်။ ထို့ကြောင့်ပင်အတန်းထဲမှ ကောင်မလေးများကသူ့ကိုကြွေဆင်းနေကြခြင်းပင်။ ကောင်လေးများကိုလည်း သူမမှာထွေထွေထူးထူးခံစားချက်မရှိချေ။
ကျန်းဇီယွမ်အတွက်မူ သူမအနေနှင့် အနာဂါတ်တက္ကသိုလ်၀င်တန်းစာမေးပွဲ၏ ချန်ပီယံကြီးကို ဘေးတွင်ထားကာ မဖြုန်းတီးသင့်ဟုသာခံစားရသည်။ ထို့ကြောင့်သူမစာလေ့လာရာတွင် နားမလည်သည် တစ်ခုခုတွေ့သည်နှင့် ကျန်းဇီယွမ်ကိုမေးလေ့ရှိသည်ပင်။
ကျန်းဇီယွမ်ကလည်း သူမကိုအမြဲလိုလို စိတ်ရှည်လက်ရှည်ရှင်းပြလေ့ရှိသည်။
ကျန်းယန်ရှန့်အတွက် ၄င်းမှာသာမာန်ပင်၊ သူမတို့ကြားတွင်အမှန်တကယ်တစ်ခုခုရှိနေပါက သူမသည်အထက်တန်းကျောင်းတွင်လည်း ရည်းစားထားဖို့၀န်လေးနေမည်မဟုတ်ချေ။ သို့သော်ကျန်းဇီယွမ်ကမူ ထူးခြားသည် သူကအနာဂါတ်၏ တက္ကသိုလ်၀င်စာမေးပွဲ၏ ချန်ပီယံအလောင်းအလျာကြီးမဟုတ်ပါလော။
ထိုစာမေးပွဲအတွက် ကျောင်းသားတစ်သောင်းကျော်က အင်တိုက်အားတိုက် ကြိုးစားဖြေဆိုကြတာဖြစ်ပြီး ၄င်းမှာယှဥ်ပြိုင်မှုကျပ်တည်းသော စစ်မြေပြင်ကြီးပင်။
သူသာ သူမကြောင့်အာရုံထွေပြားပြီး Qတက္ကသိုလ်ကိုမ၀င်နိုင်ခဲ့ပဲ ချန်ပီယံဂုဏ်ပုဒ်ကိုဆုံးရှုံးခဲ့လျှင် ကျန်းယန်ရှန့်မှာအတော်လေးအပြစ်ရှိသလိုခံစားနေရမှာဖြစ်သည်၊
အနာဂါတ်တွင် သူမကိုယ်သူမ ကျန်းဇီယွမ်နား သိပ်မကပ်မိစေရန်ဂရုစိုက်ရမည်ဟု ကျန်းယန်ရှန့်တွေးလိုက်သည်။
၂ရက်ကြာပြီးနောက်တွင် လူတိုင်းကြောက်လန့်နေသော နှစ်၀က်စာမေးပွဲရလဒ်များ ထွက်လာလေသည်၊
တချိန်တည်းမှာပင် ဆရာများက ပထမနှစ်အထက်တန်းကျောင်းသားများ၏ အတန်းပြန်လည်ခွဲေ၀ခြင်း လူစာရင်းကိုလည်း တပါတည်းထုတ်ပြန်လိုက်လေသည်။
မည်သူမှမထင်ထားသည်မှာ ပထမအကြိမ်ခွဲေ၀ခြင်းအတွက် ကျောင်းသားနှစ်ယောက်ကသာ ထိပ်တန်းအတန်းကို၀င်ရောက်နိုင်ပြီး ထိပ်တန်းအတန်းမှ ၅ယောက်မှာပြုတ်သွားကာ သာမာန်အတန်းကိုကျသွားမည်ဟု။
လူတိုင်းမှာ ရုတ်ချည်းပြင်းထန်သော ပြိုင်ဆိုင်ခြင်းဖိအားကိုခံစားလိုက်ရသည်။
ကျန်းယန်ရှန့်၏ နှစ်၀က်စာမေးပွဲရလဒ်မှာ အတန်း၂၏နောက်ဆုံးမှရေတွက်လျှင် ၁၁ယောက်မြောက်ဖြစ်သည်။ ၄င်းမှာ ပြီးခဲ့သော လပါတ်စာမေးပွဲရလဒ်ထက် အများကြီးသာလွန်နေခဲ့သည်။ ကျန်းယန်ရှန့်စိတ်သက်သာရာရစွာ နဖူးမှချွေးတို့ကိုပွတ်သုတ်လိုက်သည်။
ကျန်းဇီယွမ်၏ ရလဒ်မှာမျှော်လင့်ထားသည့်အတိုင်း ထပ်၍တက်လာခဲ့သည်။
ကောင်လေးမှာ အင်မတန်မှထူးချွန်လှပါသော ဥာဏ်ကြီးရှင်ကြီးမျိုး ဆိုတာထက်သူက ကြိုးစားကာ တရွေ့ရွေ့နှင့်တိုးတက်လာသူမျိုးဖြစ်သည်။
ကျန်းယန်ရှန် သူ၏ဇွဲလုံ့လကြောင့် ပြောမပြတတ်သော အရှိန်အ၀ါတစ်ခုကိုခံစားလိုက်ရသည်။
သူမမနေနိုင်ပဲ နောက်ကိုလှည့်ကာ ကြည့်လိုက်မိပြန်လျှင် ကျန်းဇီယွမ်မျက်လုံးများနှင့် ထပ်ဆုံပြန်သည်။
ဤတစ်ကြိမ်တွင်တောင် သူကရှောင်ဖယ်မသွားပဲ သူ၏နှုတ်ခမ်းလေးကိုခပ်ရေးရေးလေးကွေးကာ ပြုံးပြလာခဲ့သည်။ သူက သူကိုယ်တိုင်၏တိုးတက်လာမှုကြောင့် ကျေနပ်နေခြင်းလော၊ သို့မဟုတ် ကျန်းယန်ရှန့်၏ တိုးတက်မှူကြောင့် ကျေနပ်နေခြင်းလောမည်သူမျှမပြောနိုင်ပေ၊ နှစ်ခုလုံးပင်လျှင်ဖြစ်နိုင်သည်၊
အချုပ်ဆိုရလျှင် ထိုအပြုံးလေးက ငယ်ရွယ်ကာ ချစ်စဖွယ်ကောင်းလှသည်။
ကျန်းယန်ရှန့်လည်း သူ့ကိုပြန်မပြုံးပြပဲ မနေနိုင်ခဲ့ချေ။
ပြီးတော့မှ သူမကိုယ်သူမ ကျန်းဇီယွမ်နှင့်ေ၀းေ၀းနေရန်ဆုံးဖြတ်ထားသည်ကို သတိရသွားမိသည်။သူမက အပြုံးကိုအလျင်အမြန်ရုတ်လိုက်ပြီး တဖက်ကိုပြန်လှည့်သွားလိုက်သည်။
နောက်တန်းတွင်တော့ ကျန်းဇီယွမ်မှ မည်မျှပင်ထိန်းချုပ်နေသည့်တိုင် သူ၏နှုတ်ခမ်းမှကြီးမားသော အပြုံးကြီးကိုဖြုတ်မချနိုင်ခဲ့ချေ။
အတန်းဖော်ငါးယောက်မှာတော့ နှုတ်ခမ်းကိုတင်းတင်းစေ့လျက် သေမိန့်ချခံရသောလူများနှယ် မျက်နှာများအိုလျက် ခေါင်းငိုက်စိုက်နှင့်ထွက်သွားကြသည်။
အတန်းထဲမှအများစုမှာသူတို့အား စိတ်မကောင်းစွာကြည့်လျက် မသိလျှင်နောက်တစ်ကြိမ်ထွက်ခွာသွားရမည့်သူမှာ မိမိတို့ဖြစ်လာတော့မလိုပင်။
လက်ရွေးစင်အတန်းမှပြုတ်လာသော ငါးယောက်မှာ အတန်းထဲကိုခေါင်းငိုက်စိုက်နှင့်၀င်လာကြပြီး မည်သူကိုမှလည်းနှုတ်ဆက်ခြင်းမရှိချေ။
သူတို့မှာအတန်းဖော်အသစ်များကိုလည်း စိတ်၀င်စားပုံမပေါ်ချေ။ လက်ရွေးစင်အတန်းမှ သာမာန်အတန်းကိုပြောင်းလာရသော ကျောင်းသားများ၏ ပုံမှန်တုန့်ပြန်မှုသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။
သာမာန်အတန်းမှ လက်ေရွးစင်အတန်းကို ၀င်နိုင်သွားသော ကျောင်းသားများ၏ မျက်နှာများကမူ တောက်ပလျက် ရွှင်မြူးနေကြသည်။
နေရာသစ်တွင်ထိုင်ချပြီးသည်နှင့် ဘေးရှိအတန်းဖော်သစ်များနှင့်အမြန်မိတ်ဆက်ကာ အလျင်အမြန်ရင်းနှီးမှုရယူလိုကြသည်ပင်။
ကျန်းယန်ရှန့်မေးထောက်လျက် စဥ်းစားနေမိသည်။
ကျန်းဇီယွမ်၏ တိုးတက်မှုနှုန်းကိုသာ အမှီလိုက်ရမည်ဆိုလျှင် ကျန်းဇီယွမ်က နောက်စာမေးပွဲတွင် လက်ရွေးစဥ်အတန်းကို၀င်မည်မဟုတ်ပါလား။ ပြီးတော့ ထိုထက်ပိုမြင့်မြင့်တက်သွားလိမ့်မည်သာ။
မိမိတို့မှာ ကျောင်းအတူတူဖြစ်သော်လည်း အနာဂါတ်ကကွာခြားခဲ့သည်။ အရင်ဘ၀တွင် သူမသည်အတန်းလစ်ကာ အရက်နှင့်ဆေးလိပ်ကိုစွဲလမ်းခဲ့သည်။ ညသန်းခေါင်တွင်ငိုယိုလျက် သူမ၏တန်ဖိုးရှိသော အချိန်များကိုဖြုန်းတီးခဲ့ဖူးသည်။ ပြန်တွေးကြည့်လျှင် အိပ်မက်တစ်ခုလိုပင်။
ကျန်းယန်ရှန့် ပြုံးလိုက်မိလေသည်။
နှစ်၀က်စာမေးပွဲပြီးသည့်နောက် ရက်အနည်းငယ်ခန့် လေထုမှာသာယာနေခဲ့သည်။ အတန်းနားချိန်အတွင်း အပူတပြင်း သူများစာလိုက်မေးနေရသည့် အဖြစ်အပျက်များမရှိတော့၊
စာကတော့ပုံမှန်လုပ်နေကြဆဲပင်၊ ယခင်ကလို ဖိအားများနှင့်စိတ်ဓါတ်ကျဖွယ်ကောင်းမနေတော့ရုံသာ၊
ကျန်းယန်ရှန့်အတန်းထဲတွင်ရှိနေစဥ် ကျောင်းအုပ်ကြီးကရုတ်ချည်းရောက်လာပြီး အတန်းပိုင်ကိုနှုတ်ဆက်ကာ သူမကိုခေါ်ထုတ်လာခဲ့သည်။
"သမီးအဖေကသမီးအတွက်ခွင့်ရက်တောင်းထားတယ်၊အိမ်မှာအရေးပေါ်ကိစ္စတစ်ခုဖြစ်လို့လဲ၊ သူသမီးကိုခဏနေရင်လာခေါ်လိမ့်မယ်၊ "
ကျန်းယန်ရှန့်မှာ တန့်သွားမိပြီး မေးလိုက်သည်။
"သူကဘာဖြစ်တယ်ဆိုတာကိုရော ပြောသွားသေးလား"
"ဟင့်အင်း" ကျောင်းအုပ်က သူမကိုနှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ လူကြီးတွေကဖြေရှင်းလိမ့်မယ်"
မိဘများက ရုတ်ချည်း ခွင့်တိုင်လာလျှင် ၄င်းမှာ မိသားစု၀င်တစ်ဦးဦးနေမကောင်းဖြစ်ခြင်းသို့မဟုတ် မတော်တဆဖြစ်ခြင်းပင်။
ကျန်းဟွမ်ကိုယ်တိုင်ခေါ်သည်ဆိုတော့ သူကတော့အဆင်ပြေပုံပင်။
ဒါဆိုဘယ်သူဖြစ်မလဲ၊
လျန်ယင်းယင်း သာဆိုလျှင် ကျန်းဟွမ်ကသူမကိုခေါ်မည်မဟုတ်၊ သူကငတုံးမဟုတ်ချေ။ လျန်ယင်းယင်းဘာဖြစ်ဖြစ် သူမနှင့်မဆိုင်ပေ။
အဖွားများလား
ကျန်းယန်ရှန့်သူမ၏ပစ္စည်းများကိုအလျင်အမြန်သိမ်းလိုက်ပြီး ထွက်လာခဲ့သည်။ သူမနှင့်ရင်းနှီးသော အတန်းဖော်မိန်းကလေးများနှင့် ကျန်းဇီယွမ်က သူမကိုစိတ်ပူစွာကြည့်နေကြသည်။
ကျန်းယန်ရှန်အမြန်ထွက်လာလျှင် ကျန်းဟွမ်၏ကားကရောက်နှင့်နေခဲ့ပြီဖြစ်သည်။
ဒရိုင်ဘာကားလာဖွင့်ပေးမည်ကိုစောင့်မနေပဲ ကျန်းယန်ရှန့်ကိုယ့်ဘာကိုယ်အလျင်အမြန်ဖွင့်၀င်လိုက်သည်။
ကျန်းယန်ရှန့်ရင်ထဲရတက်မအေးတော့ချေ၊ သူမကစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"အာ"ကျန်းဟွမ်ဘာမှပြောမထွက်ချေ။ ၄င်းမှာ ပြောရခက်သောတစ်စုံတစ်ခုကဲ့သို့ပြုမူနေခဲ့သည်၊
၄င်းက ကျန်းယန်ရှန့်ကိုပို၍စိတ်ပူစေခဲ့သည်။
"ဘာများဖြစ်လို့လဲ"
ကျန်းဟွမ်လည်ချောင်းရှင်းလျက်
"အဟမ်း အဲ အကုန်လုံးအဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး။ ရှို့ရှို့အတန်းပိုင်က ဖုန်းဆက်တယ်လေ၊ သူက သမီးစကားကိုပိုနားထောင်တာဆိုတော့၊ ငါလည်း သမီးကိုအတူခေါ်လာလိုက်တာ"
ကျန်းယန်ရှန့်"..."
ကားထဲမှလေထုမှာ စက္ကန့်နည်းငယ်ခန့်အေးခဲသွားခဲ့သည်။
ကျန်းယန်ရှန့်ကဘာမှပြောမနေတော့ပဲ နောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
"ဟေး ယန်ယန်၊ ယန်ယန်၊ ယန်ယန်၊" ကျန်းဟွမ်အမြန်သူမကိုဆွဲထားလိုက်သည်။
"အဖေ့ကိုသနားပါဦး၊ နော်၊ လိုက်ခဲ့ပါ"
"မုန့်ဖိုးနှစ်ဆပေးမယ်လေ နော်".
"နှစ်ဆနော်"
Xxxxxx