Part 167
ယွဲ့စုန့် သည် ဓာတ်ပုံအား ကြာမြင့်စွာ ငေးကြည့်နေပြီးမှ ဖြည်းညင်းစွာပြောလိုက်သည်။
"ဒါ မဖြစ်နိုင်ဘူး..."
ယွဲ့စုန့် သည် ဓာတ်ပုံအား ကြာကြာကြည့်လေ၊ ပုံထဲမှ ကောင်မလေးသည် အတော်ပင်ငယ်သေးသည် ဟု ခံစားမိလာရလေ ဖြစ်သော်လည်း သူမ ၏ မျက်နှာသည် အသက် ၁၅ နှစ် ၁၆ နှစ် ကောင်မလေးများ၏ အပြစ်ကင်းစင်မှု နှင့် စိတ်ကူးယဉ်ဆန်မှုများ မရှိ ဖြစ်နေသည်။ ယွဲ့စုန့် အနေဖြင့် ဤပုံထဲမှ ကောင်မလေးသည် အထက်တန်း ပထမနှစ် ပင်ရှိသေးသည် ဆိုသည်ကို ယုံဖို့ ခက်နေလေသည်။
ယွဲ့စုန့် သည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်သည်။ သူ၏ မိသားစုနောက်ခံကြောင့် အရင်တည်းက ရွယ်တူများနှင့်စာလျှင် ပို၍ ရင့်ကျက်နေရကာ ယွဲ့စုန့် ၏ စိတ်ထဲ၌ အထက်တန်းပထမနှစ်သည် ကလေးအရွယ်ပင် ဖြစ်သည် ဟု မြင်နေမိသည်။
ရွှယ်ရှင်းတုန် ဘာပြောရမည်မသိဖြစ်သွားသည်။
"ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲဟဲ့...အဲ့ကောင်မလေး ကိုယ်တိုင်ပြောတဲ့ဟာကို...ငါ သူတို့ကို သွားနှုတ်ဆက်တုန်းက သူ့ကို တက္ကသိုလ်ကျောင်းသူထင်လို့ ဘယ်နှနှစ်ရှိပြီလဲမေးလိုက်တာ...သူက အထက်တန်းပထမနှစ်ပဲရှိသေးတယ် တဲ့..."
ဝမ်းကွဲအစ်မ၏ လေသံသည် တကယ်ပြောနေသည့်ပုံပေါက်နေကာ သူမသည် ဟာသပြောတတ်သူလည်းမဟုတ်ချေ။
ယွဲ့စုန့် သည် မျက်ခုံးအလယ်ကို ညှစ်ကာ ပြောလိုက်သည်။
"အခုခေတ်ကောင်မလေးတွေက အဲ့လောက်တောင် အရွယ်ရောက်တာ မြန်ကုန်ကြပြီလား..."
ရွှယ်ရှင်းတုန် က ရယ်လိုက်ကာ ယွဲ့စုန့်၏ လက်ထဲမှ ဖုန်းအား ယူ၍ အနီးကပ်ကြည့်လိုက်ပြီး ထောက်ခံလိုက်သည်။
"အေး...ကောင်မလေးက တကယ်လည်း သူ့အသက်ထက် ပိုရင့်ကျက်နေတဲ့ပုံပေါက်တယ်နော်..."
ရွှယ်ရှင်းတုန် သည် ခဏမျှစဉ်းစားလိုက်ကာ ဆက်ပြောသည်။
"အဲ့ဒါ သူ့မိသားစုအခြေအနေကြောင့်ဖြစ်မယ် သိလား...သူ့အမေက ဆုံးသွားတာ တော်တော်ကြာပြီ...ကောင်မလေးက မိထွေးလက်ထဲမှာပဲ ကြီးလာရတော့ ရွယ်တူတွေနဲ့စာရင် ပိုရင့်ကျက်နေတာဖြစ်မယ်..."
ယွဲ့စုန့် က မျက်ခုံးများ ပင့်ကာ မေးလိုက်သည်။
"သူက ဒုက္ခရောက်နေတာလား..."
ရွှယ်ရှင်းထုန် က သူ့မောင်အား စနောက် လိုက်သည်။
"ဘာလို့လဲ...ကောင်မလေးက ဒုက္ခရောက်နေတယ်ဆိုရင် စင်ဒရဲလားကိုကယ်တဲ့ မင်းသားလေးလို သွားကယ်ချင်လို့လား...ကောင်မလေးရဲ့ မျက်လုံးတွေကို သေချာကြည့်စမ်းပါ...သူ့ပုံက စင်ဒရဲလား လို မီးဖိုထဲမှာ ကုပ်ကုပ်လေးထိုင်ပြီး ပဲစေ့တွေကောက်နေမယ့်ပုံ ပေါက်နေလို့လား..."
ကျန်းဟွမ်၏သမီးသည် အိမ်၌ အနှိမ်ခံနေရခြင်း မဟုတ်သည်ကိုတော့ ရွှယ်ရှင်းထုန် သေချာသိသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဟွမ်က သူ၏သမီးအား မိတ်ဆက်ပေးသောအခါ သူ့မျက်လုံးနှင့် အမူအယာများသည်သူ့သမီးအပေါ် ချစ်ခြင်းနှင့် မြတ်နိုးခြင်းများ အပြည့် ဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့အပြင် ကျန်းဟွမ်သည် 'မိထွေးကြိုးဆွဲရာကနေရသည့် အဖေ' ဖြစ်နေ၍ ကောင်မလေးသည် အချစ်မခံရသည့်သမီး ဖြစ်နေသည်ဆိုလျှင် ကျန်းဟွမ်သည် သူ့သမီးအား ထိုနေရာသို့ ခေါ်လာမည်မဟုတ်ချေ။ ကျန်းဟွမ်သည် ဤအရွယ်သို့ရောက်နေပြီဖြစ်သော သူ့သမီးအား ဤကဲ့သို့ပွဲမျိုးဆီသို့ ခေါ်လာခြင်းမှာ သူ့သမီးအား လူအများရှေ့ ပွဲထုတ်ချင်၍သာဖြစ်သည်။
ထို့ကြောင့် ကောင်မလေးသည် အနှိမ်ခံရသောသမီး တော့ လုံးဝမဖြစ်နိုင်ပါ။
သူမ၏ ဆံပင်၊ မိတ်ကပ်နှင့် အဝတ်အစားများသည်လည်း အကောင်းစားများသာဖြစ်သည်။ သူမ မိထွေး၏ အနိုင်ကျင့်ခြင်းကိုသာ ခံနေရပါက အပြင်အဆင်တွင် အနည်းငယ်တော့ အပြစ်အနာအဆာရှိနေရမည် မဟုတ်ပါလား။ ယခုတော့ ထိုကောင်မလေးသည် ပြစ်မျိုးမှဲ့မထင် ဖြစ်နေသောကြောင့် အနည်းဆုံး ပစ္စည်းအသုံးအဆောင်ကိစ္စတွင်တော့ သူမ စိတ်ကြိုက်သုံးခွင့်ရှိနေသည့်ပုံ ဖြစ်သည်။
စိတ်နေစိတ်ထားတွင်လည်း အနိုင်ကျင့်ခံရသောလူများသည် အခြားလူများအားမြင်လျှင် ဒေါသထွက်ခြင်း၊ မှုန်ကုပ်ကုပ်ဖြစ်နေခြင်း တို့ ဖြစ်တတ်သော်လည်း ကျန်းယန်ရှန့်ကတော့ ထိုသို့မဖြစ်ပေ။ သူမ၏ မျက်လုံးထဲရှိ အခြားသူများအား ဂရုမစိုက်ခြင်းသည် သူမ နှင့်ရွယ်တူများထက် ပို၍ ရင့်ကျက်ဟန်ပေါက်စေကာ လူစိမ်းများမချဉ်းကပ်ရဲသည့် မာနကြီးပုံလည်း ပေါက်နေသေးသည်။ ထိုအရာများအားလုံးက ကျန်းယန်ရှန့်အား 'အနိုင်ကျင့်ရန်မလွယ်' ဟူသော အမြင်ကို ရစေသည်။
ယွဲ့စုန့် သည် ယခုမှပင် စိတ်အေးသွားရသည်။ သူသည် ဖုန်းကိုပြန်ယူလိုက်ကာ ဓာတ်ပုံအားတစ်ချက်ထပ်ကြည့်၍ "ဖျက်မည်" ခလုတ်အား နှိပ်လိုက်သည်။
"ဟဲ့ ဘာလို့ဖျက်မှာတုန်း..."
ရွှယ်ရှင်းထုန် က ပြုံးကာပြောလိုက်သည်။
"သူက မျက်စိတစ်မှိတ်မှာပဲ ၁၈ နှစ်ပြည့်သွားမှာပါဟယ်..."
"ကလေးတွေကို ကစားပြီး ကြီးလာရင် သူတို့နဲ့တွဲဖို့ စောင့်နေတဲ့ကောင်တွေက နှာဘူးတွေပဲ..."
ယွဲ့စုန့် က မလှုပ်မယှက် ပြောလိုက်သည်။
"ငါက သူတို့လိုမဟုတ်ဘူး..."
ထိုသို့ ပြောပြီးသည်နှင့် "အတည်ပြုမည်" ခလုတ်အား နှိပ်လိုက်တော့သည်။
ကျန်းယန်ရှန့်၏ အမေဘက်မှ ဦးလေးက ကျန်းဟွမ်အား ဖုန်းခေါ်လာသည်။
"ကလေးတွေက ခရီးထွက်မှာမို့လို့ သူတို့နဲ့တူတူသွားဖို့ ယန်ယန့်ကို လာခေါ်ချင်လို့...တုန်တုန် ကလည်း သူ့အစ်မနဲ့ မတွေ့ရတာကြာပြီဆိုတော့..."
ကျန်းယန်ရှန့်၏ဦးလေးသည် S မြို့တွင်နေကာ ကျန်းယန်ရှန့်အား လွန်ခဲ့သည့်နှစ်လက လာတွေ့ခဲ့ဖူးသည်။ ယခုက အားလပ်ရက်ဖြစ်၍ မိသားစုလိုက် ခရီးသွားကြမည်ဖြစ်ရာ ဦးလေးက ကျန်းယန်ရှန့်ကိုပါ သူတို့နှင့်အတူ လိုက်စေချင်နေသည်။
အဘယ်ကြောင့်ဆိုသော် ဦးလေးသည် အဖေဖြစ်သူ ကျန်းဟွမ်က သူ၏ကလေးများအား ဂရုမစိုက် ဟူ၍သာ သိထားသောကြောင့်ဖြစ်သည်။
ကျန်းဟွမ်က ဦးလေးအား စိတ်ပါလက်ပါပင် နှုတ်ဆက်လိုက်သည်။ အဒေါ်၏ကျန်းမာရေးအခြေအနေကို မေးမြန်းကာ ကျန်းယန်ရှန့်၏ ဝမ်းကွဲများ၏ စာမေးပွဲရမှတ်များကိုလည်း မေးမြန်းပြီးနောက် ဦးလေး၏တောင်းဆိုချက်ကို လုံးဝ ငြင်းဆိုလိုက်သည်။
"ကျွန်တော်တို့လည်း မိသားစုလိုက်ခရီးထွက်ဖို့ စီစဉ်ထားတာဗျ...ယန်ယန်မပါဘူးဆိုရင် သူ့မောင်နဲ့ညီမက ပျော်ကြမှာမဟုတ်ဘူး..."
အရင်တစ်ခေါက် ဦးလေးလာလည်သည့်အချိန်တုန်းက ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်တို့အား မတွေ့ခဲ့ချေ။ ထို့ကြောင့် ကျန်းယန်ရှန့်နှင့် သူမ၏ မောင် ညီမတို့၏ ဆက်ဆံရေး အလွန်ပြောင်းလဲနေသည်ကို ဦးလေးမသိလိုက်ပေ။ ကျန်းဟွမ်က ဤသို့ငြင်းလိုက်သောအခါ ဦးလေးသည် အလွန်ဒေါသထွက်သွားကာ ခေါင်းမှ အငွေ့များထွက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။
ကျန်းယန်ရှန့်နှင့် ဆုံသည့်အခါတိုင်း ဦးလေးသည် သူ့တူမအား လျန့်ယင်းယင်းကို ခေါင်းထဲမထည့်ပဲ ကိုယ်အဆင်ပြေသလိုနေရန် ပြောတတ်သည်။
သို့သော် ကျန်းဟွမ်ကတော့ သူ့ညီမ မဆုံးခင်တည်းက တရားမဝင်ကလေးများမွေးထားသောကောင် ဖြစ်သောကြောင့် ဦးလေးသည် ကျန်းဟွမ်အား အလွန်မုန်းတီးနေသူဖြစ်သည်။ ကျန်းမိသားစုအိမ်၌နေနေသော တူမသာ မရှိပါက ဦးလေးသည် ကျန်းဟွမ်အား မည်သောအခါမျှ စကားပြောတော့မည်မဟုတ်ချေ။
ကျန်းဟွမ်ထံမှ ငြင်းဆိုခြင်းခံလိုက်ရပြီးနောက် ဦးလေးသည် ကျန်းယန်ရှန့်အား တိုက်ရိုက် ဖုန်းဆက်လာသည်။
"သမီးလိုက်ချင်တယ်ဆိုရင် ဦးလေးကိုယ်တိုင် လာခေါ်မယ်...သမီးအဖေပြောတာ ခေါင်းထဲထည့်မနေနဲ့.. "
ကျန်းယန်ရှန့်သည် သူမ ဦးလေးဒေါသအလွန်ထွက်နေသည်ကို စကားများထဲမှ ကြားလိုက်ရသည်။ ဦးလေးအား လေပျော့လေးဖြင့် အချိန်အတော်ကြာ ချော့မော့ပြီးမှ သူမ မလိုက်ချင်ကြောင်း ပြောလိုက်သည်။
ဦးလေးသည်လည်း သူ့မိသားစုနှင့်သူ မဟုတ်လား။ မည်သူကတော့ မိသားစုထဲသို့ အပြင်လူ အဝင်ခံချင်မည်နည်း။ မိသားစုများထဲ၌ အပြင်လူဖြစ်နေရသည်မှာ အဆင်မပြေပါချေ။
ပိုဆိုးသည်က ဦးလေးသည် ကျန်းယန်ရှန့်အား ခရီးအတူထွက်ရန်ခေါ်နေခြင်းမှာ ကျန်းဟွမ်သည် ကျန်းယန်ရှန့်ကို ကောင်းစွာဂရုမစိုက်ဟု ထင်နေသောကြောင့်ဖြစ်သည်။ ကျန်းယန်ရှန့်သာ လိုက်ရန် သဘောတူလိုက်ပါက ကျန်းဟွမ်က သူမ အား တကယ်ပင်ဂရုမစိုက် ဟု ဝန်ခံလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
ကျန်းယန်ရှန့်သည် ခဏမျှ သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။
"အဖေက အစောကြီးထဲက ခရီးအတွက် ကြိုပြင်ဆင်ထားပြီး သမီးတို့ ကျောင်းပိတ်မယ့်အချိန်ကိုစောင့်နေတာ..."
ဦးလေးက ပြန်ပြောသည်။
"ဟိုမိန်းမက သမီးကို စိတ်ဆင်းရဲအောင်လုပ်ပြီး ခရီးမှာ သမီး မပျော်မရွှင်ဖြစ်နေရမှာကိုဦးလေးက စိုးရိမ်လို့ပါ..."
"အဖေက အဲ့မိန်းမကိုမခေါ်ပဲ သမီးရယ် မောင်လေးနဲ့ ညီမလေးရယ်ကိုပဲ ခေါ်မယ်ပြောတယ်...သမီးနဲ့ အဲ့ဒီ လျန့် မျိုးရိုးနာမည်နဲ့ မိန်းမ နဲ့ တူတူရှိလို့မရဘူးဆိုတာ အဖေသိတယ်လေ..."
ကျန်းယန်ရှန့်ကပြောလိုက်သည်။
ဦးလေးလည်း အံ့ဩသွားကာ အသံကိုမြှင့်၍ မေးလိုက်သည်။
"တကယ်လား..."
ကျန်းယန်ရှန့်က သေချာသည့်လေသံဖြင့်ပြောလိုက်သည်။
"အဖေကိုယ်တိုင်ပြောထားတာပဲ...ပြီးတော့ သူကတိပေးထားတာကို သူမလုပ်ပေးဘူးဆိုရင် သမီး မလိုက်သွားဖို့ အကြောင်းပြချက်ရတာပေါ့...သူလည်း သမီးကို အတင်းဖိအားပေးလို့မရတော့ဘူးလေ...ဒါပေမယ့် အဖေက သူပြောထားတဲ့အတိုင်း လုပ်မယ်လို့တော့ သမီးထင်ပါတယ်..."
ဦးလေးသည် ကျန်းယန်ရှန့်နှင့် ကျန်းဟွမ်တို့ကြားမှ ဆက်ဆံရေးသည် ယခင်နှင့်စာလျှင်သိသိသာသာတိုးတက်လာသည်ကို သတိထားလိုက်မိသည်။
ဦးလေးသည် ကျန်းယန်ရှန့်နှင့် ကျန်းဟွမ်တို့ အဆင်ပြေနေသည်ကို ကျေနပ်သွားပုံရသည်။ တကယ်တော့လည်း သူတို့သည် အဖေနှင့် သမီးပင် မဟုတ်လား။ ထို့အပြင် ကျန်းဟွမ်သည် အနာဂတ်၌ ကျန်းယန်ရှန့် အမွေမည်မျှရမည်ကို အဆုံးအဖြတ်ပေးမည့်သူ တစ်ဦးလည်း ဖြစ်နေသည်။
ထို့ကြောင့် ဦးလေးသည် ကျန်းယန်ရှန့်အား သူတို့နှင့်လိုက်ခဲ့ရန် ခေါ်နေသည်ကို ရပ်ကာ ပြောလိုက်သည်။
"ဒါဆိုလည်း သမီး ကောင်းကောင်းပျော်ခဲ့နော်..."
ကျန်းယန်ရှန့်က ငြင်သာစွာပြောလိုက်သည်။
"ဟုတ်ကဲ့...ဦးလေးလည်း ဒေါ်ဒေါ်နဲ့ တုန်တုန် တို့နဲ့အတူ ပျော်ခဲ့ပါ..."
ဖုန်းချလိုက်ပြီးသောအခါ ကျန်းယန်ရှန့်၏မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွားကာ တစ်ချက်လှောင်ရယ်ရယ်၍ အောက်ထပ်သို့ ကျန်းဟွမ်အား ရှာရန် ဆင်းသွားကာ ဒေါသတကြီးဖြင့်မေးလိုက်သည်။
"ဦးလေးကို စိတ်တိုသွားအောင် အဖေ ဘာတွေပြောလိုက်တာလဲ..."
ကျန်းဟွမ်သည် ဤသို့စွပ်စွဲခံလိုက်ရခြင်းကြောင့် ဝမ်းနည်းသွားရသည်။
"ဘာမှမပြောမိပါဘူး...အစ်ကိုကြီးကို အဖေ ကောင်းကောင်းမွန်မွန်ပဲပြောလိုက်တာ...သူ မကျေနပ်စရာရှိမယ်မထင်ပါဘူး..."
ကျန်းယန်ရှန့်၏ မျက်လုံးများကတော့ မယုံကြည်မှုများနှင့် ပြည့်နေသည်။
Xxxxxx
Part 168
ကျန်းဟွမ်သည် ပို၍ပင် စိတ်ထိခိုက်သွားရသည်။
"သမီးဦးလေးက ခရီးသွားဖို့ သမီးကိုလာခေါ်နေတာ...ပိတ်ရက်မှာ မိသားစုတိုင်းကတော့ ခရီးထွက်ချင်ကြတာပဲ...သမီးမှာလည်း အမေမရှိတော့ပေမယ့် အဖေ ရှိသေးတယ်လေ...ဘာလို့ သမီးဦးလေးတို့ရဲ့ မိသားစုကြား သွားရှုပ်မှာလဲ...ပြီးတော့ သမီးဦးလေးပြောသွားတာတွေ သမီးနားလည်မှာမဟုတ်ပါဘူး...သူက အဖေက သမီးအပေါ်မကောင်းဘူး လို့ ထင်နေတာ...အဖေက သမီးအပေါ်ဂရုမစိုက်တာ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ...အဖေ ပေးတဲ့ မုန့်ဖိုးကိုပဲ ကြည့်လိုက်စမ်းပါ...တုန်တုန် ရတဲ့ မုန့်ဖိုးထက် ဆယ်ဆသာတယ်...ဆယ်ဆထက်တောင် ပိုဦးမယ်..."
ကျန်းဟွမ်သည် သူ့အား မဟုတ်မမှန်ပြော၍ စွပ်စွဲနေသည်ဟု ခံစားနေရရ၍ အလွန်ဒေါသထွက်နေသည်။
ကျန်းယန်ရှန့်က သူမ နဖူးကို ပွတ်လိုက်သည်။
"ဦးလေးက အဖေမကောင်းဘူး လို့ သမီးရှေ့မှာ ဘယ်တုန်းကမှ ပြောဖူးတာမဟုတ်ဘူး..."
ကျန်းယန်ရှန့်ကပြောသည်။
"အဲ့လိုမပြောတဲ့အပြင် အဖေ့အကြောင်းပြောတိုင်း သမီးကို အဖေနဲ့ တည့်အောင်နေဖို့ အမြဲပြောနေတာ..."
"အေးပါ အေးပါ..."
ကျန်းဟွမ်က အလျင်အမြန် ပြောလိုက်သည်။
"သူက အဖေ့ယောက်ဖ ဆိုတာ အဖေ နားလည်ပါတယ်...သူ့ကို ဘာမှအပြစ်ပြောစရာမလိုသလို သူကလဲ နောက်ကွယ်မှာ အဲ့လိုပြောမယ့်လူမျိုး မဟုတ်တာ အဖေသိပါတယ်...အဖေက ဒီတိုင်း...စိတ်ပူမိတာပါ..."
ကျန်းယန်ရှန့်၏ ဒေါသမျက်လုံးများအားတွေ့ပြီး ကျန်းဟွမ်က ဆက်ပြောလိုက်သည်။
"အဖေက အဲ့ကိစ္စကိုစိတ်ပူတာမဟုတ်ဘူး...သမီးအတွက် စဉ်းစားတာပါ...အဖေလည်း သမီးတို့ဖို့ ခရီးစီစဉ်ပေးထားတယ်မဟုတ်ဘူးလား...ကြိုလဲပြောထားတာ...ဟယ်ဟယ် ရှို့ရှို့နဲ့ အဖေ့ကို ထားခဲ့ပြီး သမီးဦးလေးဆီပဲပြေးသွားလို့မရဘူးလေ...အဖေတို့က မိသားစုလေ..."
ကျန်းယန်ရှန့်သည် ယခုမှပင်စိတ်အေးသွားကာ အသံတိတ်သက်ပြင်းချ၍ မေးလိုက်သည်။
"အဲ့ဒါဆို အဖေ့ရဲ့မယားလေးအတွက်ရော ဘာမှ မစီစဉ်ပေးဘူးလား..."
ကျန်းဟွမ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"အဖေ စီစဉ်ပြီးပါပြီ...သူက မနက်ဖြန်ဆိုရင် သွားတော့မှာ..."
ကျန်းယန်ရှန့်က ပြန်မေးလိုက်သည်။
"ဘယ်ကိုသွားမှာလဲ..."
လျန့်ယင်းယင်းသည် T နိုင်ငံသို့ သွားမည်ဖြစ်သည်။
ကျန်းဟွမ်သည် သူ၏လက်ထောက်အား လျန့်ယင်းယင်းအတွက် လေယာဉ်လက်မှတ်နှင့် တည်းခိုခန်းများအား စီစဉ်ခိုင်းခဲ့၍ လျန့်ယင်းယင်း၏ ညီမအချို့ကိုပါ ခရီး၌အတူခေါ်သွားရန် ငွေထုတ်ပေးခဲ့သည်။
ဤသို့လုပ်လိုက်ခြင်းသည် လျန့်ယင်းယင်းအား သူ့ညီမများရှေ့၌ မျက်နှာကောင်းရစေကာ သူငယ်ချင်းများထံမှလည်း မနာလိုသည့် ချီးမွမ်းခြင်းများ ကြားရစေသည်။
သို့သော် လျန့်ယင်းယင်း မသိလိုက်သည်က မနက်တွင် သူမ အိမ်မှ ထွက်သွားပြီးပြီးချင်းမှာပင် ကျန်းဟွမ်က ကလေးနှစ်ယောက်အား ခေါ်ကာ ပြောလိုက်သည်။
"အန်တီတွေက သားနဲ့သမီးတို့ကို အထုတ်တွေပြင်ပေးပြီး နွေရာသီဝတ်အင်္ကျီတွေ ထုတ်ပေးထားလိမ့်မယ်...ပြီးတာနဲ့ အဖေတို့ ညကျ လေယာဉ်စီးရမယ်...အဖေတို့ အင်ဒီးယန်းပင်လယ်ဆီ အပန်းဖြေခရီးထွက်ကြမယ်..."
ကျန်းဟယ်လင်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ကျန်းရှို့ချန်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။
"သားက နှင်းလျှောစီးချင်တာကို..."
ကျန်းဟွမ်က သူ့သား၏နှဖူးကို လက်ညှိုးဖြင့်ထိလိုက်သည်။
"နှင်းလျှောစီးတာက နောက်တစ်ခါမှလုပ်ကြတာပေါ့...ဒီတစ်ခေါက်က နေရောင်ခြည်နဲ့ကမ်းခြေမှာ အရင်အပန်းဖြေကြမယ်လေ..."
ကလေးအငယ်နှစ်ယောက်သည် အထုတ်အပိုးများပြင်ဆင်ရန် အပေါ်ထပ်သို့တက်သွားကြသည်။ ကျန်းဟွမ်က ကျန်းယန်ရှန့်အား သူ့ကိုယ်သူ ဂုဏ်ယူသည့်လေသံဖြင့်ပြောလိုက်သည်။
"အဖေ စီစဉ်တာ တော်တယ်မလား..."
သို့သော် ကျန်းယန်ရှန့်သည် ဤကိစ္စကို စိတ်မဝင်စားသောကြောင့် ခေါင်းခါကာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ထိုညနေ၌ ကျန်းဟွမ်သည် သူ၏ကလေးသုံးယောက်နှင့် ကျန်းရှို့ချန်အားထိန်းရန် အန်တီဝမ် တို့ကို ခေါ်ကာ စိတ်တက်ကြွစွာဖြင့် ထွက်ခွာလာခဲ့တော့သည်။
သွားမည့်နေရာကတော့ အင်ဒီးယန်းပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းဆီသို့ဖြစ်သည်။
မြောက်လေများတိုက်ခတ်သော K မြို့ဆီမှ အပူပိုင်းရာသီဥတုကျွန်းဆီသို့ ထွက်ခွာခဲ့ကြသည်။
ကောင်းကင်သည် ပြာလွင်နေ၍ ရေသည်လည်း စိမ်းပြာရောင်တောက်နေကာ ကမ်းခြေသည် နူးညံ့သောသဲများဖြင့် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသည်။
....
ကျန်းဟွမ် ဖုန်းကိုင်ကာ မတ်တပ်ရပ်၍ နေကာမျက်မှန်ကို ချွတ်ပြီး ပြောလိုက်သည်။
"ကျွန်တော်ပြမယ်..."
ကျန်းဟွမ်သည် ဖုန်းကို မြှောက်၍ ရေရှိရာဘက်သို့ လှည့်ပြလိုက်သည်။
"ဟိုမှာကြည့်လိုက် ဟယ်ဟယ်နဲ့ ရှို့ရှို့တို့က ရေကူးနေကြတာ...ယန်ယန်...ယန်ယန်ဘယ်ပျောက်နေတာတုန်း...ဪ ဟိုမှာ..ယန်ယန်က လှိုင်းစီးနေတာ...စိတ်မပူပါနဲ့ အန်တီတစ်ယောက်လည်းရှိတယ်...သူတို့သုံးယောက်လုံးက ရေကူးတော်ကြတယ်လေ...ရှို့ရှို့ဆို ရေအနက်ကြီးမှာတောင်ကူးနိုင်တာ...တကယ် သန်တဲ့ကောင်...သူပြေးရင်လည်း ကျွန်တော်လိုက်မမှီဘူး...အန်တီကလည်း ရေကူးနိုင်ပါတယ်...စိတ်မပူနဲ့...ဟိုမှာ ရှို့ရှို့ကို ကြည့်ပါဦး..."
ကျန်းဟွမ်သည် အဖွားအိုကျန်းနှင့် ဗီဒီယိုဖုန်းပြောနေခြင်းဖြစ်သည်။ အဖွားအိုကျန်းသည် ကလေးများပျော်ရွှင်နေသည်ကို ကြည့်၍ သူ့သားအား မချီးကျူးစဖူး ချီးကျူးလိုက်သည်။
"မင်းလည်း အခုမှပဲ အဖေနဲ့တူတော့တယ်..."
ကျန်းဟွမ်သည် ထိုစကားကြောင့် ရင်ထဲအောင့်သွားရပြန်သည်။ အဘယ်ကြောင့် လူတိုင်းက သူ့အား အဖေကောင်းတစ်ယောက်မဟုတ် ဟု ထင်နေကြပါသနည်း။
ကျန်းဟွမ်သည် ဖုန်းကို မြှောက်ကာ ကလေးများဆီ အော်ပြောလိုက်သည်။
"ဖွားဖွားကို နှုတ်ဆက်လိုက်ကြဦး..."
"ဖွားဖွား သားကိုကြည့် သားကိုကြည့်.."
ကျန်းရှို့ချန်သည် ရေထဲတွင် ဖျံလေးတစ်ကောင်ကဲ့သို့ ရေကူးကာ အော်ပြောနေသည်။
ကျန်းဟွမ်က ရယ်လိုက်ကာ အဖွားအား ပြောသည်။
"သူ့အစ်မနှစ်ယောက်က နေလောင်ခံဆေးလိမ်းပေးနေတုန်းကတော့ အော်နေတာ အသတ်ခံနေရတဲ့ ဝက်လိုပဲ..."
ထို့နောက် သူ့သမီးများအားခေါ်လိုက်သည်။
"ဟယ်ဟယ်...ယန်ယန်..."
ကျန်းဟယ်လင်းက လက်များ လှုပ်ယမ်းကာ အော်၍ နှုတ်ဆက်လိုက်သည်။
"ဖွားဖွား..."
ကျန်းယန်ရှန့်သည်လည်း လက်မြှောက်ပြကာ ကျန်းဟွမ်အား လက်ပြလိုက်သည်။ ရာသီဥတုသည် အလွန်ပင် သာယာနေကာ ကျန်းယန်ရှန့်လည်း စိတ်ချမ်းမြေ့စွာ ပြုံးနေသည်။
"အေးလေ...တစ်ခါတစ်လေလည်း ဒီလို ကလေးတွေနဲ့ အပြင်လေးဘာလေး ထွက်ဦးမှပေါ့..."
အဖွားအိုကျန်းက ကျန်းဟွမ်အား ချီးကျူးလိုက်သည်။
"ဒီတစ်ခါတော့ မင်းစီစဉ်တာ ဘယ်ဆိုးလို့လဲ..."
ကျန်းဟွမ်သည် သူ့အမေပြောသည့် "ဘယ်ဆိုးလို့လဲ" ဟူသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။
ထို့နောက် ဖုန်းချကာ အပန်းဖြေကုလားထိုင်ပေါ်၌ လှဲချလိုက်သည်။ နေမင်းကြီး သည်ရော၊ လေပြေများသည်ရော၊ ကမ်းခြေရော သည် အလွန်ပင် အေးချမ်းသာယာနေကြသည်။
သမီးအကြီးသည် ပိန်သွယ်၍လှပကာ သမီးအငယ်က အလွန်လိမ္မာ၍ ကြင်နာတတ်သည်။ ဆိုးသွမ်းသည့် အငယ်ဆုံးသားလေးသည်ပင် ကျန်းဟွမ်၏ မျက်လုံးထဲ၌ ပသာဒ ဖြစ်စရာ ဖြစ်နေတော့သည်။
ကျန်းဟွမ်သည် နေကာမျက်မှန်ကိုတပ်ကာ နေပူဆာ လှုံနေလိုက်သည်။
အလွန်ပင် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါသည်။
ကမ္ဘာ၏တစ်ဘက်ခြမ်းတွင်တော့ သူ့ညီမများအလယ်၌ မျက်နှာကောင်းရနေသော မနာလိုချင်စဖွယ် မစ္စကျန်း ခေါ် လျန့်ယင်းယင်းသည် ပုံများကိုကြည့်ရန် သူမ၏ဖုန်းအား မတော်တဆ ဖွင့်လိုက်မိသည်။
ကျန်းဟွမ်ကဲ့သို့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် ဤသို့သော သီးသန့်ခရီးစဉ်ကို ပုံများတင်မည်မဟုတ်ချေ။
ကျန်းယန်ရှန့်သည်လည်း ထိုသို့ပုံတင်ဖို့ကို စိတ်မဝင်စားချေ။
သို့သော် မူလတန်းအရွယ် ကလေးများကတော့ စိတ်ဝင်စားကြမည်ပင်။
ကျန်းဟယ်လင်း၏ လူမှုရေးစာမျက်နှာတွင် နေရောင်များ၊ သဲတဖွေးဖွေးနှင့် ကမ်းခြေပုံများ၊ ကြည်လင်နေသော ပင်လယ်ပုံများဖြင့် ပြည့်နှက်နေတော့သည်။
မိသားစု လေးယောက်၏ပုံသည် သာယာမှုအတိဖြင့် ပြီးပြည့်စုံနေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုမိသားစုတွင် ငါးယောက်မြောက်မိသားစုဝင်တစ်ဦး ရှိရဦးမည်ကို မည်သူမျှ မှတ်မိပုံမရကြပေ။
လျန့်ယင်းယင်းသည် ဒေါသထွက်လွန်း၍ အမည်းကလွဲ၍ ဘာမျှမမြင်နိုင်တော့ကာ ပါးစပ်မှ သွေးများအန်ထွက်တော့မတတ် ဖြစ်သွားရတော့သည်။
Xxxxxx