အပိုင်း ၁၆၉-၁၇၀
Viewers 28k

Part 169


မိန်းကလေးသူငယ်ချင်းအချို့က လျန့်ယင်းယင်း မျက်နှာမကောင်းဖြစ်နေသည်ကိုတွေ့၍ ဘာဖြစ်နေတာလဲ ဟု မေးလာကြသည်။


လျန့်ယင်းယင်းသည် သူငယ်ချင်းများကြားတွင် ဘဝကိုအောင်နိုင်သူအဖြစ် နေနေသောကြောင့် သူတို့ရှေ့၌ ပြိုလဲပြနေ၍မဖြစ်ပေ။ ထို့ကြောင့် လျန့်ယင်းယင်းသည် ဖုန်းကိုပိတ်လိုက်ကာ အားယူ၍ ပြုံးပြီး ပြောလိုက်သည်။


"ဘာမှမဖြစ်ပါဘူး...ဒီဆိုင်မှာ ဘာမှလဲ ဝယ်ချင်စရာကောင်းတာမရှိဘူး...နောက်တစ်ဆိုင်သွားကြစို့..."


လျန့်ယင်းယင်းသည် နောက်တစ်ဆိုင်၌ ဈေးကိုစိတ်ကြိုက်ဝယ်ပစ်လိုက်ရာ သူငယ်ချင်းများပင် စကားမဆိုနိုင်ဖြစ်သွားကြသည်။


ညနေစာစားပွဲတွင်တော့ သူငယ်ချင်းများသည် လျန့်ယင်းယင်းအား အလွန်ပင် မနာလိုဖြစ်နေကြသည်။


"ယင်းယင်း...နင့်ဘဝလေးက သာယာလိုက်တာဟယ်..."


သူငယ်ချင်းများက ပြောလာကြသည်။


"ငါတို့နဲ့များတခြားစီ...ငါတို့ကတော့ ခုထိ ရုန်းကန်နေကြရတုန်း..."


လျန့်ယင်းယင်းသည်လည်း ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။


"ငါက ခြေတစ်လှမ်း ပိုမြန်နေတာပဲရှိတာပါ...လူတိုင်းအတွက် အခွင့်အရေးဆိုတာ သေချာပေါက်ရှိမှာ...‌နင်တို့အလှည့်တွေလည်း နောက်ကျရင် ရောက်လာမှာပါ..."


သူငယ်ချင်းများက သက်ပြင်းချလိုက်ကာ တစ်ယောက်က ပြောလိုက်သည်။


"ငါလည်း အရင်က အဲ့လိုထင်ခဲ့တာပဲ...ဒါပေမယ့် အချိန်တွေကုန်ပြီး အသက်သာကြီးလာတယ်...ကံကောင်းဖို့ဆိုတာ အဲ့လောက်မလွယ်ပါဘူးဟယ်...နင်ကတော့ တကယ် ကံကောင်းတာပါ..."


ဘဝင်မြင့်မှုသည် မကြာမီကခံစားနေရသော ရင်ထဲမှ တင်းကျပ်နေမှုအား ဖယ်ရှားပစ်လိုက်ကာ လျန့်ယင်းယင်းသည် စိတ်ထဲမှ ပျော်ရွှင်လာမိသည်။ လူများသည် ပျော်ရွှင်မှုကို အခြားသူများထံမှ ရယူရသည် ဆိုသည်မှာ အမှန်တကယ်ပင်ဖြစ်ပေတော့သည်။


သူငယ်ချင်းမ တစ်ယောက်က ပြောသည်။


"ငါ တရုတ်နှစ်သစ်ကူးမှာ အိမ်ပြန်ဖြစ်ရင်တော့ ဒီကိုပြန်မလာတော့ဘူး...ငါ့အိမ်က လူတစ်ယောက်နဲ့တွေ့ပေးဖို့ စီစဉ်ထားကြတယ်လေ...ဆိုင်အသေးလေးတစ်ခုရဲ့ပိုင်ရှင်တဲ့...ငါတော့ အဲ့ကိုသွားပြီး ဆိုင်အသေးလေးပိုင်ရှင်ပဲလုပ်တော့မယ်..."


"သူဌေး" နှင့် "သူဌေးကတော်" ဟူသော အခေါ်အဝေါ်များသည် ကြားရသည်မှာ နားဝင်ချိုသော်လည်း သူမ၏ မွေးရပ်မြေမြို့မှ စားသောက်ဆိုင်အသေးလေး၏ သူဌေးဖြစ်ရခြင်းသည် လျန့်ယင်းယင်းတို့အဖွဲ့မျက်လုံးထဲတွင်တော့ ကံတရားကို အရှုံး‌ပေးကာ အိမ်ပြန်၍ ဆင်းဆင်းရဲရဲနေသွားရမည့်လမ်း ကို ရွေးချယ်လိုက်သကဲ့သို့ပင် ဖြစ်သည်။


"ငါ တခြားဘာလုပ်နိုင်တာရှိသေးလို့လဲ..."


သူငယ်ချင်းက ဆက်ပြောသည်။


"ငါက နင်တို့အားလုံးထက် အသက်ကြီးတယ်လေ...အခုပဲ ၃၅ နှစ်ဖြစ်နေပြီ...မျက်နှာမှာလည်း နုပျိုစေတဲ့ အက်ဆစ်တွေနဲ့ပြည့်နေပြီ...သူဌေးက ဟိုနေ့က ငါရယ်တာ သဘာဝမကျဘူးလို့တောင်ပြောတယ်...ဒါနဲ့ ငါ အဲ့သူဌေးကို ဖမ်းမိတော့မလိုတောင်ဖြစ်ခဲ့သေးတာ...ဒါပေမယ့် ဘာဖြစ်သွားလဲသိလား...အဲ့ကောင်က ၂၃ နှစ်ကောင်မလေးနောက် ပါသွားတယ်လေ..."


"ပြီးတော့ အဲ့ကောင်မလေးက ဘွဲ့ရဟယ်...တက္ကသိုလ်ကျောင်းသူဟယ်...တက္ကသိုလ်တောင်ရောက်ဖို့ စာတွေကြိုးစား စာအုပ်တွေဖတ် လုပ်ပြီးတာတောင် မလုံလောက်သေးလို့ ငါတို့ စားခွက်ကို လာလုနေတာလား..."


"ငါအိမ်ပြန်ပြီး ငါ့ကိုယ်ငါ မှန်ထဲသေချာပြန်ကြည့်မိတယ်...ငါ့နှလုံးသားလည်း အချစ်မရှိပဲ အေးစက်နေပါပြီဟယ်...ခုခေတ်ကောင်မလေးတွေက ငါတို့ထက်လည်းငယ် ပိုပြီးတော့လည်းလှကြ စာလည်းပိုတော်နေကြတာ...ဘာလို့များ တခြားလူတွေဆီက လု‌ချင်နေကြရတာလဲ...ငါတို့က ငါတို့မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပြန်လုရမှာလား...တော်ပါပြီ...အဖွားကြီးမဖြစ်ခင်မှာပဲ အိမ်မြန်မြန်ပြန်ပြီး လက်ထပ်မယ့် ရိုးရိုးသားသားလူတစ်ယောက်ပဲရှာတော့မယ်...အခုအချိန်က ကလေးမွေးဖို့နောက်မကျသေးဘူးလေ...ဒီ့ထက်ပိုနောက်ကျသွားရင်တော့ ငါကြောက်တယ်...အသက်ကြီးမှကလေးမွေးရတာ လွယ်တာမဟုတ်ဘူး..."


သူငယ်ချင်းက ထိုသို့ပြောလိုက်‌သောအခါ တစ်ခန်းလုံး စိတ်ဓာတ်ကျသွားကြသည်။


အဘယ်ကြောင့်ဆိုသော် အခန်းထဲရှိလူများအကြားတွင် လျန့်ယင်းယင်းတစ်ယောက်သာ အသက် ၃၀ ဖြစ်၍ အငယ်ဆုံးဖြစ်သည်။ ကျန်သောလူများသည် အကုန် အသက် ၃၀ ကျော်နေကြပြီဖြစ်သည်။


ဤအသက်အရွယ်၌ အချို့အမျိုးသမီးများက နုပျိုလန်းဆန်းနေကြသေးသည်ဖြစ်သော်လည်း အချို့အမျိုးသမီးများကတော့ အိုမင်းရင့်ရော်နေကြပြီဖြစ်သည်။


လျန့်ယင်းယင်းကတော့ ဆုကြီးလက်ဝယ်ရထားသူဖြစ်ရာ သိပ်‌စိတ်ဓာတ်မကျသွားပဲ အားပေးလိုက်သည်။


"နင်ကလည်း ဘာလို့ အဲ့လောက်ဝမ်းနည်းနေရတာလဲ...နင်အားကိုးရမယ့် လူတစ်ယောက်ယောက်တော့ရှိမှာပါ..."


သူငယ်ချင်းက ပြန်ပြောသည်။


"နင်က လူတိုင်းက နင့်လို ကံကောင်းမယ်ထင်နေတာကိုး...နင်က ကလေးလိုချင်တယ်ပြောရင် ကလေးရသွားရော...သား လိုချင်တယ်ဆိုရင်လည်း ရလာရော...ငါ့မှာ ညီမလေးတစ်ယောက်ရှိတာ နင်သိလား...သူ့နာမည်က အားမီ တဲ့...ငါ သူ့ကို နင့်အကြောင်းလည်းပြောလိုက်ရော သူက အရမ်းအားကျသွားခဲ့တာ...သူ့ဟာသူတိတ်တိတ်လေးကိုယ်ဝန်ရှိအောင်လုပ်လိုက်တယ်လေ...သူလိုက်နေတဲ့ ယောင်္ကျားကိုအမိဖမ်းဖို့...ဒါပေမယ့် သူဘာဖြစ်သွားတယ်လို့နင်ထင်လဲ..."


လျန့်ယင်းယင်းနှင့် သူငယ်ချင်းများသည် ထိုပြောပြနေသည့် သူငယ်ချင်းအား မျက်နှာချင်းမဆိုင်ရဲဖြစ်ကုန်ကြသည်။


"အဲ့ဒီ‌ယောင်္ကျားက မငြင်းလိုက်ဘူးမလား..."


"ငြင်းလိုက်ရုံပဲဆို တော်‌သေးတာပေါ့..."


သူငယ်ချင်းမ က ပြောသည်။


"အခုတော့ ငါ့ညီမလေးက သေတော့မလိုတောင်ဖြစ်သွားရတာ..."


အားမီ သည် လျန့်ယင်းယင်းအား အတုခိုး၍ လူတစ်ယောက်နှင့် ကိုယ်ဝန်ရသွားခဲ့သည်။ ထိုသတင်းအားပြောပြလိုက်ပြီးသောအခါ ထိုလူသည် ပျောက်သွားတော့သည်။ ထို့နောက် မကြာခင်မှာပဲ ထိုအမျိုးသား၏အမေက သက်တော်စောင့်များနှင့်အတူ အားမီ ၏အိမ်ရှေ့ရောက်လာကာ အားမီ အား ကိုယ်ဝန်ဖျက်ချရန် ဆေးရုံသို့ အတင်းဆွဲခေါ်သွားတော့သည်။


အိမ်သို့ အားမီ ပြန်ရောက်သောအခါ ထိုလူအားပြန်ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း သူမ အား အဆက်အသွယ်ဖြတ်သွားခဲ့မှန်းသိလိုက်ရသည်။ နှစ်ရက်ကြာသောအခါ အားမီ သည် သွေးများဆင်း၍ အခြေအနေပိုဆိုးလာကာ ဆေးရုံသို့မသွားနိုင်ခင်မှာပင် မေ့လဲသွားခဲ့သည်။


ဆေးရုံအရေးပေါ်ခန်းထဲရောက်သည်အထိ သွေးများ အလွန်ဆင်းနေဆဲဖြစ်ကာ အသက်ဆုံးရှုံးလုမတတ်ပင် ဖြစ်ခဲ့ရသည်။


ဆေးရုံမှ ဆင်းလာပြီးနောက် ကုန်ကျခဲ့ရသမျှ ဆေးဖိုးများကိုလည်း အားမီ ပင် အကုန်ရှင်းလိုက်ရသည်။ ငှားထားသည့်အိမ်ကိုပြန်ရောက်သည့်အခါ အိမ်ပိုင်ရှင်က အိမ်ငှားရက်စေ့သွားပြီဖြစ်၍ အိမ်လခပေး‌နေကျ အကောင့်မှလည်း ပိုက်ဆံရောက်မလာတော့ကြောင်း ဆီးပြောသည်။


ထိုအိမ်များသည် လူချမ်းသာများက သူတို့၏အပျော်ဇနီးများအား ထားရာနေရာဖြစ်သည်။ သူတို့၏ ပျော်စံရာ နေရာများဖြစ်သည်။ အခန်းများသည် အဆင့်မြင့်တိုက်ခန်းများ၌ ရှိ၍ ငှားရမ်းခသည်လည်း အလွန်ကြီးသည်။ ငွေကြေးထောက်ပံ့မှုသာမရှိလျှင် အားမီ သည် ထိုနေရာများ၌ မနေနိုင်သဖြင့် အိမ်ပေါ်မှဆင်းခဲ့ရကာ ထိုတိုက်ခန်းရှိ အခြားမိန်းမ များဆီမှ သုံးစွဲရန် ငွေချေးယူခဲ့ရသည်။


"အခုတော့ အားမီ လည်း ရည်းစားအသစ်ရသွားပြီး နေစရာတော့ ရနေပါပြီ..."


သူငယ်ချင်းက ပြောလက်စကို အဆုံးသတ်လိုက်သည်။


"အေးလေ အဲ့ဒါမကောင်းဘူးလား...ယောင်္ကျားတွေက ဒီလိုပါပဲဟာ...တစ်ယောက်မကောင်း တစ်ယောက်ပြောင်းပေါ့...တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ပိုက်ဆံပေးနိုင်မှာပါ..."


လျန့်ယင်းယင်းက ပြောလိုက်သည်။


Xxxxx


"ဘာ..."


သူငယ်ချင်းက ပြောလိုက်သည်။


"အခုတွေ့နေတဲ့ ရည်းစားဆိုတဲ့လူက ဘယ်တော့သေမယ်မှန်းမသိတဲ့ ၆၈ နှစ်အဖိုးကြီးလေ...အားမီ ခမျာ သူ့ကိုနေ့တိုင်းပြုစု‌နေရတာ မနက်ကနေ ညသန်းခေါင်အထိ...အဲ့အဖိုးကြီးက အရမ်းလည်း ရွံစရာကောင်းတာပဲတဲ့...အင်္ကျီများချွတ်လိုက်ရင် ရှုံ့တွနေတဲ့ 'ရှာပေး'ခွေးကြီးလိုပဲတဲ့...အိုး စဉ်းစားကြည့်ရုံနဲ့တင် ရွံစရာပါဟယ်...အဲ့အဖိုးကြီးနဲ့ယှဉ်ရင် လူဝကြီးကတောင် ချောနေဦးမယ်..."


တစ်စုံတစ်ခုမပေးဆပ်ပဲနှင့် ရသည့်ပျော်ရွှင်မှုဆိုသည်မှာတော့ မရှိနိုင်ဘူး မဟုတ်လား။


ကျန်းဟွမ်သည် အသက် ၅၀ ပင်မပြည့်သေး၍ အရွယ်ကောင်းပင်ရှိသေးကာ ရုပ်ရည်လည်း‌ချောမော၍ ခန္ဓာကိုယ်သည်လည်း တောင့်တောင့်တင်းတင်းရှိသည်။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလည်း နေတတ်သည်။ ကျန်းဟွမ်သည် ကွန်ဖြူးရှပ်ကဲ့သို့ ဉာဏ်ကောင်း၍ ဖက်ရှင်ကျသော အဝတ်အစားများ ဝတ်စားတတ်သည့် ကုန်သည်တစ်ဦးပင် ဖြစ်ပေတော့သည်။


လျန့်ယင်းယင်း၏ဘဝသည် သူငယ်ချင်းများနှင့်ယှဉ်လျှင် အလွန်ပင် သာလွန်ကောင်းမွန်နေတော့သည်။


အမှန်တကယ်တော့ လျန့်ယင်းယင်းသည်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ဤကဲ့သို့ ယောင်္ကျားများအား တဖြည်းဖြည်း မဆွဲဆောင်နိုင်ဖြစ်လာမည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သော နှစ်များတွင် ကျန်းဟွမ်၏ဇနီးအဖြစ် နေသားကျလာသောကြောင့် ထို စိုးရိမ်ပူပန်မှုများအား တဖြည်းဖြည်း မေ့ထားခဲ့မိသည်။


လျန့်ယင်းယင်းသည် အနာဂတ်တွင်ဖြစ်လာမည်ကို ကြိုတင်၍ စိတ်ညစ်နေကြရသော သူငယ်ချင်းများအားကြည့်၍ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရသည်။


"နင်အခု အားလုံးအဆင်ပြေနေတာပဲ...လောဘမကြီးစမ်းနဲ့..."


သူမ သည် ယခုပင် အသက် ၃၀ ရှိနေပြီ မဟုတ်လား။ အနာဂတ်တွင်ရော ဤသို့ပင် အေးချမ်းသာယာစွာ နေနေရဦးမည်လား။


လျန့်ယင်းယင်း၏စိတ်ထဲတွင်တော့ ကြောက်လန့်နေမိသည်မှာ အမှန်ပင်။


ကျန်းဟွမ်တို့ မိသားစု လေးယောက် K မြို့သို့ ပျော်ရွှင်စွာ ပြန်ရောက်လာချိန်တွင် လျန့်ယင်းယင်းသည် အိမ်သို့ ပြန်ရောက်နေပြီဖြစ်သည်။


ကျန်းဟယ်လင်းက သူမ အမေအား တွေ့သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာ ပြောတော့သည်။


"မေမေ သမီးတို့ အင်ဒီးယန်းပင်လယ်ထဲ ကျွန်းဆီ သွားခဲ့တာ...အရမ်းပျော်ဖို့ကောင်းတာပဲ..."


ကျန်းဟယ်လင်း၏ ပါးစပ်လေးသည် စက်သေနတ်ပစ်သကဲ့သို့ စကားများ တရစပ်ထွက်နေတော့သည်။


"သမီးတို့ နောက်တစ်ခါကျ တူတူသွားလို့ရရင် ကောင်းမှာပဲ..."


လျန့်ယင်းယင်းသည် သူ၏ အူကြောင်ကြောင်သမီး၏ပါးစပ်ကို ဆွဲမဆုတ်ပစ်မိရန် မနည်းစိတ်ထိန်းကာ ပြုံး၍ပြောလိုက်သည်။


"ဟုတ်လား သမီးကရော လိမ်လိမ်မာမာနေခဲ့ရဲ့လား...ဖေဖေ‌တစ်ယောက်တည်း သမီးတို့ကို ထိန်းရတာ တော်တော်ပင်ပန်းခဲ့မှာပဲ..."


ထိုသို့ပြော၍ ကျန်းဟွမ်က အန်တီတစ်ယောက်ဆီသို့ လက်ဆွဲသေတ္တာပေးကာ ကုတ်အင်္ကျီချွတ်နေသည်ကို မြင်သောအခါ လျန့်ယင်းယင်းသည် ကုတ်အင်္ကျီကို ယူရန် အမြန်ပြေးသွားလိုက်သည်။ 


"ရှင် ဘာလို့ ကျွန်မကိုမပြောပဲ ခရီးသွားရတာလဲ..."


ဟူ၍တော့ လျန့်ယင်းယင်း မမေးရဲချေ။ သူမ သည် ပြုံးသာပြုံး၍ လမ်း၌ ထမင်းစားခဲ့ မစားခဲ့ နှင့် ယခု ရေချိုးချင်လား ကိုသာ မေးလိုက်သည်။


ကျန်းဟွမ်က လျန့်ယင်းယင်းအား တစ်ချက်သာ ကြည့်ကာ ဆက်လျှောက်သွားသည်။


ဤမိသားစုတွင် အခြေအနေအသစ်တစ်ရပ် ဖြစ်ပေါ်နေပြီ ဖြစ်သည်။ လျန့်ယင်းယင်းသည် ကျန်းယန်ရှန့်အား ငယ်စဉ်က အနိုင်ကျင့်ခဲ့သည်ဖြစ်သော်လည်း ကျန်းဟွမ်၏ဇနီးဖြစ်ရန် ကျန်းယန်ရှန့်အားအသုံးချသည့်အချိန်များသည် ကျော်လွန်ခဲ့ပြီဖြစ်သည်။


ကျန်းဟွမ်က ခါးဆန့်ကာပြောလိုက်သည်။


"အိမ်ပြန်ရောက်ပြီ..."


အပေါ်ထပ်သို့ ကျန်းယန်ရှန့်တက်သွားသည်ကို မြင်လိုက်သောအခါ ကျန်းဟွမ်သည် အော်ပြောလိုက်သည်။


"ယန်ယန်...နှစ်သစ်ကူးအတွက် ပစ္စည်းတွေကို ပြင်ဆင်သင့်ပြီလေ..."


"သမီး ပင်ပန်းနေပြီ..."


ကျန်းယန်ရှန့်က ပြန်ပြောလိုက်ကာ အပေါ်ထပ်သို့ ဆက်တက်သွားတော့သည်။


ကျန်းဟယ်လင်းက မေးလိုက်သည်။


"အဖေ ဗျောက်အိုးနဲ့ မီးပန်းတွေဝယ်မှာလား..."


ရှေးခေတ်တုန်းကတော့ နှစ်သစ်ကူးအတွက်ပြင်ဆင်ခြင်းသည် တရုတ်နှစ်သစ်ကူး၌ ပုံမှန်မစားဖြစ်သည့် စားကောင်းသောက်ဖွယ်များစားသောက်ခြင်းနှင့် အဝတ်အစားအသစ်များချုပ်ခြင်း တို့ကို အများဆုံးပြုလုပ်ကြသည်။ ယခုတော့ နှစ်သစ်ကူးအတွက် ပြင်ဆင်ရာတွင် ဗျောက်အိုးနှင့်မီးပန်းများကိုသာ ကံကောင်းစေရန် အဓိက ဝယ်လာကြသည်။


ကျန်းရှို့ချန်လည်း ထိုအချိန်၌ တက်ကြွလာကာ ပြေးလာ၍ ကျန်းဟွမ်၏ လက်မောင်းအားဖက်လိုက်သည်။


"ဖေဖေ သားလည်း မီးပန်းတွေဝယ်မယ်နော်..."


ကျန်းဟယ်လင်းကလည်း ပြောလိုက်သည်။


"သမီးလည်း ဝယ်မှာ..."


ကျန်းဟွမ်က ကျယ်လောင်စွာရယ်လိုက်သည်။


Part 170


အိမ်အကူအန်တီများသည် နှစ်ကုန်တွင် ကြီးမားသော စာအိတ်အနီရောင်ကြီးများ ရကြ၍ နှစ်ကူးအတွက် အိမ်များဆီသို့ ပြန်သွားကြသည်။ အိမ်မှ အန်တီလော ထွက်ခွာခါနီးတွင် ကျန်းယန်ရှန့်က သူမ အား အနီရောင်စာအိတ်ကိုသီးသန့်ပေးလိုက်သည်။


အန်တီလော့က မယူပဲ ပြန်တွန်းပေးသည်။


"ဘာလို့ သမီးလိုကလေးလေးက စာအိတ်အနီရောင် ပေးနေတာလဲ..."


ကျန်းယန်ရှန့်က စာအိတ်အား အတင်းပြန်ပေးလိုက်သည်။


"သမီးက အမေ့အစား ပေးပေးတာပါ..."


အန်တီလော့သည် ထူထဲသော အနီရောင်စာအိတ်အား ဆုပ်ကိုင်ကာ ခံစားချက်များစွာဖြင့် ပြောလိုက်သည်။


"သမီးလေးက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးလာလိုက်တာကွယ်..."


နှစ်ကူးအကြိုညတွင် ကျန်းဟွမ် နှင့် ကျန်းယု တို့သည် မိသားစုများကိုခေါ်ကာ အဖွားအိုကျန်း၏အိမ်သို့ ရောက်လာကြသည်။


အဖွား၏အိမ်မှ စားဖိုမှူးများနှင့် အန်တီများသည်လည်း အိမ်ပြန်နေကြသဖြင့် အိမ်ကြီးထဲ၌ အဖွားတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ ကံကောင်းစွာပင် သားနှစ်ယောက်သည် သူတို့၏ မိသားစု စုစုပေါင်း ကိုးဦး ဖြင့် ရောက်လာကြသည်။ အဖွား အပါအဝင် မိသားစု ဆယ်ယောက်တို့သည် အလွန်ပင် အသက်ဝင်တက်ကြွနေတော့သည်။


အစားအသောက်များအားလုံးသည် စားသောက်ဆိုင်မှ ကြိုတင်မှာယူထားသော နှစ်သစ်ကူးစားဖွယ်ရာများဖြစ်သော်လည်း ဖက်ထုပ်များမပါ ပါက နှစ်သစ်ကူး မမည်ပင်။ ထို့ကြောင့် မိသားစုများအားလုံးသည် မီးဖိုထဲရှိ စားပွဲ၌ဝိုင်းရံကာ ဖက်ထုပ်များ ထုပ်နေကြသည်။


လူအများကြားထဲတွင် လျန့်ယင်းယင်းက ဖက်ထုပ်ထုပ်ခြင်း၌ အတော်ဆုံးဖြစ်နေသည်။ အဖွားအိုကျန်းသည်ပင် ဖက်ထုပ်ကောင်းစွာမထုပ်တတ်ချေ။


အခြားသူများကတော့ ဂျုံမှုန့်များနှင့် ဆော့ကစားနေကြသကဲ့သို့ပင် ဖြစ်နေတော့သည်။


ဤကဲ့သို့အခြေအနေများတွင် လျန့်ယင်းယင်းသည် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို အလွန်စူးစမ်းအားကောင်းသည်။ အခြားသူများက သူမ အားမမြင်လိုသည်ကို သိသောကြောင့် လျန့်ယင်းယင်းသည် စကားလျှော့ပြောကာ အလုပ်များကို ပိုလုပ်နေသည်။ လျန့်ယင်းယင်းသည် ဖက်ထုပ်များက်ု သေသပ်လှပစွာပြုလုပ်ကာ ဖက်ထုပ်လေးများသည် ရွှေတုံးလေးများကဲ့သို့ ဖြစ်နေတော့သည်။


အဖွားအိုကျန်းသည်ပင် လျန့်ယင်းယင်းအား မချီးကျူးစဖူး ချီးကျူးလိုက်သည်။


"မင်း ထုပ်တာ တော်သားပဲ..."


လျန့်ယင်းယင်း အလွန်ဝမ်းသာသွားသည်။


ချက်ချင်းပင် သူမ၏ ချစ်လှစွာသော ခင်ပွန်း ကျန်းဟွမ်က ‌ထပြောလိုက်သည်။


"သူက ဒီလိုဟာတွေမှာ တော်တယ်လေ..."


လျန့်ယင်းယင်း ဘာပြောရမည်မသိဖြစ်သွားသည်။


လျန့်ယင်းယင်း၏ လင်ညီအစ်မ က ဝင်ပြောလိုက်သည်။


"ဘာမှမသိတာထက်စာရင်တော့ ဒါလေးလုပ်တတ်တာ ပိုကောင်းတယ်မလား..."


"..."


လျန့်ယင်းယင်းသည် ထိုအစ်မအား ပြန်ပြောလိုက်ချင်သော်လည်း ပြုံးရုံသာပြုံးလိုက်နိုင်သည်။


"အစ်မကြီး ပြောတာမှန်ပါတယ်..."


ကျန်းယု၏ ဇနီးသည် ခပ်ယောင်ယောင်လေးသာ ပြုံးကာ လျန့်ယင်းယင်းအား တိုက်ရိုက်စကားမပြောပေ။


ကျန်းယန်ရှန့်သည် ကျန်းယု၏ဇနီး၏နှုတ်ခမ်းစွန်းများ ပြုံးသွားသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ မျက်လုံးကို ထပ်ရွှေ့လိုက်သောအခါ သူမ၏ အစ်မဝမ်းကွဲ ကျန်းချီပြုံးနေသည်ကိုပါ တွေ့လိုက်ရသည်။


ကျန်းယန်ရှန့်သည် အံ့ဩ၍ နှုတ်ဆိတ်သွားမိသည်။


အမှန်အတိုင်းပြောရလျှင် ထိုအဒေါ်နှင့် ဝမ်းကွဲတို့သည် ကျန်းယန်ရှန့်အား လိုက်၍ပြိုင်ဆိုင်နေသော်လည်း အဒေါ်စကားပြောသည်ကို ကျန်းယန်ရှန့်ကြိုက်မိသည်။


ကျန်းယု၏ဇနီးသည် လျန့်ယင်းယင်းအား အမြဲ အနိုင်ကျင့်ထိုးနှက်နေကျဖြစ်သည်။


ကျန်းယန်ရှန့်နှင့်စကားပြောသည့်အခါတွင်တော့ ကျန်းယု၏ဇနီးသည် စကားကို အနည်းငယ်သတိထား၍ပြောသည်။ သို့သော် လျန့်ယင်းယင်းနှင့်ဆိုလျှင်တော့ သူမ သည် အသိုင်းအဝိုင်းလည်း ပိုကောင်းသည်။ ပို၍လည်းချမ်းသာသည်။ အစ်မအကြီးဟူသော ရာထူးလည်းရှိသည်။ ထို့ကြောင့် ဝေ့လည်ကြောင်ပတ်လုပ်နေစရာမလိုပဲ လျန့်ယင်းယင်းအား နှိမ်၍ရနေသည်။


အစ်မအကြီးသည် လျန့်ယင်းယင်းအား သတိထားစရာမလို၍ ဂရုပင်မစိုက်တော့ချေ။


ဤကဲ့သို့ ဖိနှိပ်မှုမျိုးနှင့်ယှဉ်လျှင် အစ်မဝမ်းကွဲ ကျန်းချီ စကားပြောသည့်အခါ မိသားစုအချင်းချင်း ယှဉ်ပြိုင်လိုသော စိတ်ဓာတ်ရှိနေသကဲ့သို့ ကျန်းယန်ရှန့် ခံစားရသည်။


ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်၍မွေးဖွားလာကာ တစ်သက်လုံး ချမ်းသာစွာနေလာရသော ကျန်းချီသည် ဤကဲ့သို့သော စိတ်ဓာတ်ရှိနေသည်မှာ ထူးဆန်းလွန်းပေသည်။


ကျန်းယန်ရှန့်တို့အဖွားသည် ဤသို့သော မနာလိုမှုများအား မကြိုက်မှန်း ကျန်းယန်ရှန့်ခံစားမိသည်။ ကျန်းယန်ရှန့်၏ အရင်ဘဝတုန်းက အဖွားသည် ကျန်းချီအား ရွေးချယ်ခဲ့ကာ ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့သည်။ အဖွားသည် ကျန်းချီ၏ထိုစိတ်ဓာတ်အား ချိုးနှိမ်ခဲ့လေသလား ဟု ကျန်းယန်ရှန့်တွေးမိသည်။


ကျန်းယန်ရှန့်သည် တခြားတစ်နေရာသို့ ကြည့်လိုက်သောအခါ ကျန်းရှို့ချန်က ဂျုံမှုန့်များကို စိတ်မပါလက်မပါ နယ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ကျန်းဟယ်လင်းကတော့ စိတ်ရှုပ်သည့်အမူအရာဖြင့် ခေါင်းထောင်ကြည့်နေသည်ကို တွေ့ရသည်။ ကျန်းဟယ်လင်းသည် လူကြီးများပြောနေသည့်စကားများ၌ တစ်ခုခုဖြစ်နေသည်ကို နားလည်သော်လည်း ဘာဖြစ်နေမှန်းလည်းမသိ၊ ပြဿနာက ဘယ်ကစမှန်းလည်း မသိ ဖြစ်နေသည်။


လူများသည် ပြန်လည်မွေးဖွားလာသည့်အခါ ရွေးချယ်မှုများမပြုလုပ်နိုင်ခြင်းသည် ဥပေက္ခာပြုနေရသကဲ့သို့ပင်ဖြစ်သည်။


ကျန်းဟယ်လင်းသည် သူ့အစ်မ သူ့ကိုကြည့်နေသည်ကို သတိထားမိသွားကာ ကျန်းယန်ရှန့်အား လှမ်းကြည့်သည်။ သူမ၏ နက်မှောင်သောမျက်လုံးများတွင် နားမလည်မှုများ ပြည့်နေသည်။


ကျန်းယန်ရှန့်က သူမ အား အနည်းငယ် ပြုံးပြလိုက်သည်။


အစ်မ၏ အပြုံးသည် ကလေးမလေး၏ စိတ်ထဲ၌ရှိနေသော စိတ်ရှုပ်မှုနှင့် ထိတ်လန့်မှုများကို လျော့သွားစေသည်။ ကျန်းဟယ်လင်းသည် သူမ လက်ထဲမှ ဂျုံကို ကျန်းယန်ရှန့်အားပြရန် လက်မြှောက်ပြလိုက်သည်။


"အစ်မ သမီး ဒီဟာကို အရမ်းညှစ်မိသွားတယ်လို့ထင်လား...ပုံစံက တူသေးရဲ့လား..."


ကျန်းဟယ်လင်း၏လက်ထဲမှ ဂျုံသည် ဖတ်ထုပ်နှင့် နည်းနည်းမျှပင် မတူတော့ကာ ဘာတိရစ္ဆာန်နှင့် တူနေမှန်းတောင် ပုံဖော်မရတော့ချေ။


ကျန်းယန်ရှန့်က စဉ်းစားပြီးမှ ပြောလိုက်သည်။


"တူပါတယ်..."


ကျန်းဟယ်လင်းသည် ပျော်ရွှင်သွားကာ စိတ်ရှုပ်ထွေးနေမှုများကိုပင် မေ့ပျောက်သွားတော့သည်။


စားပွဲ၏အခြားတစ်ဖက်၌ အဖွားအိုကျန်းသည် ကျန်းချီ အား နှစ်သစ်တွင် မည်သည့် အစီအစဉ်များရှိသည်ကို မေးမြန်းနေသည်။


ဆောင်းရာသီကျောင်းပိတ်ရက်အတွင်းတွင် ကျန်းချီ သည် အပြင်ထွက်လည်ပတ်ရန်လုပ်ထားသော အစီအစဉ်တချို့ရှိနေကြောင်း ပြောလိုက်သည်။ အဖွားအိုက ခေါင်းသာငြိမ့်ကာ ဆက်မမေးတော့ချေ။


ကျန်းဟွမ်က ကြားသောအခါ တက်ကြွလာ၍ ပြုံးကာ မေးလိုက်သည်။


"အမေ့မှာရော အစီအစဉ်တွေရှိလား..."


ကျန်းဟွမ်က ထိုသို့ပြောလိုက်မှပင် အဖွားက သူမ၌ ရှိသည့်အစီအစဉ်များကို သိချင်၍မဟုတ်ပဲ သူမအတွက် အစီအစဉ်လုပ်ပေးချင်၍ မေးခြင်းဖြစ်ကြောင်း ကျန်းချီသတိပြုမိသွားတော့သည်။


ကျန်းချီ သည် အလျင်အမြန် ပြောလိုက်သည်။


"ဖွားဖွားမှာ ဘာစီစဉ်ထားတာရှိလို့လဲ...သမီးရဲ့ကိစ္စတွေက အရေးမကြီးပါဘူး...ဖွားဖွားစီစဉ်ထားတာရှိရင် သမီးလုပ်ပေးပါမယ်..."


အဖွားအိုကျန်းလည်း ထိုအခါမှပဲ သူ့မြေးမ သည် ထင်ထားသလောက်မတုံးအ မှန်း ခံစားမိသွားကာ ပြောလိုက်သည်။


"နှစ်သစ်ကူးပြီးရင် အဖွားက ချီချီ့ကို ငွေကြေးဟောပြောပွဲတစ်ခုဆီ နားထောင်ဖို့ ခေါ်သွားချင်လို့..."


ကျန်းချီသည် တက္ကသိုလ်ပထမနှစ်ပင်ရှိသေးသော်လည်း ထိုဟောပြောပွဲကို သူမ နားလည်ခြင်း၊ မလည်ခြင်း နှင့် စိတ်ဝင်စားမှု ရှိ၊ မရှိ တို့က အရေးမကြီးပေ။ အဓိကအရေးပါသည်က အဖွားအိုကျန်း၏ စကားသာဖြစ်သည်။


ကျန်းယုနှင့် ဇနီးတို့ နှစ်ယောက်လုံး၏ မျက်လုံးများတောက်ပသွားကြသည်။ ကျန်းယု၏ ဇနီးက အလျင်အမြန်ပြောလိုက်သည်။


"ကျန်းချီကိုခေါ်သွားလိုက်ပါ...သူ့မှာလုပ်စရာ

ဘာမှရှိတာမဟုတ်ဘူး...သူငယ်ချင်းတွေနဲ့ချိန်းတာက နောက်နေ့ရွှေ့လိုက်လို့ရတယ်..."


ကျန်းချီကလည်း တက်ကြွစွာပြောလိုက်သည်။


"ဖွားဖွား သမီးကိစ္စက အရေးမကြီးဘူး...ဖွားဖွားနဲ့ လိုက်ခဲ့ပါ့မယ်...သမီးလည်း အဲ့ဒီဟောပြောပွဲအကြောင်းကြားဖူးတယ်...အရင်တည်းက လိုက်ကြည့်ပြီး နားထောင်ချင်နေတာ..."


ကျန်းချီ စကားပြောပြီးသောအခါ ကျန်းဟွမ်ကပါ ဝင်ပြောလိုက်သည်။


"အဲ့ဒါကောင်းတယ်...အရမ်းကောင်းတယ်...ကလေးတွေက ဒီလို အပြင်ထွက်ပြီး လောကအကြောင်း များများလေ့လာသင့်တယ်..."


ကျန်းယန်ရှန့်သည် ဝမ်းကွဲအစ်မအကြောင်းနှင့် သူမ၏အဖေသည် ဘာကြောင့် အလွန်တက်ကြွနေကြောင်းစဉ်းစားနေချိန်တွင် ကျန်းဟွမ်က ကျန်းယန်ရှန့်အား တစ်ချက်လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။


"ယန်ယန်...သမီးလည်း အဖွားတို့နဲ့တူတူ လိုက်သွားပါလား...ပိုနားထောင်စရာ လေ့လာစရာရတာပေါ့...လိုက်သွားလို့ အဆင်ပြေတယ်မလား..."


ကျန်းဟွမ်၏မျက်လုံးများသည် တဖျတ်ဖျတ်တောက်ပနေတော့သည်။


သူပြောနေသည်ကို ကျန်းယန်ရှန့်နားမလည်မည်စိုး၍ ကျန်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ မျက်လုံးတစ်ဖက်ပင်မှိတ်ပြလိုက်‌သေးသည်။


ကျန်းယန်ရှန့်: "..."


ကျန်းယန်ရှန့်သည် သူမ၏အဖေ၏ မျက်နှာအမူအယာသည် ဤမျှထက်မြက်နိုင်မှန်း တကယ်ပင် မသိခဲ့ပါပေ။


Xxxxxx