အပိုင်း (၆၂)
Viewers 31k

Part 62


ယွမ်ရှ ယနေ့ စျေးဝယ်ထွက်လိုက်ရသောကြောင့် စိတ်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့သည်။


စုန့်ထင်ရှန်းကလည်း လိမ္မာပါးနပ်သောသူဖြစ်၏။ သူမ  ဝယ်ထားတာတွေရှင်းရန် ဝမ်ထမ်းကိုပြောလိုက်တိုင်း စုန့်ထင်ရှန်းက အလိုက်တသိ မတ်တပ်ရပ်ကာ သူ့၏အကြွေးဝယ်ကဒ်ကို ပေးချေရန် ထလာခဲ့သည်။ 


သူက အရည်အချင်းရှိတဲ့ အမြင့်ဆုံးလူသားအဖြစ် သတ်မှတ်ခံရဖို့ထိုက်တန်တယ်..


သူ့တွင် ငွေကြေးနှင့်ရုပ်ရည်ရှိပြီး အရည်အချင်းလဲရှိသည်။ သူ၏ပုံစံအနေအထားကိုလဲ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သည်။အများအားဖြင့် သူမနှင့် စိတ်သဘောထားမတိုက်ဆိုင်သော်လည်း သူမ ဒီနေရာကိုပြောင်းလာကထဲက  သူမကိုမပျော်မရွှင် မဖြစ်စေခဲ့ပေ။ သူသာ အခန်းဖော်တစ်ယောက်ဖြစ်သည်ဆိုပါက ကောင်းမွန်သောအခန်းဖော်တစ်ယောက်ဖြစ်၏။


ယွမ်ရှက သူမ၏ဝယ်ယူမှုများစွာ အတွက် ငွေပေးချေပြီးနောက် တက်ကြွစွာပြောလိုက်သည်။


" ဒီနေ့ နေ့လည်စာကို အပြင်မှာစားကြမယ်ဆိုရင်ရော ဘယ်လိုလဲ...နှစ်ယောက်လုံးကို စျေးကြီးတာ ဝယ်ကျွေးမယ် "


သူမ၏ဘဏ်ကဒ်ထဲ၌ ငွေပမာဏအများအပြားရှိသောကြောင့် ကွာရှင်းမှုတွင် စုန့်ထင်ရှန်း၏ပိုင်ဆိုင်မှုအချို့ကိုမရခဲ့လျှင်ပင် ချမ်းသာသော အမျိုးတစ်ယောက် ဖြစ်နေဆဲပင်။


သူမက စုန့်ထင်ရှန်း အပြင်စာ မစားချင်ဟု ထင်လိုက်သည်။ နောက်ဆုံး၌ စားသောက်ဆိုင်များသည်အရသာကို အာရုံစိုက်ကာ အိမ်တွင် ပြင်ထားသော အစားအစာများကဲ့သို့ သန့်ရှင်းသော်လည်း ကျန်းမာရေး နှင့် ညီညွတ်မည် မဟုတ်ပေ။


သို့သော် သူက ခဏမျှအံ့သြနေရင်း  ခေါင်းညိမ့်လိုက်ကာ "ကောင်းပြီ"ဟုပြောလိုက်သည်။


ယွမ်ရှ"....."


စုန့်ထင်ရှန်းက 

သူမအပေါ်တွင် စေတနာရှိသောကြောင့် သူမ ချမ်းသာနေပြီဖြစ်သည်။ သူမ အခြားသူများအပေါ်တွန့်တိုနေပေမဲ့ ထိုသားအဖပေါ်တော့ မတွန့်တိုပေ။


ဝမ်လေးက အပြင်မှာ စားရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေ သည်။ ထို့ကြောင့် သူ့အမေစျေးဝယ်သည့်နောက်လိုက်နေရခြင်းကြောင့်ဖြစ်လာသော  ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကွယ်သွားတော့သည်။


ကလေးလေးက KFC သို့မဟုတ် Pizza Hut ကိုသွားဖို့ တောင်းဆိုခဲ့သည်။


ယွမ်ရှက စုန့်ထင်ရှန်းဆီ တာဝန်လွဲလိုက်တော့သည်။


"သားပါပါး သဘောတူရင် မာမားတို့ သွားကြမယ်လေ.."


စုန့်ထင်ရှန်းက သူ၏အဖိုးတန်သားလေးကို ထိုနေရာမှ မသန့်ရှင်းသော ဟာများစားရန် မည်သို့မျှ ခွင့်ပြုမည်မဟုတ်ပေ။


ဝမ်လေးက သူ့အဖေကို လှမ်းကြည့်လိုက်ပြီးနောက် လက်အုပ်လေးချီလိုက်ပြီး...


"ပါပါး ...ကျေးဇူးပြုပြီး  

Pizza Hutကို သွားစားလို့ရမလားဟင် ...သားသူငယ်ချင်းတွေ အများကြီး စားပြီးကြပြီ...."


စုန့်ထင်ရှန်းက သူ့သားအတွက် တင်းကျပ်သော အစားအသောက် စီစဉ်မှုများကြောင့် ဝမ်လေးသည်  သုံးနှစ်အရွယ်သို့ရောက်သည့်အထိ အပြင်အစားစာများ မစားဖူးပေ။ 


သို့သော် သူ့ သူငယ်ချင်းများက မိဘများနှင့်အတူ သွားစားသောက်သည်ဟုပြောသံကြားသောအခါ သူအရမ်ူသွားချင်နေမိသည်။


အဆုံးသတ်တွင် စုန့်ထင်ရှန်းက သဘောတူလိုက်လေသည်။


 "ကောင်းပြီ ဖေဖေတို့ Pizza Hutမှာ သွားစားကြမယ်"


ဝမ်လေး၏စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့်အော်ဟစ်သံကိုကြားလိုက်ရသောအခါ ယွမ်ရှက ထိတ်လန့်သွားမိသည်။


စုန့်ထင်ရှန်းက တကယ် သဘောတူလိုက်တာလား...။


ဝမ်လေးရဲ့ မျက်နှာငယ်လေးကြောင့် စုန့်ထင်ရှန်းက တကယ်သဘောတူခဲ့တာလား...။


ယွမ်ရှ၏အကြည့်က နားမလည်ပုံရသောကြောင့် စုန့်ထင်ရှန်းက သူသဘောတူခဲ့ရသည့်အကြောင်းရှင်းပြလိုက်သည်။


"ကိုယ် သူ့ကို တစ်ခါမှ ခေါ်မသွားဖူးဘူးလေ...ဒါကြောင့် သူသွားချင်နေတာ ဖြစ်နိုင်ပါတယ်

သူ အများကြီးမစားသရွေ့တော့ အဆင်ပြေပါတယ်"


....ဟုတ်ပြီ အဲ့ဒါက အကျိုးကြောင်းမှန်ကန်တယ်...။


သို့သော် ယနေ့၌ စုန့်ထင်ရှန်း၏အမူအရာက လွန်စွာကွဲပြားခြားနားနေသည်။ထိုအချက်ကိုတွေးနေရင်း ယွမ်ရှ အလွန်စိတ်ရှုပ်ထွေးနေမိသည်။


စုန့်ထင်ရှန်းက သူ့ကို အတင်းပူဆာခဲ့လို့ ဒီနေ့ သူတို့နှင့်အတူတူသွားဖို့သဘောတူခဲ့တာလား...။


ဒါမှမဟုတ် သူကွာရှင်းချင်နေတာမို့ ဝမ်လေးအတွက် မိသားစုရဲ့ပျော်စရာအမှတ်တရတွေကို ချန်ခဲ့ချင်လို့ အခွင့်အရေးကို  အရယူနေတာလား...။