Part 199
ကျန်းယန်ရှန့် ထိတ်လန့်သွားရပြီး ကျန်းဟွမ်ကို မေးလိုက်သည်။
“ဘာလို့လဲ....”
"ဘာမှမဟုတ်ပါဘူး... သူမက အသက်ကြီးလာလို့ အိမ်ပြန်ချင်နေတာပါ..."
ကျန်းယန်ရှန့်၏ မျက်နှာထားကို ကြည့်လိုက်သည်နှင့် သူမနှင့် အန်တီလော့တို့မှာ လေးနက်သော ဆက်ဆံရေးရှိကြောင်း ကျန်းဟွမ်သိသွားသဖြင့် "တခြားအကြောင်းပြချက်မရှိပါဘူး" ဟု ကမန်းကတန်း ပြောခဲ့ခြင်း ဖြစ်သည်။
ပြဿနာမှာ လျန့်ယင်းယင်းက အန်တီလော့ကို မလိုမုန်းတီးနေခြင်းကြောင့် ဖြစ်သည်။အန်တီလော့ကို ယန်ယန် မိခင်က ငှားရမ်းထားကြောင်း အရင်ကတည်းက လျန့်ယင်းယင်း သိနေလေသည်။ထို့ကြောင့် လျန့်ယင်းယင်းသည် အသေးအဖွဲကိစ္စများ အားလုံးကို အန်တီလော့ထံ အပြစ်ဖို့ခဲ့သော်လည်း အန်တီလော့က ယန်ယန်ကို ချစ်ခင်သောကြောင့် ဆိတ်ဆိတ်သာ နေခဲ့သည်။
ကျန်းယန်ရှန့်သည် ကျန်းဟွမ်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် လှည့်ထွက်လိုက်သဖြင့် ကျန်းဟွမ်က အနောက်မှ လှမ်းအော်လိုက်သည်။
"တခြား ဘာအကြောင်းမှ မရှိဘူး... ဒါအမှန်ပဲ..."
သူအော်ပြောနေချိန်တွင် ကျန်းယန်ရှန့် မှာ အိမ်ထဲသို့ ဝင်သွားခဲ့ပြီဖြစ်သည်။
ကျန်းယန်ရှန့်သည် ပစ္စည်းများကို သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီးဖြစ်သော အန်တီလော့ထံသို့ တည့်တည့်သွားလိုက်သည်။
အန်တီလော့သည် ဤအိမ်တွင် ၁၀ နှစ်ကျော်နေထိုင်ခဲ့ပြီး နှစ်သစ်ကူး အားလပ်ရက်များတွင်သာ သူမအိမ်သို့ ပြန်တတ်လေသည်။ထို့အပြင် သူမသည် ကျန်းအိမ်ကို သူမ အိမ်လို သဘောထား၍ အလုပ်များကို စေတနာပါစွာ လုပ်ကိုင်တတ်သူဖြစ်သည်။
ကျန်းယန်ရှန့်ကို သူမမြင်လိုက်သောအခါ ဤကိစ္စကို ကျန်းယန်ရှန့် သိပြီးသားဟု သူမနားလည်သွားရသည်။
“အန်တီက အသက်ကြီးလာလို့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလေ.. ယွမ်ထောင်ချီတန်တဲ့ သမီးရဲ့အဝတ်အစားတွေကို ပြီးခဲ့တဲ့အပတ်က အန်တီ တစ်ကယ် မီးရှို့ပစ်ခဲ့တယ်..."
“ဆရာကြီးရဲ့မိန်းမ ဆုံးသွားတုန်းက သမီးကို ကောင်းကောင်းစောင်ရှောက်မယ်ဆိုရင်...အန်တီ့လစာကို နှစ်တိုင်း တိုးပေးမယ်လို့ ဆရာကြီးက ပြောခဲ့တယ်လေ....ဒါပေမယ့် အန်တီ့လစာက အလုပ်သမားတွေထဲမှာ အမြင့်ဆုံးဖြစ်နေတဲ့အတွက် သူများတွေကလည်း မနာလိုကြဘူး....”
"တကယ်တော့ ပြီးခဲ့တဲ့နှစ်ကတည်းက အန်တီ့ သားနဲ့ချွေးမက အန်တီ့ကို အိမ်ပြန်ခေါ်နေကြတာ... သူတို့က မြို့မှာ ခေါက်ဆွဲဆိုင် သေးသေးလေး ဖွင့်ထားတော့ စီးပွားရေးက မဆိုးပါဘူး...သူတို့က အန်တီ့ မြေးကို ကူထိန်းပေးစေချင်ကြတယ်လေ...”
“ဒါပေမယ့် သမီးအမေကို သမီး ကြီးပြင်းလာတဲ့အထိ ပြုစုစောင့်ရှောက်ပါ့မယ်လို့ အန်တီ ကတိပေးခဲ့တယ်...ဒါပေမယ့် သမီးရဲ့အဖေက တခြားမိန်းမကို ခေါ်လာတော့ သမီးကလည်း ငယ်သေးတာကတစ်ကြောင်းနဲ့ အန်တီ စိတ်မချနိုင်ပြန်ဘူး...."
အန်တီလော့ က မွေးကတည်းက သူမ ရင်ခွင်ထဲတွင် ကြီးပြင်းလာခဲ့သည့် ကလေးမလေးကို ချစ်စနိုး အကြည့်များဖြင့် ကြည့်နေလေသည်။
“သမီး အရွယ်ရောက်လာပြီ... သမီးကို ဘယ်သူမှ အနိုင်ကျင့်လို့ မရတော့ဘူး ဆိုတာ အန်တီသိတယ်....တမလွန်က နတ်သမီးလေးလည်း စိတ်ချမ်းသာမှာပါ... အဲ့ဒီတော့ အန်တီ့မြေးကို ထိန်းဖို့ အချိန်တန်ပြီလေ....”
ကျန်းယန်ရှန့်သည် သနားစရာကောင်းသော ကလေးတစ်ယောက် မဟုတ်တော့ပေ။မိမိကိုယ်မိမိ ကာကွယ်နိုင်ပြီး အခက်အခဲ အားလုံးကို ပြန်လည် တွန်းလှန်နိုင်သည့် မိန်းမပျို တစ်ယောက်ဖြစ်နေပေပြီ။
ကျန်းယန်ရှန့်သည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် ပိုးအိမ်ကလေး ကွဲသွားသလို ခံစားလိုက်ရသည်။ သူမ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာသည်ကို ကောင်းကင်ဘုံရှိ မိခင်ဖြစ်သူက သူမကိုထိန်းကျောင်းခဲ့သော နာနီကိုကြည့်ရုံနှင့် သဘောပေါက်ပေလိမ့်မည်။ အန်တီလော့၏ ကျေနပ်နေသော အကြည့်မှတစ်ဆင့် မိခင်ဖြစ်သူက ပြုံးရွှင်စွာနှင့် ခေါင်းညိတ်ပြလိုက်သည်ကို သူမမြင်လိုက်ရသည်။ အချိန်အတော်ကြာအောင် သူမ နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင် အန်တီလော၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဟုတ်ပါပြီ..."
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းဟွမ်နှင့် ကျန်းယန်ရှန့်တို့သည် အန်တီ လော့အတွက် အနီရောင်စာအိတ်များကိုပေးလိုက်သည်။ ကေမြို့တွင် အလုပ်လုပ်သော အန်တီလော့၏ တူဖြစ်သူက ဗင်ကားဖြင့် သူမကို လာခေါ်လေသည်။
ထိုဗင်ကားကလေး ခြံဝင်းထဲမှ မောင်းထွက်သွားချိန်အထိ ကျန်းယန်ရှန့်မှာ ခြံဝကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ကျန်းဟွမ်က အချိန်အတော်ကြာအောင် သူမကို စောင့်နေခဲ့သော်လည်း သူမက မလှုပ်မယှက်ရပ်နေဆဲ ဖြစ်၍ သူမပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။ကျန်းယန်ရှန့် လှည့်ကြည့်လိုက်ရာ သူမမျက်ဝန်းထဲတွင် အလိုမကျဟန်တို့ကို ကျန်းဟွမ် တွေ့လိုက်ရလေ၏။
ကျန်းယန်ရှန့်က အိမ်ထဲဝင်သွားလိုက်သောအခါ ကျန်းဟွမ် တစ်ကိုယ်တည်း ညီးညူလိုက်မိ၏။
"ကြီးလာလေလေ သူမ အမေနဲ့ ပိုတူလာတာပဲ..."
ခါတိုင်းကဲ့သို့ပင် ကျောင်းတက်ရသည့် နေ့ရက်များမှာ မပြောင်းလဲပေ။
ကျန်းယန်ရှန့် တစ်ခါတစ်ရံ စင်္ကြံတွင် ကျန်းကျစ်ယွမ်နှင့် တွေ့လျှင်လည်း ခေါင်းညိတ်ပြုံးပြ နှုတ်ဆက်လိုက်ကြသည်။သူမ တစ်ခါတစ်ရံ ရှုလီချန်ကိုလည်း တွေ့ရတတ်သည်။ ဤကောင်လေးသည် အတန်းသစ်အုပ်စုထဲသို့ ပေါင်းသွားပုံရပြီး သူငယ်ချင်းများ ရနေပြီ ဖြစ်သည်။
ကျန်းယန်ရှန့်သည် စင်္ကြံတစ်လျှောက် ဖြတ်လျှောက်သွားလိုက်ရာ ရှုလီချန် သည် သူ၏ ရုပ်ရှင်ဖန်တီးမှုနှင့် ပတ်သက်၍ ကြွားလုံးထုတ်နေသည်ကို ကြားလိုက်ရသည်။ တိုက်ခိုက်ရေးဝတ်စုံသည် မည်မျှ မိုက်ကြောင်း၊ တင့်ကားကြီးသည် မည်မျှ ကြီးကြောင်း သူက သူငယ်ချင်းများအား ပြောပြနေသည်။
ထိုကောင်လေးအုပ်စုက ရိုက်ကွင်း ဓာတ်ပုံများကို ကြည့်ချင်သည်ဟု တောင်းဆိုနေကြသည်။
ရှုလီချန်က ချောင်းတစ်ချက် ရှင်းလိုက်ရင်း ပြောလိုက်သည်။
"ဒါရိုက်တာက သတင်း မပေါက်ကြား စေနဲ့လို့ ပြောထားတယ်.."
ကောင်လေးများက အော်ရယ်လိုက်ကြသည်။ ရှုလီချန်က သူတို့ကို ပြန်ရှင်းပြနေရင်း ဘေးနားက ဖြတ်လျှောက်သွားသော ကျန်းယန်ရှန့်ကို သတိထားမိလိုက်သည်။
'အံမာ နင်က ဘာလို့ သွေးအေး နေနိုင်တာလဲ.....နင့်စိတ်ထဲမှာ လှောင်နေတာကို ငါ မသိဘူး ထင်လား...'
မျက်စိတစ်မှိတ်အတွင်း ရာသီဥတုသည် ပူလောင်လာရသည်။ လေးလံသော ဆောင်းတွင်း အဝတ်များကို ချွတ်လိုက်ရပြီး နွေဦးရာသီ အလင်းတန်းများကို ဝတ်ဆင်လိုက်သည်။
ကျန်းဟယ်လင်းသည် ဤနွေဦးရာသီတွင် တစ်စုံတစ်ခုအတွက် စိတ်ဖိစီး နေရသဖြင့် အဖေဖြစ်သူဆီ သွားမေးလိုက်သည်။
"အဖေ..အစ်မက ဒီနှစ် မွေးနေ့လုပ်မှာလား..."
"ဟုတ်သားပဲ.. သမီးအစ်မရဲ့ မွေးနေ့က နောက်လပဲ…”
ကျန်းဟွမ် ထိတ်လန့်သွားရသည်။
ယမန်နှစ်က ကျန်းယန်ရှန့်၏မွေးနေ့တွင် လျန့်ယင်းယင်းက သူမကို ဘာပြောလိုက်သည် မသိ၊ကျန်းယန်ရှန့်ကရုတ်တရက် ကိတ်မုန့်ကို ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်ပြီး နောက်နှစ်များတွင် သူမ မွေးနေ့ပွဲကို ကျင်းပရန် မလိုတော့ကြောင်း အော်ပြောခဲ့လေသည်။ထိုစဉ်က ပျော်ရွှင်ဖွယ် မွေးနေ့လေးမှာ ဆိုးရွားစွာ အဆုံးသတ်ခဲ့ည်။မနှစ်ကလည်း ကျန်းဟွမ်က သူမကို မွေးနေ့လုပ်ရန် ကြိုတင်ပြောလိုက်ရာ သူမက' မလုပ်ဘူး' ဟု တစ်ခွန်းတည်းပြောကာ လှည့်ထွက်သွားလေ၏။
ထိုအချိန်ကို ပြန်တွေးလိုက်လျှင် ကျန်းယန်ရှန့်သည် အချိန်မရွေးပေါက်ကွဲရန် အဆင်သင့်ဖြစ်နေသော မီးရှူးမီးပန်း များကဲ့သို့ ဖြစ်နေလေတော့သည်။
"ဟုတ်တယ် မွေးနေ့ပွဲလုပ်မှာပါ...သမီး အစ်မက အခု ပြောင်းလဲလာပါပြီ....ဒီတစ်နှစ်တော့ လုပ်ရင် လုပ်နိုင်တယ်...”
ပြီးခဲ့သည့် နွေရာသီအားလပ်ရက်မှစ၍ ယခုအချိန်အထိ ကျန်းယန်ရှန့်သည် ရင့်ကျက်ပြီး လုံးဝကွဲပြားခြားနားသူ တစ်ယောက် ဖြစ်လာသည်။ သူမ ဒေါသပေါက်ကွဲသောအခါ ကိတ်မုန့်ကို ကြမ်းပြင်ပေါ်သို့ ဇွတ်အတင်းပစ်ချခဲ့သော မိန်းကလေး မဟုတ်တော့သဖြင့် မွေးနေ့ပွဲကို ကျင်းပဖို့ ဆန္ဒရှိလာနိုင်သည်။
" သမီး အစ်မကို စပရိုက်စ်လေး ဘာလေး လုပ်ပေးလိုက်ပါလား....သူမကို မပြောဘဲနဲ့လေ... "
ကျန်းဟယ်လင်းက သဘောတူလိုက်ပြီး တစ်ချိန်လုံး ပူပန်နေရသော မေးခွန်းကို မေးလိုက်သည်။
“အဖေ...သမီးက အစ်မကို မွေးနေ့လက်ဆောင် ဘာပေးလိုက်ရမလဲဟင်...”
Xxxxxx
Part 200
ကျန်းဟယ်လင်း ပထမတန်းတက်စဥ်က စက္ကူကဒ်ပြားကလေးကို လုပ်ပြီးအစ်မဖြစ်သူ၏ အခန်းတံခါးမှာ တိတ်တိတ်လေး ညှပ်ထားသော်လည်း အစ်မဖြစ်သူက ထိုကဒ်ကို လုံးဝ မမြင်ခဲ့ပေ။ နောက်တစ်နေ့တွင် သန့်ရှင်းရေးလုပ်သည့် အဒေါ်က အမှိုက်ပုံးထဲ ထည့်လိုက်သည်ကို သူမမြင်လိုက်ရသည်။သူမ ဒုတိယတန်း တက်စဥ်ကလည်း ပိုကောင်းပြီး ပိုလှပသော ကဒ်ပြားကလေးတွင် စာရေးထားလေသည်။ သို့သော် ထိုနေ့တွင်ပင် ကျန်းယန်ရှန့်က ကိတ်မုန့်ကို ပစ်ချလိုက်ပြီး နောက်နောင် သူမမွေးနေ့ကို ကျင်းပတော့မည် မဟုတ်ကြောင်း ဖခင်ဖြစ်သူအား အော်ပြောခဲ့လေသည်။ထိုစဥ်က လျန့်ယင်းယင်း နှုတ်ခမ်းလှုပ်ရုံသာ ပြုံးလိုက်သည်ကို သူမမြင်လိုက်ရလေသည်။ထို့ကြောင့် ယမန်နှစ်ကလည်း ကဒ်ပြားကလေးကို အစ်မဖြစ်သူထံ မပေးခဲ့ရပြန်ပေ။
သူမ တတိယတန်းတက်စဉ်က တိတ်တဆိတ် ချောင်းကြည့်နေရာ အဖေဖြစ်သူက အစ်မဖြစ်သူကို မွေးနေ့ပွဲကျင်းပလိုသလားဟု မေးရာ အစ်မဖြစ်သူက အော်လိုက်လေသည်။
“မလုပ်ချင်ဘူး...”
တစ်ကယ်လည်း ကျန်းဟွမ်က မွေးနေ့ လုပ်မပေးခဲ့ပေ။ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်၏ ဘေးအခန်းတွင် နေခြင်းဖြစ်၍ အစ်မဖြစ်သူအခန်းထဲတွင် တဒုန်းဒုန်း ထုရိုက်သံများ ကြားနေရတော့သည်။သူမက အခန်းတံခါးနားကပ်၍ တိတ်တိတ်နားထောင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုက တံခါးကို ဒုန်းကနဲ လာရိုက်မိသွားလေ၏။သူမလည်း ကြောက်လန့်တကြားဖြင့် ကိုယ့်အခန်းကိုသာ ပြန်လာခဲ့သည်။သို့သော်လည်း အစ်မဖြစ်သူက မွေးနေ့ပွဲကို ကျင်းပချင်သည်ဟု ကျန်းဟယ်လင်းအမြဲခံစားရလေသည်။
ထို့နောက် လအနည်းငယ်ကြာပြီးနောက် နွေရာသီအားလပ်ရက်တွင် ရုတ်တရက်နှင့် အံ့သြစရာ ကောင်းလောက်အောင် ကျန်းယန်ရှန့်သည် ကွဲပြားခြားနားသွားခဲ့ပြီး လူတိုင်းကို မအော်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေသော်လည်း အလွန်ပင် ကြောက်စရာကောင်းလာသည်။ကျန်းဟယ်လင်းမှလွဲ၍ ကျန်မိသားစုဝင်တိုင်းက သူမကိုကြောက်ကြသည်။သို့သော်လည်း အစ်မဖြစ်သူကြောင့် အိမ်တွင်းအခြေအနေများ ပြောင်းလဲသွားခဲ့သည်။ သူမကိုလည်း အမေဖြစ်သူက မရိုက်ရဲတော့ဘဲ ဖခင်ဖြစ်သူကလည်း ပို၍ဂရုစိုက်လာသည်။ဤကိစ္စများအားလုံး အစ်မဖြစ်သူကြောင့် ဆိုသည်ကို သူမသိနေလေ၏။ယခု သူမမှာ ကိုယ်ပိုင်မုန့်ဖိုးလည်းရှိနေပြီး မွေးနေ့လက်ဆောင် ဘာပေးရမည်ကိုသာ ခေါင်းစားနေရသဖြင့် ဖခင်ဖြစ်သူကို လာမေးခြင်း ဖြစ်သည်။
ကျန်းဟွမ်က ကျန်းဟယ်လင်း ခေါင်းကို ပွတ်သပ်လိုက်ပြီး ချစ်စနိုးပြောလိုက်သည်။
"သမီး ပေးချင်တာမှန်သမျှ ပေးလို့ရတယ်လေ..."
ကျန်းဟယ်လင်းမှာ ဖခင်ထံမှ အဖြေမသဲကွဲသောကြောင့် မိခင်ဖြစ်သူထံသွားပြီး ထိုမေးခွန်းကို ထပ်မေးပြန်သည်။
လျန့်ယင်းယင်းက ဒေါသတကြီးနှင့်ပြောသည်။
" နင်က ဘာတွေ ပေးချင်နေတာလဲ.... နင်က သူ့ကို ဘာ လက်ဆောင် ပေးနိုင်မှာလဲ...သူများတွေက သန်းဆယ်နဲ့ ချီပြီး သုံးကြတာ... နင့်မှာ အဲ့လောက်ရှိလား...ဒါနဲ့နေပါဦး...နင် ပိုက်ဆံအများကြီး မသုံးတတ်ဘူး...နင့်လက်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိလဲ...နင့်မှာပိုက်ဆံရှိလို့ အသုံးမဝင်ဘူး...နင် ငါ့ကို ဘာလို့ မပေးတာလဲ... နင့်အတွက် ငါသိမ်းထားပေးမယ်... ဟေ့.. နင်ဘာလို့ ပြေးတာလဲ..ပြန်လာစမ်း... အမလေး...မွေးရကျိုးမနပ်တဲ့ သမီး.…”
သူမ အမြန်ပြေးလာသဖြင့် မိခင်ဖြစ်သူ၏ ဆူပူသံ မကြားရတော့ပေ။ ကျန်းရှို့ချန်ကိုလည်း တိုင်ပင်၍ ရမည် မဟုတ်သဖြင့် သူမ အောက်ထပ်သို့ ပြေးဆင်းလာပြီး ထမင်းစား စားပွဲတွင် ထိုင်ကာ စကားစမြည်ပြောနေကြသော အိမ်အကူအဒေါ်များကို မေးလိုက်ပြန်သည်။
“အိုး... သမီးက ကလေးပဲရှိသေးတယ်...အဲ့ဒါကြောင့် ဘာမှ ပေးစရာ မလိုဘူး...သမီးရဲ့ အစ်မကိုယ်တိုင်ကတောင် ဂရုမစိုက်ဘူး..."
ထို့နောက် ကျန်းဟယ်လင်း ခြံဝင်းသို့သွား၍ ဖိအားမြင့် ရေဖြန်းပိုက်ဖြင့် ကားရေဆေးနေသော ယာဉ်မောင်း ရှောင်ကျိုးကို တွေ့သွားလေသည်။
"ဦးလေးက ဒီကိစ္စကို အကြံ မပေးတတ်ဘူး..ဦးလေးက တစ်လကို လစာ ယွမ်ထောင်ဂဏန်းပဲ ရတာလေ...မမလေး ယန်ယန် ဘာကြိုက်လဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ...ဝင်ငွေပိုများတဲ့လူကို ညီမလေး မေးသင့်တယ်..."
ထို့နောက် ကျန်းဟယ်လင်း သည် အဖြေကောင်းကောင်း မရသဖြင့် စိန်ပျက်စွာ အခန်းထဲ ပြန်ဝင်သွားသည်။
ဝင်ငွေများတဲ့ လူတစ်ယောက်..
ပထမဦးစွာ ဝင်ငွေ တစ်ခုရရန် အရွယ်ရောက်ပြီး သူဖြစ်ရမည်။ သူမ,သိသော လူကြီးအများစုကို မေးထားပြီးသားဖြစ်၍ ကျောင်းမှဆရာများသာ ကျန်တော့သည်။ သို့သော် ဆရာများ၏ ၀င်ငွေမှာ မများမှန်း သူမသိလေသည်။
' ဒါဆို ငါ ဘာလုပ်သင့်လဲ.... အရွယ်ရောက်ပြီးသူကို ဘယ်မှာတွေ့နိုင်မလဲ.....'
.....
ယွဲ့စုန့် သည် ပိတ်ရက်များတွင် ကျောင်းမှာ မနေဘဲ အိမ်တွင်သာ နေလေ့ရှိသည်။မနက်ပိုင်းတွင် အဘိုးဖြစ်သူနှင့်အတူ ဂေါက်ကွင်းသို့ လိုက်သွားပြီး အခြား အဘိုးကြီးများနှင့် ဂေါက်ရိုက်ကာ အိမ်သို့ပြန်လာခဲ့လေသည်။
ထို့နောက် ဦးလေးဖြစ်သူနှင့် နေ့လည်စာစားရန် ချိန်းဆိုထားလိုက်သည်။ယွဲ့စုန့်က နာရီကို ကြည့်လိုက်လျှင် အပြင်ထွက်ဖို့ အချိန်မကျသေးသဖြင့် ကွန်ပျူတာကိုသာ ဖွင့်လိုက်ပြီး ဂိမ်းဆော့ရန် ပြင်လိုက်သည်။
ယွဲ့စုန့် လိုက်ရှာလိုက်ရာ အသင်းတစ်ခုကိုသာ ရှာတွေ့ပြီး အသင်းတွင် လူနည်းနေသေး၍ အခြားကစားသမားများ ပါဝင်လာရန် စောင့်မျှော်နေကြသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်လည်း ဂိမ်းထဲတွင် ဝင်ဆော့နိုင်ရန် အမှတ်မပြည့်ကြသေးပေ။ ယွဲ့စုန့်က ဂိမ်းထဲမှ သူငယ်ချင်းစာရင်းကို ကြည့်လိုက်ရာ "ခရမ်းရောင် မျက်လုံး...အကြည့်စူးစူး...ဆံပင်အမည်းကို အဖြူဆိုးပစ်မယ်" မှာ လိုင်းပေါ်တွင်ရှိနေကြောင်း တွေ့လိုက်ရလေသည်။
“…”
ယွဲ့စုန့်က ထိုအဖွဲ့ဝင်ကို သူ့အဖွဲ့ထဲသို့ ခေါ်လိုက်သော်လည်း ယခုထိ ကစားသမား နည်းနေသေး သောကြောင့် အခြားကစားသမားများကို စောင့်နေစဉ် စကားစမြည်ပြောနေကြသည်။
ယွဲ့စုန့်က ကျောင်းသားသမဂ္ဂအဖွဲ့ချက်တင် ကိုကြည့်ရန် ဖုန်းကို ဖွင့်ကြည့်လိုက်သည်။သူ့ အတန်းဖော်များ အားလုံးသည်လည်း အားလပ်ရက်တွင် အိမ်တွင်သာ နားနေကြသည်။ယွဲ့စုန့်မှာသာ ရွှယ်မိသားစုနှင့် ယွဲ့မိသားစုကြား ကူးလူး ယောက်ယက်ခတ်နေရလေသည်။ကျောင်းပြန်ဖွင့်လျှင် သူငယ်ချင်းများက အားလပ်ရက်များအကြောင်း ပြန်ပြောကြပြီး စာကို ခက်ခက်ခဲခဲ လိုက်ရသော်လည်း သူ့မှာမူ ကျောင်းဖွင့်မှ နားရသည်ဖြစ်၍ စာကို ပေါ့ပါးစွာပင် လိုက်နိုင်ခဲ့သည်။
ယွဲ့စုန့်က ချက်တင်အဖွဲ့ကို ကြည့်နေရင်း ရုတ်တရက် သူ့နားကြပ်ထဲမှ နူးညံ့ပြီး ချစ်စရာကောင်းသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ကျေးဇူးပြုပြီး ...ဒီမှာ ဝင်ငွေများတဲ့သူရှိလား...”
“…”
ယွဲ့စုန့်တစ်ချက်ကြည့်လိုက်ရာ စကားပြောသူမှာ"ခရမ်းရောင် မျက်လုံး...အကြည့်စူးစူး...ဆံပင်အမည်းကို အဖြူဆိုးပစ်မယ်"ဖြစ်နေလေသည်။
ရူးကြောင်ကြောင်နာမည်နှင့် အသံကို ဖမ်းမိရုံနှင့်ပင် မူလတန်းကျောင်းသူတစ်ယောက်မှန်း သိသာနေပေသည်။သူမအသံကြားလိုက်သည်နှင့် ချန်နယ်လ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ချက်ချင်းပင် အဖွဲ့ဝင်များက သူ့ထက်ငါ လုယက်ပြောနေကြလေတော့သည်။
"ဘာလဲ... ညီမက ဘာကို ဆိုလိုတာလဲ..."
"ဒါကတော့ နည်းနည်းလွန်လွန်းတယ် မဟုတ်လား..."
"အားလုံး ပါးစပ် ပိတ်ထား... ကောင်မလေး အစ်ကိုနဲ့..စကားပြောရအောင်...."
“ညီမ...ညီမ...ပြောပါဦး... ဝင်ငွေများတဲ့ လူနဲ့ ဘာလုပ်ချင်လို့လဲ...”
ယွဲ့စုန့်သည် မူလတန်း ကျောင်းသူအား ဤအဖွဲ့ထဲသို့ ဆွဲခေါ်ခဲ့သည်ကို နောင်တရမိသွားရသည်။ ထို့အပြင် သူက ကပ္ပတိန်မဟုတ်သလို အဖွဲ့ဝင်များကိုလည်း မသိသောကြောင့် သူ မထိန်းနိုင်တော့ပေ။
ထိုကောင်မလေး၏ နူးညံ့သိမ်မွေ့သော အသံကို သူကြားလိုက်ရသည်။
"ကျွန်မ ဝင်ငွေ ပိုကောင်းတဲ့ လူကြီးတစ်ယောက်ကို ရှာချင်တယ်..."
အသင်းဖော်များ"...."
"ဘာရယ်...လူကြီး..ဟုတ်လား..."
Xxxxxxx