အပိုင်း ၂၀၁-၂၀၂
Viewers 28k

Part 201


"ဒါဆို ညီမလေးက အစ်မအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးချင်တဲ့ လေးတန်းကျောင်းသူလေး...ဒါပေမယ့် ဘာဝယ်ရမှန်းမသိလို့ တစ်ယောက်ယောက်ဆီက အကြံဉာဏ်လိုချင်နေတာ...အဲ့လိုလား..."


"အင်း...ဟုတ်ပါတယ်..."


ကလေးမလေးက အလျင်အမြန် ပြန်ဖြေလိုက်သည်။


"မင်းက အကြံဉာဏ်လိုချင်နေတာဆိုရင်တော့ အစ်ကိုတို့က ပေးနိုင်ပါတယ်...ဒါနဲ့ ဘာဖြစ်လို့ ဝင်ငွေကောင်းတဲ့လူကို လိုက်ရှာနေရတာလဲ..."


"ခရမ်းရောင်မျက်လုံး...အကြည့်စူးစူး...ဆံပင်အမည်းမှအဖြူဆိုးပစ်မယ် " က ပြောသည်။


"သမီးတို့ရဲ့ ဒရိုင်ဘာက ဝင်ငွေကောင်းတဲ့လူကို သွားမေးဖို့ အကြံပေးလို့ပါ..."


"ဝိုး...မင်းမှာ ဒရိုင်ဘာတောင် ရှိတာလား..."


"ဒါဆို မင်းက မင်းသမီးလေးပေါ့...ဟားဟားဟားဟား..."


ထို ထူးဆန်းသည့်ရယ်မောခြင်းများကို ကြားလိုက်ရ‌သောအခါ ကလေးမလေးသည် တုံ့ဆိုင်းဆိုင်းဖြစ်သွားကာ မေးလိုက်သည်။


"ဘာလို့ ရယ်နေကြတာလဲဟင်..."


အသံလေးက နူးညံ့၍ ချိုသာကာ ဘာကိုမျှ မသိနားမလည်သည့် ကလေးဆန်သော အသံမျိုးလေးလည်း ပါနေသည်။


ရယ်သံများက တဖြည်းဖြည်း ရပ်တန့်သွားကာ တချို့လူများက မနေနိုင်ပဲ မေးမိလိုက်ကြသည်။


"မင်းရဲ့မိသားစုက တကယ်ပဲ ကားဒရိုင်ဘာရှိတာလား..."


ကလေးမလေးက ပြန်မေးလိုက်သည်။


"ဦးလေးတို့အိမ်မှာရော မရှိဘူးလား..."


"အစ်ကိုလို့ ခေါ်ပါဟ..."


"ဘယ်သူက ဦးလေးလဲ..."


"ဟုတ်ပြီလေ ညီမလေး...မင်းအစ်မအတွက်လက်ဆောင်ဝယ်ဖို့ ပိုက်ဆံဘယ်လောက်သုံးမယ်စိတ်ကူးထားလဲ...ဒီကိစ္စကို မင်းကိုပဲ လွှဲလိုက်မယ်...အစ်ကိုလည်း ပြီးခဲ့တဲ့အပတ်ကမှ အစ်ကို့ကောင်မလေးဖို့ လက်ဆောင်ဝယ်ပေးထားတာ..."


"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး...'


ကလေးမလေးသည် အလွန်ပင်ယဉ်ကျေး၍ သူမ အား ကူညီမည့်သူကိုတွေ့သွားသောကြောင့် ပျော်ရွှင်စွာပြောလိုက်သည်။


"သမီးမှာ စုစုပေါင်း ၈၃,၉၇၂ ယွမ် ရှိတယ်...အဲ့ဒါ လက်ဆောင်ဝယ်ဖို့ လောက်တယ်မလား..."


ချန်နယ်ထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။


"ဘယ်လောက်..."


မေးခွန်းမေးသူ၏ အသံက မူမမှန်ဖြစ်နေသည်။


ကလေးမလေးက ပြန်ပြောလိုက်သည်။


"သမီးမှာ ၈၃,၉၇၂ ယွမ် ရှိတယ်..."


တစ်စုံတစ်ယောက်က ထမေးလိုက်သည်။


"မဖြစ်နိုင်ဘူး...ကလေးလေးက ဒီလောက်ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ..."


ကလေးမလေးက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။


"အဲ့ဒါသမီးရဲ့ မုန့်ဖိုးတွေပါ...သမီးက မုန့်ဖိုးကို လိုချင်တာလောက်ပဲဝယ်ပြီး ကျန်တာအကုန်စုထားတာ...နှစ်သစ်ကူးတုန်းက ရတဲ့ပိုက်ဆံတွေလည်း ရှိသေးတယ်...ဒါပေမယ့် စာအိတ်အနီတွေအကုန်လုံးကို အမေက ယူသွားတယ်..."


"သမီးရဲ့ အတန်းဖော်သူငယ်ချင်းတွေအတွက်လည်း လက်ဆောင်တွေဝယ်ပေးနေကျ...ဒါပေမယ့် မမ က သူတို့နဲ့မတူဘူးလေ...မမက လူကြီးဖြစ်နေပြီ...အဲ့ဒါကြောင့် မမ အတွက် ဘာဝယ်ပေးရမှန်းမသိဖြစ်နေတာ...မမက သမီးအပေါ် အရမ်းကောင်းပေးလို့ မမကြိုက်မယ့်ပစ္စည်းလေး ဝယ်ပေးချင်တာ..."


ကလေးမလေး၏ စကားများသည် သူ့အစ်မအပေါ်  အားကိုးမှုနှင့် ချစ်ခင်မှုများကို ဖော်ပြနေသည်။


သို့သော် လူအနည်းငယ်ကသာ ထို ချစ်ခင်အားကိုးမှုများကို သတိထားလိုက်မိကာ ကျန်သည့်လူအကုန်ကတော့ "မုန့်ဖိုး" ဟူသည့် စကားလုံးနှစ်လုံး၌သာ အာရုံရှိနေကြသည်။ သူတို့သည် တစ်ယောက်ထက်တစ်ယောက် အလုအယက် မေးလိုက်ကြသည်။


"မင်း တစ်လကို မုန့်ဖိုးဘယ်လောက်တောင်ရတာလဲ..."


ကလေးမလေးက ပြန်ပြောလိုက်သည်။


"သမီးက မူလတန်းကျောင်းသူပဲရှိသေးတာမို့လို့ သိပ်အများကြီးမရပါဘူး...တစ်လကို ယွမ် ၁၀,၀၀၀ ပဲ ရတာပါ..."


ချန်နယ်ထဲတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး လူတိုင်းသည် တကယ်ပင် အသားဖြူဖြူနုနုနှင့် ချမ်းသာသည့် မိန်းမချောလေးတစ်ယောက်နှင့် တွေ့နေရသည်ကို နားလည်လိုက်ကြသည်။ ဝမ်းနည်းစရာကောင်းသည်က ထိုမိန်းမချောလေးသည် ကလေးလေးသာ ဖြစ်နေခြင်းဖြစ်သည်။


တစ်စုံတစ်ယောက်က ဆဲဆိုလိုက်သည်။


"သေစမ်း..."


တကယ်ပင် စိတ်ပျက်စရာမဟုတ်ပါလား။


တစ်စုံတစ်ယောက်က မေးလိုက်သည်။


"ဒါနဲ့ ဒီတိုင်းမေးကြည့်တာပါ...ညီမလေးမှာ ခဲအိုတစ်ယောက်လောက်မလိုဘူးလား..."


ဤသည်မှာ အန္တရာယ်မရှိသည့် နောက်ပြောင်ခြင်းသာဖြစ်သည်။


နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က ပြောလိုက်သည်။


"အစ်ကို ကူညီပြီး တစ်ခုခု ပို့ပေးနိုင်တယ်လေ...အစ်ကို့ကို သူငယ်ချင်းအဖြစ်နဲ့ လာအပ်လိုက်..."


သူ၏လေသံထဲတွင် ချော့မော့ပြောခြင်းနှင့် သွေးဆောင်ခြင်းများ ပါနေသည်။


ဤအချိန်တွင်တော့ တစ်ချိန်လုံး ဘာမှ ဝင်မပြောပဲ နားထောင်နေသော ယွဲ့စုန့်သည် မတတ်နိုင်ပဲ ဝင်ပြောလိုက်ရတော့သည်။ တကယ်တော့လည်း ကလေးမလေးကို အဖွဲ့ထဲသို့ ခေါ်လာမိသည်မှာ သူ ပင်ဖြစ်သည်။


ကျန်းဟယ်လင်းက နှုတ်ဆိတ်ကာ စဉ်းစားနေချိန်တွင် ရှင်းလင်း၍ ချိုသာသော အသံတစ်ခုကိုကြားလိုက်ရသည်။


"ကဲ...ခရမ်းရောင်လေး..."


"ခရမ်းရောင်မျက်လုံး...အကြည့်စူးစူး ဆံပင်အမည်းကို အဖြူဆိုးပစ်မယ်" ဟူသောနာမည်သည် သာမာန်လူများက ပါးစပ်ဖြင့် ထုတ်ပြောဖို့ တော်တော်ရှက်စရာကောင်းနေသည်။


ယွဲ့စုန့် က ပြောလိုက်သည်။


"အစ်ကိုက 'ချောင်းကမ်းပါး၌ ထင်းရှူးများကိုနားထောင်ခြင်း' လေ...အစ်ကို့ကို မှတ်မိလား..."


"သမီးမှတ်မိတယ်...အစ်ကိုက ဟိုအစ်ကိုကြီးပဲ..."


ကျန်းဟယ်လင်းက ပျော်ရွှင်စွာပြောလိုက်သည်။


ကျန်းဟယ်လင်းသည် သူမနှင့် မသိသောလူများကို ဂိမ်းထဲ၌ သူငယ်ချင်းမလုပ်ပေ။ သူမ၏ ဂိမ်းထဲမှ သူငယ်ချင်းအများစုသည် အတန်းထဲမှ သူငယ်ချင်းများသာ ဖြစ်သည်။ သို့သော် ကျန်းဟယ်လင်းသည် 'ချောင်းကမ်းဘေး၌ထင်းရှူးများကိုနားထောင်ခြင်း' ဆိုသောလူကိုကား အလွန်‌သဘောကျမိသည်။ ဂိမ်းထဲတွင် သူငယ်ချင်းဖြစ်ပြီးသွားတည်းက စကားမပြောဖြစ်၍ အတူတူလည်း မဆော့ဖြစ်ကြတော့သော်လည်း ထိုအစ်ကိုသည် မူလတန်းကျောင်းသူလေး ကျန်းဟယ်လင်းအား အကာအကွယ်ပေးသည့်အပြင် စကားပြောသရမ်းသည့်လူကိုလည်း အဖွဲ့ထဲမှ ထုတ်ပစ်ကာ ဂိမ်းထဲ၌ သတ်ပစ်လိုက်သေးသည်။


ယနေ့တွင်လည်း ထိုအစ်ကိုက ကျန်းဟယ်လင်းအား အဖွဲ့ထဲသို့ ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ခေါ်စာရသောအခါ ကျန်းဟယ်လင်းသည် ထိုအစ်ကိုအား မှတ်မိသွားသည်။


"ဘယ်သူ့ကိုမှ သွားမအပ်နဲ့...ဒီအဖွဲ့ထဲက အခုချက်ချင်းထွက်လိုက်တော့...ပြီးမှ အစ်ကို သပ်သပ်စကားလာပြောမယ်..."


ယွဲ့စုန့်က သေ‌ချာတစ်လုံးချင်းပြောလိုက်သည်။


"ဘယ်သူ့ကိုမှမအပ်နဲ့...အခုချက်ချင်းထွက်လိုက်တော့..."


ခုန စကားပြောနေသည့်လူက ပြောလိုက်သည်။


"ဟေ့ကောင်...မင်း တစ်ယောက်တည်းစားဖို့ မကြံနေ..."


စကားမဆုံးခင်မှာပင် ချမ်းသာ၍ ချိုသာသော ကလေးမလေးသည် လိမ္မာစွာပင် အဖွဲ့ထဲမှ ထွက်ခွာသွား၍ အမြင်ကတ်စရာကောင်းသော 'ချောင်းကမ်းဘေး၌ထင်းရှူးများကိုနားထောင်ခြင်း' လည်း ထွက်သွားတော့သည်။


ထိုလူ ဆဲဆိုလိုက်သည်။ သူသည် ကလေးမလေးအား သူငယ်ချင်းအဖြစ် သွားအပ်သော်လည်း ကလေးမလေးက လက်မခံခဲ့ချေ။ ဤအရာများအားလုံးသည် အလွန် ဒုက္ခပေးသည့် 'ချောင်းကမ်းဘေး၌ထင်းရှူးများကိုနားထောင်ခြင်း' ကြောင့်ပင်ဖြစ်သည်။


ယွဲ့စုန့်နှင့် ကျန်းဟယ်လင်းတို့သည် သီးသန့်စကားပြောရန် ချန်နယ်ကိုဖွင့်လိုက်သည်။


"ညီမရဲ့ အစ်မအတွက် လက်ဆောင်ဖို့ ပိုက်ဆံဘယ်လောက်သုံးချင်တာလဲ..."


ယွဲ့စုန့်က မေးလိုက်သည်။


ကျန်းဟယ်လင်းက ပျော်ရွှင်စွာပြောလိုက်သည်။


"သမီးရဲ့ ပိုက်ဆံတွေ အကုန်သုံးလိုက်လို့ရတယ်..."


မူလတန်းကျောင်းသားများ၏စိတ်သည် အလွန်ရိုးစင်း၍ ဖြူစင်ကြရာ ကြားရသူများအဖို့ စိတ်ကို‌အေးချမ်း၍ သက်တောင့်သက်သာရှိစေသည်။ ယွဲ့စုန့်သည် ပြုံးကာ ပြောလိုက်သည်။


"အစ်ကို့ရဲ့ သူငယ်ချင်းတွေက သူတို့ကောင်မလေးတွေဖို့ လက်ဆောင်ဝယ်ရင် အများအားဖြင့်တော့ နှုတ်ခမ်းနီတို့ ရေမွှေး တို့ပေးကြတယ်...ဒါပေမယ့် ညီမရဲ့ အစ်မကတော့ အဲ့ဒါတွေနဲ့ ကိုက်မယ်မထင်ဘူး..."


"ဟုတ်တယ်...မမမှာက နှုတ်ခမ်းနီရောင်စုံ ရှိပြီးသား...မမက အဲ့‌ဒါတွေမလိုဘူး..."


ကျန်းဟယ်လင်းက ပြောလိုက်သည်။


"လက်ဆောင်ပေးတယ်ဆိုတာ တစ်ဖက်လူမှာမရှိတဲ့ဟာပဲ ပေးသင့်တာမလား..."


ဟုတ်ပေသည်။ ယွဲ့စုန့်က မေးလိုက်သည်။


"မင်းရဲ့ အစ်မက ဘယ်နှနှစ်လဲ..."


ကျန်းဟယ်လင်းက ပြောသည်။


"မမက ၁၆ နှစ် နဲ့ အထက်တန်းကျောင်းပထမနှစ် ရောက်နေပြီ..."


အထက်တန်းပထမနှစ်အရွယ် မိန်းကလေးများ၌ နှုတ်ခမ်းနီရောင်စုံ ရှိနေပေသည်။ မိန်းကလေးများသည် ဤမျှ ငယ်ရွယ်စဉ်တည်းက အလှပြင်နေကြပြီလား။


လှပသောမျက်နှာလေးတစ်ခုသည် ယွဲ့စုန့်၏စိတ်ထဲ၌ ပေါ်လာသည်။ လှပသည့် နှုတ်ခမ်းနီအောက်တွင် နုပျိုမှုက ပုန်းကွယ်နေသည်။ မျက်ခုံးများအလယ်မှ အေးစက်သည့် ခံစားမှုကြောင့် လက်ချောင်းထိပ်များသည် လျှပ်စီးကို ကိုင်လိုက်မိသကဲ့သို့ ဖြစ်သွားကာ ဟော်မုန်းများသည် ကြွလာသည်။


ယွဲ့စုန့်သည် ကွန်ပျူတာမောက်စ်ကို လက်ချောင်းနှင့် ထိကာ လက်ညှိုးတွင်ဝတ်ထားသော လက်စွပ်အား တစ်ချက်လှမ်းကြည့်၍ ပြောလိုက်သည်။


"တော်တော်ကောင်းတဲ့ ဒီဇိုင်နာတစ်ယောက်တော့ အစ်ကိုသိတယ်...သူက လက်ဝတ်ရတနာတွေကို ဝယ်သူစိတ်ကြိုက်လုပ်‌ပေးတာ...ဈေးကတော့ ၂၀,၀၀၀ နဲ့ ၁၀၀,၀၀၀ ကြားလောက်ရှိတော့ ညီမအတွက်လည်း အဆင်ပြေမှာပါ...သူ့ကို ကြည့်ရင် ကြည့်ကြည့်လိုက်ပေါ့..."


ယွဲ့စုန့်သည် ကျန်းဟယ်လင်းအား ဒီဇိုင်နာ နာမည်နှင့် ဝက်ဘ်ဆိုက်ကိုပေးကာ ပြောလိုက်သည်။


"သူက တရုတ်မှာ ဆိုင်ခွဲမရှိလို့ ဝက်ဘ်ဆိုက်ကနေပဲ တန်းဝယ်ရမှာ...ညာဘက်အပေါ်နားကိုကြည့်လိုက်...အဲ့မှာ ဘာသာစကားရွေးဖို့နေရာရှိတယ်...အဲ့မှာ တရုတ်ဘာသာကိုရွေးလိုက်ပေါ့...သူ့မှာ တရုတ်ဗားရှင်းလဲရှိတယ်...ဝက်ဘ်ဆိုက်မှာပြထားတာက ပစ္စည်းဈေးပဲ...အခွန်ခ မပါသေးဘူး...ညီမလုပ်ရမှာက..."


ယွဲ့စုန့်သည် မူလတန်းကျောင်းသူလေးအား အရေးကြီးသည့်အချက်များကို ပြောပြလိုက်သည်။


"သမီးတွေ့ပြီ...ဝေါင်း ပစ္စည်းတွေက တကယ်ကောင်းတာပဲ..."


တစ်ဖက်မှ မူလတန်းကျောင်းသူလေးသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး...သမီး လုပ်တတ်သွားပြီ..."


ယွဲ့စုန့်က ထပ်ပြောလိုက်သည်။


"ဒါပေမယ့် ပစ္စည်းက နိုင်ငံခြားက လာမှာဆိုတော့ အချိန်ကြာမှာကိုပါ ထည့်တွက်ရမယ်...တော်ကြာ ပစ္စည်းရောက်တာ အရမ်းနောက်ကျသွားမလား..."


"မမရဲ့မွေးနေ့က ဧပြီလထဲမှာ...အဲ့ဒါဆို အရမ်းနောက်ကျသွားပြီလားဟင်..."


မူလတန်းကျောင်းသူလေးက မေးလိုက်သည်။


ယွဲ့စုန့်: "အဲ့ဒါက နောက်လ မှ မဟုတ်ဘူးလား...မင်းအစ်မအတွက် လက်ဆောင်ဝယ်ဖို့ကို အဲ့လောက်တောင် စိုးရိမ်နေတာလား..."


ကျန်းဟယ်လင်းက ပြောလိုက်သည်။


"သမီးက သေချာပြင်ဆင်ထားချင်လို့ပါ...မမရဲ့မွေးနေ့ကို သေချာလေး လုပ်ပေးချင်လို့..."


ယွဲ့စုန့်ကပြောလိုက်သည်။


"မင်းအစ်မ နဲ့ မင်းက အရမ်းချစ်ကြတာလား..."


"မမက သမီးကို ကောင်းကောင်းဂရုစိုက်ပေးလို့ပါ..."


ကျန်းဟယ်လင်းက ပုံမှန်ပင် ပြောလိုက်သည်။


Xxxxxxx


Part 202


ယွဲ့စုန့်သည် ဂိမ်းမဆော့သော်လည်း အခြားလူများကို ကူညီပေးရသည်ကိုပျော်သည်။ ယွဲ့စုန့် လိုင်းပေါ်မှမဆင်းခင်တွင် ကျန်းဟယ်လင်းအား ဂိမ်းထဲ၌ သူငယ်ချင်းများလျှောက်မဖွဲ့ရန် သတိပေးသွားသေးသည်။


ကျန်းဟယ်လင်း၏ လည်ပင်းမှ မာဖလာအနီ(1) သည် ပို၍ ထင်ရှားလာသည် ဟု ခံစားလိုက်ရသည်။


'ချောင်းဘေး၌ထင်းရှူးများကိုနားထောင်ခြင်း' ဆိုသော ဦးလေး..မဟုတ် အစ်ကိုကြီးပြောသည့် ဒီဇိုင်နာသည် တကယ်ပင် တော်သည်ကို ကျန်းဟယ်လင်း သိလိုက်ရသည်။ ကျန်းဟယ်လင်းသည် ဝက်ဘ်ဆိုဒ်၌ အချိန်အတော်ကြာ ရှာ‌ဖွေကြည့်ရင်းနှင့် "ခွန်အား" ဟုခေါ်သော လက်ဝတ်ရတနာ စီးရီးကို တွေ့လိုက်ရသည်။ ကျန်းဟယ်လင်းသည် ထို စီးရီးအား နှိပ်ကြည့်လိုက်ရာ အသက်ရှူရန်ပင် မေ့သွားရသည်။


"ဒီဟာပဲ..."


ကျန်းဟယ်လင်းသည် ကျေနပ်စွာ ပြုံးလိုက်သည်။


"မမက ဒါကိုကြိုက်မှာသေချာတယ်..."


"အုတ်ဂူသန့်ရှင်းသည့်ပွဲတော်" တွင် ကျန်းယန်ရှန့်နှင့် ကျန်းဟွမ် တို့သည် ကျန်းယန်ရှန့်အမေ၏ အုတ်ဂူအား သန့်ရှင်းရန် သင်္ချိုင်းကုန်းသို့ သွားခဲ့ကြသည်။


ကျန်းဟွမ်သည် ခါတိုင်းကဲ့သို့ပင် မျက်ရည်အနည်းငယ်ကျသည်။


ကျန်းယန်ရှန့်ကတော့ တည်ငြိမ်စွာပင် အုတ်ဂူအား လှဲကျင်းရှင်းလင်းသည်။ ထို့နောက် အဆင်တန်ဆာအသစ်များ ဆင်ယင်ကာ လန်းဆန်းသောပန်းအသစ်များတင်ပြီးသောအခါ ပြောလိုက်သည်။


"ပြန်ကြမယ်..."


ကျန်းဟွမ်သည် မျက်ရည်များသုတ်ကာ လှည့်၍ ကျန်းယန်ရှန့်နှင့်အတူ ထွက်ခွာလာခဲ့သည်။


‌နောက်တစ်ပတ်ခန့်ကြာသောအခါ ကျန်းယန်ရှန့်ကျောင်းမှပြန်လာချိန်တွင် တစ်စုံတစ်ခုကိုလိုက်ရှာနေဟန်တူသော ကျန်းဟယ်လင်းအား အိမ်ရှေ့၌ တွေ့လိုက်ရသည်။


"ဘာလုပ်နေတာလဲ...အိမ်စာမလုပ်ဘူးလား..."


ကျန်းယန်ရှန့်က ကားပေါ်မှဆင်းကာ လျှောက်သွား၍ မေးလိုက်သည်။


ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏ လက်‌ကိုဖက်ကာ ပြောလိုက်သည်။


"မမ...သမီးနဲ့လိုက်ခဲ့..."


ကျန်းယန်ရှန်: "?"


ကျန်းယန်ရှန့်သည် ဘာမှန်းမသိပဲ အိမ်ထဲသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။


"ဘာလုပ်တာလဲ..."


ကျန်းဟယ်လင်းသည် အားကုန်သုံး၍ ကျန်းယန်ရှန့်အား ဆွဲခေါ်နေသည်။ အကယ်၍ ကျန်းယန်ရှန့်သာ အားကုန်သုံး၍မတောင့်ထားပါက သူ့ညီမအား ဆွဲနိုင်မည်မဟုတ်ချေ။


အတိုချုံးပြောရလျှင် ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်အား မှောင်နေသည့် ထမင်းစားခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။


ကျန်းယန်ရှန့်သည် ပို၍ပင် စိတ်ရှုပ်သွားရသည်။


"ဒါက ဘာတွေဖြစ်နေတာလဲ...နေ့ခင်းကြောင်တောင်ကြီးမှာ ဘာဖြစ်လို့ လိုက်ကာတွေက ပိတ်ထားရတာလဲ..."


စကားမဆုံးခင်မှာပင် ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်၏အော်သံကို ကြားလိုက်ရသည်။


"ပျော်ရွှင်စရာမွေးနေ့ပါ..."


ကျန်းရှို့ချန်သည် အားကုန်သုံး၍ လည်ချောင်းများ ကွဲထွက်မတတ် အော်ဟစ်နေသည်။


"ပျော်ရွှင်စရာမွေးနေ့ပါ..."


လွယ်ကူလွန်း‌သောမွေးနေ့သီချင်းကို သံစဉ်မကိုက်အောင်ဆိုနိုင်သောလူသည် ကမ္ဘာပေါ်၌ အနည်းငယ်သာရှိကာ ကျန်းရှို့ချန်သည် တစ်ယောက်အပါအဝင်ဖြစ်သည်။


ကျန်းယန်ရှန့် ဆွံ့အနေမိသည်။


ကျန်းရှို့ချန်၏ သီချင်းဆိုသံက သံစဉ်မကိုက်ဖြစ်နေသော်လည်း အလွန်ပင် နားထောင်ကောင်းနေသည်ကိုတော့ ကျန်းယန်ရှန့် ဝန်ခံရပေမည်။


ကျန်းရှို့ချန်၏ အော်သံ..မဟုတ် သီချင်းဆိုသံကိုလိုက်၍ အန်တီတစ်ယောက်သည် ထမင်းစားတွန်းလှည်းကို ဖြည်းညင်းစွာ တွန်း၍ ထွက်လာသည်။ အလွန်လှပသည့် ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်၏ အလင်းရောင်သည် မှောင်နေသော ထမင်းစားခန်းအား လင်းသွားစေသည်။


လူတိုင်းသည် ကျန်းရှို့ချန်နှင့်အတူ မွေးနေ့သီချင်းအား လိုက်ဆိုနေကြသည်။


ကျန်းဟွမ်သာမက လျန့်ယင်းယင်း၊ ကျန်းဟယ်လင်း၊ ကျန်းရှို့ချန် နှင့် အန်တီများအားလုံးရှိနေကြကာ အဖွားကျန်းပင် ရောက်ရှိနေလေသည်။


ကိတ်မုန့်သည် ကျန်းယန်ရှန့်ရှေ့သို့ ဆိုက်ရောက်လာကာ မွေးနေ့သီချင်းသည်လည်း ပြီးဆုံးသွားသည်။ ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏ လက်ကို လှုပ်ခါကာ ပြောလိုက်သည်။


"မမ...ဖယောင်းတိုင်ကို မှုတ်လိုက်လေ...ဖယောင်းတိုင်ကို မှုတ်လိုက်..."


ကျန်းဟွမ်က ပူဖောင်းအရှည်နှစ်ခုအား ရိုက်၍ ပြောလိုက်သည်။


"ဆုအရင်တောင်း...ဆုအရင်တောင်း..."


ကျန်းဟယ်လင်းက ယခုမှ သတိရသွားသည်။


"ဟုတ်သားပဲ...အရင်ဆုတောင်းလိုက်ဦး..."


ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်အား ပြူးကျယ်သောမျက်လုံးများဖြင့်ကြည့်၍ သူ့အစ်မ ဘာဆုတောင်းလိုက်သည်ကို သိချင်နေမိသည်။


ကျန်းယန်ရှန့်သည် ထိုနှစ်က ဘာဖြစ်ခဲ့သည်ကို သတိရသွားသည်။


ကျန်းယန်ရှန့်သည် ထိုစဉ်က ကိတ်မုန့်ကို မှောက်ချကာ နောက် ဘယ်တော့မှ သူမ၏မွေးနေ့ပွဲကို မကျင်းပတော့ရန် ပြောဆိုခဲ့သည်။ နောက်တစ်နှစ်တွင် ကျန်းဟွမ်က မွေးနေ့မတိုင်ခင်၌ မွေးနေ့ပွဲလုပ်ချင်လား ဟု ကြိုတင်၍ မေးခဲ့သည်။ ထိုအချိန်က ကျန်းယန်ရှန့်သည် အလွန်ဒေါသထွက်ခဲ့ရသည်။ ကျန်းဟွမ်သာ သူမ အတွက် မွေးနေ့ပွဲ တကယ်လုပ်ပေးချင်ခဲ့လျှင် ကျန်းယန်ရှန့်သည် ဘာမှမပြောပဲ ပါဝင်ဆင်နွှဲပေးမည်သာ မဟုတ်လား။ ဘာကြောင့်များ ဤမေးခွန်းများ လာမေးနေရပါသနည်း။


ထို့ကြောင့် ကျန်းယန်ရှန့်သည် ဒေါသထွက်စွာဖြင့် "မလုပ်ဘူး" ဟု ပြန်ပြောခဲ့သည်။ ထိုအချိန်မှစ၍ သူမ မိသားစုသည် ကျန်းယန်ရှန့်အား မွေးနေ့ပွဲ ဘယ်တော့မှ မလုပ်ပေးတော့ချေ။


သူမရှေ့၌ရှိနေသော လှပသည့် ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်အလင်းရောင်ကို ကြည့်ရင်းဖြင့် ကျန်းယန်ရှန့်၏ရင်ထဲ၌ ခံစားချက်များမျိုးစုံ ဖြစ်ပေါ်လာသည်။


"မမ...မမ"


ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏လက်မောင်းအား လှုပ်ယမ်းလိုက်သည်။


"ဆုတောင်းလေ...ဆုတစ်ခုတောင်းလိုက်..."


စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ခြင်းများဖြင့်ပြည့်နှက်နေသော ကလေး၏ တောက်ပသည့် မျက်ဝန်းနက်နက်လေးများကိုမြင်လိုက်ရသောအခါ ကျန်းယန်ရှန့်၏ နှလုံးသားသည် ပျော့ပျောင်းသွားရသည်။ ကျန်းယန်ရှန့်သည် "အင်း" ဟု အသံပြုလိုက်ကာ ကိတ်မုန့်ဆီသို့ မျက်နှာမူ၍ မျက်လုံးကို မှိတ်လိုက်သည်။


ကျန်းယန်ရှန့်တောင်းလိုက်သည်မှာ ဆုတစ်ခုမဟုတ်ပဲ ပြင်းထန်၍ ခိုင်မာသော သံဓိဌာန်တစ်ခုသာဖြစ်သည်။


သို့သော် မည်သူမျှ မသိပါ။ အခြားလူများမြင်လိုက်သည်က ကျန်းယန်ရှန့်သည် မျက်လုံးများမှိတ်၍ ဆုတောင်းကာ မျက်လုံးများပြန်ဖွင့်လိုက်သည်ကိုပင်ဖြစ်သည်။ ထိုနက်မှောင်သော မျက်လုံးများသည် ဖယောင်းတိုင်၏အလင်းအောက်၌ ရေကန်နှစ်ကန်သဖွယ် ဖြစ်နေကြသည်။ ထို့နောက် ကျန်းယန်ရှန့်သည် ဖယောင်းတိုင်အား မှုတ်လိုက်သည်။


ကျန်းဟွမ်က သူ့လက်ထဲရှိ ပူဖောင်းရှည်နှစ်ခုကို တ‌ဖြောင်းဖြောင်း တီးလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ကုမ္ပဏီကြီး၏သူဌေးနှင့်ပင် မတူတော့ချေ။ ကျန်းဟွမ်သည် မိသားစုတွင် အငယ်ဆုံးဖြစ်ခဲ့ရာ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ကို တက်ကြွလာအောင် ပြုလုပ်နိုင်သူဖြစ်သည်။


လူတိုင်းသည် လက်ခုပ်တီးနေကြသည်။ တချို့ကတော့ အမှန်တကယ်ပျော်ရွှင်၍၊ တချို့က ကိတ်မုန့်စားရမည်ကို ပျော်၍၊ တချို့ကတော့ တစ်ပါးသူ၏ အပျော်များကူးစက်ကုန်၍ တီးနေကြသည်။


အဖွားကျန်းလည်း ရှိနေသဖြင့် လျန့်ယင်းယင်းသည် မပြုံးပဲနေ၍ မရချေ။ သူမ သည် ရင်ထဲ၌ ကျိန်ဆဲနေမိသော်လည်း မျက်နှာကတော့ ညှစ်၍ပြုံးထားရကာ အခြားလူများနည်းတူ လက်ခုပ်လည်း လိုက်တီးပေးနေရသည်။


ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်းတို့သည် ပါတီဗျောက်အိုးအနည်းငယ်ကို ဖောက်လိုက်ကြသည်။ "ဘမ်း" ဆိုသော အသံနှင့်အတူ ရောင်စုံစက္ကူလေးများသည် ကြမ်းပြင်ကို ဖုံးလွှမ်းသွားကြသည်။


လိုက်ကာများကိုလည်း ပြန်ဖွင့်လိုက်သောကြောင့် ထမင်းစားခန်းသည် ပြန်၍ လင်းလာသည်။


ကျန်းယန်ရှန့်သည် အဖွားကျန်း၏ လက်မောင်းကိုဖက်ကာ မေးလိုက်သည်။


"ဖွားဖွားက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ..."


ကလေးများ၏မွေးနေ့ပွဲသို့ လူကြီးများတက်ရန် အကြောင်းမရှိချေ။


အဖွားက ပြုံးကာ ပြောလိုက်သည်။


"ဖွားဖွားလာချင်လို့ လာတာပေါ့ကွယ်..."


ထိုသို့ပြောရင်းဖြင့် အဖွားကျန်းသည် ကျန်းယန်ရှန့်အား ပါးလွှာသည့် အနီရောင်စာအိတ်ကို ပေးလိုက်သည်။


စာအိတ်သည် အလွန်ပါးလွှာသောကြောင့် အထဲတွင် ချက်လက်မှတ်ဖြစ်သည်ကို ဖွင့်မကြည့်ပဲ သိနိုင်နေသည်။


လူတိုင်းက ကျန်းယန်ရှန့်အား လက်ဆောင်များပေးကြသည်။ လျန့်ယင်းယင်းနှင့် ကျန်းရှို့ချန်တို့ပင် လက်ဆောင်များပေးကြသည်။


တစ်ဖက်တွင်လည်း အန်တီများက အလွန်ပင်ပျော်ရွှင်နေကြသည်။ အန်တီများက ကျန်းယန်ရှန့်အား လက်ဆောင်ပေးရမည့်အစား ကျန်းဟွမ်က သူတို့အား စာအိတ်အနီရောင်များပေးသည်။


"လာကြ...လာကြ...ဒီနေ့က ယန်ယန့်မွေးနေ့ဆိုတော့ ငါတို့အားလုံးပျော်သင့်တယ်..."


အန်တီများအားလုံးသည် ပြုံးပျော်နေ၍ ကျန်းယန်ရှန့်အတွက် ဆုမွန်ကောင်းများတောင်းပေးကြသည်။


အန်တီတစ်ယောက်က မမလေးယန်ယန်သည် တစ်နေ့တစ်ခြား ပိုပို၍ လှလာသည် ဟုပြောကာ နောက်တစ်ယောက်က ကျောင်းစာများတွင် တိုးတက်လာ၍ ကျန်းမာရေးကောင်းမွန်ပါစေ ဟု ဆုတောင်းပေသည်။


ကားဒရိုင်ဘာ ရှောင်ကျိုးသည်လည်း ယနေ့အစီအစဉ်များကို သိကာ ကားပါကင်ထိုးပြီးသည်နှင့် အိမ်ထဲသို့ အပြေးဝင်လာသည်။ သူလည်း ကြီးမားသည့် အနီရောင်စာအိတ်ကိုရသွားကာ ပြုံးပျော်နေတော့သည်။


မိသားစုသည် ပျော်ရွှင်တက်ကြွကာ စားသောက်ကြကာ ကျန်းယန်ရှန့်၏ မွေးနေ့ပွဲအား ဆင်နွှဲခဲ့ကြသည်။ ညစာ စားပြီးသောအခါ ကျန်းယန်ရှန့်သည် အဖွားကျန်းအား လက်မှ တွဲကာ ပြန်ရန် လိုက်ပို့သည်။


ထို့နောက် ကျန်းယန်ရှန့်သည် လက်ဆောင်များကို ဖွင့်ရန် အခန်းသို့ ပြန်သွားခဲ့သည်။


(1) - တရုတ်နှင့် အခြားကွန်မြူနစ်ပါတီဝင် အစိုးရအုပ်ချုပ်သည့်နိုင်ငံများတွင် မူလတန်းကျောင်းသားများသည် အနီရောင်အဝတ်စများကို အနီရောင်လည်စီးအဖြစ် လည်ပင်း၌ ဝတ်ဆင်ကြသည်။ ထိုသို့ဝတ်ရခြင်းမှာ အရှေ့မှ ကျောင်းသားအစ်ကို အစ်မများမှ တိုက်ပွဲတွင် သွေးများမြေခခဲ့ပေးခြင်းကြောင့် ယခု လူငယ်များက ပျော်ရွှင်စရာဘဝကို နေနိုင်နေခြင်းဖြစ်၍ ထို မြေသို့ကျခဲ့သော သွေးများကို ဘယ်တော့မှ မမေ့သင့် ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။


Xxxxxx