part 66
သဘာဝကျစွာဖြင့် ဝမ်လေးကလဲသူ့အဖေ၏စကားလုံးများဖြင့်အရူးလုပ်ခြင်းကိုခံလိုက်ရသည်။သူခေါင်းညိမ့်လိုက်သော်လဲ အနဲငယ်စိုးရိမ်စွာဖြင့်သူ့အဖေကိုထပ်မံပြောလိုက်သေးသည်။
"ပါပါးကလဲ ဒါကိုမားမားကိုသွားမပြောရဘူးနော်...သားကအခုမားမားကိုသေချာစောင့်ကြည့်တော့မယ်...သေချာပေါက်မာမားဘာကိုကြိုက်တယ်ဆိုတာကိုရှာတွေ့မှာပဲ..."
ဉာဏ်ရည်ထက်မြက်သည့်သားတယောက်အနေနှင့် ဝမ်လေးက သူ့မာမားဘာကြိုက်နှစ်သက်သည်ကိုမသိသောကြောင့်စိတ်မကောင်းဖြစ်နေမိလေသည်။
ဝမ်လေးက သူ့၏ခေါင်းအုံးလေးကိုပိုက်၍ယွမ်ရှ၏အခန်းဆီသို့ပြန်ရောက်လာသည့်အခါတွင်သူအနဲငယ်အပြစ်ရှိသလိုခံစားနေရသည့်ပုံပေါက်နေသည်ကိုယွမ်ရှသတိပြုမိလိုက်သည်။
ကလေးလေးက သူ့၏ခြေထောက်တိုတိုလေးများဖြင့်ကုတင်ပေါ်သို့ကြိုးစား၍ကုတ်တွယ်တက်လာပြီးနောက် ယွမ်ရှ၏ဘေးနားသို့လိမ့်ဝင်လာသည်။ထို့နောက် သူ့၏အမွှေးပွခေါင်းလေးဖြင့်ယွမ်ရှ၏လက်မောင်းကိုပွတ်သပ်လိုက်ရင်းပြောလိုက်သည်။
"မာမားရဲ့အနံ့လေးကအရမ်းမွှေးတာပဲ..."
"ဟုတ်လား..."
ယွမ်ရှအသံတချက်ပြုရင်းစိတ်ထဲမှ တွေးလိုက်မိသည်။
ဟုတ်တယ်လေ အဲ့ဒီ့ရေချိုးဆပ်ပြာရဲ့စျေးနှုန်းကိုငါ ကြည့်တောင်မကြည့်နိုင်တော့ဘူး...ချမ်းသာတဲ့လူတွေကဘဝကိုဘယ်လိုဇိမ်ကျကျနေရတယ်ဆိုတာတကယ်သိကြတာပဲ...
ဝမ်လေးက ဒီညတွင်သူမကိုပို၍ကပ်တွယ်နေသည်။သူ့၏အပြုအမူလေးကအနဲငယ်ဖားရားနေသည်ဟုလဲ ထင်ရလေသည်။ယွမ်ရှကသူ့၏အပြုအမူများကိုသတိပြုမိသော်လဲ ကလေးလေးကထိုတိုင်းအမြဲသာလုပ်တတ်သောကြောင့် ဘာကြောင့်ဆိုသည်ကိုမေးမနေတော့ပေ။
ကလေးကိုစောင်လွှမ်းခြုံပေးလိုက်ပြီးနောက်
အိပ်ယာဘေးရှိ ပုံပြင်စာအုပ်ကိုလှမ်းယူလိုက်ကာပုံပြင်ဖတ်ပြရန်ပြင်လိုက်သည်။ထိုကလေးပုံပြင်စာအုပ်၌ အဂ်လိပ်စာနှင့်တရုတ်ဘာသာစကားနှစ်မျိုးလုံးပါရှိလေသည်။ယခုလက်ရှိ၌ ယွမ်ရှအတွက်အဂ်လိပ်လိုအသံထွက်ဖတ်ရသည်က အနဲငယ်အခက်အခဲရှိနေသေးသည်။
၎င်းကသူမ၏အဂ်လိပ်စာအရည်အချင်းဆိုးရွားနေသည်ကိုမဆိုလိုပေ။
ထိုပြဿနာက တခြားသူများလဲတွေ့ကြုံရသည့်ပြဿနာတရပ်သာဖြစ်သည်။သူမအဂ်လိပ်လိုရေးနိုင်သော်လဲ စကားပြောဆိုဖို့ရာအတွက်အနဲငယ်ခက်ခဲနေပေသေး၏။သူမကယခုထိတိုင်အောင် လူမျိုးခြားဆရာမတယောက်ဖြစ်သင်ယူနေဆဲဖြစ်သည်။အဂ်လိပ်လို ကျွမ်းကျွမ်းကျင်ကျင်ဖတ်နိုင်သ်ည့အချိန်မရောက်သေးခင်တရုတ်လိုသာဖတ်သင်သည်ဟုသူမခံစားမိလေသည်။
သူမ၏ဆိုးရွားလှသော စကေးဖြင့်ဖတ်ပြလိုက်ပြီး ဝမ်လေးအပေါ်တွင်အသံထွက်အမှားများလွှမ်းမိုးသွားမည်ကိုမလိုချင်ပေ။
ဝမ်လေးကသေသေချာချာ အာရုံစူးစိုက်၍နားထောင်နေလေသည်။အိပ်ယာဝင်ပုံပြင်များဖတ်ပြသည့်အချိန်တိုင်းတွင် ယွမ်ရှ၏အမူအယာကအလွန်နူးညံ့သိမ်မွေ့နေသည်ဟုခံစားရလေသည်။
တချက်တချက် တယောက်နှင့်တယောက်စောင်းငှဲ့ကြည့်နေသည့်သားမိနှစ်ယောက်ပုံရိပ်ကပင် ကြည်နူးစရာကောင်းလှသည်။
အခန်းအပြင်ဘက်တွင်...
.စုန့်ထင်ရှန်းတယောက်ပိတ်ထားသောတံခါးရွက်ကို နားဖြင့်ဖိကပ်ကာနားထောင်နေလေသည်။အခန်းအတွင်းမှထွက်ပေါ်လာသော ခပ်ဖျော့ဖျော့အသံများကိုသူကြားနေရလေသည်။
ဖခင်တယောက်အနေနဲ့ သူ့ကလေးလေးကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်အောင်သူလုပ်နိုင်တဲ့ဘယ်အရာမဆိုပြုလုပ်ပြီးတော့ မကြိုးစားသင့်ဘူးလား...
နောက်တနေ့မနက်စောစောတွင် စုန့်ထင်ရှန်းတယောက်သူ့၏လက်ထောက်ချန်းကိုဖုန်းခေါ်ဆိုလိုက်ပြီး ပထမဦးဆုံးအကြိမ်ဖြင့်မနက်ပိုင်းအစည်းအဝေးပွဲကိုနေ့လည်ပိုင်းသို့မဟုတ် နောက်တနေ့မနက်သို့ရွေ့ဆိုင်းရန်ပြောလိုက်သည်။
စုန့်ထင်ရှန်းသည် သူ့၏အလုပ်ပေါ်တွင် အလွန်အလေးအနက်ထားတိကျလေသည်။ထိုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျတင်းကြပ်သောစည်းကမ်းများသာမထားရှိပါက နောက်ခံမရှိသောအခြေအနေမှနေ၍ယခုကဲ့သို့အောင်မြင်မှုမျိုးရရှိလာလိမ့်မည်မဟုတ်ပေ။လက်ထောက်ချန်းတယောက်ဖုန်းချလိုက်ပြီးသည့်အချိန်ထိ သူသတိပြန်ဝင်မလာသေးပေ။
သူစုန့်ထင်ရှန်း၏လက်ထောက်အဖြစ်လုပ်ကိုင်လာခဲ့သည်မှာ နှစ်နှစ်မျှသာရှိသေးသော်လဲသူ့သူဌေး၏အကျင့်စရိုက်ကိုကောင်းစွာနားလည်ထားပြီးဖြစ်သည်။
"အိမ်မှာ ကိစ္စတခုခုများဖြစ်သွားလို့လား..."
လက်ထောက်ချန်းက ရုံးခန်းထဲမှထွက်လာပြီး သူ့အတွက်သူကော်ဖီဖျော်ရန်အတွက်နားနေခန်းထဲသို့ဝင်လိုက်သည့်အချိန်တွင် လီကျင်းနှင့်မတော်တဆတိုက်မိသွားသည်။
လီကျင်းက သူ့ကိုပြုံးပြလိုက်ပြီးနောက် သူမ၏နေ့လည်စာအိတ်ထဲမှ ဗူးအကြည်လေးတခုကိုထုတ်ယူလိုက်သည်။
"မနေ့ကတုန်းက ကျွန်မအိမ်မှာပျင်းနေတာနဲ့ပဲ...ကွတ်ကီးတချို့စမ်းဖုတ်ကြည့်လိုက်တာလေ...အကိုချန်းမြည်းကြည့်ပါဦးလား..."
လက်ထောက်ချန်းက ထိုဗူးလေးကိုလှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်နော်...နင်ကတော့အရမ်းကိုပဲ ကျွမ်းကျင်နေတာပါပဲလား...ငါ့ရဲ့ကောင်မလေးကတော့ ငါ့အတွက်ကွတ်ကီးဖုတ်ပေးမယ်လို့ပြောပြီးတော့လေ အားလုံးမီးကျွမ်းတာနဲ့ပဲအဆုံးသတ်သွားတယ်..."
လက်ထောက်ချန်းနှင့် လီကျင်းတို့နှစ်ယောက်ခဏမျှစကားမြည်ပြောနေကြသည်။ထိုနောက်သူမက ရုတ်တရက်သတိရပုံမျိုးဟန်ဆောင်လိုက်ပြီးမေးလိုက်သည်။
"စီအီးအိုစုန့် နေမကောင်းများဖြစ်နေလို့လား...ကိုးနာရီတောင်ထိုးတော့မယ် ရောက်မလာသေးဘူးနော် သူ့ရဲ့လက်မှတ်လိုအပ်တဲ့စာရွက်စာတမ်းတွေရှိနေသေးတယ်..."
လီကျင်းသည် အကပ်ကောင်းဖြင့်ဝင်လာသည့်သူဟုယူဆနိုင်ကြောင်း လက်ထောက်ချန်းသိပေသည်။ထို့ကြောင့်သူ ပြောလိုက်သည်။
"စီအီးအိုစုန့်က ဒီမနက်ရုံးလာမှာမဟုတ်ဘူး...တင်ပြစရာရှိတာတွေကို ငါ့ကိုပေးလိုက်လို့ရတယ်လေ..."
xxxxxxxxxx