part-67
"အော်..."
လီကျင်းခဏမျှရပ်တန့်သွားသည်။
"အိုး...ဟုတ်သားပဲ အကိုချန်း...ကျွန်မရဲ့သူငယ်ချင်းတယောက်က ဂျပန်ကိုသွားမလို့တဲ့ အကိုရဲ့ကောင်မလေးကများ အဲ့ဒီ့ကတခုခုလိုချင်တာများရှိလား...အဲ့ဒီ့မှာကစျေးလဲချိုတယ်လေ..."
လက်ထောက်ချန်းကအပြုံးမျက်နှာဖြင့် တုန့်ပြန်လိုက်သည်။
"အိုး...သတင်းကောင်းပဲ မကြာခင်မှာသူ့ရဲ့မွေးနေ့ရောက်တော့မှာလေ...သူ့အတွက်ဘာပေးရမှန်းမသိလို့စိတ်ပူနေတာ အာ...ဒါနဲ့ အဲ့ဒာနင့်ရဲ့သူငယ်ချင်းကိုဒုက္ခပေးသလိုများဖြစ်နေမလား..."
လီကျင်းကအပြုံးလေးဖြင့်တုန့်ပြန်လိုက်သည်။
"မဖြစ်ပါဘူး...အဲ့ဒာကအကိုချန်ရဲ့ပြဿနာကို ကူညီဖြေရှင်းပေးလိုက်နိုင်တယ်ဆိုရင်ပဲ ကောင်းနေပါပြီ..."
လက်ထောက်ချန်းက လီကျင်းသည် တော်တော်လေးကောင်းသည့်သူတယောက်ဟုတွေးလိုက်မိသည်။သူမက တယောက်နဲ့တယောက်ကြားဆက်ဆံရေးကို တည်ဆောက်ရာတွင်လဲ တော်တော်လေးအကောင်းမြင်တတ်သည်။ ထို့ကြောင့် သူပြောမည့်စကားများကိုမပြောတော့ပဲစိတ်လျော့လိုက်သည်။အရင်ကကဲ့သို့သူမအပေါ်တွင်သတိချပ်နေခြင်းမျိုးမရှိတော့ပေ။
မူကြိုကျောင်း၏ အပြင်ဘက်တွင်မိဘများက သူတို့၏ကလေးများကိုမူကြိုဆရာမများလက်ဆွဲ၍ကျောင်းထဲခေါ်ဆောင်သွားသည်ကိုရပ်စောင့်ကြည့်နေကြသည်။ထိုကဲ့သို့ကြည့်ပြီးမှသာ သူတို့၏စိုးရိမ်ပူပန်မှုများလျော့နည်းနိုင်မည်ဖြစ်သည်။စုန့်ထင်ရှန်းနှင့်ယွမ်ရှတို့သည်လဲ ကျောင်းအပေါက်ဝအပြင်ဘက်တွင်ရပ်နေကြဆဲဖြစ်သည်။
ဒီမူကြိုကျောင်း၏စီမံမှုက အတော်လေးကောင်းမွန်ပေသည်။ကလေးများကိုလုံခြုံရေးကဒ်တကဒ်စီပေးထားပြီး အထဲဝင်လိုပါကသူတို့၏ကဒ်ကိုပွတ်ဆွဲဖြတ်၍ဝင်ရမည်ဖြစ်သည်။သူတို့ပြန်သည့်အခါတွင်လဲ ကဒ်ကိုတခါထပ်မံဖြတ်ရမည်ဖြစ်သည်။မူကြိုကျောင်း၏ဝင်ပေါက်တံခါးများကိုလဲအမြဲတမ်းပိတ်ထား၏။
မိဘများက သူတို့၏ကလေးကို လာကြိုသည့်အချိန်၌ပင် ဆရာမများကလေးကိုခေါ်ထုတ်လာသည့်အချိန်ထိအပေါက်ဝတွင်စောင့်ရမည်သာဖြစ်သည်။
"ကျွန်မတို့ တနေရာရာမှာသွားထိုင်ပြီးစကားပြောရအောင်..."
ယွမ်ရှကအရင်ဦးဆုံးအကြံပြုလိုက်သည်။သူမအနီးနားတွင်ရှိနေသော ကဖေးတခုကိုညွှန်ပြလိုက်သည်။
"အဲ့ဒီ့ကဖေးမှာသွားထိုင်ရင်ရော ဘယ်လိုလဲဒီနေ့တနလ်ာနေ့မနက်ဆိုတော့ လူအများကြီးရှိနေမှာမဟုတ်ဘူး...တိတ်ဆိတ်နေမှာဖြစ်တဲ့အတွက် စကားပြောဖို့လဲသင့်တော်တယ်လေ..."
သူမကပိုင်ဆိုင်မှုများခွဲဝေခြင်းနှင့်ကလေး၏အုပ်ထိန်းခွင့်အတွက်ဆွေးနွေးပြောဆိုဖို့ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။
စုန့်ထင်ရှန်းကလဲ သူမအကြံပြုသည့်နေရာနှင့်ပတ်သတ်သည့်မည်သည့်ထင်မြင်ချက်မျိုးမှရှိမနေပေ။သူကားကို ထိုနေရာအထိမောင်းသွားလိုက်သည်။သူတို့ရောက်သည့်အချိန်၌ ကားပါကင်ထိုးစရာနေရာများလဲကျန်ရှိနေသေးသောကြောင့်အဆင်ပြေသွားလေသည်။
သူတို့ဆိုင်ထဲသို့တချက်လှမ်းကြည့်လိုက်ကြသည် သေချာပေါက်ပင်ဆိုင်ထဲတွင်များများစားစားရှိမနေပေ။ထို့အပြင်စားပွဲထိုးလဲ အများကြီးရှုပ်မနေပေ သူတို့ဆိုင်ထဲတွင်နေရာယူလိုက်ပြီးနောက် ကော်ဖီတခွက်မှာလိုက်သည်။
ယွမ်ရှကစုန့်ထင်ရှန်း ကွာရှင်းပြတ်စဲမည့်အကြောင်းပြောလာမည်ကိုအေးဆေးစွာစောင့်ဆိုင်းနေလေသည်။
အိမ်ထောင်ရေးဆိုသည်က ကိုယ်တိုင်တွေ့ကြုံခံစားဖူးမှ နားလည်နိုင်သည့်အရာမျိုးပင်။မူလပိုင်ရှင်နှင့် သူမတို့နှစ်ယောက်စလုံးက ယခုအိမ်ထောင်ရေးကိုအနှောင့်အယှက်မရှိသောဆက်ဆံရေးမျိုးဟုထင်မြင်မိကြသော်လဲ စုန့်ထင်ရှန်းဘက်မူ၎င်းကိုစိတ်မကျေနပ်နိုင်ဖြစ်နေပုံပေါ်သည်။သို့သော်လဲ ယွမ်ရှက စုန့်ထင်ရှန်း၏ခံစားချက်ကိုနားလည်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ မူလပိုင်ရှင်က သူ့ကိုအကျပ်ကိုင်၍လက်ထပ်ရန်ကြိုးစားခဲ့ခြင်းသာဖြစ်သည်။သို့သော်လဲ သူ့တွင်ကွာရှင်းပြတ်စဲရန်အတွက်ပို၍ကောင်းမွန်သောအကြောင်းပြချက်တခုရှိနေမည်ဟု ယွမ်ရှသေချာသိပေသည်။
အိမ်ထောင်သည်စုံတွဲတတွဲတွင်ကလေးပင်ရှိနေသောအခြေအနေမျိုး၌ ကွာရှင်းပြတ်စဲလိုသည့်အကြောင်းအရင်းမှာ သူ သို့မဟုတ် သူမက အပြင်မှတစုံတယောက်ကိုချစ်ခင်မြတ်နိုးနေသောကြောင့်သာဖြစ်နိုင်ပေသည်။
သူမကအလွန်ပါးနပ်ပြီးတွက်ချက်တတ်သူတယောက်ဖြစ်သည်။စုန့်ထင်ရှန်းသည် သဘောထားကြီးသူ တယောက်ဖြစ်လေရာ သူမက မစ္စစုန့်နေရာကိုလက်ဝါးကြီးအုပ်ပြီး ထွက်ခွာရန်ငြင်းဆိုနေစရာအကြောင်းမရှိပေ။
သူတို့သာကောင်းကောင်းမွန်မွန်ညှိနှိုင်းလမ်းခွဲနိုင်ခဲ့ပါက ခင်မင်ရင်းနှီးသောခင်ပွန်းဟောင်း ဇနီးဟောင်းများအဖြစ်ဆက်လက်တည်ရှိနေနိုင်ဦးမည်ဖြစ်သည်။
စုန့်ထင်ရှန်း ယွမ်ရှကိုကြည့်လိုက်သည်။ သူကဆွေးနွေးညှိနိုင်းသည့်အချိန်များတွင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနှင့်တည်ငြိမ်နေတတ်သူမျိုးဖြစ်သည်။ယခုအချိန်၌ ရှားရှားပါးပါးမည်သည့်စကားဆိုရမှန်းမသိအောင်ခံစားနေရသည်။
ဘယ်လိုစကားဆိုရမည်မသိသလို ဘယ်လိုစတင်ရမည်လဲမသိပေ။ကံကောင်းထောက်မစွာဖြင့် ယွမ်ရှကအလွန်စိတ်ရှည်နေပေသည်။
သူတို့နှစ်ယောက်လုံး ဆယ်မိနစ်နီးပါးမျှတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အချိန်ကိုတန်ဖိုးထားတတ်သောစုန့်ထင်ရှန်းက စတင်၍စကားဆိုလာသည်။
"ယွမ်ရှ မင်းလိုချင်တဲ့တခြားအရာတွေများရှိသေးလား..."
"ဟမ်..."
.
ယွမ်ရှကြောင်အမှင်သက်သွားသည်။
"အိမ်ပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ် ဒါမှမဟုတ်တခြားအရာတခုခုပဲဖြစ်ဖြစ်အဲ့တာကကိုယ်တတ်နိုင်တဲ့အရာဖြစ်နေရင် မင်းကြိုက်သလိုတောင်းဆိုနိုင်တယ်...ဝမ်လေးရဲ့ရှေ့မှာ ကိုယ်တို့ကချစ်ခင်တဲ့စုံတွဲတွေဖြစ်ပြီးတော့ မင်းကသူ့ကိုချစ်တဲ့အမေအဖြစ်ဆက်ရှိနေပေးနေသရွေ့မင်းကြိုက်တာတောင်းဆိုလိုက် ကိုယ်သဘောတူတယ်..."
ယွမ်ရှအမှန်တကယ်ပင် ကြောင်အမှင်သက်နေမိသည်။စကားလုံးတလုံးခြင်းစီရဲ့အဓိပ္ပါယ်ကို သူမနားလည်သော်လဲ ပေါင်းစပ်လိုက်သောအခါတွင်တကယ့်ကိုဆွံ့အမိနေသည်။
နေပါဦး သူတို့ကဒီကိုကွာရှင်းပြတ်စဲဖို့အကြောင်းပြောဖို့လာကြတာမဟုတ်ဘူးလား...
ကွာရှင်းပြတ်စဲပြီး ပိုင်ဆိုင်မှုတွေခွဲဝေဖို့နဲ့ ကလေးလေးကိုဘယ်သူအုပ်ထိန်းမယ်ဆိုတဲ့အကြောင်းပြောဖို့လေ မဟုတ်ဘူးလား...