အပိုင်း (၆၈)
Viewers 31k

part-68


စုန့်ထင်ရှန်းအနေဖြင့် သူယွမ်ရှအပေါ်မှာမမျှမတဆက်ဆံခဲ့သည်ဟုမခံစားရပေ။လွန်ခဲ့သောလေးနှစ်.. ထိုတစ်ညက သူမကသာသူ့အပေါ်ကြံစည်ခဲ့ခြင်းဖြစ်သည်။ထိုအချက်ကိုအကြောင်းပြုပြီးအကျပ်ကိုင်လာသည့်အခါတွင်လဲသူက လိုက်လျောညီထွေဖြစ်ရန်သာရွေးချယ်ခဲ့သည်။တကယ်တမ်းရိုးရိုးသားသားပြောရမည်ဆိုလျှင် ထိုနေ့ညကသူတို့နှစ်ယောက်လုံးဆန္ဒရှိခဲ့သည်ဟုပြောလျှင်လဲမမှားပေ။


သူက ထိုညတွင်သတိလက်လွတ်ပျော်ပါးခဲ့သော်လဲ နောက်တနေန့နိုးထလာချိန်ကြုံမည့်အစီအစဉ်များကိုတွေးထားခဲ့ပြီးသားဖြစ်သည်။အကယ်၍သူမက ပိုက်ဆံ အိမ် ကား..စသဖြင့်ငွေကြေးတောင်းခံမှုများပြုလုပ်လာခဲ့လျှင်သူသဘောတူလိမ့်မည်သာဖြစ်သည်။သူမကိုလျော်ကြေးပေးရန်အတွက်ထိုနည်းလမ်းကသာအသင့်တော်ဆုံးဖြစ်သည်။


သို့သော်လဲ သတိမမူမိခဲ့သောညလေးတညကသူ့၏ကျန်ရှိနေသောဘဝတလျှောက်လုံးကိုပြောင်းလဲသွားစေသည့် ညတညဖြစ်ခဲ့ရသည်။


သူမတွင် ကိုယ်ဝန်ရှိခဲ့ပြီးသူ့၏ဇနီးမယားတယောက်ဖြစ်ချင်ခဲ့သည်။ယောက်ျားကောင်းတယောက်ဖြစ်သော သူ့အနေနဲ့လဲတာဝန်ယူရန်လမ်းတခုသာရှိတော့သည်။


ဒါပေါ့...သူကသူမကို ဖိအားပေးပြီးဖျက်ချခိုင်းမည်ဆိုလျှင်တောင် ထိုအဖြစ်အပျက်ကထူးဆန်းနေမည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သောကိစ္စမျိုးက မြို့တော်ထဲတွင် နေ့စဉ်နေ့တိုင်းလိုလိုဖြစ်ပျက်နေသောကြောင့်ဖြစ်သည်။


သို့သော်လဲ သူကထိုကဲ့သို့မပြုလုပ်ခဲ့ပေ။

သူက သူ့ထက်နှစ်များစွာငယ်သောအမျိုးသမီးငယ်လေးတယောက်ကိုကိုယ်ဝန်ဖျက်ချဖို့ဖိအားမပေးနိုင်ပေ။သူမ၏ရည်ရွယ်ချက်များက အစထဲကမသန့်ရှင်းခဲ့ဖူးဆိုလျှင်တောင်မှ သူတိုက်တွန်းမှုမပြုလုပ်နိုင်ပေ။


အိမ်ထောင်ကျပြီးသည့်နောက်တွင်လဲ သူတို့နှစ်ယောက်က သာမာန်စီးပွား‌ရေးလုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင်ရှိနေခဲ့ကြသည်။သူတို့၏ရီစရာကောင်းလှသော အတုအယောင်အိမ်ထောင်ရေးကိုဆက်လက်တည်မြဲအောင်ဟန်ဆောင်နေခဲ့ကြသည်။

သူတို့တွင် ခံစားချက်မရှိလျှင်တောင်မှ စုန့်ထင်ရှန်းက သူမကို ဆက်လက်စောင့်ရှောက်လိုဆဲပင်။အဘယ်ကြောင့်ဆိုသော် သူမက သူ့၏ တရားဝင်ဇနီးမယားတယောက်ဖြစ်ပြီး သူ့အတွက် သားလေးတယောက်ကိုမွေးဖွားပေးထားခဲ့သောကြောင့်ဖြစ်သည်။


သို့သော်လဲ သူကသူမအပေါ်တွင် မမျှမတမဆက်ဆံခဲ့သော်လဲ နောက်ဆုံး၌သူတို့သားလေးအပေါ်တွင်မတရားဆက်ဆံခဲ့သလိုဖြစ်သွားခဲ့ရသည်။


အရင်အချိန်တုန်းက စုန့်ထင်ရှန်းသည် ယွမ်ရှတယောက် သူတို့သားလေးကိုဂရုမစိုက်လဲအဆင်ပြေသည်ဟု သာတွေးထင်ခဲ့ဖူးသည်။သူတို့နှစ်ယောက်အိမ်ထောင်မပြုခင်ထဲကပင် တယောက်ဘဝကိုတယောက်ဝင်ရောကမနှောင့်ယှက်ရန် သဘောတူထားခဲ့ပြီးဖြစ်သောကြောင့် ထိုကဲ့သို့ဂရုမစိုက်စွာနေခြင်းကလဲအဆင်ပြေသည်ဟုသာခံစားရသည်။


ဒီကမ္ဘာပေါ်တွင်ရှိနေကြသော မိခင်များအားလုံးကသူတို့၏သားသမီးများကိုနှစ်သက်မြတ်နိုးလိမ့်မည်ဟုမဆိုလိုပေ။


ယွမ်ရှက မိခင်ကောင်းတယောက်ဖြစ်မလာခဲ့လျှင်လဲ သူကပို၍ကောင်းသောဖခင်တယောက်ဖြစ်လာပေးပြီးသူ့သားလေး၏ လိုအပ်နေသောကွက်လပ်ကိုဖြည့်ဆည်းပေးမည်သာဖြစ်သည်။ယွမ်ရှ၏ပျက်ကွက်မှုကြောင့် လိုအပ်နေသော မိခင်မေတ္တာကွက်လပ်ကို သူက တတ်စွမ်းသရွေ့ဖြည့်ပေးမည်သာဖြစ်သည်။


သို့သော်လဲ ထိုညနေတွင် ဝမ်လေးနှင့်စကားပြောဆိုဆွေးနွေးပြီးနောက် သူ့၏အတွေးများကတဖက်သတ်ဆန်သွားကြောင်းသတိပြုမိခဲ့သည်။အကယ်၍သူသာ သူ့၏ သားလေးကိုကျန်းမာပျော်ရွှင်သောအခြေအနေကောင်းတခုကိုပေးလိုလျှင် ဖခင်မေတ္တာတခုထဲဖြင့်မရပဲ မိခင်မေတ္တာလဲလိုအပ်ပေလိမ့်မည်။


အကယ်၍ယွမ်ရှသာ ဝမ်လေး၏အပေါ်တွင်မည်သည့်ချစ်ခြင်းမေတ္တာတရားမှမပြသခဲ့ပါက ကလေလေးသည် ထိုကဲ့သို့ပြုမူပုံနှင့်အသားကျနေလိမ့်မည်သာဖြစ်သည်။

သို့သော်လဲ ယခုမူသူ့၏သားလေးကမိခင်၏ချစ်ခြင်းမေတ္တာကိုခံစားဖူးပြီးဖြစ်နေလေသည်။အကယ်၍ထိုအရာသာရုတ်တရက်ပျောက်ကွယ်သွားပါက ၎င်းသည် ဝမ်လေး၏စိတ်အခြေအနေကိုမည်မျှဖျက်ဆီးပစ်လိမ့်မည်ဆိုသည့်အချက်ကို စုန့်ထင်ရှန်းတွေးပင်မတွေးရဲပေ။


စုန့်ထင်ရှန်းသည်လဲ ငယ်စဉ်ကပင်မိဘနှစ်ပါးလုံးဆုံးရှုံးခဲ့ရပြီး ဆွေမျိုးများနဲ့နေထိုင်ခဲ့ရသူဖြစ်သည်။သူက တခြားသူများထက်ပင်နွေးထွေးသောမိသားစုဘဝလေးကို ပိုလိုလားသော်လဲ ၎င်းကသူတယောက်ထဲသာသိသောစိတ်ဆန္ဒတခုသာဖြစ်သည်။


သူမရနိုင်ခဲ့ပင်မဲ့လဲ သူ့ရဲ့သားလေးကိုတော့ရနိုင်လိမ့်မယ်လို့မျှော်လင့်တယ်.... အဲ့တာနွေးထွေးမှုအစစ်အမှန်မဟုတ်ဘူးဆိုရင်တောင်မှပေါ့...


ယွမ်ရှ ဘာမှမပြောသေးခင်မှာပဲစုန့်ထင်ရှန်းကထပ်လောင်းပြောလိုက်သည်။


"ဒီအတောအတွင်းမှာ မင်းသူ့ကိုအကောင်းဆုံးဂရုစိုက်ခဲ့တယ်ဆိုတာကို ငါတွေ့ပါတယ်...ပြီးတော့လဲ သူကအဲ့အတွက်အရမ်းကိုပျော်ရွှင်နေတာ...သူမင်းကိုပိုပိုပြီးကြိုက်နှစ်သက်လာတယ်ဆိုတာကို ငါမြင်နိုင်တယ်...နားလည်မှုမလွဲပါနဲ့ ငါအဲ့ဒီ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ဘာမှဆန့်ကျင်စရာအကြောင်းမရှိပါဘူး... ကလေးတွေကမိခင်ကိုတွယ်တာတယ်ဆိုတာက သဘာဝပါပဲ...ယွမ်ရှ ကိုယ်တကယ်ကိုမပြောတတ်ဘူး...ဒီအခြေအနေတိုင်းဆက်သွားမယ်ဒါမှမဟုတ်ရုတ်တရက်ပြောင်းလဲသွားမယ်ဆိုရင်..."


သူခဏမျှရပ်တန့်လိုက်သည်။ မည်သို့ပင်ဆိုစေယွမ်ရှကကလေး၏မိခင်ဖြစ်နေသောကြောင့်သူမကိုအပြစ်တင်ဝေဖန်ခြင်းမျိုးသူမလုပ်နိုင်‌‌ပေ။


"ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုလက်ရှိမှာဝမ်လေးကအရမ်းကိုပျော်ရွှင်နေတယ်...ဒါကသူ့ရဲ့အကျင့်စရိူက်နဲ့ဖွံဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးအခြေအနေပဲ...ငါ့ရဲ့တောင်းဆိုမှုကအရင်တုန်းက ငါတို့သဘောတူထားတာနဲ့ခြားနားနေတယ်ဆိုတာကိုငါသိပါတယ်...ဒါပေမဲ့ မင်းနားလည်ပေးဖို့မျှော်လင့်ပါတယ်...ငါ့ရဲ့တောင်းဆိုမှုကိုသဘောတူသရွေ့ မင်းဆန္ဒရှိတဲ့ဘာမဆိုငါအတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါမယ်..."


မျက်နှာချင်းဆိုင်တွင် ထိုင်နေသောယွမ်ရှက ကော်ဖီတငုံစုပ်သောက်လိုက်ရင်းသူမရဲ့နှလုံးသားကို တည်ငြိမ်အောင်ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။


စကားဝိုင်းကအချိန်အတော်ကြာတိတ်ဆိတ်သွားပြီးမှ ယွမ်ရှကြိုးစားအားတင်း၍မေးလိုက်သည်။


"ရှင်ပြောချင်နေတာက ကျွန်မကဝမ်လေးအတွက် မိခင်ကောင်းတယောက်ဖြစ်ပေးရုံသာမကဘူး သူ့ရဲ့အရှေ့မှာ ဇနီးကောင်းတယောက်အနေနဲ့လဲ သရုပ်ဆောင်ရမယ်ပေါ့ဟုတ်လား..."


စုန့်ထင်ရှန်းတယောက် အနဲငယ်အခက်တွေ့စွာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

xxxxxxxxxx