ယန်ကျင်းဇီသည် လုကျင်းရှိူ့ဘေးတွင် လှဲနေခဲ့သည်။ လုကျင်းရှိူ့ကို နမ်းကာ ပွေ့ဖက်ချင်စိတ်ကို သူ မထိန်းနိုင်ဘဲ ယခုအခါ သူသည် လုကျင်းရှိူ့၏ဘယ်လက်ကို ဆွဲယူကာ နမ်းလိုက်သည်။
ပထမဆုံးအကြိမ် လုကျင်းရှိူ့၏အခန်းထဲတွင် သူ နေစဉ်က လုကျင်းရှိူ့၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့မှာ ပိန်ပါးကာ ထိတ်လန့်ဖွယ်ကောင်းနေသည်ကို သူ မြင်ခဲ့ရသည်အား သူသည် အမြဲမှတ်မိနေလိမ့်မည်ဖြစ်သည်။ လုကျင်းရှိူ့၏ ဒဏ်ရာများမှာ လုကျင်းရှိူ့ကိုယ်တိုင် လုပ်ထားခြင်းဖြစ်၏။
လုကျင်းရှိူ့က သူ၏ မသန်စွမ်းသော ဘယ်လက်နှင့် ဘယ်ခြေထောက်တို့ကို မနှစ်သက်ကြောင်း သံသယဖြစ်စရာမရှိချေ။
ဤသို့သော လုကျင်းရှိူ့ဟာ သူ့ကို စိတ်မကောင်းဖြစ်စေသည်။ သူသည် လုကျင်းရှိူ့တွင် သူ၏ လက်နှင့်ခြေတို့အတွက် စိတ်ပိုင်းဆိုင်ရာ အဟန့်အတား အမြဲထားရှိနေမည်အား မတွေ့ချင်သောကြောင့် သူသည် လုကျင်းရှိူ့နှင့် အတူရှိနေချိန်၌ သူ့အချစ်ကို ဖော်ပြရန် လုကျင်းရှိူ့၏ ဘယ်လက်ကို မကြာခဏ သွားရောက်နမ်းလေ့ရှိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤရက်များတွင် လုကျင်းရှိူ့၏ ဘယ်လက်နှင့် ဘယ်ခြေထောက်တို့တွင် အမာရွတ်အသစ်များ မရှိလာတော့ချေ။ ထို့အပြင် လုကျင်းရှိူ့ဟာ မူလအစက ပြုမူခဲ့သကဲ့သို့ လူအများရှေ့တွင် သူ၏ဘယ်လက်ကို မထုတ်ပြလိုခြင်းမျိုး မရှိတော့ပေ။
လုကျင်းရှိူ့သည် သူ့ဘေးတွင် လှဲနေသော ယန်ကျင်းဇီကို ကြည့်ကာ ရှေ့တိုး၍ ယန်ကျင်းဇီ၏မျက်နှာကို နမ်းလိုက်သည်။
သူသည် ယန်ကျင်းဇီကို ကြိုက်နှစ်သက်ပြီး ယန်ကျင်းဇီနှင့် နီးနီးကပ်ကပ် ရှိနေရန် လိုလားသည်။
မနေ့ညမှ ယနေ့အထိ သူသည် အလွန်ပျော်ရွှင်လျက်ရှိသည်။
“ မင်း ငါ့ကို ကြိုက်တယ်လို့ မင်းမိဘတွေကို မင်း ပြောထားတာ ကြာပြီလား? ” လုကျင်းရှိူ့ မေးလိုက်သည်။
ယန်ကျင်းဇီက ရယ်သည် : “ ကိုယ် သူတို့ကို စောစောကြိုပြီး အသိပေးထားရမယ်လေ။ ”
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ထပ်နမ်းလိုက်ပြန်သည်။
ယန်ကျင်းဇီဟာ တစ်ခါတလေတွင် အလွန်ရွှင်မြူးပုံပေါ်တတ်သော်ငြား သူက သူ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်လျှင် အမှန်တကယ် ရင့်ကျက်သည်။ ယန်ကျင်းဇီနှင့် အတူရှိနေလျှင် သူသည် သူက ဂရုစိုက်ခံနေရသကဲ့သို့ ခံစားရသည်။
ယန်ကျင်းဇီက ပြောလာသည် : “ ကိုယ့်ကို ထပ်မနမ်းနဲ့တော့။ မင်း ကိုယ့်ကို ထပ်နမ်းရင် မင်းရဲ့နှုတ်ခမ်း ပိုပြီးရောင်လာမှာကို သတိထားဦး။ ”
လုကျင်းရှိူ့၏ နှုတ်ခမ်းထောင့်မှာ ထိန်းမထားနိုင်ဘဲ အလိုလို ကွေးတက်သွားသည်။
ယန်ကျင်းဇီသည် အလွန့်အလွန် ကျေနပ်စွာ အံ့အားသင့်သွားရသည် : “ မင်း ပြုံးနေတာလား? ”
“ ငါ ပြုံးလိုက်တာလား? ” လုကျင်းရှိူ့ အံ့ဩသွားသည်။
“ ဟုတ်တယ်၊ မင်း ပြုံးလိုက်တယ်။ မင်း ပြုံးတဲ့အချိန်မှာ မင်းက အထူးကြည့်လို့ကောင်းတယ်။ ” ယန်ကျင်းဇီ လုကျင်းရှိူ့၏နှုတ်ခမ်းကို နမ်းလိုက်သည် : “ အနာဂတ်မှာ များများပြုံးရမယ်။ ”
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို စိတ်မကျေနပ်စွာ မျက်နှာထားတင်းတင်းဖြင့် မျက်စောင်းထိုးပြီးမှ ပြောလိုက်၏ : “ ငါ ဘယ်လိုပြုံးရမလဲ မသိဘူး။ ” သူ မှန်ထဲတွင် ကြည့်ဖူးသည်။ သူ ပြုံးသောအခါ သူက ကြည့်မကောင်းဘဲ grotesque* နှင့် ပိုတူသည်။
[ grotesque* - ဓာတ်ပုံပါတယ်နော် ]
“ မင်း မပြုံးနိုင်လည်း မင်း မပြုံးလို့ရတယ်။ မင်းက မပြုံးရင်တောင်မှ ကြည့်ကောင်းနေသေးတယ်။ မင်းက ကိုယ် မြင်ဖူးသမျှထဲ ကြည့်အကောင်းဆုံးလူပဲ။ ”
ယန်ကျင်းဇီက စကားလုံးချိုချိုများကို ပြောရာတွင် တကယ် တော်သည်... လုကျင်းရှိူ့ ခေါင်းလှည့်လိုက်သည် : “ ငါ အိမ်ပြန်ချင်တယ်။ ”
ဤသီးသန့်လူနာဆောင်က သက်တောင့်သက်သာရှိသည်မှာ မှန်ကန်သော်ငြား သူသည် ဤနေရာကို မကြိုက်ဘဲ အိမ်ပြန်ချင်သည်။
၎င်းမှာ သူ့အိမ် ဖြစ်သော်လည်း သူသည် တစ်ညတာသာ နေရသေးသည်။
လုကျင်းရှိူ့၏ကျန်းမာရေးမှာ ကြီးကြီးမားမား ပြဿနာမရှိသဖြင့် အိမ်ပြန်ရန် အဆင်ပြေသည်။ ယန်ကျင်းဇီ ရယ်မောလိုက်သည် : “ ကောင်းပြီ၊ အိမ်ပြန်ကြရအောင်။ ”
ယန်ကျင်းဇီသည် ထထိုင်ပြီး လုကျင်းရှိူ့ကို ကူညီ၍ ပစ္စည်းများ သိမ်းဆည်းမည်အပြု၊ ဖုန်းဝင်လာခဲ့သည်။
၎င်းမှာ လုရွေ့ချွင်ထံမှ ဖုန်းဖြစ်၏။
ယန်ကျင်းဇီက လုကျင်းရှိူ့ကို ဖုန်းစခရင် ပြသည် : “ လုရွေ့ချွင်ရဲ့ဖုန်း ”
လုကျင်းရှိူ့က ပြန်ပြောသည် : “ ငါ အရမ်းနေမကောင်းဖြစ်နေတယ်လို့ သူ့ကို ပြောလိုက်။ ”
လုကျင်းရှိူ့သည် ဆေးရုံခုတင်ပေါ်တွင် ထိုင်နေပြီး ဆံပင်အနည်းငယ်က ကျနေကာ သူ့မျက်လုံးထောင့်စွန်းများကို ဖုံးကွယ်လျက်ရှိသည်။ လူတစ်ကိုယ်လုံးမှာ များစွာပိုမိုနူးညံ့သွားပုံရသော်လည်း သူ့စကားများမှာမူ... လုရွေ့ချွင်ကို တွင်းတူးပေးချင်ကြောင်း သိသာထင်ရှားသည်။
ယန်ကျင်းဇီ အလွန်ပျော်သွားသည်။
မူလဇာတ်ကြောင်းထဲတွင် လုကျင်းရှိူ့သည် မူလပိုင်ရှင်၏လက်ထဲတွင် သေဆုံးခဲ့ပြီး မူလပိုင်ရှင်သည် လုရွေ့ချွင်၏လက်ထဲတွင် သေဆုံးခဲ့သည်။
သူသည် မူလပိုင်ရှင်က သေသင့်သည်ဟု ခံစားရသော်ငြား လုရွေ့ချွင်ကိုလည်း သူ မကြိုက်ပေ။
အဆုံး၌မူ မူလပိုင်ရှင်၏ အခြားသူများအတွက် သဘောထားက မည်သို့ပင်ဖြစ်လင့်ကစား၊ လုရွေ့ချွင်အတွက်မူ သူက တကယ် ကောင်းမွန်ခဲ့သည်။
ယခင်နှစ်များတွင် လုရွေ့ချွင်သည် မူလပိုင်ရှင်ကို ဖုန်းတစ်ခါဆက်ရုံဖြင့် ခေါ်ဆိုနိုင်ခဲ့ပြီး မူလပိုင်ရှင်က ရောက်လာကာ လုရွေ့ချွင်ကို ကူညီ၍ ကျသင့်ငွေများ ပေးချေလျက် လုရွေ့ချွင်ကို ဂရုစိုက်လိမ့်မည်ဖြစ်သည်။ ယင်းကား စစ်မှန်သော စူးစိုက်နှစ်မြှုပ်မှု ဖြစ်သည်။
သို့သော်လည်း လုရွေ့ချွင်က မူလပိုင်ရှင်၏ “သူငယ်ချင်း” နှင့် ရှုပ်ပွေခဲ့သည်။
သို့သော် ယခုမူ မူလဇာတ်ကြောင်းအတိုင်း ဖြစ်မလာတော့မည်မှာ သေချာသည် — လုရွေ့ချွင်က အမှန်တကယ် သတ္တိမရှိဘဲ သာမန်အရည်အချင်းသာ ရှိသည်။ သူက လုကျင်းရှိူ့ကို မထိခိုက်နိုင်ချေ။
ဤအခြေအနေတွင် သူက ဥပဒေကို ချိုးဖောက်ပြီး လုရွေ့ချွင်ကို တစ်ခုခုလုပ်ရန်မှာ မဖြစ်နိုင်ပေ... သူသည် လုရွေ့ချွင်အတွက် တွင်းကိုသာ တူးနိုင်သည်။
ယန်ကျင်းဇီသည် ဖုန်းဖြေပြီး စပီကာဖုန်းကို နှိပ်လိုက်သည်။ လုကျင်းရှိူ့၏အခြေအနေနှင့်ပတ်သက်ပြီး လုရွေ့ချွင် မေးသောအခါ သူသည် လုကျင်းရှိူ့က ဆေးစစ်ချိန်တွင် သူ့ကို လိုက်ခွင့်မပြုခဲ့သဖြင့် အသေးစိတ်အခြေအနေကို မသိကြောင်း ပြောခဲ့သည်။
လုကျင်းရှိူ့က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတယ်လို့ သူ့ကို ပြောစေချင်တာလား? လုံးဝ မဖြစ်နိုင်ဘူး!
ယန်ကျင်းဇီက ထိုသို့ပြောခဲ့သော်ငြား လုရွေ့ချွင်က လုကျင်းရှိူ့၏ အခြေအနေမှာ မကောင်းမွန်နေမှန်း ပို၍ပင် သေချာသွားသည်။ လုရွေ့ချွင်သည် အလွန်ပျော်ရွှင်သွားပြီး ဝမ်တင်းထောင်၏ ရှယ်ယာများကို ဝယ်ယူရန် ယန်ကျင်းဇီထံမှ ငွေချေးမည့်အကြောင်းကို ထပ်ပြောပြန်သည်။
ယန်ကျင်းဇီ : “ ငါ့အဖေက ငါ့ကို ရှယ်ယာဝယ်ဖို့ပိုက်ဆံ ပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် သူက အဲ့ရှယ်ယာကို ငါ့ကို ပေးရမယ်လို့ ပြောတယ်။ ”
လုရွေ့ချွင်သည် ရှယ်ယာဝယ်ရန် ယန်မိသားစုက သူ့ကို ငွေချေးနိုင်ဖို့ မျှော်လင့်သော်လည်း ယန်ကျင်းဇီက ရှယ်ယာများကို သူ့ကိုယ်ပိုင်နာမည်နှင့် ထားရှိရန် ဆုံးဖြတ်ချက်ခိုင်မာနေသည်။ လုရွေ့ချွင်သည် သဘောတူရုံမှလွဲ ရွေးချယ်စရာမရှိပေ။
အဆုံး၌မူ သူသည် ထိုမျှများပြားသော ပိုက်ဆံကို အချိန်ခဏအတွင်း မရရှိနိုင်ချေ။
ကံကောင်းစွာဖြင့် ယန်ကျင်းဇီက သူ့ကို လက်ထပ်မည်မှာ အနှေးနှင့်အမြန် ဖြစ်ပြီး ယန်ကျင်းဇီ၏လက်ထဲမှ ရှယ်ယာများမှာ သူ့လက်ထဲတွင် ရှိခြင်းနှင့် တူညီသည်။
လုရွေ့ချွင်နှင့် စကားပြောပြီးနောက် ယန်ကျင်းဇီသည် ဖုန်းချကာ လုကျင်းရှိူ့ကို ပြောလိုက်သည် : “ ကျင်းရှိူ့၊ ကိုယ့်မှာ ကိုယ့်နာမည်နဲ့ ကိုယ့်အဖေရဲ့ကုမ္ပဏီရှယ်ယာ ၅% ရှိတယ်။ အဲ့ဒါကို ကိုယ့်ရဲ့အသွင်းပစ္စည်းအဖြစ် ကိုယ် မင်းကို လွှဲပေးမယ်။ မင်းကတော့ ဝမ်တင်းထောင်ရဲ့လက်ထဲက ရှယ်ယာတွေကို တင်တောင်းစရိတ်အဖြစ် ကိုယ့်အတွက် ငွေပေးဝယ်လိုက်ပါ! ”
ဤသည်မှာ ဟိုးယခင်ကတည်းက သူ တွေးထားခြင်းဖြစ်ပြီး သူသည် လုကျင်းရှိူ့ကို “လက်ထပ်”ရန် မစောင့်နိုင်တော့ပေ။
လုကျင်းရှိူ့သည် ယန်ကျင်းဇီက “အသွင်းပစ္စည်း”ဟု ပြောသည်ကို ကြားရသောအခါ ယန်ကျင်းဇီကို ဆွံ့အစွာ ကြည့်လိုက်သည်။ စဉ်းစားပြီးနောက် သူ ပြောလိုက်၏ : “ မင်း... အသွင်းပစ္စည်း ပေးစရာမလိုပါဘူး။ ဝမ်တင်းထောင်ရဲ့ရှယ်ယာတွေက မင်းအတွက် ငါ့ရဲ့လက်ဆောင်သာသာပါပဲ။ ”
“ ဒါဘယ်လိုဖြစ်နိုင်မှာလဲ? စာချုပ်တွေ ရှိမှဖြစ်မှာပေါ့။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ သူ လုကျင်းရှိူ့ကို လက်ထပ်တော့မယ်လို့ သူ ပြောပေမယ့်လည်း တကယ်တမ်းကျ လုကျင်းရှိူ့က သူ့ဇနီးလေ!
သူ သူ့ဇနီးရဲ့ပျိုးထောင်မှုကို ခံလို့မဖြစ်ဘူး ဟုတ်တယ်မလား?
“ ငါ မင်းကို ပေးချင်တယ်။ ”
“ ဒါဆို ကိုယ်လည်း မင်းကို ပေးချင်တာပဲလေ။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း ကိုယ့်စကား နားထောင်ပါ။ မင်း မလိမ္မာရင် ကိုယ် မင်းကို ရိုက်မှာ သတိထား။ ”
လုကျင်းရှိူ့ အံ့ဩသွားသည်။ ယန်ကျင်းဇီက သူ့ကို “ရိုက်မယ်”လို့ တကယ်ကြီး ခြိမ်းခြောက်လိုက်တာလား?
ယန်ကျင်းဇီက ဆက်ပြောသည် : “ အကွာအဝေးအနှုတ်ပြတဲ့ ရိုက်နှက်မှု! ”
လုကျင်းရှိူ့ : “ ... ” လူရမ်းကား!
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို သူ့စိတ်ထဲတွင် လူရမ်းကားဟု ခေါ်ခဲ့သော်ငြား သူသည် တစ်ယောက်သော လူရမ်းကားနောက်ကို ပျော်ပျော်ရွှင်ရွှင် လိုက်သွားပြီး အိမ်ပြန်သွားခဲ့ကာ သူ အရိုက်ခံရရန်အတွက် သူ အနည်းငယ်များ မလိမ္မာသင့်သလောဟု တွေးနေခဲ့သည်...
လုကျင်းရှိူ့နှင့် ယန်ကျင်းဇီတို့ အိမ်ပြန်ရောက်သောအခါ အဒေါ်ဝမ်က ညစာကို ပြင်ဆင်ပြီးရုံသာ ဖြစ်သည်။
လုကျင်းရှိူ့ကို တွေ့ရသော် အဒေါ်ဝမ်က အံ့အားသင့်သွားသည် : “ သခင်ကြီး၊ အက်လဂျစ်တွေက အရမ်းပြင်းထန်တာလား? လည်ပင်းက နီနေတယ်။ ”
လုကျင်းရှိူ့က တည်တည်ကြည်ကြည်ဖြင့် ပြန်ဖြေသည် : “ အဲ့ဒါက နည်းနည်းပြင်းထန်တယ်။ ”
အဒေါ်ဝမ်က ရေရွတ်သည် : “ ဒါဆို သခင်ကြီး အနာဂတ်မှာ ပိုပြီး သတိထားရမယ်။ ကျွန်မ ငရုတ်သီးကို ဘယ်တော့မှ ထပ်မ၀ယ်တော့ဘူး။ ”
အကြောင်းအရင်းတချို့ကြောင့် ယန်ကျင်းဇီ အထူးတလည် ရယ်ချင်မိသည်။
လုကျင်းရှိူ့သည် နောက်တစ်နေ့တွင် အလုပ်မသွားခဲ့ပေ။
ပထမဦးစွာ သူသည် အနားယူရန် လိုအပ်နေဆဲဖြစ်ပြီး ဒုတိယအချက်မှာမူ... သူသည် လုရွေ့ချွင်ကို လှည့်စားထားပြီးဖြစ်ရာ သေချာပေါက် သူသည် အဆုံးအထိ လှည့်စားသွားမည်ဖြစ်သည်။
လူအဆင်မပြေဖြစ်လျှင်တောင်မှ ရုံးတာဝန်များကို ကိုင်တွယ်ရန် ကုမ္ပဏီသို့ မရမက သွားခဲ့သော လုကျင်းရှိူ့ဟာ အားလပ်ရက်တစ်ပတ် ယူရန် ဆုံးဖြတ်ခဲ့ပြီး အပန်းဖြေနားခဲ့သည်။
သို့သော်လည်း လုကျင်းရှိူ့က အပြင်မထွက်ဘဲ ယန်ကျင်းဇီက အပြင်ထွက်ခဲ့၏။ သူသည် လုကျင်းရှိူ့ သူ့ကို ပေးသော ပိုက်ဆံကို ယူပြီး ဖခင်ယန်နှင့်အတူ ဝမ်တင်းထောင်၏ ရှယ်ယာများကို သွားဝယ်ခဲ့သည်။
ဖခင်ယန်သည် ယန်ကျင်းဇီ၏ အကောင့်ထဲတွင် လုကျင်းရှိူ့ ထည့်ပေးထားသော သုညအတန်းရှည်ကြီးကို တွေ့လိုက်ရသည်။ သူသည် လုကျင်းရှိူ့တွင် မိမိကိုယ်မိမိ မထိန်းနိုင်သော အုပ်စိုးသူမင်းတစ်ပါး* ဖြစ်ရန် အလားအလာရှိသည်ဟု အမြဲခံစားနေရပြီး သူ့သားကို မပြောဘဲ မနေနိုင်ပေ : “ ကောင်ကလေး၊ အနာဂတ်မှာ တခြားလူတစ်ယောက်ကို မချစ်စေမိနဲ့တော့။ လူကို ကောင်းကောင်းဆက်ဆံပါ။ ”
[ *မိမိကိုယ်မိမိ မထိန်းနိုင်သော အုပ်စိုးသူမင်း - အလိုလိုက်/မွေ့လျော်လွန်ပြီး ကိုယ်လုပ်တော်များကြောင့် ယောင်ချာချာ စိတ်ရှုပ်ထွေးကုန်သော ဧကရာဇ်များ ]
လုကျင်းရှိူ့၏ သူ့သားအပေါ် ဆက်ဆံပုံမှာ အမှန်တကယ် အပြစ်ပြောစရာမရှိချေ။
“ အဖေ၊ မစိုးရိမ်ပါနဲ့။ ဒီဘဝမှာ၊ နောက်ဘဝမှာ၊ နောက်နောက်ထပ်ဘဝမှာ၊ ကျွန်တော်က အခြားတစ်ယောက်ယောက်ကို ချစ်မိမှာမဟုတ်ဘူး။ ကျွန်တော် သူ့ကိုပဲ ချစ်သွားမှာ။ ” ယန်ကျင်းဇီက ဆက်ဆိုသည် : “ ဒါပေါ့၊ သူလည်း ကျွန်တော့်ကိုပဲ ချစ်တယ်... အဖေ၊ ကျွန်တော် စောစောပြန်ရမယ်။ မဟုတ်ရင် သူ ကျွန်တော့်ကို အချိန်အကြာကြီး မတွေ့ရလို့ သူ စိတ်ပူပန်နေလိမ့်မယ်။ ”
“ ဒီကနေ ထွက်သွားတော့! ” သူ့ရဲ့ဒီသားက သွန်ပစ်လိုက်တဲ့ရေပဲ!*
[ *သူ့ရဲ့ဒီသားက သွန်ပစ်လိုက်တဲ့ရေပဲ! - ခင်ပွန်းဖြစ်သူထံသို့ လက်ထပ်လိုက်သော သမီးတစ်ဦးမှာ ဖိတ်ကျသွားသော ရေနှင့် တူပြီး ထို့ကြောင့် ပြန်မရနိုင်တော့ပေ / အမျိုးသမီးတစ်ဦး လက်ထပ်သောအခါ သူ(မ)၏ အိမ်ထောင်မကျမီ မိသားစုအမည်ကို စွန့်လွှတ်ရသည် ]
ယန်ကျင်းဇီ အိမ်မြန်မြန်ပြန်သွားခဲ့သည်။
လုကျင်းရှိူ့ဟာ ခုတင်ပေါ်တွင် နှစ်ရက်ကြာအောင် လှဲပြီးနောက် သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ သက်သာသွားပြီဖြစ်သည်။ ဤအချိန်တွင် ယန်ကျင်းဇီသည် သူနှင့်အတူ အပေါ်ထပ်ရှိ ရေကူးကန်ကို သွားဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့အပေါ်ထပ်ရှိ ရေကူးကန်မှာ ကြီးမားသော်ငြား မနက်ချေ။ ယန်ကျင်းဇီသည် ၎င်းကို အလွန်စိတ်တိုင်းကျသည်။
တကယ်တော့ သူ့တွင် ရေကူးကန်အတွက် စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုး အမြဲရှိနေခဲ့သည်။
သူ အပေါ်တက်သွားသောအခါ သူက လုကျင်းရှိူ့ကို စတင်ပြောတော့သည် : “ ကျင်းရှိူ့၊ အနာဂတ်မှာ မင်း ရေကူးချင်ရင် ကိုယ့်ကို မင်းနဲ့အတူတူ ခေါ်ရမယ်နော် သိလား? မင်းတစ်ယောက်တည်း မလာရဘူး။ ”
ယန်ကျင်းဇီက သူ ရေနစ်မှာကို ကြောက်တာလား? လုကျင်းရှိူ့၏ နှလုံးသားမှာ နွေးထွေးသွားပြီး အနည်းငယ် ကူကယ်ရာမဲ့သွားသည်။
ယန်ကျင်းဇီက ဆက်ပြောပြန်သည် : “ မင်း သိပါတယ်၊ မင်း ကံမကောင်းဖြစ်ပြီး ခြေထောက်ကြွက်တက်တာတို့ဘာတို့ တစ်ခုခုဖြစ်ရင်... ”
လုကျင်းရှိူ့သည် ဤစကားကို ကြားသောအခါ သူ့အမူအရာမှာ လေးနက်သွားသည် : “ ငါ တစ်ယောက်တည်း လုံးဝ မလာဘူး။ ” သူသည် တကယ်ပင် ကြွက်တက်တတ်ပြီး အနာဂတ်တွင် အမှန်တကယ် သတိထားရန် လိုအပ်သည်။
“ ကျင်းရှိူ့၊ မင်းက အရမ်းတော်တယ်၊ အံ့ဩစရာပဲ။ ” ယန်ကျင်းဇီ လုကျင်းရှိူ့ကို နမ်းလိုက်သည်။
လုကျင်းရှိူ့ ကလေးဘဝတွင် ဘယ်သူကမှ သူ့ကို မချီးကျူးဖူးခဲ့ပေ။ သူ မထင်ထားခဲ့ပေ၊ ယခု သူ အသက်ကြီးလာမှ ယန်ကျင်းဇီနှင့် တွေ့ဆုံကာ အမြဲချီးကျူးခံနေရလိမ့်မည်ဟုပင်...
ဒါ... ယန်ကျင်းဇီက သူ့ကို လိမ္မာတဲ့ကောင်လေးလို့ တကယ် ချီးကျူးနေတာလား?
လုကျင်းရှိူ့သည် သူ့အဝတ်အစားများကို ချွတ်ပြီး ရေကူးကန်ထဲသို့ ဝင်သည်။
သူ ရေမကူးသည်မှာ အချိန်ကြာပြီဖြစ်သည်။ သူသည် ရေကူးကန်ထဲသို့ ဝင်လိုက်ရုံဖြင့် နှစ်ခါမြုပ်ကာ နစ်သွားသည်။
သို့သော် ရေကူးနည်းသင်ဖူးသူတစ်ဦးက ရေကိုမကြောက်ချေ။ သူ လုံးဝ မကြောက်ပေ။ မကြာမီ သူသည် ကြမ်းပြင်ကို ခြေတစ်ဖက်နှင့် ထိမိပြီး ရေထဲမှ ထလိုက်သည်။
ရလဒ်ကမူ သူ တက်သွားသည်နှင့်တပြိုင်နက် သူသည် လူတစ်ဦးက ရေထဲသို့ “ပလုတ်ခနဲ” ဆင်းလာသည်ကို တွေ့လိုက်ရသည် — ယန်ကျင်းဇီက သူ့အဝတ်အစားများကို တစ်ဝက်ချွတ်ထားပြီး ရေထဲကို ခုန်ဆင်းချိန်မှာတောင် သူက ဖုန်းကို ကိုင်ထားတုန်း!
“ မင်း ဘာလုပ်နေတာလဲ? ” လုကျင်းရှိူ့ မျက်မှောင်ကြုံ့သွားသည်။
ယန်ကျင်းဇီသည် သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုက မပျောက်ကွယ်သေးဘဲ ရေထဲမှ မတ်တပ်ထရပ်သည် : “ ကိုယ် မင်း ရေနစ်တာ တွေ့လိုက်တယ်။ ”
မူလပိုင်ရှင်က ရေမကူးတတ်သောကြောင့် ယန်ကျင်းဇီသည် ရေထဲသို့ အမြန်မဝင်ခဲ့ပေ။ မူလက သူသည် ဘေးဘက်မှ ကြည့်နေခဲ့ပြီး လုကျင်းရှိူ့ကို ရေကူးဘောင်းဘီတို ချွတ်အောင် မည်သို့ချော့မြှူရမည်နည်းဟု စဉ်းစားနေဆဲဖြစ်သည်။
မမျှော်လင့်ထားစွာဖြင့် လုကျင်းရှိူ့က ရေစကူးကူးချင်း ရေနစ်သွားခဲ့သည်။
သူ စိတ်ပူသောအခါ သူသည် ရေထဲသို့ တိုက်ရိုက်ခုန်ချခဲ့၏။ ယခု သူသည် ရင်တုန်နေဆဲဖြစ်ပြီး သူ့နှလုံးမှာ အလွန့်အလွန်မြန်စွာ ခုန်နေသည်။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ငေးကြောင်ကြောင် စိုက်ကြည့်ပြီး ဖက်လိုက်သည် : “ စိတ်မပူနဲ့၊ ငါ အဆင်ပြေသွားမှာပါ။ ”
သူသည် ယန်ကျင်းဇီက သူ့ကို မည်မျှတန်ဖိုးထားမှန်း ပိုပိုပြီး ရှင်းရှင်းလင်းလင်း သဘောပေါက်လာသည်။
သူသည် လူတစ်ဦးထံမှ အချစ်ခံရသည်။ ဤသည်ကို နားလည်သွားရသော် လုကျင်းရှိူ့သည် အတိတ်တွင် သူ ကြုံတွေ့ခဲ့ရသမျှမှာ ဘာမှမဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
“ ကိုယ် အရမ်းစိတ်ပူတယ်။ ” ယန်ကျင်းဇီက ပြောသည်။
“ စိတ်မပူနဲ့၊ ငါ အဆင်ပြေတယ်။ ” လုကျင်းရှိူ့က သူ့ကို ကသိကအောက်ဖြစ်စွာ နှစ်သိမ့်ပေးသည်။
ယန်ကျင်းဇီသည် အမှန်တကယ်ပင် အနည်းငယ် စိတ်ပူနေသေးသော်လည်း လုကျင်းရှိူ့ ၎င်းကို သိစရာမလိုချေ... သူ ပြုံးလိုက်သည် : “ ဒါဆို ကိုယ့်ရဲ့ ထိခိုက်သွားတဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့ မင်း ရေကူးရင် ရေကူးဘောင်းဘီ မဝတ်လို့ရမလား? ”
လုကျင်းရှိူ့ : “ ... ”
သူ သဘောကျတဲ့ ဝံပုလွေခွေးပေါက်လေးကို သူ ဘာလုပ်နိုင်မှာလဲ? သူ သူ့ကို အလိုလိုက်ရုံပဲတတ်နိုင်တယ်!
လုကျင်းရှိူ့သည် သူက ထိုသို့ရှက်ဖွယ်ကောင်းသော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။
သို့သော် ယန်ကျင်းဇီက တစ်ထပ်တည်း ပြုမူသောအခါ...
ရေကူးကန်ထဲမှ မြင်ကွင်းဟာ အမှန်တကယ် ကောင်းမွန်၏။
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ရေကူးနည်း သင်ပေးသော်လည်း ယန်ကျင်းဇီသည် မသင်ယူခဲ့ပေ။
ထို့နောက် ကျောင်းသားကို သင်ကြားရန် လုံလုံလောက်လောက် မတော်သည့် တစ်ယောက်သော ဆရာတစ်ဦးမှာ ကျောင်းသားထံမှ “ရိုက်နှက်”ခံရတော့သည်။
ယနေ့ဟာ အမှန်တကယ် သာယာသော နေ့ရက်တစ်ရက် ဖြစ်သည်။
မျက်စိတမှိတ်အတွင်းကဲ့သို့ပင် လုကုမ္ပဏီမှ ရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေး ကျင်းပသော နေ့ရက် ရောက်လာသည်။
ရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေး မကျင်းပမီ ရက်အနည်းငယ်အလိုတွင် လျန်ချီဟိုင်က လုကျင်းရှိူ့ကို ဆက်သွယ်ခဲ့ပြီး လုရွေ့ချွင်ကို လုကျင်းရှိူ့ မဟန့်တားနိုင်မည်ကို စိုးရိမ်နေခဲ့သည်။
လုကျင်းရှိူ့က သူ့ကို စိတ်ချလက်ချနေရန် ပြောခဲ့၏။
သို့သော် လျန်ချီဟိုင်သည် စိတ်မချနိုင်သေးဘဲ ရှယ်ယာရှင်များ အစည်းအဝေး မနက်ခင်းတွင် သူသည် လုကျင်းရှိူ့ကို နောက်တစ်ကြိမ် ဆက်သွယ်ခဲ့သည်။
လုကျင်းရှိူ့က ဆိုသည် : “ စိတ်မပူနဲ့။ အစောကြီး ရှိသေးတယ်။ မင်း ငါ့ဆီလာပြီး မနက်စာလာစားမလား? ”
လျန်ချီဟိုင်က မေးမြန်း၏ : “ လုမိသားစုဗီလာလား? ကျွန်တော် အခုချက်ချင်း လာခဲ့မယ်။ ”
လုကျင်းရှိူ့က ဖြေသည် : “ လုမိသားစုဗီလာ မဟုတ်ဘူး။ ”
လုကျင်းရှိူ့သည် လျန်ချီဟိုင်ကို လိပ်စာတစ်ခု ပေးပြီး လျန်ချီဟိုင်ကို လာခိုင်းခဲ့သည်။
လျန်ချီဟိုင် ကွန်မြူနတီတွင် ရောက်ရှိပြီးနောက် အဒေါ်ဝမ်က သူ့ကို လာကြိုသည်။
“ ဘာလို့ ဥက္ကဌလုက ဒီကိုပြောင်းလာတာလဲ? ” လျန်ချီဟိုင်က မေးသည်။
“ ငါ မသိဘူး။ ”
“ အခုတလော ဥက္ကဌလု ဘယ်လိုနေလဲ? ”
“ ငါ မသိဘူး။ ”
“ ဥက္ကဌတုန်း... ”
“ နင် ဘာပဲမေးမေး ငါ မသိဘူး။ ” အဒေါ်ဝမ်၏မျက်နှာတွင် လေးနက်မှုများ ပြည့်နှက်နေသည်။
ယန်ကျင်းဇီက သူ(မ)ကို လစာတိုးပေးထားသဖြင့် သူ(မ)သည် မိသားစုကိစ္စများကို အပြင်ဘက်တွင် ဘယ်တော့မှ လျှောက်ပြောမည်မဟုတ်ပေ။
ယခင်အိမ်တော်ထိန်းကဲ့သို့ သူ(မ) အဆုံးသတ်မည်ကို ကြောက်ရွံ့သဖြင့် အဒေါ်ဝမ်သည် စိတ်ဆုံးဖြတ်ပြီးဖြစ်ကာ ဘယ်သူ့ကိုမှ ဘာမှမပြောပြချေ။
လျန်ချီဟိုင်သည် အဒေါ်ဝမ်ထံမှ ဘာမှမသိရဘဲ နောက်ဆုံးတွင် လုကျင်းရှိူ့၏အိမ်အသစ်သို့ အဒေါ်ဝမ်နောက်မှလိုက်သွားခဲ့သည်။
“ ဥက္ကဌလုရဲ့အိမ်အသစ်က တော်တော်ကောင်းတာပဲ။ ” လျန်ချီဟိုင်သည် အိမ်ကို အံ့ဩမှုတချို့နှင့် ကြည့်လိုက်သည်။ ဤအိမ်၏စတိုင်မှာ လုကျင်းရှိူ့ကိုယ်တိုင်နှင့် အမှန်တကယ် အပြည့်အဝ ကွာခြားနေသည်။
လုကျင်းရှိူ့က ဤအိမ်ကို အရမ်းမှောင်မိုက်အောင် မလုပ်ခဲ့ချေ...
“ အိမ်က ကောင်းတယ်။ နေထိုင်ရတာ သက်တောင့်သက်သာရှိတယ်။ ” ဤအချိန်တွင် အဒေါ်ဝမ်က စကားပြောသည် — အိမ်အကြောင်း ကြွားဝါရန်မှာ အမြဲအဆင်ပြေသည်။
သို့သော် လျန်ချီဟိုင်က အာရုံမစိုက်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ယန်ကျင်းဇီကို တွေ့လိုက်ပေသည်။
သူ လုကျင်းရှိူ့ကို သတိထားရန် ပြောထားသည့် ယန်ကျင်းဇီက အမှန်တကယ်ပင် ညအိပ်အင်္ကျီ ဝတ်ဆင်ပြီး တူညီသော ညအိပ်အင်္ကျီ ဝတ်ဆင်ထားသည့် လုကျင်းရှိူ့နှင့် ထမင်းစားစားပွဲတွင် အတူထိုင်နေခဲ့သည်။
“ မစ္စတာလျန်၊ ငါတို့ မင်းကို စောင့်နေကြတာ။ ” ယန်ကျင်းဇီသည် ပြုံးပြီး လျန်ချီဟိုင်ကို မနက်စာ စားရန် ကြိုဆိုသည်။ ဤအချိန်တွင် လုကျင်းရှိူ့က သူ့ဘေးတွင် ထိုင်ကာ အလွန်စိတ်အေးလက်အေးရှိပုံပေါ်နေသည်။
လျန်ချီဟိုင်သည် တစ်ခုခုမှားနေပြီဟု အမြဲခံစားရပြီး အနည်းငယ်လည်း အထင်ကြီးသွားသည် — လုကျင်းရှိူ့ လုံးဝ မစိုးရိမ်တာ မဆန်းတော့ဘူး၊ ဘာလို့ဆို သူက ယန်မိသားစုကို သိမ်းသွင်းပြီးလို့ပဲ!
ဒါပေမယ့် ယန်ကျင်းဇီက လုရွေ့ချွင်ရဲ့ စေ့စပ်ထားသူ မဟုတ်ဘူးလား? လုကျင်းရှိူ့ သူတို့ကို ဘယ်လိုစည်းရုံးနိုင်ခဲ့တာလဲ?
လျန်ချီဟိုင်သည် သံသယများနှင့် စားသောက်ခဲ့ပြီး သူ များများစားလေ၊ သူ့သံသယများက ပိုပိုကြီးထွားလာလေ ဖြစ်လာခဲ့သည်။
ယန်ကျင်းဇီက လုကျင်းရှိူ့ကို စားစရာတချို့ ထည့်ပေးသည်ကို သူ တွေ့လိုက်ရသည့်အချိန်တွင်မူ သူသည် လုကျင်းရှိူ့က ပေါက်စီအသေး နှစ်လုံးကို စားပြီးနောက် သူ့ပန်းကန်တွင် ကျန်သော ပေါက်စီအသေး သုံးလုံးကို ယန်ကျင်းဇီအား ပေးလိုက်သည်ကိုပင် တွေ့လိုက်ရသည်။
ယန်ကျင်းဇီက ၎င်းကို စား၏။
ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းလွန်းမနေဘူးလား?
လုကျင်းရှိူ့က လူတွေနဲ့ ထိတွေ့ရတာ မကြိုက်ဘဲ ညစာစားပွဲမှာ လူအများကြီး ရှိရင်တောင်မှ အဲ့ဟင်းပွဲတွေကို တူတစ်ချောင်းတောင် ထိလို့မရဘူးလို့ ဘာကြောင့် သူ မှတ်မိနေတာပါလိမ့်?
လျန်ချီဟိုင်တွင် သံသယများ ပြည့်နှက်နေပြီး သူ့ရှေ့ရှိ မနက်စာကို စားပြီးနောက် သူသည် လုကျင်းရှိူ့နှင့် စကားပြောရန် ဧည့်ခန်းသို့ သွားခဲ့သည်။
သူတို့နှစ်ဦး ထိုင်ပြီးနောက် ယန်ကျင်းဇီက အိမ်ရှင်အသွင်အပြင်နှင့် သူတို့ကို လက်ဖက်ရည် ချပေးလာသည်။ ထို့အပြင် လုကျင်းရှိူ့က သူနှင့် စကားပြောပြီး ယန်ကျင်းဇီကို ရှောင်ရန် မရည်ရွယ်ချေ။
လုကျင်းရှိူ့သည် ပဟေဠိဖြစ်နေသော လျန်ချီဟိုင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည် : “ ယန်ကျင်းဇီက ငါ့ရည်းစားကောင်လေး။ ”
လျန်ချီဟိုင် ဆွံ့အသွားရှာသည်။ ယန်ကျင်းဇီက လုရွေ့ချွင်ရဲ့ စေ့စပ်ထားသူ မဟုတ်ဘူးလား? ဘာလို့ သူက လုကျင်းရှိူ့ရဲ့ ရည်းစား ဖြစ်သွားတာလဲ?
လုကျင်းရှိူ့ လုံးဝ စိတ်မပူတာ မဆန်းတော့ဘူး၊ သူက ယန်ကျင်းဇီကို သိမ်းသွင်းပြီးပြီကိုး!
မည်သို့ပင်ဖြစ်စေ လျန်ချီဟိုင်သည် မစိုးရိမ်တော့ပေ။
အထူးသဖြင့် ယန်ကျ
င်းဇီနှင့် လုကျင်းရှိူ့တို့က အိပ်ခန်းတစ်ခန်းတည်းသို့ သွားကာ အဝတ်အစား လဲသည်ကို မြင်ပြီးနောက်တွင်ပင်။
သူသည် လုကျင်းရှိူ့က တစ်ဦးတည်း သေဆုံးသွားလိမ့်မည်ဟု အမြဲတွေးခဲ့သည်။ သို့ရာတွင် လုကျင်းရှိူ့က တူဖြစ်သူ၏ စေ့စပ်ထားသူကိုပင် လုယူနိုင်သည့်အထိ အလွန်အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။