အပိုင်း ၁၉၆ ( Rich Second Generation 20 - end )
Viewers 20k

လုရွေ့ချွင်သည် ယန်ကျင်းဇီအပေါ်တွင် ထင်မြင်ချက်များ အမြဲထားရှိခဲ့သည်။


သူ့အဘိုး သက်ရှိထင်ရှားရှိစဉ်အချိန်တွင် ယန်ကျင်းဇီက သူ့ကို ပိုးပန်းခဲ့သော်ငြား သူသည် ဆိုးရွားသည်ဟု မခံစားရပေ။ သူ့တွင် ညီငယ်တစ်ဦး ရှိလာသည်ဟုသာ သူ တွေးခဲ့သည်။


သို့သော် သူ့အဘိုး အပြင်းအထန် နာမကျန်းဖြစ်ပြီး သူ့ကို ယန်ကျင်းဇီနှင့် စေ့စပ်ရန် မေးလာသောအခါ သူသည် ယန်ကျင်းဇီက သူ့အခြေအနေကို အခွင့်ကောင်းယူနေသည်ဟု ခံစားခဲ့ရ၏။


မကြာသေးမီနှစ်များအတွင်း၌ သူသည် ယန်ကျင်းဇီကို အလွန်လျစ်လျူရှုနေခဲ့သော်လည်း ယန်ကျင်းဇီက လက်မလျှော့သွားသဖြင့် ၎င်းက သူ့ကို ပိုပြီးယုံကြည်မှုရှိစေခဲ့သည်။


ယခု ယန်ကျင်းဇီက လက်ထပ်ပွဲကို ရုတ်သိမ်းတော့မည်ဟု ပြောလာသောအခါ သူသည် နေရာတွင်ပင် ကြက်သေသေသွားခဲ့ပြီး သူ နားကြားမှားသွားသည်ဟု သံသယဖြစ်မိသည် : “ မင်း ဖျက်သိမ်းတော့မှာလား? ”


“ ဟုတ်တယ်၊ ငါ ဖျက်သိမ်းချင်တယ်။ အပြင်မှာ ရှေ့နေ ရှိတယ်၊ သဘောတူညီမှုကိုလည်း ရေးဆွဲပြီးပြီ။ ” ယန်ကျင်းဇီက ပျော်ရွှင်စွာ ပြောခဲ့သည်။ ထိုအချိန်၌ မူလပိုင်ရှင်နှင့် လုရွေ့ချွင်တို့ စေ့စပ်ခဲ့ကြပြီး သူတို့က သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးထားခဲ့ကြသည်။ ဤအရာကြောင့်သာ မဟုတ်လျှင် ဖျက်သိမ်းခြင်းက အလွန်ပြဿနာများနေမည် မဟုတ်ချေ။ 


ရှယ်ယာရှင်များ : “ ... ” ယန်ကျင်းဇီ၏ မျက်နှာပေါ်ရှိ အပြုံးနှင့် ပေါ့ပါးသော လေသံကို ကြည့်ခြင်းအားဖြင့် သူ အမှန်တကယ် ပျော်ရွှင်နေသည်မှာ သံသယဖြစ်ဖွယ်မဟုတ်။


သူတို့၏ကရုဏာသက်မှုကို လိုအပ်သူမှာ လုရွေ့ချွင်သာ ဖြစ်သည်။ 


ယခုတလော လုရွေ့ချွင်က အလွန်တက်ကြွနေခဲ့ပြီး နည်းမျိုးစုံဖြင့် သူတို့ကို ဆက်သွယ်ခဲ့သော်ငြား သူတို့ထဲမှတစ်ဦးပင် သူ့ဘက်တွင် မရပ်တည်ခဲ့ကြပေ။ သူ့အဆက်အသွယ်မှတဆင့် ယန်ကျင်းဇီက ဝမ်တင်းထောင်၏ ရှယ်ယာများကို ဝယ်ယူသွားသော်လည်း သူ့ဘက်တွင်ပင် မရပ်တည်ခဲ့ချေ...


သို့သော် ဤသည်မှာ လုရွေ့ချွင်၏ တုံးအမိုက်မဲမှုကြောင့်လည်း ဖြစ်သည်။


သူ ဖောက်ပြန်တယ်ဆိုရင်တောင်မှ ဘာကြောင့်များ သူက ဂရုမစိုက်ဘဲ သူများတွေကို သက်သေရစေခဲ့သလဲ?


ရှယ်ယာရှင်များသည် ပြက်လုံးများကို ဆက်ကြည့်ကြပြီး လုကျင်းရှိူ့သည် အဓိကခုံတွင် ထိုင်နေကာ အေးစက်သော မျက်နှာထားဖြင့် သူ့လက်ထဲရှိ သူ့ဖုန်းကို နှိပ်နေလေသည်။


သူ ဖုန်းချလိုက်သောအခါ ရှေ့နေက သဘောတူညီမှုနှင့် ဝင်လာခဲ့သည်။


လုရွေ့ချွင်သည် ရှေ့နေကို ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် ယန်ကျင်းဇီကို ဆက်ကြည့်သည်။


ယန်ကျင်းဇီက ဤနှစ်များတွင် အကြိမ်များစွာ သူနှင့် ငြင်းခုံရန်ဖြစ်နေခဲ့သော်လည်း “ဖျက်သိမ်းမှု”ကို တစ်ခါမှ မပြောခဲ့ဖူးချေ။ လွန်ခဲ့သော လတွင် ယန်ကျင်းဇီက ပြောင်းလဲသွားခဲ့သည်။ ပြီးခဲ့သော ရက်အနည်းငယ်၌ ယန်ကျင်းဇီက ဖုန်းပင် မဖြေတော့...


လုရွေ့ချွင်သည် ယန်ကျင်းဇီက အမှန်တကယ် ပြတ်စဲချင်ကာ အချိန်အကြာကြီးကတည်းကပင် ပြင်ဆင်နေခဲ့လောက်မှန်း ရုတ်တရက် သဘောပေါက်သွားရသည်။


သူက ပြင်းထန်စွာ မတ်တပ်ထရပ်ပြီး ယန်ကျင်းဇီကို ကြည့်သည် : “ မင်း ငါ့ကို လှည့်စားခဲ့တာလား? ”


ယန်ကျင်းဇီဟာ ဟိုးယခင်ကတည်းက သူနှင့် ပြတ်စဲချင်ခဲ့သော်ငြား ဘာမှမပြသဘဲ သူ့ထံမှတဆင့် ဝမ်တင်းထောင်၏ ရှယ်ယာများကို ဝယ်ယူသွားသည်...


“ ငါက မင်းကို ဘာအတွက် လှည့်စားရမှာလဲ? ” ယန်ကျင်းဇီက သူ့ခုံကို ကျောမှီပြီး လုရွေ့ချွင်ကို ပြုံးလျက် ကြည့်သည် : “ မင်းက ဘာစိတ်ဆိုးနေတာလဲ? မင်းက ငါ့သူငယ်ချင်းနဲ့ ဖောက်ပြန်ပြီး အိပ်ခဲ့တာတောင် ငါ ဒေါသမထွက်ဘူး။ ”


လုရွေ့ချွင်က အနည်းငယ် ရှက်‌သွားသော်လည်း ပြောလိုက်သေးသည် : “ ငါ မဖျက်သိမ်းဘူး! ”


“ ဒါဆို ဒီပုံတွေကို ငါ နောက်ထပ်နည်းနည်း ထပ်ထုတ်ပြီး သွားဝေပစ်လိုက်မယ်။ ” ယန်ကျင်းဇီက ဆိုသည်။


လုရွေ့ချွင်က ယန်ကျင်းဇီကို မယုံကြည်နိုင်စွာ ကြည့်လာသည်။


ယန်ကျင်းဇီက သူ့ကို ငြိမ်သက်စွာ ပြန်ကြည့်သည်။


ယခင်ယန်ကျင်းဇီတွင် ငွေရောင်ဆံပင်များ ပြည့်နှက်နေပြီး လူအများကို အားမကိုးရသော ခံစားချက် ပေးစွမ်းခဲ့သည်။ ယခု သူက ကွဲပြားသွားသည်။


သူ့ဆံပင်မှာ အနက်ရောင် ပြန်ဆိုးထားပြီးဖြစ်ကာ ယနေ့ သူက အနက်ရောင်ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။ လူတစ်ကိုယ်လုံးက များစွာပိုမိုတည်ငြိမ်ပုံရသည်။ ဤအခိုက်အတန့်တွင် ယန်ကျင်းဇီက သူ့ကို ကြည့်နေသောအခါ လုရွေ့ချွင်လျှင်ပင် အနည်းငယ် အားနည်းသော ခံစားချက်ကိုပင် မသိမသာ ရရှိလာသည်။


“ လက်မှတ်ထိုးလိုက် ” ယန်ကျင်းဇီက ပြောသည်။


လုရွေ့ချွင်သည် သဘောတူညီမှုကို ယူလိုက်ကာ ယန်ကျင်းဇီက ၎င်းကို လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း ဤအခါမှ တွေ့လိုက်ရသည်။


ယန်ကျင်းဇီက သူ့ကို ဖိအားပေးနေစဉ် ထိုရှယ်ယာရှင်များက ပွဲကောင်းကြည့်နေကြသည်။ ဤအချိန်တွင် လုရွေ့ချွင်သည် လုကျင်းရှိူ့ကို မရည်ရွယ်ဘဲ ကြည့်မိလိုက်သည် : “ ဦးလေး... ”


လုကျင်းရှိူ့က သူ့ကို အေးစက်စွာ ကြည့်သည် : “ လက်မှတ်ထိုးလိုက်။ ”


လုရွေ့ချွင် ချက်ချင်း တုန်ယင်သွားရသည်။


လုကျင်းရှိူ့ဟာ ယခင်က သူ့ကို အမြဲသည်းခံခဲ့သော်ငြား ဤအခိုက်အတန့်တွင်မူ သူသည် လုကျင်းရှိူ့က သူ့ကို ကြည့်သောအခါ ပြင်းပြင်းထန်ထန် ရွံရှာနေသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။


သူ ခေါင်းငုံ့ပြီး ဘောပင်တစ်ချောင်းနှင့် လက်မှတ်ထိုးလိုက်၏။


ဤနေရာတွင် ကြာကြာဆက်နေရမည်မှာ ရှက်စရာပင်။ ယခု သူ အသည်းအသန် ထွက်သွားချင်နေသည်။


လုရွေ့ချွင်သည် လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုကို စားပွဲပေါ်သို့ ပစ်တင်ကာ ယန်ကျင်းဇီကို ပြောလိုက်သည် : “ မင်း နောင်တရလိမ့်မယ်! ”


စကားပြောပြီးနောက် သူက ခြေလှမ်းကျဲလျှောက်ကာ ထွက်သွားသည်။ 


“ မင်း မင်းပုံတွေကို မလိုချင်တော့ဘူးလား? ” ယန်ကျင်းဇီ ရုတ်တရက် မေးလိုက်သည် — သူသည် လုရွေ့ချွင်၏ ဤပုံများကို ပြန်မသယ်သွားချင်ပေ။


လုရွေ့ချွင်သည် ရပ်တန့်သွားပြီး ပြန်လှည့်ကာ အစည်းအဝေးစားပွဲပေါ်မှ ဓာတ်ပုံများကို သိမ်းသည်။


လုရွေ့ချွင်က လျင်မြန်စွာ ထွက်သွားသည်။ သူ ထွက်သွားပြီးနောက် ရှယ်ယာရှင်များကလည်း ထွက်သွားရန် ပြင်ဆင်သည်။


သို့သော် ဤအချိန်တွင် လုကျင်းရှိူ့က ရုတ်တရက် ပြောလာသည် : “ အားလုံးပဲ... ငါ မင်းတို့ကို ညနေကျရင် ညစာဧည့်ခံမယ်။ ထမင်းအတူတူစားကြရအောင်လား? ”


လူတွေနဲ့ အဆက်အသွယ်လုပ်ရတာ မကြိုက်တဲ့ လုကျင်းရှိူ့လို လူက တကယ်ကြီး သူတို့ကို ညစာစားဖို့ ဖိတ်လာတယ်လား?


ရှယ်ယာရှင်များသည် ထူးဆန်းသည်ဟု ထင်မိကြသော်ငြား အားလုံး သဘောတူခဲ့ကြသည်။ လူတချို့က ပြုံးကာ မေးမြန်းကြ၏ : “ မစ္စတာလု၊ ပျော်စရာကိစ္စများ ရှိနေ‌သလား? ” ဒီနေ့ လုကျင်းရှိူ့ကို ကြည့်ရတာ အရမ်းပျော်နေသလိုပဲမလား?


“ ဟုတ်တယ်၊ ပျော်စရာကိစ္စ ရှိတယ်။ ” လုကျင်းရှိူ့၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးတက်သွားသည်။


“ ဂုဏ်ယူပါတယ်! ပျော်စရာကိစ္စက ဘာဖြစ်မလဲ ငါ သိချင်မိတယ်။ ” ထိုရှယ်ယာရှင်က ထပ်မေးပြန်သည်။


လုကျင်းရှိူ့၏ အမူအရာက ရုတ်တရက် နူးညံ့သွားသည် : “ ငါ လက်ထပ်တော့မယ်။ ”


လုရှယ်ယာရှင်များ : “ !!! ”


လုကျင်းရှိူ့က တကယ်ကြီး လက်ထပ်တော့မှာလား?


ယန်ကျင်းဇီနှင့် လုရွေ့ချွင်တို့ လက်ထပ်ပွဲကို ဖျက်သိမ်းခြင်းက သူတို့အတွက် အံ့ဩစရာတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း လုကျင်းရှိူ့ လက်ထပ်ချင်ခြင်းက သူတို့ကို အမှန်တကယ် ရှော့ခ်ရစေသည်။


” ဒီဂုဏ်သရေကို ပိုင်ဆိုင်ရတာ ဘယ်မိသားစုရဲ့ အမျိုးသမီးလဲ? ” တစ်စုံတစ်ဦးက မေးသည်။


အသေးစိတ်အခြေအနေကို သိပြီးသည့် လျန်ချီဟိုင်က ယန်ကျင်းဇီကို အလိုအလျောက် ကြည့်မိပြီး ထို့နောက် သူ တွေ့လိုက်ရသည်၊ ယန်ကျင်းဇီက သဘောတူညီချက်ကို ကိုင်ကာ ထရပ်ပြီး အပြုံးလေးနှင့် ဆို၏ : “ မိန်းမပျိုတစ်ယောက် မဟုတ်ဘူး။ အဲ့ဒါ ကျွန်တော်ပါ။ ”


ရှယ်ယာရှင်များ : “ ... ” ဒီနေ့ သူတို့ ဖရဲသီးစားလို့ နည်းနည်းဗိုက်ပြည့်သွားပြီ။


ဒါနဲ့ မင်းက အရမ်းပျော်နေပြီး အရမ်းစိတ်မရှည်ဖြစ်နေတယ်။ မင်း ဟိုးအရင်ကတည်းက မင်းရဲ့ လက်ထပ်ပွဲလက်တွဲဖော်ကို ပြောင်းဖို့ စဉ်းစားနေခဲ့တာမလား?


ဒါပေမယ့်... လုကျင်းရှိူ့က တကယ်ပဲ လုရွေ့ချွင်ထက် ပိုကောင်းတယ်။


တစ်ဖက်တွင်မူ အစည်းအဝေးခန်းထဲမှ ထွက်လာသော လုရွေ့ချွင်၏ အမူအရာမှာ ညိုမှိုင်းလာခဲ့သည်။


ရှယ်ယာရှင်များ အစည်းအဝေးကို လုတွင် ကျင်းပသည်။ ဤအခိုက်အတန့်တွင် လူအများအပြားက သွားလာနေကြသည်။ သူတို့က သူ့ကို ကြည့်နေသည်အား သတိပြုမိသော် လုရွေ့ချွင်သည် သူ့လမ်းလျှောက်နှုန်းကို အရှိန်တင်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လုမှ ထွက်လာခဲ့သည်။


လုအပြင်ဘက်တွင် ဝမ်ဟဲယန်က လုရွေ့ချွင်ကို စောင့်နေသည်။ လုရွေ့ချွင် ထွက်လာသည်ကို တွေ့သော် သူက ‌ပြုံးကာ လျှောက်သွားသည် : “ ရွေ့ချွင်... ”


လုရွေ့ချွင်သည် ဝမ်ဟဲယန်ကို ရိုးရှင်းစွာ လျစ်လျူရှုပြီး တစ်ခါတည်း လမ်းလျှောက်ထွက်သွားသည်။


ဝမ်ဟဲယန်သည် သူ့နှလုံး “ဒုတ်ခနဲ” ခုန်သွားသည်ကို ခံစားမိပြီး အခြေအနေမကောင်းမှန်း နားလည်သွားသည်။ သူသည် သူ့စိတ်အခြေအနေကို ရှင်းလင်းပြီး လုရွေ့ချွင်နောက်သို့ ချက်ချင်း ပြေးလိုက်သွား၏ : “ ရွေ့ချွင်၊ စောင့်ပါဦး... ”


လုရွေ့ချွင် သူ့ကားထဲသို့ ဝင်သွားပြီး ဝမ်ဟဲယန်သည် ကားမောင်းသူဘေးနေရာသို့ သူ့နောက်မှလိုက်ဝင်သည် : “ ရွေ့ချွင်၊ ဘာဖြစ်လို့လဲ? ”


လုရွေ့ချွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ဓာတ်ပုံကို ဝမ်ဟဲယန်ပေါ်သို့ ပစ်လိုက်သည် : “ မင်းဘာသာမင်းပဲ ကြည့်လိုက်တော့! ”


လုရွေ့ချွင်သည် ယခင်က ဝမ်ဟဲယန်ကို အလွန်သဘောကျခဲ့သော်ငြား ဤအခိုက်အတန့်တွင်မူ ဝမ်ဟဲယန်ကို ကြည့်နေရင်း သူ့အကြည့်များမှာ ရွံရှာမှုအနည်းငယ်ကို အလိုလို ပြသနေသည်။


ဝမ်ဟဲယန်ကြောင့်သာ မဟုတ်ရင် သူ ဒီလိုမျိုး မျက်နှာအကြီးအကျယ် မပျက်ရလောက်ဘူး!


“ ဒါ... ဒါက ဘယ်ကလာတာလဲ? ” ဝမ်ဟဲယန်သည် ထိုပုံများကို ကြည့်ပြီး သူ့နှလုံးခုန်သံမှာ မြန်ဆန်လာကာ အနည်းငယ် စိတ်ပူ၍ အနည်းငယ် စိတ်လှုပ်ရှားနေသည်။


သူ သိသည်၊ ရှယ်ယာရှင်များ အထွေထွေအစည်းအဝေးကို ယနေ့ ကျင်းပမည်ဖြစ်ကာ ယန်ကျင်းဇီလည်း ထိုနေရာတွင် ရှိနေမည်ပင်။


အခု ယန်ကျင်းဇီရဲ့မျက်နှာက ဘယ်လိုဖြစ်နေမလဲ? အရမ်းဝမ်းနည်းနေမှာလား? 


“ ယန်ကျင်းဇီ ထုတ်လာတာ။ သူ ဒီနေ့ ငါ့ကို မထောက်ခံခဲ့ဘူး။ ” လုရွေ့ချွင်က ပြောသည်။


ဝမ်ဟဲယန်သည် လုရွေ့ချွင်ကို ဤသို့မြင်ရကတည်းက လုရွေ့ချွင်၏ အစီအစဉ် ကျရှုံးလာကြောင်း သိသည်။


သူ မအံ့ဩပေ။ အဆုံး၌မူ လုရွေ့ချွင်က အသက်ငယ်လွန်းအားကြီးသည်။


သို့သော် ဤအခိုက်အတန့်တွင် သူသည် လုရွေ့ချွင်ကို နှစ်သိမ့်ရဦးမည်ပင် : “ ရွေ့ချွင်၊ သူ နောင်တရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက လုရဲ့ အဓိကရှယ်ယာရှင်တစ်ယောက် ဖြစ်နေတုန်းပဲ။ သူက မင်းနဲ့ လက်ထပ်စာချုပ် မရှိရင် ဘာမှမဟုတ်ဘူး။ ”


ယန်မိသားစုရဲ့ အမွေဆက်ခံသူက ယန်ကျင်းဇီရဲ့ အစ်ကို ဖြစ်မယ်ဆိုတာ ဘယ်သူက မသိလို့လဲ? ယန်မိသားစုက လုမိသားစုထက် အများကြီး မဆိုးရွားရင်တောင်မှ လုရွေ့ချွင်လိုမျိုး ယန်ကျင်းဇီက ယန်မိသားစုကုမ္ပဏီရဲ့ ရှယ်ယာတွေ အများကြီးကို ရနိုင်စရာ အကြောင်းမရှိဘူး!


ဝမ်ဟဲယန်က လုရွေ့ချွင်ကို နှစ်သိမ့်ပေးသည်။ ဤသို့ကြားရသော် လုရွေ့ချွင်သည် အတော်လေး စိတ်ငြိမ်သွားသကဲ့သို့ ခံစားရသည်။


သူ မဟုတ်ဘဲ ယန်ကျင်းဇီက တခြားဘယ်သူ့ကို ရှာနိုင်မှာလဲ?


ယန်ကျင်းဇီက အရမ်းပညာမတတ်ဘူး၊ သေချာပေါက် သူ့ထက် ပိုသာတဲ့ လူတစ်ယောက်ယောက်ကို မရှာနိုင်ဘူး!


လုရွေ့ချွင် မြို့သို့ပြန်သွားသောအခါ သူ၏ သူငယ်ချင်းကောင်းများထဲမှ တချို့က သူ့ကို အပြင်ထွက်၍ သောက်စားပျော်ပါးရန် ချက်ချင်း ခေါ်ကြသည်။ မူလက လုရွေ့ချွင်သည် မသွားချင်သော်လည်း တွေးကြည့်ပြီးနောက် သူ ထပ်သွားပြန်သည်။


ကြီးကျယ်တောက်ပသော ကလပ်ဟောက်စ်ထဲတွင် လုရွေ့ချွင်သည် ဝိုင်များစွာကို သောက်ခဲ့ပြီး သူ့အနား၌ သူနှင့်သက်တူရွယ်တူ ချမ်းသာသော ဒုတိယမျိုးဆက်တစ်စု ရှိနေသည်။


သူတို့အသက်အရွယ်၌ လူအများစုဟာ သူတို့၏ လူကြီးသူမများဆီမှ ပိုက်ဆံနှင့် နေထိုင်နေကြဆဲဖြစ်သည်။ လုရွေ့ချွင်တွင် ပိုင်ဆိုင်မှုများနှင့် ရှယ်ယာများ ရှိပြီး သူတို့၏ခေါင်းဆောင် ဖြစ်သည်။ သဘာဝကျစွာပင် လူတိုင်းက လုရွေ့ချွင်ကို မျက်နှာသာပေးကြသည်။


လုရှယ်ယာရှင်များ အစည်းအဝေးမှ သတင်းအချို့ဟာ အပြင်သို့ ထွက်လာပြီးဖြစ်သည်။ ဤအချိန်တွင် သူတို့က လုရွေ့ချွင်ကို နှစ်သိမ့်ကြသည် : “ အစ်ကိုလု၊ မင်းက အသက်ငယ်‌ပါသေးတယ်။ အနာဂတ်မှာ အခွင့်အရေး‌တွေ ရှိလာပါလိမ့်မယ်။ ”


“ လုကျင်းရှိူ့က အိမ်ထောင်မပြုဘဲ ကလေးလည်း မရှိဘူး။ သူ အခု လုကို ကိုင်ထားတော့ရော ဘာဖြစ်လဲ? အနာဂတ်မှာ မင်းအပိုင် ဖြစ်လာမှာ သေချာတယ်။ ”


“ အစ်ကိုလု၊ အဲ့ယန်ကျင်းဇီကလည်း တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတယ်။ အရင်တုန်းက သူရှိလို့ ငါတို့ ကောင်းကောင်းမပျော်နိုင်ခဲ့ဘူး... အစ်ကိုလု၊ ဒီနေ့ ပျော်လိုက်ကြရအောင်လား? ”




လုရွေ့ချွင်သည် ဤလူများ၏စကားကို နားထောင်ပြီး ပိုမိုသက်တောင့်သက်သာဖြစ်လာသည်။


သူတို့လက်ထပ်ပွဲကို ဖျက်ပြီးတော့ ယန်ကျင်းဇီက ဘယ်သူ့ကို ရှာနိုင်မလဲလို့ သူ ကြည့်ဦးမယ်!


ဖျက်သိမ်းဖို့ကို အကြံပြုတာက ယန်ကျင်းဇီ ဆိုတော့ရော ဘာဖြစ်လဲ? တကယ်တမ်းကျတော့ စွန့်ပစ်ခံရတဲ့လူက ယန်ကျင်းဇီပဲ၊ ပြီးတော့ သူကမှ ယန်ကျင်းဇီကို မကြည့်နိုင်တော့တဲ့လူလေ။


လုရွေ့ချွင်၏ အမူအရာမှာ ပြေလျော့သွားပြီး သူသည် ဝိုင်တစ်ခွက်ကို ယူကာ သောက်လိုက်သည်။


ရလဒ်ကမူ သူ သောက်ပြီးရုံသာရှိသေး၊ သူ့သူငယ်ချင်းတစ်ဦးက ဖုန်းကိုင်ထားရင်းနှင့် ရုတ်တရက် လေအေးပင့်သက်ရှိုက်ခဲ့သည် : “ အစ်ကိုလု... သတင်းဆိုးရှိတယ်... ”


“ ဘာသတင်းလဲ? ” လုရွေ့ချွင်က အလိုအလျောက် မေးမိသည်။


“ အစ်ကိုလု၊ ယန်ကျင်းဇီက မင်းဦးလေးနဲ့ လက်ထပ်တော့မယ်... ” ထိုလူက လုရွေ့ချွင်ကို ကရုဏာသက်စွာ ကြည့်သည်။


လုရွေ့ချွင်၏လက်များ ‌လျော့ကျသွားပြီး ချက်ချင်းပင် ဝိုင်ခွက်က ကြမ်းပြင်ပေါ်သို့ ကျသွားသည်။


ယနေ့ လုရှယ်ယာရှင်များ အစည်းအဝေးတွင် ဖြစ်ပျက်ခဲ့သည်များမှာ လုဝန်ထမ်းအချို့မှတဆင့် အသိုင်းအဝိုင်းငယ်တစ်ခုသို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့သည်။


အစက လူတိုင်းဟာ ၎င်းကို ကြားရသောအခါ မအံ့ဩကြပေ။ အဆုံး၌မူ တူနှင့်ဦးလေးတို့ အာဏာအတွက် တိုက်ခိုက်ကြသည်မှာ မထူးဆန်းချေ။


ဆန့်ကျင်ဘက်အားဖြင့် လူတိုင်းသည် ယန်ကျင်းဇီက လုရွေ့ချွင်နှင့် လက်ထပ်ပွဲကို ဖျက်သိမ်းသည်ဟု ကြား‌ရသောအခါ အတော်လေး အံ့ဩသွားကြသည်။


လုရွေ့ချွင်က ဖောက်ပြန်ခဲ့ပေမယ့်လည်း ဒီလိုလက်ထပ်စာချုပ်မျိုးက စီးပွားရေးဆန်တဲ့ လက်ထပ်ပွဲ ဖြစ်တယ်။ ဘာလို့ ယန်ကျင်းဇီက ဖျက်သိမ်းလိုက်တာလဲ?


လူအများစုက ယန်ကျင်းဇီကို အနည်းငယ် သနားနေကြဆဲဖြစ်သည်။


ယန်ကျင်းဇီက လုရွေ့ချွင်ကို သေအောင် ချစ်‌တာ ဘယ်သူက မသိလို့လဲ? အခု သူ အခွဲခံလိုက်ရတော့ သူ အဆင်မပြေဖြစ်နေလောက်ပြီ။


ထို့အပြင် ယန်ကျင်းဇီက အနာဂတ်တွင် လုရွေ့ချွင်ကဲ့သို့ လူတစ်ဦးကို ရှာနိုင်လောက်မည်မဟုတ်ချေ။


သို့သော်ငြား... လူတိုင်း ထိုသို့စဉ်းစားနေစဉ် သူတို့သည် ဖခင်ယန်ထံမှ စာတစ်စောင်ကို ရုတ်တရက် ရလိုက်ကြသည် — ယန်မိသားစုနှင့် လုမိသားစုကြားရှိ လက်ထပ်ပွဲမှာ ဆက်ရှိမည်ဖြစ်သည်။ နောက်လတွင် သူတို့ဟာ ယန်ကျင်းဇီနှင့် လုကျင်းရှိူ့၏ လက်ထပ်ပွဲသို့ တက်ရောက်ရန် ကြိုဆိုခံရသည်။


သတင်းရရှိသူများ : “ ??? ”


ဒီဟာက မြန်လွန်းတယ်၊ သူတို့ မမြင်လိုက်ဘူး!


ပြင်ပလူများ မည်မျှအံ့ဩနေကြမည်ကို ယန်ကျင်းဇီသည် ခန့်မှန်း‌နိုင်သော်ငြား လျစ်လျူရှုထားသည်။



သူသည် သူ့မင်္ဂလာဆောင်အတွက် ပြင်ဆင်ရန် အလုပ်များနေသည်။


သူနှင့် လုကျင်းရှိူ့တို့သည် အထူးခမ်းနားသော မင်္ဂလာပွဲတစ်ခု သေချာပေါက် ရရှိရမည်။ 


သူသည် လုကျင်းရှိူ့ကို အရာရာ အကောင်းဆုံးသာ ပေးချင်သည်။


____