အပိုင်း ၁၉၇ ( Rich Second Generation 21 - extra 1 )
Viewers 20k

လွန်ခဲ့သော နှစ်နှစ်မှစ၍ လုကျင်းရှိူ့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ဆိုးရွားခဲ့သည်။ သူသည် မကြာခဏ သူ့ကိုယ်သူ ရွံမုန်းတတ်ပြီး ဆက်လက်ပင် အသက်မရှင်တော့လေရာ သူသည် လူများများနှင့် အဆက်အသွယ်မလုပ်ချင်ခဲ့ပေ။


သို့သော် ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ ယခုအခါ သူ့တွင် အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး တခြားသူများကို သိစေချင်သည်...


မဟုတ်ချေ၊ သူသည် လူများကို ညစာဖိတ်ကျွေးသည်မှာ သူ လက်ထပ်တော့မည်ကို သိစေချင်သောကြောင့်သာ မဟုတ်ပေ။


သူ သူ့ရဲ့ လူမှုရေးအသိုင်းအဝိုင်းကို ကျယ်ပြန့်စေချင်တယ်၊ တကယ်အတည်!


ညစာစားမည့်နေရာကို Goldfield တွင် သတ်မှတ်လိုက်ကြသည်။ လုကျင်းရှိူ့သည် ရှယ်ယာရှင်များကို ထိုနေရာသို အတူခေါ်သွားသည်။ သူသည် ထိုရှယ်ယာရှင်များနှင့် စကားကောင်းကောင်းပြောခဲ့ရုံသာမက Goldfield ၏ အထူးဟင်းလျာ အနည်းငယ်ကိုပါ မိတ်ဆက်ပေးခဲ့သည်။


တစ်နေ့လုံး အလွန်မှုန်ကုပ်နေသည့် ဥက္ကဌလုက လူအများနှင့် စကားပြောရန် လက်ဦးမှုရယူလိမ့်မည်... ထိုရှယ်ယာရှင်များမှာ အနည်းငယ် အံ့ဩနေကြသည်။


ရလဒ်ကမူ သူတို့စားနေချိန်တွင် ပို၍ပင် အံ့အားသင့်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။


အမြဲတစေ နှုတ်နည်းခဲ့သော လုကျင်းရှိူ့သည် ထမင်းစားနေစဉ် စကားများစွာပြောခဲ့ပြီး သူတို့ကို သူ့မင်္ဂလာဆောင်သို့ ဖိတ်ကြားခဲ့၏။ သို့သော် အမြဲတမ်း စကားပြောနေတတ်သော ယန်ကျင်းဇီက သိပ်မပြောခဲ့ချေ။ သူသည် ပုဇွန်များကို အခွံနွှာနေခဲ့သည်။ အခွံခွာပြီးနောက် သူက လုကျင်းရှိူ့၏ ပန်းကန်ထဲသို့ လွယ်လွယ်ကူကူ ထည့်လိုက်သည်။


ဤပွဲမျိုးတွင် အများအားဖြင့် လူတိုင်းက သောက်ကြသော်လည်း ယန်ကျင်းဇီသည် လုကျင်းရှိူ့အတွက် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော အသီးဖျော်ရည်ကို မှာပေးခဲ့သည်။ လုကျင်းရှိူ့သည် စိတ်မဆိုးပေ။ သူသည် စပျစ်သီးဖျော်ရည်ကို အမှန်တကယ် ယူကာ သူတို့၏ဝိုင်ခွက်များနှင့် ခွက်ချင်းပြိုင်တူမြှောက်ခဲ့သည်။


တကယ်တော့ လုကျင်းရှိူ့နှင့် ယန်ကျင်းဇီတို့က အလွန်အကျွံ ရင်းနှီးကျွမ်းဝင်သော အပြုအမူများကို မလုပ်ခဲ့ကြချေ။ သို့ရာတွင် သူတို့သည် ဘာကြောင့်မှန်း မသိကြပေ... ဤရှယ်ယာရှင်များ အားလုံးသည် စားသောက်နေကြစဉ် ခွေးစာစားနေရသကဲ့သို့ ခံစားကြရသည်။


ကြည့်လေ၊ ယန်ကျင်းဇီက ဂဏန်းအခွံခွာပြီးရုံသာရှိသေးကာ သူ့အနားတွင် ရှိသည့် လုကျင်းရှိူ့က လက်ကိုင်ပုဝါကို ချက်ချင်း ကမ်းပေးသည်။ ဒီအပြန်အလှန်နားလည်မှုက အရမ်းလွန်လွန်းတယ်!


ယန်ကျင်းဇီနှင့် လက်ထပ်မည်ဟု လုကျင်းရှိူ့ ယခင်က ပြောသောအခါ ဤရှယ်ယာရှင်များသည် အံ့ဩသွားကြသော်လည်း သူတို့အားလုံးသည် ဤလူနှစ်ဦး၏ လက်ထပ်ပွဲရည်ရွယ်ချက်မှာ မရိုးရှင်းဟု ခံစားကြရသည်။


သူတို့အားလုံးသည် ယန်ကျင်းဇီဟာ ယခင်က လုရွေ့ချွင်ကို မည်မျှကြိုက်ခဲ့မှန်း သိကြသည်။ ယခု သူက လုကျင်းရှိူ့နှင့် အတူရှိသည်။ လုရွေ့ချွင်ကို စိတ်ဆိုးအောင် လုပ်ဖို့များလား?


ယန်ကျင်းဇီက လုရွေ့ချွင်ကို မကြိုက်တော့ဘူး ဆိုရင်တောင်မှ... သူ လုကျင်းရှိူ့ကို အရမ်းမြန်မြန်ကြီး မကြိုက်သင့်ဘူးမလား?


လုကျင်းရှိူ့အတွက်မူ... သူ ယန်ကျင်းဇီကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာက ယန်မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှု အကျိုးအတွက်များလား?


အဆုံး၌မူ လုကျင်းရှိူ့အတွက် ယန်ကျင်းဇီကို လက်ထပ်ခြင်းဟာ ဆုံးရှုံးမှုမဟုတ်ချေ — ယန်မိသားစု၏ ဒုတိယသခင်လေးတွင် အရည်အချင်းမရှိလျှင်တောင်မှ သူက ငယ်ရွယ်ပြီး ချောမောသည်လေ။


အကျဉ်းချုပ်ရသော် သူတို့သည် ဤလူနှစ်ဦးတွင် ခံစားချက်များ ရှိမည်ဟု မထင်ကြပေ။


ယခုမူကား... ဒီနှစ်ယောက်မှာ သေချာပေါက် သဘာဝမကျတဲ့ ဆက်ဆံရေး ရှိကိုရှိတယ်!


လုရွေ့ချွင်၏ အရောင်စုံအလံက အပြင်တွင် လွင့်ပျံ့လှုပ်ယမ်းနေစဉ် သူ့မိသားစု၏ အလံနီကလည်း အခြားလူများ၏ အိမ်များထဲတွင် စိုက်ဝင်သွားခဲ့သည်*...


(* လုရွေ့ချွင်က အိမ်အပြင်တွင် ဖောက်ပြန်နေသော်ငြား အိမ်ထဲတွင် သူ ဖောက်ပြန်ခံနေရမှန်းကို မသိချေ။ )



ဤလူများသည် လုရွေ့ချွင်ကို ပိုပြီးသနားမိသွားကြသည်။


သို့သော် သူတို့သည် ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ကြားတွင် တစ်ခုခုမှားနေသည်ဟု မခံစားကြရချေ... သူတို့ကိုယ်တိုင်၌လည်း လူကျင့်ဝတ် မရှိကြပေ။


တကယ်တော့ လုရွေ့ချွင်၏ ခေါင်းထဲတွင်လည်း တွင်းတစ်တွင်း ရှိနေသည်။ ဤကဲ့သို့ စေ့စပ်ထားသူမျိုးကိုတောင် သူက သေသေချာချာ ဖမ်းဆုပ်ထားရမည်အား မသိချေ။


“ ကျင်းရှိူ့၊ ဂန္ဓမာရေနွေးကြမ်းလေး သောက်ပါဦး။ ” ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို စောင့်ကြည့်နေခဲ့သည်။ လုကျင်းရှိူ့က များစွာစားထားသည်ကို တွေ့ရသော် သူသည် လုကျင်းရှိူ့၏လက်ထဲမှ တူကို ယူပြီး ဂန္ဓမာရေနွေးကြမ်း ခွက်တစ်ခွက်ကို ကမ်းပေးလိုက်သည်။


လုကျင်းရှိူ့၏ အစာအိမ်မှာ သိပ်မကောင်းရာ တစ်ခါတည်းနှင့် အများကြီးပိုမစားနိုင်ဘဲ လျှော့စားကာ စားသည့်အကြိမ်ရေ ပိုတိုး၍သာ စားသင့်သည်။


ထို့အပြင် လုကျင်းရှိူ့က ကောင်းစွာ မအိပ်ပျော်နိုင်ရာ ယန်ကျင်းဇီသည် သူ့ကို လက်ဖက်ရည်နှင့် ကော်ဖီတို့အား မသောက်ရန်လည်း တားမြစ်ထားသည်။


လုကျင်းရှိူ့သည် ယန်ကျင်းဇီကို လှည့်ကြည့်ပြီး ယန်ကျင်းဇီ သူ့ကို ကမ်းပေးသော ဂန္ဓမာရေနွေးကြမ်းအား တစ်ငုံသောက်လိုက်သည်။


နွေးထွေးသော ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားပြီး သူသည် သူ့မျက်လုံးများကို ပျော်ရွှင်စွာ မှေးမှိတ်လိုက်၏။


သူနှင့် ယန်ကျင်းဇီတို့၏ ဆက်ဆံရေးမှာ နောက်ဆုံးတွင်တော့ ကမ္ဘာကြီးကို ကြေညာနိုင်ပြီဖြစ်ပြီး သူသည် ယနေ့တွင် အလွန်ပျော်ရွှင်နေသည်။


ပျော်ရွှင်နေသော လုကျင်းရှိူ့သည် ဤရှယ်ယာရှင်များကို နှုတ်ဆက်ပြီး ယန်ကျင်းဇီကို အိမ်ပြန်ခေါ်လာသည်။ သူ ပထမဆုံး ပြုလုပ်သော အရာမှာ ထွက်လာပြီး သူတို့ကို ထမင်းစားတော့မည်လားဟု မေးမြန်းသည့် အဒေါ်ဝမ်ကို လေးနက်စွာ ကြည့်ခြင်းဖြစ်သည် : “ အဒေါ်ဝမ်၊ ငါနဲ့ ကျင်းဇီတို့ လက်ထပ်တော့မယ်။ ”


အဒေါ်ဝမ် အံ့အားသင့်သွားသည် : “ ဘာ? ”


“ ကျွန်တော်နဲ့ ကျင်းရှိူ့တို့က နောက်လမှာ လက်ထပ်ကြမှာ။ ” ယန်ကျင်းဇီက ရယ်မောသည်။


‌ပြောရမည်ဆိုလျှင် နာနီ အဒေါ်ဝမ်ဟာ အမှန်တကယ် အလွန်ရိုးသားသော လူတစ်ဦး ဖြစ်သည်။


သူ(မ)ဟာ သူတို့နှင့် အနီးကပ်ဆုံးလူ ဖြစ်သော်ငြား အဆုံးအထိ သူ(မ)က သူတို့၏ဆက်ဆံရေးနှင့် ပတ်သက်ပြီး ထူးဆန်းမှုတစ်ခုကိုပင် သတိမထားမိခဲ့ချေ... ကောင်းပြီ၊ သူ သူ(မ)ကို အပြစ်မတင်နိုင်။ ဤနေရာသို့ ပြောင်းရွှေ့ပြီးနောက် ယန်ကျင်းဇီသည် သူ(မ)ကို အိပ်ခန်းသန့်ရှင်းရေး မလုပ်ခိုင်းတော့ပေ။ သူနှင့် လုကျင်းရှိူ့တို့ နှစ်ဦးစလုံးကသာ အခန်းကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ကြသည်။


“ ယန်သခင်လေးက လုသခင်လေးကို လက်ထပ်မှာမဟုတ်ဘူးလား? ” အဒေါ်ဝမ် ဆွံ့အသွားသည်။


“ ဟက် ” လုကျင်းရှိူ့က လှောင်ရယ်ရယ်သည်။


“ လုရွေ့ချွင်က ဖောက်ပြန်ခဲ့တယ်။ ကျွန်တော် သူနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီ။ အခုတလော ကျွန်တော် ကျင်းရှိူ့နဲ့ ဆက်ဆံရေးတစ်ခုကို စတည်ဆောက်နေခဲ့တယ်။ အဲ့ဒါ အဆင်ပြေတယ်လို့ ကျွန်တော် ထင်တဲ့အတွက် ကျွန်တော် လက်ထပ်ဖို့စီစဉ်လိုက်တယ်။ ” ယန်ကျင်းဇီက ပြောခဲ့သည်။


အဒေါ်ဝမ်က ငူငူငိုင်ငိုင်ဖြင့် ခေါင်းညိတ်ရှာသည်။


အဒေါ်ဝမ်က ရှော့ခ်ရသွားပြီး လုကျင်းရှိူ့က စိတ်ကျေနပ်သွားသည်။ သူသည် အဒေါ်ဝမ်ကို ခေါင်းညိတ်ပြပြီး အိပ်ခန်းထဲသို့ တုတ်ကောက်နှင့် လမ်းလျှောက်ဝင်သွားသည်။


“ အဒေါ်ဝမ်၊ စောစောအိပ်ရာဝင်ပါ။ ” ယန်ကျင်းဇီသည် ‌အဒေါ်ဝမ်ကို စကားပြောပြီး လုကျင်းရှိူ့နောက်သို့ လိုက်သွားသည်။


အဒေါ်ဝမ်သည် ခဏတာ ကြောင်ရပ်နေပြီးနောက် သူ(မ)အခန်းသို့ ပြန်၍ တီဗီကြည့်သည်။


ဤသည်က အမှန်တကယ်ပင် သူ(မ)ကို လူတစ်ဦးဦး ရှာပြီး ပြောဆိုဆွေးနွေးစေချင်သော်ငြား ယခင်အိမ်တော်ထိန်း၏ ကံကြမ္မာကို တွေးမိသော်...


ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ကိုမူ ဤကိစ္စမျိုးမှာ... တကယ်တော့ လုမျိုးနွယ် ဦးလေးနှင့်တူဖြစ်သူနှင့် ယန်ကျင်းဇီ၊ ဤလူသုံးဦးတွင် သူ(မ) အရင်းနှီးဆုံးမှာ ယန်ကျင်းဇီ ဖြစ်သည်။


နေ့စဉ်နေ့တိုင်း လုရွေ့ချွင်၏ ယန်ကျင်းဇီမျက်နှာကို ကြည့်ခဲ့ပုံအား စဉ်းစားကြည့်လျှင် သူ(မ)သည် ယန်ကျင်းဇီ လမ်းခွဲသည်မှာ ပုံမှန်ဟု ခံစားရသည်။


သို့သော် သူ(မ)သည် မည်သည့်အတွက်ကြောင့် ယန်ကျင်းဇီက ပေါင်းသင်းဆက်ဆံရန် မလွယ်ကူသည့် လုကျင်းရှိူ့ကို လက်ထပ်ချင်မှန်း မသိပေ။


ဒါက လူချမ်းသာမိသားစုရဲ့ လက်ထပ်ပွဲမို့လို့လား?


တီဗီထဲရှိ ဇာတ်လိုက်မင်းသမီးက ဇာတ်လိုက်မင်းသားဥက္ကဌ၏ မိခင်ထံမှ ရိုက်နှက်ခံရသည်ကို ကြည့်နေရင်း အဒေါ်ဝမ်သည် စိတ်ညစ်သွားသည် — ဒီလူချမ်းသာမှာလည်း အခက်အခဲတွေ ရှိတာပဲ၊ အာ!


သို့ရာတွင် သူ(မ) အကြာကြီး စိတ်မညစ်ခဲ့ပေ။


အဆုံး၌မူ သူ(မ)တွင် ပိုက်ဆံပင်မရှိ။


မာစတာအိပ်ခန်းထဲတွင် လုကျင်းရှိူ့သည် သူ့ဖုန်းကို ဘလူးတုကီးဘုတ်နှင့် ချိတ်ဆက်ပြီး သူ သိသော လူများကို မက်ဆေ့ခ်ျများ စတင်ပို့တော့သည် : “ ငါ လက်ထပ်တော့မယ်။ ” 


သူသည် ဖုန်းကို လက်တစ်ဖက်တည်းနှင့် သုံးရန် သိပ်အဆင်မပြေ‌သဖြင့် ကီးဘုတ်ကို အသုံးပြုသည်... သူ့ညာလက်မှာ အဓိကအား ဖြစ်ပြီး သူ့ဘယ်လက်က တစ်ခါတလေ ခလုတ်အနည်းငယ်ကို နှိပ်နိုင်ကာ စာရိုက်နှုန်းက မနှေးချေ။


ယန်ကျင်းဇီသည် ရှေ့တိုးကာ တစ်ချက်ကြည့်လိုက်ပြီး အရယ်မရပ်နိုင်တော့ပေ။ သူသည် သူ့ဖုန်းကို ထုတ်ပြီး ခုံတွင် ထိုင်လျက် ကြိုးစားစာရိုက်နေသော လုကျင်းရှိူ့ကို ဓာတ်ပုံရိုက်ကာ “အိမ်ထောင်ဖက်” ဟူသော စကားလုံးများနှင့်အတူ Moments တွင် တင်လိုက်သည်။


ယန်ကျင်းဇီ တင်ပြီးသည်နှင့် လူတစ်စုက လာမေး၏ : “ယန်ကျင်းဇီ၊ မင်း ဘာဖြစ်တာလဲ?”


“မင်း လုရွေ့ချွင်နဲ့ ရန်ဖြစ်ပြီး ဒေါသထွက်နေတာလား?”


“ဒါ မစ္စတာလု မဟုတ်လား? မင်း မစ္စတာလုကို နောက်ပြောင်နေတာ၊ မစ္စတာလု မင်းကို သတ်မှာ မင်း မကြောက်ဘူးလား?”




ယန်ကျင်းဇီက လုကျင်းရှိူ့အတိုင်း တညီတညာတည်း တုံ့ပြန်သည် : “နောက်လ ၁၈ ရက်နေ့မှာ ငါ လုကျင်းရှိူ့နဲ့ လက်ထပ်မယ်။ ရက်အနည်းငယ်အတွင်း ငါ လူတိုင်းဆီ ဖိတ်စာပို့လိုက်မယ်။”


လူတိုင်း : “ ... ”


နောက်ဆုံး၌မူ တစ်စုံတစ်ဦးက အသံတိုးတိုးဖြင့် မေးမြန်းလာခဲ့သည်: “ဒါဆို... လုရွေ့ချွင်ကရော?”


“သူ ဖောက်ပြန်နေတာကို ငါ မိထားတယ်။ ငါ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ။” ယန်ကျင်းဇီက စာပြန်၏။


ယန်ကျင်းဇီ၏ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှ လူများသည် ယန်ကျင်းဇီဟာ လုရွေ့ချွင်၏ ဖောက်ပြန်မှုကြောင့် လှုံ့ဆော်ခံရသဖြင့် သုန်မှုန်နေသည့် လူအိုကြီး လုကျင်းရှိူ့ကို လက်ထပ်ချင်သည်ဟု ခံစားကြရသည်။


ဒါက... ‘ငါ မင်းကို လက်မထပ်နိုင်ရင် ငါ မင်းရဲ့အဒေါ် လုပ်မယ် ဆိုတာမလား?’


ယန်ကျင်းဇီက အရမ်းတော်လွန်းတယ်!


ယန်ကျင်းဇီ၏ အသိမိတ်ဆွေဘက်တွင် အလွန်အသက်ဝင်နေပြီး လုကျင်းရှိူ့ဘက်တွင်လည်း အတူတူပင်။


လုကျင်းရှိူ့၏စာကို ပို့ပြီးသည်နှင့်တပြိုင်နက် လူတစ်ဦးက ဖုန်းခေါ်လာသည်။


ဖုန်းတစ်ခါပြောပြီးနောက် ဒုတိယနှင့် တတိယမြောက်တို့လည်း ဝင်လာခဲ့သည်။ ဖုန်းပြောပြီးသောအခါ လုကျင်းရှိူ့သည် စာမျိုးစုံကို စာပြန်ရသေးသည်။


“ဟုတ်တယ်၊ ငါ လက်ထပ်တော့မယ်။”


“ဖိတ်စာကို ဒီရက်အနည်းငယ်ထဲမှာ ပို့လိုက်မယ်။”


“လက်ထပ်ပွဲလုပ်မယ့် လက်တွဲဖော်က ယန်ကျင်းဇီ။”


“သူက အရမ်းကောင်းတယ်။”


လုကျင်းရှိူ့သည် လိုရင်းတိုရှင်းဟန်ပန်ဖြင့် စာပြန်ပို့သော်ငြား သူ အရမ်းပျော်နေသည်မှာ ထင်ရှားသည်။


ယန်ကျင်းဇီသည် ဘေးမှကြည့်ပြီး လုကျင်းရှိူ့ ပျော်နေသည်ကို ကြည့်ရင်း သူလည်း ပျော်သည်ဟု ခံစားရသည်။ သို့သော် ၎င်းက လုကျင်းရှိူ့ကို အချိန်အကြာကြီး ကုန်စေသည်...


နောက်ဆုံးတွင် ယန်ကျင်းဇီ သည်းမခံနိုင်တော့ပေ : “ ဦးလေးလု၊ မက်ဆေ့ခ်ျတွေကို တစ်ညလုံး စာပြန်ပြီး လက်ထပ်တော့မှာကို တစ်ညလုံး ကြွားပြီးတော့ ကိုယ့်ကို အိပ်ရာအလွတ်ထဲမှာ တစ်ယောက်တည်း ထားဖို့များ စီစဉ်နေတာလား? ”


လုကျင်းရှိူ့သည် ယန်ကျင်းဇီ၏စကားကို ကြားသောအခါ ယန်ကျင်းဇီကို လှည့်ကြည့်သည်။ ထိုအခါ သူသည် ယန်ကျင်းဇီက ဖြည်းညှင်းစွာ အင်္ကျီစချွတ်နေသည့်အပြင် သူ့ကို မျက်စိမှိတ်ပြသည်အား တွေ့လိုက်ရသည်။


“ ဦးလေးလု၊ ကိုယ်က ကွန်ပျူတာထက် ပိုပြီး စွဲမက်စရာကောင်းလောက်တယ်။ လာချင်သလား? ”


စကားပြောပြီးနောက် ယန်ကျင်းဇီက သူ့ဘောင်းဘီကို အောက်ဆွဲချလိုက်သည်။


ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ?


ဘာပဲဖြစ်ဖြစ် လုကျင်းရှိူ့တော့ သည်းမခံနိုင်ပေ...


သူသည် တည်ငြိမ်သော မျက်နှာနှင့် လျှောက်သွားပြီး ယန်ကျင်းဇီကို စောင်နှင့်အုပ်လိုက်ကာ သူ့အဝတ်အစားများကို စတင်ချွတ်တော့သည်။ 


ယန်ကျင်းဇီက စောင်ကို ကိုင်ပြီး ရယ်မောလေသည်။


နောက်တစ်နေ့တွင် ယန်ကျင်းဇီက လုကျင်းရှိူ့နှင့် လက်ထပ်တော့မည့် သတင်းများမှာ လုဝန်ထမ်းများအကြား ပျံ့နှံ့သွားသည်။


လုဝန်ထမ်းများ : “ ... ” လောကကြီး ပြောင်းလဲတာ မြန်လိုက်တာ... လူချမ်းသာတွေက တကယ် ပွေရှုပ်ကြတာပဲ!


အချိန်ကုန်ဆုံးသည်မှာ အမြဲလျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်း ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ လက်ထပ်မည့်နေ့ ရောက်ရှိလာသည်။


ယန်ကျင်းဇီသည် သူက အရမ်းအစွမ်းထက်သည်ဟု ခံစားရသည် — သူ ကူးပြောင်းလာသည်မှာ သုံးလပင် မပြည့်သေးဘဲ သူက သူ၏ ဘဝတစ်သက်တာ အရေးကိစ္စများကို အမှန်တကယ် လုပ်ဆောင်ပြီးဖြစ်သည်။


ထိုနေ့မနက်စောစောတွင် ယန်ကျင်းဇီသည် လုကျင်းရှိူ့နှင့် အတူအိပ်ရာထခဲ့သည်။


သူတို့သည် မနက်စာကို အရင်စားကြပြီး စားပြီးသောအခါ သူတို့သည် စတိုင်လစ်နှင့် မိတ်ကပ်ဆရာတို့ကို သူတို့အား ပုံသွင်းခိုင်းသည်။


ယန်ကျင်းဇီသည် လူတစ်ဦးထံတွင် မိသွားခဲ့သည်။ သူ၏မျက်နှာမှာ နာရီဝက်ကြာ လူးလှိမ့်ခံလိုက်ရသော်လည်း အကျိုးသက်ရောက်မှုက တကယ် ကောင်းသည် — သူ၏ မျက်နှာအသွင်အပြင်များမှာ မိတ်ကပ်လိမ်းပြီးနောက် ပို၍ပင် ပေါ်လွင်လာပြီး သူ့အသားအရေက ပြစ်ချက်မရှိ ချောမွေ့နေ၏။ သူက အရင်ကထက်စာရင် အများကြီးပိုချောသွားတယ်!


ယန်ကျင်းဇီသည် သူ၏မျက်နှာကို ကျေနပ်ဝမ်းသာစွာ သေချာကြည့်ရှုပြီး လုကျင်းရှိူ့ကို သွားရှာသည်။ ထို့နောက် သူ ကြက်သေသေသွားရသည်။


ယခင်က လုကျင်းရှိူ့၏ အသားအရေမှာ အနည်းငယ် ဖြူဖျော့လွန်းနေခဲ့ပြီး မျက်နှာပေါ်တွင် သိသာထင်ရှားသော အနီရောင်သွေးကြောများ ရှိကာ နှုတ်ခမ်းများက အမြဲတစေ သွေးရောင်မရှိ‌ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် လုကျင်းရှိူ့ကို အကြိမ်များစွာ နမ်းလေ့ရှိခဲ့ပြီး ထိုအခါ လူတစ်ဦးလုံးက မှုန်ကုပ်သော အလှလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတတ်သည်။


ယခုမူကား မိတ်ကပ်ဆရာက လုကျင်းရှိူ့အတွက် လိုက်ဖက်သော ဆံပင်ပုံစံကို ကူညီပြင်ဆင်ပေးခဲ့သည်။ သူ၏ အသားအရေအရောင်နှင့် နှုတ်ခမ်းအရောင်တို့မှာလည်း အတိုင်းအတာအချို့အထိ ပြောင်းလဲခံထားရပြီး သူက ကျန်းမာကာ အင်အားပြည့်ဝနေပုံရသည်။


အကယ်၍ သူသာ ဝဋ်ဆင်းရဲများ မခံစားခဲ့ရလျှင် သူက ဤကဲ့သို့ဖြစ်နေလိမ့်မည်ပင်။


ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေလေသည်။


နောက်ဆုံးတွင် လုကျင်းရှိူ့ မနေနိုင်တော့ပေ : “ မင်း ဘာကြည့်နေတာလဲ? ”


“ မင်းကို ကြည့်နေတာ ” ယန်ကျင်းဇီက ရယ်မောပြီး သူ့ကို နမ်းချင်သည်။


သို့သော် သူ အနားမကပ်ရသေးမီ လုကျင်းရှိူ့က သူ့ကို တားရန် လက်ဆန့်ထုတ်သည် : “ ဒီနေ့ မနမ်းရဘူး! ” မိတ်ကပ်ဆရာက သူ့ကို နှုတ်ခမ်းနီအနည်းငယ် ဆိုးပေးထားပြီး သူသည် ယခု အဆင်မပြေဖြစ်နေသည်... သေချာပေါက် နမ်းလို့မဖြစ်ဘူး!


ယန်ကျင်းဇီ : “ ... ” ဟွန့်! ဒီနေ့ သူ သူ့ကို နမ်းမှာ အနှေးနဲ့အမြန်ပဲ!


ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ နွေးထွေးကြင်နာနေကြစဉ် တခြားတစ်ဖက်တွင်မူ လုသခင်မအိုကြီးက မနက်စောစော၌ လုရွေ့ချွင်နှင့်အတူ လုမိသားစုဗီလာသို့ သွားလေ၏။


လုရှယ်ယာရှင်အစည်းအဝေး ပြီးဆုံးပြီးနောက် လုသခင်မအိုကြီးသည် လုကျင်းရှိူ့ကို အမြဲတစေ ဆက်သွယ်ချင်နေခဲ့သော်ငြား လုကျင်းရှိူ့က သူ(မ)၏ဖုန်းကို ပြန်မဖြေချေ။ သူ(မ)သည် လုကုမ္ပဏီသို့ သွားသောအခါတွင်လည်း လုကျင်းရှိူ့၏ တားမြစ်ခြင်းကို ခံရသည်။ လုကျင်းရှိူ့က မင်္ဂလာပွဲအတွက် ပြင်ဆင်နေသောကြောင့် ကုမ္ပဏီတွင် မရှိပါဟုလည်း သူ(မ)ကို ပြောလိုက်ကြသေးသည်။


အကြိမ်များစွာ ငြင်းပယ်ခံရပြီးနောက် လုသခင်မအိုကြီးသည် စိတ်ဆိုးလာရာ လုကျင်းရှိူ့ထံသို့ လုံးဝ မသွားတော့ပေ။


သူ(မ)သည် လုကျင်းရှိူ့၏ မိခင် ဖြစ်သည်။ လုကျင်းရှိူ့က လက်ထပ်တော့မည်ဖြစ်ပြီး သူ(မ)ကို တက်ရောက်ရန် မဖြစ်မနေ ဖိတ်ကြားရပေမည်။ သူ(မ)သည် လုကျင်းရှိူ့ သူ(မ)ကို ဖိတ်ကြားမည်အား စောင့်ဆိုင်းနေခဲ့သည်။


သို့သော် လုသခင်မအိုကြီး စောင့်‌ဆိုင်းနေသည်မှာ တစ်ရက်ပြီးတစ်ရက်သာ ကုန်ဆုံးသွားကာ လုကျင်းရှိူ့က ရောက်မလာခဲ့ချေ။


ထို့အပြင် ယနေ့ဟာ လုကျင်းရှိူ့၏ မင်္ဂလာပွဲနေ့ ဖြစ်သော်လည်း လုကျင်းရှိူ့က မလာခဲ့ပေ။


နောက်ဆုံးတွင်တော့ လုသခင်မအိုကြီးသည် စိုးရိမ်ပူပန်လာပြီး လုမိသားစုဗီလာသို့ တိုက်ရိုက်သွားတော့သည်။


လုမိသားစုဗီလာ၏ တံခါးကို ပိတ်ထားသည်အား တွေ့ရသော် လုသခင်မအိုကြီးသည် လုကျင်းရှိူ့က သူ(မ)ကို မတွေ့ချင်သဖြင့် တမင်တကာ တံခါးသော့ခတ်ထားသည်ဟုသာ တွေးလိုက်သည်။ သူ(မ)သည် တံခါးအပြင်မှနေ၍ လုကျင်းရှိူ့ကို ခေါ်သည်။ ခဏတာ အော်ပြီးနောက် ဘယ်သူမှ ထွက်မလာချေ။ ထို့ကြောင့် သူ(မ)သည် ဤနေရာရှိ အိမ်ရာပိုင်ကို ‌ဖုန်းဆက်ခဲ့သည် : “ မစ္စစ်လု၊ မစ္စတာလုက အိမ်ပြောင်းသွားပြီ။ အဲ့ကတည်းကဆို အချိန်တစ်လရှိပါပြီ။ ”


လုသခင်မအိုကြီး အံ့ဩသွားသည်။ လုရွေ့ချွင်ပင်လျှင် အနည်းငယ် မှင်တက်သွားသည်။


မူလကမူ လုသခင်အိုကြီးဟာ ဤအိမ်ကို လုသခင်မအိုကြီးထံသို့ ပေးထားခဲ့သော်ငြား အရာရာကို သဘောတူခဲ့သည့် လုကျင်းရှိူ့က ၎င်းကို သဘောမတူခဲ့ချေ — သူက ဤအိမ်ကို လိုချင်ခဲ့သည်။


လုသခင်အိုကြီးသည် သူ၏မြေးထံသို့ ဤအိမ်တန်ဖိုးထက် ဆယ်ဆကျော် တန်ဖိုးရှိသော အခြားပိုင်ဆိုင်မှုများ ပေးပြီးဖြစ်သည်။ သူ့သားက ဤအိမ်ကို လိုချင်သောအခါ သူက သဘောတူပြီး လုသခင်မအိုကြီးကို အခြားအိမ်တစ်လုံး ပေးခဲ့သည်။



ဤအကြောင်းကြောင့်လည်း လုကျင်းရှိူ့ဟာ လုသခင်မအိုကြီးကို ယခင်က မောင်းထုတ်နိုင်ခဲ့ခြင်းပင် — ဤအိမ်မှာ သူ့အပိုင် ဖြစ်သည်။


လုကျင်းရှိူ့က ဒီအိမ်ကို စွဲလမ်းနေခဲ့တာ၊ အခု လုကျင်းရှိူ့က တကယ်ကြီး အိမ်ပြောင်းသွားတာလား?