လုသခင်မအိုကြီးသည် လုကျင်းရှိူ့ အိမ်ပြောင်းသွားကြောင်း ကြားရသောအခါ ထိတ်လန့်သွားပြီး လုရွေ့ချွင်၏ မျက်နှာအမူအရာမှာ ပို၍ပင် ရှုပ်ထွေးသည်။
ယခင်က လုရွေ့ချွင်သည် လုကျင်းရှိူ့၏ သတင်းအချက်အလက်များကို စုဆောင်းပြီး လုကျင်းရှိူ့ကို အကဲဖြတ်သုံးသပ်ရန် လူများကို ခိုင်းစေခဲ့သည်။
ထိုအချိန်တွင် သူ အထူးတလည် ရှာဖွေထားသော ကျွမ်းကျင်သူက လုကျင်းရှိူ့ဟာ တကယ်တော့ အနည်းငယ် အချစ်ငတ်နေခြင်း ဖြစ်သောကြောင့် အိမ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားသည်ဟု ပြောခဲ့၏။
လုကျင်းရှိူ့က ကမ္ဘာကြီးကို စက်ဆုပ်မုန်းတီးနေဟန်ရှိသည်ဟု ပြောသည်မှာလည်း ထိုကျွမ်းကျင်သူများပင် ဖြစ်သည်။
ဤကြောင့်သာမဟုတ်လျှင် သူသည် လုကျင်းရှိူ့ကို တစ်ဆင့်ချင်းစီ တွန်းအားပေးရဲမည်မဟုတ်ပေ။
ကျွမ်းကျင်သူ၏ သုံးသပ်ချက်အရ လုကျင်းရှိူ့၏အခြေအနေတွင် နောက်ထပ်သော အနည်းငယ် လှုံ့ဆော်မှုကပင် လုကျင်းရှိူ့ကို သူ့ကိုသူ အဆုံးစီရင်သည့်အထိ တိုက်ရိုက်တွန်းအားပေးနိုင်လောက်သည်။
ယခုမူကား လုကျင်းရှိူ့က ပြန်လည်တိုက်ခိုက်ရုံသာမက ယခင်က သူ အလွန်လိုချင်နေခဲ့သည့် အိမ်ကိုပါ စွန့်လွှတ်သွားခဲ့သည်။
“ ရွေ့ချွင်၊ မင်းဦးလေးက ဘယ်ကိုသွားလောက်လဲ? ” လုသခင်မအိုကြီးသည် သူ(မ)၏မြေးကို အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကြည့်သည်။ လုရွေ့ချွင်က သူ(မ)နှင့် သွေးတော်စပ်သော မြေး မဟုတ်သော်ငြား သူ့ဖခင်မှာ မည်သူမှန်း မသိသဖြင့် သူက လုမိသားစုတွင် ငယ်ငယ်ကလေးအရွယ်မှစ၍ ကြီးပြင်းလာခဲ့ပြီး သူ(မ)ကို အဘွားဟု အမြဲခေါ်ခဲ့သည်။
“ အဘွား၊ ကျွန်တော် တစ်ယောက်ယောက်ကို လိုက်မေးကြည့်လိုက်မယ်။ ” လုရွေ့ချွင်က ပြောကာ လူတစ်ဦးဦးကို မေးမြန်းရန် ဖုန်းဆက်လိုက်သည်။
သူသည် မိမိဘက်မှစ၍ မေးမြန်းရသည်ကို ရှက်ရွံ့သော်လည်း တခြားသူများက သူ့ကို စိတ်ဆိုးစေမည်အား ရှောင်ရှားရန်အတွက် ဤအကြောင်းကို သူ့အား စတင်မပြောပြကြသဖြင့် သူသည် မည်သည့်နေရာတွင် လုကျင်းရှိူ့က မင်္ဂလာပွဲကို ကျင်းပချင်မှန်း မသိထားပေ။
သေချာတာပေါ့၊ ဤသည်မှာလည်း လုကျင်းရှိူ့၏ မင်္ဂလာပွဲနှင့် သက်ဆိုင်သည်။ လုကျင်းရှိူ့က လူများစွာကို ဖိတ်ခဲ့သော်ငြား ၎င်းကို လူသိရှင်ကြား မကြေညာထားချေ။
လုရွေ့ချွင် လှောင်ရယ်လိုက်သည်။ လုကျင်းရှိူ့က သူ့ရဲ့စေ့စပ်ထားသူကို တကယ် လုယူခဲ့ပါတယ်လို့ လူသိရှင်ကြား ကြေညာနိုင်တဲ့အထိ မျက်နှာမရှိဘူး!
ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့က သူတို့၏ မင်္ဂလာပွဲကို ဆင်ခြေဖုံးတွင် တည်ရှိသော စံအိမ်တစ်လုံးတွင် ကျင်းပကြောင်းကို လုရွေ့ချွင် လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
မင်္ဂလာပွဲမှာ နေ့လယ်တွင် စမည်ဖြစ်သော်ငြား ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ နှစ်ဦးစလုံးသည် စောစီးစွာ ရောက်ရှိနေကြသည်။
လုကျင်းရှိူ့သည် သူ့တုတ်ကောက်ကို အမှီပြုပြီး မင်္ဂလာပွဲသို့ လာသော လူများကို အေးစက်စွာ နှုတ်ဆက်နေကာ ယန်ကျင်းဇီကလည်း သူ့သူငယ်ချင်းများကို အပြုံးတစ်ခုနှင့် ကြိုဆိုနှုတ်ဆက်နေသည်။
“ ကျင်းဇီ၊ မင်း ဘာလို့ အရမ်းမြန်မြန်ကြီး လက်ထပ်လိုက်တာလဲ? ပြီးတော့ မင်း ဘာလို့ လုကျင်းရှိူ့ကို လက်ထပ်တာလဲ? ” ယန်ကျင်းဇီ၏ သူငယ်ချင်းတစ်ဦးက မနေနိုင်ဘဲ မေးကြည့်သည်။
“ ဟုတ်တယ်၊ လုကျင်းရှိူ့ရဲ့ ဒေါသစိတ်က သိပ်မကောင်းဘူး... ” တစ်စုံတစ်ဦးက ထပ်ပြောပြန်သည်။
“ ဒီနေ့က မင်းရဲ့ မင်္ဂလာပွဲနေ့ ဖြစ်ပေမယ့် သူ့ကြည့်ရတာ မပျော်သလိုပဲ... ”
ယန်ကျင်းဇီ၏ သူငယ်ချင်းများမှာ အရမ်းအသက်မကြီးကြဘဲ အသက်နှစ်ဆယ်ကျော်သာ ရှိကြသေးသည်။ သူတို့ဟာ အပျော်ရှာရန်ကိုသာ စဉ်းစားနေကြဆဲဖြစ်ကာ အိမ်ထောင်ပြုရန် တစ်ခါမှ မတွေးခဲ့ဖူးကြပေ။ ယခုမူ ယန်ကျင်းဇီက ရုတ်တရက်ကြီး လက်ထပ်ချင်နေသည်။ ထို့အပြင် သူက မှုန်ကုပ်နေသော လူအိုကြီးတစ်ဦးနှင့် လက်ထပ်ချင်ရာ သူတို့အားလုံး နားမလည်နိုင်ကြပေ။
ယန်ကျင်းဇီသည် သူတို့၏စကားကို နားထောင်ပြီး အလိုလို ပြုံးမိသည် : “ သူ မပျော်မရွှင်ဖြစ်နေတာ မဟုတ်ပါဘူး။ ”
လုကျင်းရှိူ့၏ မျက်နှာက အေးစက်နေသော်ငြား သူသည် ဤလူက စိတ်အခြေအနေကောင်းနေမှန်း အလွန်ကောင်းစွာ သိသည်။ မဟုတ်ရင် ဘယ်လိုလုပ် သူက ဧည့်သည်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့နိုင်မလဲ?
သို့သော် လုကျင်းရှိူ့က အနည်းငယ် စိတ်လှုပ်ရှားနေသည်မှာလည်း သေချာသည်။
စိတ်လှုပ်ရှားမှုကြောင့် လုကျင်းရှိူ့က မနေ့ညတွင် တစ်ညလုံးပင် အိပ်မပျော်နိုင်ခဲ့ချေ။
“ သူ မပျော်တာ မဟုတ်ဘူးလား? ” ယန်ကျင်းဇီ၏ သူငယ်ချင်းတစ်ဦးက အလွန်ပဟေဠိဖြစ်သွားသည်။
မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေသော လုကျင်းရှိူ့က အလွန်ကြည့်ကောင်းနေသော်လည်း ထိုစိတ်နေသဘောထားက... အမှန်တကယ် ကြောက်စရာကောင်းသည်။
“ မဟုတ်ပါဘူး... ခဏလေး၊ သူ အခု တကယ် မပျော်မရွှင်ဖြစ်နေပြီ။ ” ယန်ကျင်းဇီသည် ထိုသို့ပြောပြီးနောက် လုကျင်းရှိူ့ထံသို့ ချက်ချင်း လျှောက်သွားသည် — လုသခင်မအိုကြီးနှင့် လုရွေ့ချွင်တို့ ရောက်လာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ လုသခင်မအိုကြီးမှာ လုကျင်းရှိူ့၏မိခင်လည်း ဖြစ်သည်။ သူ(မ) ဤနေရာသို့ ရောက်လာသောအခါ သဘာဝကျစွာပင် တစ်စုံတစ်ဦးက သူ(မ)ကို ဝင်ခွင့်ပေးခဲ့သည်။
လုသခင်မအိုကြီးတွင် ကျက်သရေရှိပြီး ဇိမ်ခံပစ္စည်းများ ပြည့်စုံသော အရောင်အဝါနှင့် နူးညံ့သိမ်မွေ့သော အသွင်အပြင် ရှိသည်။ ၎င်းက လွယ်လွယ်ကူကူဖြင့် လူများကို ခံစားချက်ကောင်းမွန်စေသည်။ ဤအခိုက်အတန့်တွင် သူ(မ)သည် လုကျင်းရှိူ့ကို တွေ့သောအခါ သူ(မ)၏မျက်နှာမှာ ဝမ်းနည်းနေသည် : “ ကျင်းရှိူ့၊ မင်း လက်ထပ်တော့မှာကို ဘာလို့ မင်း ငါ့ကို အကြောင်းမကြားတာလဲ? ”
“ ကျွန်တော် ခင်ဗျားကို အကြောင်းမကြားချင်ဘူး။ ” လုကျင်းရှိူ့သည် သူ့လက်ထဲရှိ တုတ်ကောက်ကို တင်းတင်းဆုပ်ကိုင်ကာ တိုက်ရိုက်ပြောလိုက်သည်။
“ ငါ မင်းအမေနော်! ” လုသခင်မအိုကြီးသည် ထိတ်လန့်ကာ ဒေါသထွက်နေသည်။
“ ကျွန်တော် သိတယ်။ ” လုကျင်းရှိူ့သည် ဤကိစ္စကို မငြင်းဆိုပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အစကတည်းက သွေးသားရင်းစစ်ဆေးမှုကို လုပ်ခဲ့ပြီးပြီပင်။
သို့ပေသိ သူ့မိခင်က သူ့ကို သားတစ်ယောက်ကဲ့သို့ မဆက်ဆံသည်မှာ သိသာသည်။
လုကျင်းရှိူ့၏ အမူအရာက စိတ်မပါချေ။ မိခင်လုသည် တစ်ခုခုဆက်ပြောချင်သော်ငြား ယန်ကျင်းဇီက ရုတ်တရက် ရောက်လာကာ ပြောသည် : “ အထဲဝင်ပြီး စကားပြောကြရအောင်။ ”
“ ကျင်းဇီ၊ ရွေ့ချွင်က မင်းအပေါ် အရမ်းကောင်းတယ်။ မင်း သူ့ကို သစ္စာဖောက်ခဲ့တယ်။ မင်း... ” မိခင်လုသည် ယန်ကျင်းဇီကို စိတ်မကျေနပ်စွာ ကြည့်ပြီး အိမ်ထဲတွင် စကားမပြောချင်ပေ။
ယန်ကျင်းဇီက ပြုံးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည် : “ အန်တီ၊ ဒီနေရာမှာ လုရွေ့ချွင်ရဲ့ ဓာတ်ပုံတွေ ရှိတယ်။ ”
မိခင်လု၏မျက်နှာမှာ ပြောင်းလဲသွားပြီး သူ(မ)သည် အခန်းထဲတွင် စကားပြောရန် သဘောတူခဲ့သည်။
သူ(မ)သည် အခန်းထဲသို့ ရောက်သောအခါ ထပ်ပြောပြန်သည် : “ ကျင်းရှိူ့၊ ဘယ်လိုလုပ်ပြီး မင်း ရွေ့ချွင်ကို ဒီလိုဆက်ဆံနိုင်ရတာလဲ... ”
မိခင်လုသည် ငိုကြွေးကာ လုကျင်းရှိူ့ကို စတင်အပြစ်ဆိုတော့သည်။ လုကျင်းရှိူ့က အလွန်ကျိုးကြောင်းမသိတတ်ဘဲ လုရွေ့ချွင်ကို အားနာရမည့် တစ်စုံတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု သူ(မ) ခံစားရသည် : “ မင်းအဖေကြောင့်သာ မဟုတ်ရင် ငါ အခု ဘာဖြစ်နေမလဲတောင် ငါ မသိဘူး... ”
“ ခင်ဗျားလည်း ပြောခဲ့တာပဲ၊ အဲ့ဒါ ကျွန်တော့်အဖေလေ။ ” လုကျင်းရှိူ့က ဆက်ပြောသည် : “ သူ့ကို ကျေးဇူးတင်ပြီး ခင်ဗျားကိုယ်ခင်ဗျား သူ့ဆီမှာ မြှုပ်နှံထားချင်စိတ်ရှိတာ ခင်ဗျားရဲ့ကိစ္စ။ ကျွန်တော်က သူ့သား။ ကျွန်တော်က အစ်မနဲ့ ဘာမှမကွာခြားဘူး။ ”
မိခင်လုသည် လုကျင်းရှိူ့ကို ကြောင်အစွာ ငေးစိုက်ကြည့်နေသည်။
လုကျင်းရှိူ့က ထပ်ပြောသည် : “ ခင်ဗျားက လုရွေ့ချွင်ကို အရမ်းသဘောကျတယ်ဆိုတော့ သူနဲ့ အချိန်ဖြုန်းနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ကို မလိုချင်ဘူးလေ။ ကျွန်တော် ပျောက်သွားတုန်းက ခင်ဗျား ကျွန်တော့်ကို ရှာတောင် မရှာခဲ့ဘူး။ ”
လုကျင်းရှိူ့သည် သူ့မိခင်က သူ့ကို ဤသို့ဆက်ဆံရသည့် အကြောင်းအရင်းကို ယခင်က နားမလည်ခဲ့သော်ငြား သူ ကြီးပြင်းလာသောအခါ သူ နားလည်ခဲ့သည်။
သူတို့ကိုယ်သူတို့ အနစ်နာခံ၍ သူတို့၏ကြီးမြတ်မှုကို ပြသရသည်အား နှစ်သက်သော လူများမှာ အမြဲရှိသည်။
ထို့ကြောင့် ကိုယ့်ကိုယ်ကို အနစ်နာခံနေသော သူ့မိခင်က မလုံလောက်ဘဲ သားဖြစ်သူ သူ့ကိုလည်း လိုက်လုပ်စေချင်သည်။
ဒါပေမယ့် ဘာကြောင့်လဲ?
သူကလည်း သူ့အဖေရဲ့သား ဖြစ်တယ်။ သူက သူ့အစ်မနဲ့ အတူတူပဲ။ ဒီတော့ ဘာကြောင့်များ သူက နိမ့်ကျသလို ပုံပေါ်စေရတာလဲ?
“ မင်း ဘယ်လိုတောင် အဲ့လိုပြောရဲတာလဲ! မင်းအဖေနဲ့ မင်းအစ်မကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ် မင်း ရှိနိုင်လာမှာလဲ? ” မိခင်လုက ဆိုသည်။ သူ(မ)၏သားက အဘယ့်ကြောင့် အလွန်မနာခံတတ်မှန်း သူ(မ) နားမလည်ပေ။
လုအိမ်သို့ သူ(မ) မရောက်မီ သူ(မ)သည် ခင်ပွန်းဖြစ်သူထံမှ အိမ်တွင်းအကြမ်းဖက်ခံရသော ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ သူ(မ)ကို ကယ်တင်ပြီး သူ(မ)ကို ဘဝအသစ် ပေးခဲ့သူမှာ ဖခင်လု ဖြစ်သည်။
သူ(မ)သည် မစ္စလုကို ကောင်းကောင်းဂရုစိုက်ပါ့မည်ဟု ထိုအချိန်တွင် သူ(မ) ကျိန်ဆိုခဲ့သည်။
နောက်ပိုင်းတွင် သူ(မ) ဖခင်လုကို လက်ထပ်ကာ လုကျင်းရှိူ့ကို မွေးခဲ့လျှင်တောင်မှ သူ(မ) စိတ်မပြောင်းခဲ့ပေ။
သို့သော်ငြား ဖခင်လု ဆုံးပါးပြီးကတည်းက သူ(မ)၏သားဟာ ပိုပိုပြီး စကားမနာခံဖြစ်လာသည်။
သူ(မ)ရဲ့သားက ကျန်းမာရေးမကောင်းဘဲ သူ ကလေးမရနိုင်မည်ကို သူ(မ) စိုးရိမ်သည်။ ဒီလိုဆိုမှတော့ ဘာကြောင့်များ လုကို ရွေ့ချွင်ဆီ မပေးလိုက်တာလဲ?
သူ(မ)၏သားက ရွေ့ချွင်၏ စေ့စပ်ထားသူကိုပင် လုယူခဲ့သည်။ ဘယ်လိုလုပ် သူက အဲ့လိုလုပ်နိုင်ရတာလဲ?
မိခင်လုသည် လုကျင်းရှိူ့က လုရွေ့ချွင်ကို ကောင်းကောင်းဆက်ဆံပေးမည်ဟု မျှော်လင့်သည်။ သို့သော် လုကျင်းရှိူ့တွင် ဤရည်ရွယ်ချက် မရှိပေ : “ ဟုတ်တယ်၊ ကျွန်တော်က မရှိသင့်ဘူး။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ထွက်သွားပါတော့။ ”
“ ကျင်းရှိူ့ ” ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ခေါ်ပြီး မိခင်လုကို ကြည့်လိုက်သည် : “ အန်တီ၊ ကျွန်တော်နဲ့ ကျင်းရှိူ့ရဲ့ မင်္ဂလာပွဲကို စောင့်ပါ။ တိတ်တိတ်လေး ထွက်သွားပါ ဒါမှမဟုတ် တိတ်တိတ်လေး နေပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့။ ”
မိခင်လုက အမှန်တကယ်ပင် မထွက်သွားလိုလျှင် သူတို့သည် လူအင်အားဖြင့် မိခင်လုကို မောင်းမထုတ်ခိုင်းနိုင်ပေ။ ဤလူက တိတ်တိတ်နေနိုင်မည်ဟုသာ သူ မျှော်လင့်သည်။
မိခင်လုက ယန်ကျင်းဇီကို မျက်စောင်းခဲကာ ကြည့်သည်။
ယန်ကျင်းဇီက ဆက်ပြောပြန်သည် : “ အန်တီ ပြဿနာရှာချင်တယ်ဆိုရင် လုရွေ့ချွင်ရဲ့ ဓာတ်ပုံတွေကို ရာနဲ့ချီ ပရင့်ထုတ်ဖို့က ကျွန်တော့်အတွက် အနှောင့်အယှက်မဖြစ်ဘူး။ ပြီးရင် လာတဲ့ဧည့်သည်တိုင်းက တစ်ယောက်ကို တစ်ခုစီ လက်ဆောင်ရလိမ့်မယ်။ ”
“ ယန်ကျင်းဇီ၊ မင်း စာနာစိတ်အရမ်းကင်းမဲ့နေတာလား? ” စကားမပြောခဲ့သော လုရွေ့ချွင်သည် မနေနိုင်ဘဲ ပြောတော့သည်။
ယန်ကျင်းဇီသည် သူ့ကို ရိုးရှင်းစွာပင် လျစ်လျူရှုကာ လုကျင်းရှိူ့ကို ကြည့်လိုက်သည် : “ ကျင်းရှိူ့၊ ကိုယ်တို့ ဧည့်သည်တွေကို သွားနှုတ်ဆက်ကြမလား? ”
လုကျင်းရှိူ့သည် ခေါင်းညိတ်ကာ တည်ငြိမ်သော မျက်နှာဖြင့် အိမ်ထဲမှ ထွက်လာသည်။
ယခင်က လုကျင်းရှိူ့၏မျက်နှာမှာ လေးနက်နေသော်ငြား အမှန်တကယ်တော့ သူက ကြောက်စရာမကောင်းချေ။ သို့သော် ဤတစ်ကြိမ် သူ အပြင်ထွက်လာသောအခါ သူက အလွန်အေးစက်နေပုံပေါ်ပြီး ၎င်းက ဧည့်သည်တချို့ကို အဆင်မပြေဖြစ်စေခဲ့သည်။
စဉ်းစားကြည့်လျှင် အစောက သူဟာ သူ့မိခင်နှင့်ပင် မျက်နှာကောင်းကောင်း မရှိခဲ့ချေ...
ဤလုကျင်းရှိူ့က အမှန်တကယ် သွေးအေးသည်။
ကျွတ်ကျွတ်၊ ဒုတိယသခင်လေးယန်က သူ့ကို လက်ထပ်ထားသည်။ အနာဂတ်တွင် ဘာဖြစ်လာမည်ကို သူတို့ မသိပေ...
သနားခံရသော ယန်ကျင်းဇီသည် အနားတွင် လူမရှိစဉ် လုကျင်းရှိူ့၏လက်ကို လှမ်းယူကာ ဆုပ်ကိုင်ထားသည် : “ ကျင်းရှိူ့၊ အဲ့လူတွေကို ဂရုမစိုက်နဲ့။ ”
လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ကာ ဖြည်းညှင်းစွာ စိတ်ငြိမ်သွားသည်။
ထို့အပြင်... သူသည် ထိုလူများကို ဂရုစိုက်စရာမလိုပေ။
အနာဂတ်တွင် ဒေါသထွက်ပြီး စိတ်ဓာတ်ကျရမည့် လူက သူ မဟုတ်ချေ။
သူ့မိခင်က ရင်းနှီးမြှုပ်နှံမှုအတွက် လုရွေ့ချွင်ကို ရှိသမျှငွေအားလုံး ချေးထားသည်ဟု သူ ကြားထားသည်။ သို့သော် လက်ရှိရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်မှာ အလွန်ဆိုးရွားနေသည်...
လုကျင်းရှိူ့ စိတ်ငြိမ်သွားသည်။
ယန်ကျင်းဇီသည် ၎င်းကို တွေ့သောအခါ လုကျင်းရှိူ့ကို နမ်းချင်သည်။ သို့သော် သူ သူ့ကို မနမ်းနိုင်သေးမီ ဤသည်ကို သတိထားမိသော လုကျင်းရှိူ့က သူ့ကို တား၏ : “ မနမ်းနဲ့! ” သူတို့နှစ်ယောက်စလုံး သူတို့မျက်နှာတွေမှာ သတို့သားမိတ်ကပ် လိမ်းထားကြတယ်!
ထိုသို့ပြောပြီးနောက် လုကျင်းရှိူ့သည် ယန်ကျင်းဇီ လက်မလျှော့မည်ကို စိုးရိမ်ပြီး ဧည့်သည်များကို ဧည့်ခံရန် အမြန်ထွက်သွားသည်။
ယန်ကျင်းဇီသည် လုကျင်းရှိူ့ ထွက်သွားသည်ကို ကြည့်ပြီး ရယ်လေတော့သည်။
သို့သော် မကြာမီ သူသည် ထပ်မံအဝိုင်းခံရပြန်သည်။
“ ယန်ကျင်းဇီ၊ လုကျင်းရှိူ့က သူ့အမေကိုတောင် အရမ်းသွေးအေးတယ်။ မင်း ဂရုစိုက်ရမယ်။ ”
“ လုရွေ့ချွင်ကို စိတ်ဆိုးစေချင်ရုံလောက်နဲ့ လုကျင်းရှိူ့ကို လက်မထပ်နဲ့... ”
“ ယန်ကျင်းဇီ... “
ယန်ကျင်းဇီ : “ ... ” ဒီလူတွေက သူ့ကို အရမ်းစိတ်ပူလွန်နေတာပဲ!
သူတို့၏စိုးရိမ်ပူပန်မှုများမှာ တကယ်ပင် မလိုအပ်ချေ။
မင်္ဂလာပွဲမှာ နမ်းရမည့်အချိန်သို့ ရှေ့ဆက်သွားသောအခါ...
အသေးစိတ်အခြေအနေကို မသိသည့် ဧည့်သည်အများအပြားသည် ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ အချင်းချင်း မနမ်းကြမည်ကို အသင့်ဖြစ်နေပြီပင်။
သို့သော်လည်း...
ယနေ့တစ်နေ့လုံး လုကျင်းရှိူ့ကို မနမ်းနိုင်ဖြစ်နေခဲ့သည့် ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ဆွဲဖက်ပြီး ပြင်းပြင်းထန်ထန် နမ်းတော့သည်။
သူသည် အလွန်ကြမ်းတမ်းစွာ နမ်းရှိုက်ခဲ့ပြီး လုကျင်းရှိူ့ကို ဘယ်တော့မှ မလွှတ်ခဲ့ဘဲ အံ့ဩစရာကောင်းစွာ လုကျင်းရှိူ့ကလည်း မရှောင်ဖယ်ချေ။
သူတို့က မိနစ်များစွာ နမ်းပြီးနောက်တွင်တောင်မှ သူတို့ကို ခွဲခွာရန်မှာ ခက်ခဲသည်။
ဒီနှစ်ယောက်မှာ တကယ်ပဲ အချစ်စစ် ရှိနေတာ ဖြစ်နိုင်လောက်လား?
ပွဲအခမ်းအနားသို့ လာသော ဧည့်သည်များ အံ့အားသင့်သွားကြသည်။
လုသခင်မအိုကြီးနှင့် လုရွေ့ချွင်တို့သည် ထွက်မသွားခဲ့ကြဘဲ ဤမြင်ကွင်းကို တွေ့ရသောအခါ သူတို့သည်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့ကြ၏။
ကိစ္စတွေက... သူတို့ တွေးတာနဲ့ တူတဲ့ပုံမပေါ်ပါလား?
သေချာတာပေါ့၊ ကိစ္စများမှာ သူတို့တွေးထားသည်နှင့် ကွဲပြားသည်။
ယန်ကျင်းဇီသည် နမ်းခြင်းကို အဆုံးသတ်ခဲ့ပြီး သူ့ကို မှင်တက်စွာ ကြည့်နေသော လုကျင်းရှိူ့ကို ကြည့်နေရင်း ရှေ့တိုး၍ လုကျင်းရှိူ့ကို နောက်ထပ်အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သည်။
ခုနက လုကျင်းရှိူ့ သူ့ကို မနမ်းခိုင်းခဲ့ဘူး... အခု သူ သူ့ကို အစားပြန်နမ်းချင်တယ်!
လုကျင်းရှိူ့ : “ ... ” မိတ်ကပ်ဆရာက သူ့နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းနီ ဆိုးပေးထားတယ်။ ဒါပေမယ့် ယန်ကျင်းဇီက နှုတ်ခမ်းနီကို စားလိုက်ပြီ။ တကယ်ပဲ အဆင်ပြေရဲ့လား?
ယခင်က ထိုသို့ပစ္စည်းမျိုးကို တစ်ခါမှ မသုံးခဲ့ဖူးသည့် ဥက္ကဌလုသည် သူ့နှုတ်ခမ်းပေါ်တွင် တစ်ခုခုရှိနေသောကြောင့် ရေသောက်လျှင်ပင် အဆင်မပြေခံစားခဲ့ရသည်။ ယခု သူသည် ပို၍ပင် စိတ်ရှုပ်ထွေးပြီး မျက်မှောင်ကြုံ့လိုက်သည်။
ပတ်ဝန်းကျင်ရှိလူများ : ဒါက ပုံမှန်တုံ့ပြန်မှုပဲ! ဥက္ကဌလုက ယန်ကျင်းဇီဆီက အဖက်ခံရပြီး အနမ်းခံရလို့ မပျော်မရွှင်ဖြစ်နေတယ်မလား?
သို့သော်ငြား သူတို့တွင် ဤအတွေး ပေါ်လာလာချင်းမှာတင် သူတို့သည် လုကျင်းရှိူ့က ဆန္ဒရှိစွာဖြင့် ယန်ကျင်းဇီကို နောက်တစ်ကြိမ် ထပ်နမ်းသည်ကို တွေ့လိုက်ရသည် — သူတို့နှစ်ယောက်စလုံး နှုတ်ခမ်းနီတွေ စားလိုက်ကြပြီ။ သူတို့ နည်းနည်းထပ်စားလည်း ပြဿနာမရှိဘူး!
ပတ်ဝန်းကျင်ရှိလူများ : “ ... ” ဥက္ကဌလုက သူ အရင်မနမ်းရလို့များ စိတ်ဆိုးတာလား?
သူတို့နှစ်ဦးကို ဤသို့မြင်ရသည်မှာ အံ့ဩစရာကောင်းစွာပင် သူတို့က အတော်လေး အဆင်ပြေကောင်းမွန်ပုံရသည်။
လူများစွာသည် လက်ထပ်ပွဲအစပိုင်း၌ ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ စုံတွဲနှင့် ပတ်သက်ပြီး အကောင်းဖြစ်လာမည်ဟု မယုံကြည်ကြပေ။
သူတို့ဟာ အသက်အရွယ် အလွန်ကွာခြားပြီး ကြားထဲတွင် လုရွေ့ချွင်လည်း ရှိနေ၏။
သို့သော် ဤလူနှစ်ဦး၏ဆက်ဆံရေးက ပိုမိုကောင်းမွန်လာခဲ့သည်။ ပို၍ပင် အံ့ဩစရာကောင်းသည်မှာ နှစ်ဦးလက်ထပ်ပြီးမကြာမီ လုကျင်းရှိူ့က လုရှယ်ယာအားလုံးကို ယန်ကျင်းဇီထံသို့ အမှန်တကယ် လွှဲပြောင်းပေးခဲ့သည်။
အဲ့ဒါ လုကျင်းရှိူ့ ပိုင်တာတွေ၊ လုရှယ်ယာအကုန်လုံး!
လုကျင်းရှိူ့က ယန်ကျင်းဇီအပေါ် ထားတာ အချစ်စစ်ပဲ!
ဤသတင်းများကို ကြားရသော် လုကျင်းရှိူ့နှင့် ယန်ကျင်းဇီတို့၏ လက်ထပ်ပွဲက လူတချို့ကို ကလန့်တိုက်ရန်သာဟု ထင်ခဲ့သည့် လူများ ချက်ချင်း ပျောက်ဆုံးသွားသည်။ သို့သော် လူအများအပြားက ယန်ကျင်းဇီကို စတင်မနာလိုဖြစ်ကြတော့သည်။
ယန်ကျင်းဇီ၏အမြင်က တကယ် ကောင်းသည်။ သူ၏ ယခင်စေ့စပ်ထားသူ လုရွေ့ချွင်က စီးပွားရေးလုပ်ရန် အရည်အချင်း မရှိသည်မှာ ထင်ရှားသော်လည်း ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငွေများစွာကို အမြဲရှာဖွေချင်နေသည်။ သူ၏ လုရှယ်ယာအများစုမှာ သူ့ကြောင့်ပင် ကုန်သွားသည်။ လုကျင်းရှိူ့ကရော? လုစီးပွားရေးကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်နိုင်သည့်အပြင် သူ့လက်ထဲတွင် အခြားကုမ္ပဏီလည်း အမှန်တကယ် ရှိနေသေးသည်...
မနာလိုဖြစ်ကြသည့်အပြင် လူများစွာသည် ချဉ်တူးစွာသာ စကားပြောဆိုနိုင်ကြသည် — ယန်ကျင်းဇီက ပိုပြီးအစွမ်းထက်တော့ရော ဘာဖြစ်လဲ? နောက်ဆုံးမှာတော့ သူက အရည်အချင်းမရှိဘဲ လုကျင်းရှိူ့၏ ကျန်းမာရေးက မကောင်းမွန်ချေ။ လုကျင်းရှိူ့ မရှိတော့တဲ့တစ်နေ့ကျရင် သူ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ဆုံးရှုံးရလောက်တယ်!
ရလဒ်ကမူ ပညာမတတ်ဘဲ အရည်အချင်းမရှိဟု လူအများ အသိအမှတ်ပြုထားသော ဒုတိယသခင်လေးယန်က ကျောင်းထပ်တက်ပြီး ဆေးပညာလောကတွင် ထူးချွန်လာခဲ့သည်။
သူက နာမည်ကျော်ဆရာဝန်တစ်ယောက်တောင် ဖြစ်လာခဲ့တယ်!
ထိုမျှတင်မက သူဟာ လုကျင်းရှိူ့ကိုပင် ခွဲစိတ်ကုသမှုများစွာ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးခဲ့သည်။ သူက လုကျင်းရှိူ့၏ လက်များနှင့် ခြေထောက်တို့ကို ယခင်ကကဲ့သို့ ဖြစ်အောင် ပြန်မလုပ်ပေးနိုင်ခဲ့သော်ငြား လုကျင်းရှိူ့က တုတ်ကောက်တစ်ချောင်းနှင့် လမ်းလျှောက်စရာမလိုတော့ချေ။
ကောလာဟလများကဲ့သို့ လုကျင်းရှိူ့၏ ခန္ဓာကိုယ်က လုံးဝ ဆုတ်ယုတ်မလာခဲ့ဘဲ ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။
နောက်ဆုံးတွင်မူ လူနှစ်ဦးဟာ မရေမတွက်နိုင်သော လူအများ အားကျကြရသည့် စံပြခင်ပွန်းစုံတွဲ ဖြစ်လာခဲ့ကြသည်။
ဤအချိန်တွင် စံပြခင်ပွန်းများက ရေကူးနေကြ၏။
ယန်ကျင်းဇီဟာ အသက်သုံးဆယ်ကျော်နေပြီးဖြစ်သော်လည်း သူက အလွန်ငယ်ရွယ်ပုံပေါ်သေးသည်။ ဟိုးယခင်ကတည်းက သူသည် ရေကူးသင်ပြီးဖြစ်ကာ ယခုအခါတွင် ရေကူးကန်ဘေးတွင် မတ်တပ်ရပ်နေပြီး လုကျင်းရှိူ့ ရေကူးသည်ကို စောင့်ကြည့်နေသည်။
အိမ်ထောင်ရေး ဆယ်နှစ်တာတွင် သူသည် လုကျင်းရှိူ့ကို ကောင်းကောင်းဂရုစိုက်နေခဲ့သည်။ လုကျင်းရှိူ့၏ ခန္ဓာကိုယ်က မဆုတ်ယုတ်သွားရုံသာမက ပိုပိုပြီးလည်း ကောင်းလာကာ ယခုဆိုလျှင် ခန္ဓာကိုယ်ပေါ်၌ ကြွက်သားများ ရှိနေပြီဖြစ်သည်။
တကယ်ပဲ ကြည့်ရတာ... တော်တော်လေး ဆွဲဆောင်မှုရှိတယ်။
အထူးသဖြင့် လုကျင်းရှိူ့က ယခု ရေကူးနေပြီး ရေကူးဘောင်းဘီတို မဝတ်ထားသောအခါတွင်ပင်။
ယန်ကျင်းဇီသည် စောင့်ကြည့်ပြီး ရုတ်တရက်ကြီး သူ့တစ်ကိုယ်လုံးကို ရေထဲသို့ နှစ်ကာ လုကျင်းရှိူ့ထံသို့ ရေကူးသွားသည်...
ကြိုးကြိုးစားစားဖြင့်
ရေကူးပြီး လေ့ကျင့်ခန်းလုပ်နေသော လုကျင်းရှိူ့သည် သူ့အောက်တွင် လူတစ်ယောက် ရောက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ရေအောက်တွင် သူ့ကို ကပ်တွယ်နေရုံသာမက ထိုလူက သူ့ခန္ဓာကိုယ်ကိုလည်း ခရင်မ်သုတ်နေသေးသည်။
သူ့ဒူးခေါင်းတော့ ထပ်နာဦးမှာပဲ...