အပိုင်း ၃-၄
Viewers 6k

Chapter 3


ဇွန်ဘီများအားလုံး ပြေးထွက်သွားသည်နှင့်တပြိုင်နက် ဟန်ခိုင်သည် အလျင်အမြန်ဖြင့် ဆေးရှာရန်အတွက် ဆေးဆိုင်သို့ ပြေးတော့သည်။


 ဆေးဆိုင်ထဲတွင် များပြားလှသော ဆေးများရှိနေပြီး ဟန်ခိုင်မှာ ရှည်လျားလှတဲ့ဆေးနာမည်များကို အာရုံစူးစိုက်ကာ ကြည့်နေသည့်အတွက် ဇွန်ဘီမတစ်ကောင် သူ့အားစိုက်ကြည့်နေသည်ကို သတိမထားမိပေ။


ယန်ဟန် သူမလက်တွေကို ရင်ဘတ်နားမှာထားရင်း ခေါင်းကိုစောင့်ကာ သူမရှေ့တွင် ဆေးတွေရှာနေသော ကြည့်ကောင်းသည့် အမျိုးသားကို ကြည့်နေမိသည်။ ထို့နောက် သူမ ပိုပြီးနားမလည်ဖြစ်လာသည်။ သူမ သူ့ကိုကယ်ဖို့မလိုဘူးလား...


ယန်ဟန် အပြည့်အဝနားမလည်ပေ။ အောက်ထပ်၌ များပြားလှသော ဇွန်ဘီလှိုင်းလုံးကြီးရှိနေသည်။ ထိုဇွန်ဘီများမှာ အလွန်ထူးဆန်းသည်။ ပုံမှန်အားဖြင့် သူတို့က အဖိုးအိုကြီးတွေလို လမ်းလျောက်ကြသည်။ သူတို့တွေက အသက်ရှင်နေတဲ့လူသားကိုတွေ့တာနဲ့ သူခိုးတွေလိုမျိုး အလျင်အမြန်ပြေးလိုက်ကြသည်။


အံ့ဩဖို့ကောင်းသည့်ဇွန်ဘီများက ဟန်ခိုင်ကိုတွေ့သည်နှင့်တပြိုင်နက် ချက်ချင်းပဲအာရုံရသွားပြီး စိတ်လှုပ်ရှားနေသော အော်ညည်းသံများနှင့်အတူ ဆေးဆိုင်ထဲသို့ ပြေးဝင်လာကြသည်။


ဟန်ခိုင်သည် ဆေးဗူးများအား ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ကျေနပ်စွာကြည့်လိုက်သည်။ သို့သော် သူ့ခေါင်းကိုလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် များပြားလှသော ဇွန်ဘီလှိုင်းလုံးကြီးက သူ့ဆီသို့ခုန်ဝင်လာနေသည်ကို တွေ့လိုက်ရသည်။ 


သူက ချက်ချင်းပဲ သေနတ်ထုတ်ကာ ဇွန်ဘီကိုပစ်လိုက်သည်။ မိုက်ရူးရဲဆန်တဲ့သေနတ်သံရဲ့ အကျိုးဆက်က ဇွန်ဘီတစ်ချို့ကိုသေဆုံးစေပြီး ကျည်ဆန်အချို့ကုန်သွားသည်။


''တော်တော်မိုက်ရူးရဲဆန်တာပဲ'' 


ယန်ဟန် မတတ်သာစွာနှင့် နှလုံးသားထဲမှာပြောလိုက်မိသည်။ ဇွန်ဘီများနှင့် အလုပ်ရှုပ်နေသော ဟန်ခိုင်အား အသက်မပါသည့်အကြည့်များနှင့် စိုက်ကြည့်နေလိုက်သည်။ 


ဟန်ခိုင်သည် ဇွန်ဘီများနှင့် ရုန်းကန်နေရပြီး သူ့လည်ပင်းနားမှ လည်ဆွဲသည်လဲ မြေကြီးပေါ်သို့ ကျသွားသည်။ 


ယန်ဟန် မြေကြီးပေါ်မှ ဆွဲကြိုးကိုကောက်ယူလိုက်ပြီး သူမ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ အဲ့ဒါကိုကြည့်ပြီး သူမ အားလုံးနားလည်သွားသည်။ အဲ့ဒီလှပတဲ့အမျိုးသားက သူမ မသေခင်က သူမ၏ချစ်သူဖြစ်ခဲ့သည်။


ယန်ဟန် လည်ဆွဲနှစ်ခုကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ဒီခန့်ညားတဲ့လူက အစွဲအလန်းကြီးတာပဲ ။ သူမက ဇွန်ဘီဘဝပြောင်းသွားပြီ ဖြစ်သည်။ ဒါပေမယ့် သူက သူမကိုမမေ့နိုင်သေးပေ။ ဒီလိုအချစ်အပေါ်ထားတဲ့ သူ​၏အပြုအမူက တကယ်ပဲခံစားရစေသည်။


သူသည် သူမ မသေဆုံးခင်က ချစ်သူဖြစ်နေသည့်အတွက် သူမ သူ့ကို ကယ်မှဖြစ်မည်။


ယန်ဟန်သည် သစ်သားချောင်းကို ကောက်ကိုင်ကာ ဇွန်ဘီတွေကို ရိုက်နက်လိုက်သည်။ ဇွန်ဘီများမှာ အချိန်အတော်ကြာ အသိမရှိသော်လဲ အရူးများမဟုတ်ကြပေ။ တစ်စုံတစ်ယောက်မှ သူတို့ခေါင်းအား ရိုက်နေသည့်အတွက် သူတို့တွေ မပျော်ရွှင်ကြတော့ပေ။


ဇွန်ဘီများ ဒီဘက်လှည့်ကြည့်လိုက်ချိန်မှာတော့ ယန်ဟန်အား တွေ့လိုက်ရပြီး အားလုံးရပ်တန့်သွားကြသည်။ သူတို့အားလုံး အံ့အားသင့်သွားတာဖြစ်နိုင်သည်။ သူတို့တွေက အမြစ်တစ်ခုတည်းက မွေးဖွားလာကြတာမဟုတ်ဘူးလား... အဲ့ဒါနဲ့များ ဘာလို့ သူမက သူတို့ကိုရိုက်နှက်နေရတာလဲ ... တကယ်လို့ သူမ စားချင်တယ်ဆိုလဲ ကိုယ့်ဘာသာသွားရှာစားပေါ့.... ဘာလို့ သူတို့တွေရဲ့ခေါင်းကို တုတ်နဲ့လာရိုက်နေရတာလဲ....


ဇွန်ဘီများရပ်တန့်သွားသည်ကို ကြည့်ရင်း ယန်ဟန် သူတို့မျက်နှာအား တုတ်ဖြင့် ဆက်တိုက် ဆက်ရိုက်နေသည်။


ဇွန်ဘီများက အခြေအနေကိုသဘောပေါက်သွားပြီး သွားကြိတ်သည့်အသံများဖြင့် သူမဆီသို့ ပြေးဝင်လာကြသည်။


ယန်ဟန် အထိတ်တလန့်ဖြစ်သွားသည်။ သူတို့တွေရဲ့ အမူအယာကိုကြည့်လိုက်ရုံနှင့် သူမအား တစစီဆွဲဖြဲကြတော့မည်ကို နားလည်သွားသည်။


နည်းလမ်းမရှိတော့ပေ။ သူမက တုတ်အားကိုင်ရင်း ဝှေ့ယမ်းလိုက်သည်။ သူမ သတိထားနေသည့်အတွက် ဇွန်ဘီများမှာ သူမအားထိခိုက်အောင် တော်ရုံမလုပ်နိုင်ပေ။


အဆုံးမှာတော့ အဲ့ဒီအမျိုးသားလုံခြုံသွားပေမယ့် သူမ ဘဝတော့သွားရှာပြီဖြစ်သည်။ အဲ့ဒါက အရမ်းအဆင်မပြေဘူး အရမ်းအရမ်းကို အဆင်မပြေဘူးလေ....


ယန်ဟန်အား အဓိကဇတ်ဆောင် အဖြစ်ထားမည်ဆိုလျင် သေခြင်းတရားနီးစပ်လာသည်နှင့်အမျှ သူမအားကယ်ဆယ်မည့် သူရဲကောင်းတစ်ယောက်ထွက်ပေါ်လာပေမည်။ ထိုသူရဲကောင်းမှာ တခြားသူမဟုတ် သူမအား ရက်ပေါင်းများစွာ သဘောကျနေသည့် ဇွန်ဘီဘုရင်ဖြစ်ပေသည်။


ဇွန်ဘီဘုရင် ထွက်ပေါ်လာသော်လဲ ထိုဇွန်ဘီလေးများက မကြောက်ကြပေ။ ထို့ကြောင့် သူကအော်ဟစ်ကာ ဇွန်ဘီလေးများကို တစ်စစီဆုတ်ဖြဲလိုက်သည်။ သဘာဝကျစွာဖြင့် တခြားဇွန်ဘီများ မလှုပ်ရှားရဲတော့ပေ။


နောက်ဆုံးတော့ ဇွန်ဘီဘုရင်သည် သူ၏ သတ္တိရှိမှုနှင့် အောင်မြင်မှုများအား ယန်ဟန်ရှေ့တွင် ထုတ်ပြခွင့်ရပြီဟု တွေးထင်လိုက်သည်။ 


ဇွန်ဘီဘုရင်က ဇွန်ဘီများအား အာရုံစိုက်ပြီး တစ်စစီဆွဲဖြဲနေစဉ် ယန်ဟန်က ဟန်ခိုင်အား ဆွဲကာ အဝေးသို့ ပြေးတော့သည်။ အဆိုပါမြင်ကွင်းအား ထိုနေရာသို့အလျင်အမြန်ပြေးလာသော လီနန့်ရှန်တွေ့သွားတော့သည်။


ထို့မြင်ကွင်းအား လီနန့်ရှန်မြင်သွားသည့်နောက် သူ့နှလုံးသားထဲတွင် ဆိုးရွားစွာအော်ဟစ်လိုက်သည်။ အဲ့ဒါ... ငါ့ညီအစ်ကိုက ဇွန်ဘီမတစ်ကောင် ဆွဲခေါ်တာကိုခံသွားရတယ်...


ဟန်ခိုင် ထိတ်လန့်စွာနဲ့ ဇွန်ဘီမအား ကြည့်လိုက်သည်။ သူမအိမ်သို့ သူ့ကိုခေါ်သွားပြီး တဖြည်းဖြည်းစားဖို့ ကြံနေတာများလား... သူ လွတ်မြောက်ဖို့ကြိုးစားသော်လည်း ဇွန်ဘီမက အလွန်အားသန်သောကြောင့် မလွတ်မြောက်ပေ။


ခန့်ညားတဲ့အမျိုးသားက အသံတစ်ချို့ထွက်နေပြီး ထွက်ပြေးဖို့ကြိုးစားနေသည်ကို သူမ ခံစားလိုက်မိသည့်အတွက် သူ့အား လှည့်ကြည့်လိုက်သည်။ အိုး... သူမ စကားမပြောနိုင်ဘူးဆိုတာ မေ့နေတာပဲ... ထို့ကြောင့် လောလောဆယ် သူမ ကိုယ်ဟန်အမူအယာနဲ့သာ ဖော်ပြနိုင်သည်။


ယန်ဟန်သည် သူမကိုယ်သူမ လက်ညှိုးထိုးပြီး သူ့အားလက်ညှိုးထိုးပြလိုက်ပြန်သည်။ ထို့နောက် သူမလက်ကိုယမ်းကာ သူမ သူ့အား မစားကြောင်း ဖော်ပြလိုက်သည်။


မမျော်လင့်စွာနှင့် သူက သူမ ဆိုလိုသည်အား နားလည်နေသည်။ ထို့နောက် သူက အေးစက်စွာနှင့် '' ငါက ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက သုတေသနပရော်ဖက်ဆာတစ်ယောက်ပဲ... မင်းတို့ဇွန်ဘီတွေရဲ့ အကျင့်ကိုငါပိုသိတယ်... ဇွန်ဘီက လူသားတွေကိုမစားဘူးဆိုတာ ငါရှာဖွေလို့ မတွေ့သေးဘူး''


ယန်ဟန် စိတ်လှုပ်ရှားစွာနှင့် ချက်ချင်းပဲ သူမကိုယ်သူမ ညွှန်ပြကာ 'ငါ... လူတွေကိုမစားဘူး'


ဟန်ခိုင် သူမမျက်လုံးတွေကိုကြည့်လိုက်သည်။ အေးခဲနေပြီး မလှုပ်ရှားပေ။ သို့ပေမယ့် ဒီဇွန်ဘီက တခြားဇွန်ဘီတွေလို မဟုတ်မှန်း သတိထားမိလာသည်။ သူမ သူ့အားအလွတ်ပေးမည်မဟုတ်မှန်း တွေးလိုက်သည်။ သူမသည် သူအား အချိန်ကျတာနှင့်စားပေလိမ့်မည်။ 


ယန်ဟန် စိတ်အနည်းငယ် ရှုပ်လာသည်။


ယန်ဟန်သည် လုံခြုံမှုရှိစေရန် ဟန်ခိုင်မျက်နှာအား ဇွန်ဘီသွေးများနှင့် သုတ်ပေးလိုက်သည်။ ဟန်ခိုင်၏ခန့်ညားနေသောမျက်နှာပေါ်တွင် သွေးများခြယ်ပေးပြီးနောက် သူမ မျက်နှာပေါ်မှာ ဘာအမူအယာမှ မပြောင်းလဲသွားပေမယ့် သူမနှလုံးသားထဲမှ ပြုံးမိသွားသည်။


သူမ ဟန်ခိုင်နားသို့ကပ်ကာ အနံ့ခံလိုက်သည်။ အနံ့က အလွန်အမင်းဆိုးရွားလှသည်။


သူမက ကျေနပ်စွာနှင့်ခေါင်းငြိမ့်လိုက်ပြီး ဟန်ခိုင်အား သူမအိမ်သို့ ခေါ်သွားတော့သည်။


Xxxxxx


Chapter 4


နေဝင်သွားပေပြီ။


စွမ်းအင်ဆုံးရှုံးထားသော ယွင်ကျင့်မြို့တော်သည် အမှောင်ထုထဲသို့ သက်ဆင်းသွားကာ လရောင် ခပ်မှိန်မှိန်လေးသာ ဖြာကျနေသည်။ ခြောက်ကပ်တိတ်ဆိတ်နေသော မြို့တော်ကို လေးနက်စွာဖြင့် ဟန်ခိုင် ကြည့်နေမိသည်။ 


ဘယ်အချိန်မှ ဒီမြို့ကြီးက အရင်လိုကြွယ်ဝချမ်းသာပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတွေ ပြန်ရနိုင်မှာလဲ


ယန်ဟန်က သူမအသိုက်ကို စျေးဝယ်စင်တာမှ ဂိုထောင်တစ်ခုအောက်တွင် တည်ဆောက်ထားတာဖြစ်သည်။ ထိုဂိုထောင်မှာ ကြီးမားပြီး တိတ်ဆိတ်ကာ ရှာဖွေရမလွယ်ကူပေ။


 သူမ အခန်းကိုအကုန်ရှင်းပြီးနောက် နူးညံ့သောအိပ်ယာတစ်ခုကို ထည့်သွင်းထားသည်။ သူမ​၏ အိပ်ချိန်နီးကပ်လာချိန်တွင် ဂိုထောင်တံခါးကို လောခ့်ချကာ လူသေကောင်ကဲ့သို့ သတိမရှိစွာဖြင့် အိပ်လေ့ရှိသည်။ ၃ နာရီပြည့်သည်နှင့်တစ်ပြိုင်နက် သူမ အိမ်မက်တွေကို အတည်ပြုရန် အပြင်ထွက်သွားလေတော့သည်။ ထိုအရာများအား သူမ နေ့စဉ်ပြုလုပ်လေ့ရှိပြီး လူသားများအားစားသောက်ရမှာကို ပျင်းလွန်းသည့်အတွက်ဖြစ်သည်။


စျေးဝယ်စင်တာအောက်မှ ဂိုထောင်သည် မှောင်မည်းနေပြီး လူသားများအတွက်ဆိုလျင် လက်ချောင်းတောင်မမြင်နိုင်ပေ။ သို့သော် ရန်ဟန်​၏မျက်လုံးအစုံအတွက်တော့ အတားစီးမရှိပဲ လမ်းလျောက်နိုင်သည်။ 


ဖယောင်းတိုင်ကိုမီးညှိလိုက်ချိန်မှာတော့ ဟန်ခိုင်သည် ထူးဆန်းသည့် တစ်စုံတစ်ခုကို တွေ့ ရှိပြီး ထိတ်လန့်သွားသည်။ သူက ဖယောင်းတိုင်ကိုကိုင်ကာ ရန်ဟန်မျက်နှာ အနီးသို့ကပ်လိုက်ပြီး ဖြေးလေးစွာဖြင့် စကားနှစ်လုံးပြောလိုက်သည်


 "ယန်ဟန်"


ထို့နောက် သူက နူးညံ့တဲ့လေသံနှင့် " မင်းက ယန်ဟန်ပဲ"


ယန်ဟန်...သူမ နာမည်​က ယန်ဟန်လား...သူမ သူ့အား ကိုယ်အမူအရာဖြင့်ဖော်ပြလိုက်သည်။


ဟန်ခိုင် ခေါင်းငြိမ့်ပြလိုက်သည်။


အကျိုးဆက်အနေဖြင့် သူမနှင့် ဒီအမျိုးသားဟာ အရင်ကချစ်သူတွေဖြစ်ခဲ့ကြမှန်း ပိုသေချာသွားသည်။


 သူချစ်ခဲ့သောအမျိုးသမီးသည် ဇွန်ဘီအဖြစ်ပြောင်းလဲသွားခြင်းက သူ့အားအထိတ်တလန့်ဖြစ်သွားစေမည်။ ဒါက ဘယ်လောက်တောင် သူ့အတွက်  ရက်စက်လိုက်မလဲ...


ယန်ဟန်သည် ဝမ်းနည်းစွာဖြင့် ဖယောင်းတိုင်ကိုကိုင်ထားသော်လဲ သူမ မျက်နှာပေါ်တွင် ဘာအမူအရာမှတော့ မရှိချေ။


သူမ ကိုယ်အမူအရာဖြင့် ဟန်ခိုင်​၏ အမည်ကို မေးလိုက်သည်။


သူမဆိုလိုသည်အား သူကနားလည်သွားကာ ချက်ချင်းပြန်ဖြေလာသည် " ဟန်ခိုင် "


ယန်ဟန် နဲ့ ဟန်ခိုင်...  အသံထွက်တွေက အရမ်းကောင်းမွန်တယ်။


ထိုအမည်နှစ်ခုအား သူမ နှလုံးသားထဲမှနေ၍ တိတ်တဆိတ် ရေရွတ်နေမိသော်လဲ မည်သည့်မှတ်ညဏ်မှ သူမ အတွေးထဲပေါ်မလာပေ။ သူမဘဝအကြောင်းကို သူမလုံးဝ မမှတ်မိပေ။


နှစ်ယောက်သား ခဏလောက် တိတ်ဆိတ်သွားသည်။ ယန်ဟန်က သူမ ကောက်ယူလာသော လည်ဆွဲအား သတိရသွားပြီး သူမအိတ်ထဲမှထုတ်ကာ ဟန်ခိုင်ဆီသို့ပေးလိုက်သည်။


ဟန်ခိုင်သည် လည်ဆွဲအားယူလိုက်ကာ သူ့လက်ထဲတွင်ကိုင်ထားရင်း ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်နေသည်။ သူ ယန်ဟန်​၏ IQ ကို နားမလည်တော့ပေ။


သူက လည်ဆွဲအား အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ပြောလိုက်သည် " ကျေးဇူးတင်ပါတယ် "


ယန်ဟန် မတုန့်ပြန်နိုင်ပေ။ တိတ်ဆိတ်မှုက ဟန်ခိုင်အား အနည်းငယ် ရှက်ရွံ့သွားစေသည်။


ခဏမျှရှက်ရွံ့ပြီးသည့်နောက် ယန်ဟန် အသက်ရှင်စဉ်ကာလက သူမ၏အသက်မွေးဝမ်းကြောင်းအလုပ်အား ပြောပြလာသည်။


 " မင်းနဲ့ကိုယ်နဲ့က ဇီဝဗေဒဌာနမှာ အလုပ်အတူတူလုပ်တဲ့ ပရော်ဖက်ဆာတွေပဲ... ကိုယ်တို့နှစ်ယောက်က အသက်အတူတူပေမယ့် မင်းကကိုယ့်ထက်နှစ်အများကြီးစောပြီး ပရော်ဖက်ဆာဖြစ်သွားတယ်


"ယွင်ကျင့်တက္ကသိုလ် တည်ထောင်ကတည်းက အငယ်ဆုံးပရော်ဖက်ဆာဖြစ်သွားတယ်လို့ ကိုယ့်အတန်းဖော်တွေဆီကနေ မင်းအကြာင်းကြားလိုက်ရတယ် … မင်းက ညာဏ်ကြီးရှင်တစ်ယောက်လို့လဲ သူတို့တွေ ပြောကြသေးတယ်’’


ဟန်ခိုင် နောက်ပိုင်းပြောသမျှ စကားများအား ယန်ဟန် မကြားနိုင်ပေ။ မနက်ခင်း တစ်နာရီခန့်ရှိပြီဖြစ်၍ သူမ ဉီးနောက်က ထုံထိုင်းလာသောကြောင့် ဖြစ်နိုင်သည်။


မဟုတ်သေးဘူး… ဟန်ခိုင်ပြောတာမပြီးသေးပဲ သူမ မအိပ်နိုင်ဘူး ။ ယန်ဟန် ကြိုးစားပြီး သူမ၏ ဉီးနှောက်အားတိုက်ခိုက်ကာ မျက်ခွံများအား ဖွင့်ဖို့ကြိုးစားသော်လည်း အသုံးမဝင်ပေ။


ထိုအဖြစ်အပျက်အားကြည့်ရင်း ဟန်ခိုင် အံ့အားသင့်သွားသည်။ သူမ မျက်ဝန်းများမှိတ်လိုက်သည်နှင့်တပြိုင်နက် အိပ်ယာပေါ်သို့လဲကျသွားပြီး တုတ်တုတ်မှ မလှုပ်တော့ပေ။ ဇွန်ဘီများမှာ ဤသို့သောအကျင့်ရှိသည်ဟု သူ မသိခဲ့ပေ။


သူ ယန်ဟန်အနားသို့ တဖြေးဖြေးတိုးသွားပြီး တွန်းကြည့်လိုက်သည်။ လုံးဝ လုပ်ရှားမှု မရှိပေ။ ‘သူမ သေသွားတာလား… သူမကို ကြည့်ရတာ သေသွားတာနဲ့လဲ မတူဘူး… သူမ အိပ်ပျော်သွားတာလား… ‘ ဟန်ခိုင် ပဟေဋိဖြစ်စွာဖြင့် နေရာမှာတင် ရပ်နေမိသည်။


ဘယ်လိုတောင် ထူးဆန်းတဲ့ ဇွန်ဘီလဲ… တကယ်လို့ သူတစ်ယောက်တည်းသာ မဟုတ်ဘူးဆိုရင် ဒီဇွန်ဘီကိုဖမ်းပြီး စမ်းသပ်လျင်ကောင်းလိမ့်မည်။


အခုအရေးကြီးဆုံးက လီနန့်ရှန်ကိုရှာဖို့နဲ့ ကျွန်းပေါ်ကိုဆေးပြန်ယူသွားဖို့ပဲ ။ ဟန်ခိုင်သည် ဖယောင်းတိုင်အားယူကာ လာရာလမ်းအတိုင်းပြန်လှည့်သွားသည်။ ရှောပင်းမောအပြင်သို့ ထွက်လိုက်သည်နှင့်တပြိုင်နက် သူ့အား တစ်စုံတစ်ယောက်မှ ထောင့်သို့ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။


‘’သားကြီးရေ… ငါမင်းကိုစောင့်နေတာကွ… မင်းကို ဇွန်ဘီမက တစ်စစီဆွဲဖြဲလိုက်ပြီ ထင်နေတာ’’


ဟန်ခိုင်သည် ထိုသူအား လီနန့်ရှန်ဖြစ်ကြောင်းသိပြီးနောက်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရင်း ဟာသပြောလိုက်သည်


 ‘’ မင်းက ဇွန်ဘီတွေကြား တုတ်တစ်ချောင်းနဲ့ချနေရတာနဲ့ပဲ တန်တယ်… ဒီလောက်များတဲ့ ဇွန်ဘီတွေမင်းနောက်ကိုလိုက်တာ ဘာမှမဖြစ်ဘူးနော်’’


‘’ဟျောင့်… ငါ မင်းကိုစိတ်ပူနေတာနော်… ဇွန်ဘီမ မင်းကိုဆွဲခေါ်သွားကတည်းက အဲ့နောက်ကို တောက်လျောက်လိုက်လာတာပဲ… အထဲက အခြေအနေမသိလို့ မဝင်ရဲတာနဲ့ အပြင်ကနေစောင့်နေတာပဲ… နောက်ထပ် မိနစ်နည်းနည်းလောက်ဆို ငါထပ်မစောင့်တော့ဘူးလားလို့လေ… ဟားဟားဟား’’


ဟန်ခိုင် လီနန့်ရှန်ပုခုံးအားပုတ်လိုက်ပြီး ‘’ မြန်မြန်ပြန်ရအောင်… မင်း ညီအကိုတွေ စောင့်ရလို့ စိတ်လှုပ်ရှားနေလောက်ပြီ’’


လီနန့်ရှန်သည် ခေါင်းငြိမ့်လိုက်ပြီး လမ်းမထက်သို့ သေနတ်ဖြင့်ချိန်ကာ လေ့လာလိုက်သည်။ အတော်လေးလုံခြုံသည်ဟု မှန်းဆပြီးနောက် လီနန့်ရှန်သည် သူ့ခေါင်းအားလှည့်ကာ မေးလိုက်သည်။ ‘’ ငါနားမလည်ဖြစ်နေတုန်းပဲ… မင်းဘယ်လိုလုပ်ပြီး ဒဏ်ရာမရပဲ ပြန်ထွက်လာနိုင်တာလဲ… ငါဘယ်လိုမှ စဉ်းစားလို့မရဘူး’’


ဟန်ခိုင် ခဏလောက် ဘယ်လိုရှင်းပြရမှန်းမသိဘူး ဖြစ်သွားသည်။ ထို့နောက် သူ့စိတ်တွင်းမှ အရာများအားစုစည်းကာ ပြန်ဖြေလိုက်သည် ‘’ အဲ့ဒါ တကယ်ထူးဆန်းတယ်ကွ… အတွေ့အကြုံရှိတဲ့သူတောင် အဲ့ဒါကိုယုံဖို့ခက်လောက်တယ်… ငါ့ကိုဖမ်းသွားတဲ့ ဇွန်ဘီမနဲ့ စကားပြောခဲ့တယ်.. သူက ငါ့ကျောင်းနေဘက်ပဲ’’


‘’ ကျောင်းနေဘက်’’


ဟန်ခိုင် ခေါင်းငြိမ့်လိုက်ပြီး ဇွန်ဘီမ၏ အသွင်အပြင်အား စဉ်းစားပြီးနောက် ချက်ချင်းတော့ ပြန်မဖြေသေးပေ။


‘’အဲဒါ ယွင်ကျင့်တက္ကသိုလ်က ငါ့ကျောင်းနေဖက်ပဲ … ယန်ဟန်တဲ့… မင်း သူမအကြောင်းကြားဖူးလားတော့မသိဘူး… သူမက ညာဏ်ကြီးရှင်တစ်ယောက်ပဲ… သူမက အသက် ၂၄ နှစ်နဲ့ ပရော်ဖက်ဆာဖြစ်လာတာ… ငါ သူမကို အရမ်းအားကျခဲ့တာ’’


လီနန့်ရှန် မျက်တောင်ခတ်လိုက်ပြီး ဟန်ခိုင်ဆက်ပြောလာမည့် စကားများကို စောင့်နေလိုက်သည်။ 


‘’အဲ့ဒါ အရမ်းအံ့ဩဖို့ကောင်းတာပဲ’’ ဟန်ခိုင် သူ့ကိုယ်သူပြောလိုက်သည်။


 ‘’ မင်းဇွန်ဘီတွေကို တခြားနေရာမြှားခေါ်သွားတော့ ငါလဲ ဆေးဆိုင်ထဲက ဆေးတွေကိုကြည့်နေတုန်း… ဇွန်ဘီလှိုင်းလုံးရောက်လာတာကို ငါမသိလိုက်ဘူး… ဇွန်ဘီတွေစားတာခံရတော့မယ့်အချိန်မှာပဲ ယန်ဟန် က ရုတ်တရက်ထွက်လာပြီး ငါ့ကိုကယ်ပြီး သူ့အသိုက်ကိုခေါ်သွားတယ်’’


‘’ဘာ… ဘယ်လို… သားကြီးရေ… ငါနားကြားမှားတာလား… ဇွန်ဘီမက မင်းကိုမစားတဲ့အပြင့် ကယ်ပါကယ်လိုက်သေးတယ်လား’’ 


‘’ ဟုတ်တယ်… ငါလဲ မယုံနိုင်ဘူးဖြစ်နေတာ… ဒါပေမယ့် ငါဘာမှမထိခိုက်တာကို ငါတို့မျက်လုံးနဲ့အခုတွေ့နေတာပဲ မဟုတ်လား… ငါတော့ ယန်ဟန်ကို ဇွန်ဘီလုံးဝဖြစ်နေတယ်လို့ မထင်ဘူး… သူမဆီမှာ လူသားအသိညဏ်ရှိသလို သူမ ဦးနှောက်နဲ့အပြုအမူကိုလဲ ထိန်းချုပ်နိုင်တယ် ပြီးတော့ နောက်ထပ် ပုံမှန်မဟုတ်တဲ့အရာတစ်ခု …..’’


ဟန်ခိုင် ဆက်မပြောသေးပဲ တုန့်ဆိုင်းနေသည်။ လီနန်ရှန် မျက်တောင်ခတ်ပြီး စိတ်လှုပ်ရှားစွာနှင့် စောင့်ဆိုင်းနေသည်။


‘’ ယန်ဟန် ကိုကြည့်ရတာ အိပ်သွားတယ်နဲ့တူတယ်… အဲ့ဒါက သတိလစ်ပြီးအိပ်ပျော်သွားသလိုပဲ’’


‘’ဘာ… ဇွန်ဘီက အိပ်တယ်’’ လီနန့်ရှန်​၏ အမူအယာမှာ အံ့ဩလွန်းလို့ မေးရိုးပါပြုတ်ကျသွားသည်။


‘’အဲ့ဒီကိစ္စပဲ… ဒါပေမယ့် ငါလဲ အဲ့ဒီအကြောင်းအရင်းကို နားမလည်သေးဘူး… ကြည့်ရတာ သူမခန္ဓာကိုယ်ထဲက R ဗိုင်းရပ်စ် က မျိုးရိုးပြောင်းလဲသွားတာဖြစ်နိုင်တယ်… ဒါမှမဟုတ် တခြားအကြောင်းအရင်းကြောင့်လဲဖြစ်နိုင်တယ်… ငါတို့ ကျွန်းပေါ်အရင်ပြန်ရအောင်...  ပြီးမှ ဒီကိစ္စကို ဆက်ပြောကြတာပေါ့’’


လီနန့်ရှန် ပဟေဠိဖြစ်စွာဖြင့် ခေါင်းငြိမ့်လိုက်ကာ ရှေ့ဆက်သွားရုံသာ တတ်နိုင်တော့သည်။


သူတို့ ကမ်းခြေကိုရောက်ချိန်မှာတော့ လှေပေါ်မှာထိုင်ရင်း ဇွန်ဘီများအားစောင့်ကြပ်နေကြသည့် ညီအစ်ကိုများမှာ အိပ်ပျော်နေကြသည်။ လီနန်ရှန်သည် ထိုသူများအား နှိုးကာပြောလိုက်သည် ‘’ ညီအစ်ကိုတို့ ထဉီး… ငါတို့တွေ ပြန်ဖို့အဆင်သင့်ပဲ’’


လူတစ်ယောက်က မျက်လုံးကိုပွတ်ရင်း ရှုပ်ထွေးစွာဖြင့် ‘’ ဘော့စ် ဘာလို့ဒီလောက်ကြာနေတာလဲ… ညီအစ်ကိုတွေက မင်းနဲ့ပရော်ဖက်ဆာဟန်တို့ ပြန်လာနိုင်မှာ မဟုတ်ဘူးလို့တောင် ထင်နေကြတာ’’


‘’အိုး… ငါတို့ ဇွန်ဘီလှိုင်းလုံးနည်းနည်းနဲ့ တွေ့သွားလို့ ခဏလောက် ပြန်ထွက်မရဖြစ်သွားတယ်… အဲ့ဒါကြောင့် ငါ့ညီအကိုတွေကို အချိန်ကြာကြာ စောင့်ခိုင်းသလိုဖြစ်သွားတယ်’’ 


လီနန့်ရှန်က လက်ကိုယမ်းရင်း ထိုအမျိုးသားအား ရှင်းပြနေသည်။


Xxxxxx