Chapter 5
လေးနာရီထိုးချိန်တွင် ယန်ဟန် အိမ်မက်မှ နိုးထလာသည်။
သူမ မျက်လုံးအား ဖွင့်လိုက်သည်နှင့် တပြိုင်နက် ဟန်ခိုင် အားမတွေ့ရတော့ပေ။ ဂိုထောင်တံခါးမှာ ပွင့်နေပြီး ဖယောင်းတိုင်တစ်တိုင်လဲ ပျောက်ဆုံးနေသည်။ သူမ အိပ်ပျော်နေစဉ်အတွင်း ဟန်ခိုင်ထွက်ပြေးသွားမည်အား စိုးရိမ်ခဲ့သည်။ အဲ့ဒါက ကြောက်စရာပဲ… သူမ အိမ်မက်ထဲတွင် တစ်စုံတစ်ယောက်မှ သူ့အား အနာတရဖြစ်အောင် လုပ်နေသည်ဟု မက်ခဲ့မိသောကြောင့် ဖြစ်သည်။
မဟုတ်သေးဘူး… မဖြစ်ရဘူး… သူမ သူ့ကိုကယ်မှဖြစ်မယ်….
ယန်ဟန် သူမ အိမ်မက်ထဲတွင်မက်ခဲ့သော ဆိပ်ကမ်းအား ၃ နာရီခန့်လျောက်သွားရင်း ရှာလိုက်ရသည်။ ကမ်းခြေမှ လှေများမှာပျက်ဆီးနေပြီး ပြန်အသုံးပြုလို့ရပုံမပေါ်သည့်အတွက် ကနူးလှေလေးအား ရှာရန် သူမ အလွန်အလုပ်များသွားသည်။
ထို့ကြောင့်ပင် သူမ ကျွန်းပေါ်သို့ ကနူးလှေဖြင့်သွားလိုက်သည်။
ဟန်ခိုင် လီနန့်ရှန်နှင့် တခြားသူများသည် ကျွန်းပေါ်သို့ လှေဖြင့်ရောက်သွားကြသည်။ မနက်ခင်းအာရုံတက်ချိန် ဖြစ်သည့်အပြင့် နေရောင်ခြည်မှာလဲ သိပ်မကြာခင်အချိန်အတွင်း ထွက်ပေါ်လာကာ ကောင်းကင်နှင့်ပင်လယ်ပြင်ပေါ်တွင် တောက်ပနေသော အနီရောင် တိမ်တိုက်များ ရှိနေသည်။
လီနန့်ရှန်နှင့် တခြားသူများသည် ဇွန်ဘီများအား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာနသို့ ခေါ်ဆောင်သွားသည်။ ဟန်ခိုင်သည် သူ့အဖေအခြေအနေအား စိုးရိမ်နေသောကြောင့် အိမ်သို့လျင်မြန်စွာဖြင့် တန်းပြန်သွားသည်။
၂၀၂၂ တွင် ဇွန်ဘီဗိင်းရပ်ရုတ်တရပ်ပြန့်နှံ့ခြင်းဖြစ်ပွားပြီးနောက် ဟန်ကျင်းရီသည် သူ၏ ဇွန်ဘီဖြစ်သွားသော ဇနီးအား သားဖြစ်သူကိုယ်တိုင်သတ်လိုက်သည်ကို မျက်မြင်တွေ့ခဲ့ရသည့်အတွက် စိတ်ဓါတ်ကျရောဂါကို ခံစားနေရသူဖြစ်သည်။ သူသည် တခြားသူများနှင့်အဆက်သွယ်အားလုံးဖြတ်တောက်ကာ အခန်းထဲတွင်တနေကုန်နေပြီး သူ့ဇနီးအားသတိရလေ့ရှိသည်။
ဟန်ခိုင်နှင့် သူ့အဖေတို့ နှစ်ဦးသည် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ (CDC ) မှ ခွဲဝေပေးထားသည့် အဆောင်တစ်ခုတွင် နေထိုင်သည်။ အဆောင်သည် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိ၍ သားအဖနှစ်ယောက်အတွက် အတော်ကျယ်ဝန်းသည်။
ဟန်ခိုင်သည် ဖခင်ဖြစ်သူ၏ အိပ်ခန်းထဲသို့ လျှောက်သွား၍ ကြည့်လိုက်ရာ ဟန်ကျင်းယီ သည် ကုတင်ပေါ်တွင် လှဲနေလေသည်။ဟန်ခိုင်က ထမင်း စားပြီးပြီလားဟု ဖခင်ဖြစ်သူကို မေးလိုက်သည်။
ဟန်ကျင်းယီ သည် ဟန်ခိုင်ကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ အိပ်ယာပေါ်တွင်သာ မလှုပ်မယှက် လဲလျောင်းနေလေသည်။
ဟန်ခိုင်သည် ဖခင်ဖြစ်သူ၏ အကျင့်ကို အချိန်ကြာမြင့်စွာ ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ထို့နောက် ဟန်ခိုင်က ဆေးသောက်ရန် ဟန်ကျင်းယီ အတွက် ရေနွေးပူပူကို ယူလာခဲ့သည်။
ဟန်ကျင်းယီ သည် အဖြူရောင်ဆေးပြားကို ကြည့်လိုက်ပြီး သားဖြစ်သူအား မေးသည်။
“မင်းအမေနဲ့ ရှန်ရှန် ကို ညက အိပ်မက်မက်သေးလား....”
ဟန်ခိုင်သည် ဟန်ကျင်းယီ ၏ မေးခွန်းကို မဖြေဘဲ ဆေးကိုသာ လက်နှစ်ဖက်နှင့် တရိုတသေ ပေးလိုက်သည်။
"အဖေ ဆေးသောက်လိုက်ပါဦး...”
ဟန်ကျင်းယီက ခေါင်းညိတ်လိုက်ပြီး ဆေးကို သောက်လိုက်သည်။နေ့ရောညပါ အနားမနေရဘဲ ပြေးလွှားခဲ့ရပြီးနောက် ဟန်ခိုင်၏ စိတ်အခြေအနေသည် အနားယူရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဟန်ကျင်းယီ က ဆေးသောက်ပြီးသည်နှင့် ထမင်းစားခန်းသို့သွားကာ ညစာစားလိုက်သည်။ထို့နောက် ခြေလက်သန့်စင်ကာ အိပ်ရာဝင် သွားလေတော့သည်။
နောက်နေ့ မနက်တွင် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ (CDC )၏ စည်းကမ်း ထိန်းသိမ်းရေး ဒါရိုက်တာက ဓါတ်ခွဲခန်းအသီးသီးမှ ပရော်ဖက်ဆာများကို အစည်းအဝေး ပြုလုပ်ပြီး စမ်းသပ်မှု လုပ်ငန်းစဉ်များကို အလှည့်ကျ အစီရင်ခံစေသည်။
ဟန်ခိုင်၏ အလှည့်ရောက်သောအခါယန်ဟန် ၏ဓာတ်ပုံကို ပရိုဂျက်တာပေါ်တွင် ပြလိုက်ပြီး ပြောပြလိုက်သည်။
“ဒီဇွန်ဘီကို ယွင်ကျင့် မြို့မှာ မတော်တဆတွေ့ခဲ့တာ ဖြစ်ပါတယ်...သူမဟာ တခြားဇွန်ဘီတွေနဲ့ လုံးဝကို ကွဲပြားနေပြီးတော့ သူမရဲ့ အပြုအမူကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်...အဲ့ဒီတော့ သူမရဲ့ဦးနှောက်ဟာ R ဗိုင်းရပ်စ်ပိုးကြောင့် လုံးလုံး မပျက်စီးသေးကြောင်း ပြနေပါတယ်... ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှု အတွက် အောင်မြင်မှု တစ်ခုဖြစ်လာနိုင်ပါတယ်...လိုအပ်ရင် ဒီဇွန်ဘီကို ဖမ်းဆီးကြဖို့ အကြံပြုချင်ပါတယ်...”
ဟန်ခိုင်၏ တင်ပြမှုပြီးနောက် အခန်းထဲတွင် အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်သွားကြသည်။
ကျီကျောက်ယန် က ဟန်ခိုင်ကို ပြောလိုက်သည်။
“ပရော်ဖက်ဆာ ဟန်...ကျွန်တော်တို့ စမ်းသပ်မှုတွေ ဘာကြောင့် ရပ်တန့်သွားလဲ သိလား...”
“R ဗိုင်းရပ်စ်က ဗီဇပစ္စည်းကို DNAဆီ လွှဲပြောင်းပေးတဲ့ ဗိုင်းရပ်စ် ဆိုတာ ကျွန်တော်တို့သိပါတယ်... ဗီဇကလည်း ပြောင်းလဲလွယ်ပြီး ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ရောဂါဖြစ်စေတဲ့ အန်တီဂျင်ကလည်း အခြေနေပေါ်မူတည်ပြီး အလိုက်သင့် ပြောင်းလဲနိုင်ပါတယ်...ဒါကြောင့် အရင်က သန့်စင်ထားတဲ့ ရောဂါကာကွယ်ဆေးတွေဟာ ဗီဇပြောင်းနေတဲ့ R ဗိုင်းရပ်စ်အတွက်တော့ အဆင်မပြေဘူး.."
"အဲ့ဒီတော့ ဗီဇပြောင်းနေတဲ့ ဇွန်ဘီနဲ့ ကွယ်ဆေး က ဘယ်လိုများဆက်သွယ်နေတာလဲ..."
ဟန်ခိုင်မှာ ရင်တဒိတ်ဒိတ် ခုန်လာသည်။
ကျီကျောက်ယန် က ဆက်လက်၍ ပြောပြန်သည်။
"ဇွန်ဘီကို ဖမ်းဖို့ အစီအစဉ်ရဲ့ ဖြစ်နိုင်ချေ အကြောင်း ပြောကြည့်ရအောင်... ပုံမှန်ဆိုလို့ရှိရင်..ကျွန်တော်တို့က လက်တွေ့ စမ်းသပ်မှုတွေ လုပ်ပြီးကာမှ ဇွန်ဘီကို စနစ်တကျ ဖမ်းလေ့ရှိပါတယ်..အခု ပရော်ဖက်ဆာဟန် ပြောတဲ့ ဇွန်ဘီကို လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖမ်းလိုက်ရင် ဘယ်လို အခက်အခဲတွေရှိလဲ...အစီအစဉ်အတိုင်း ဖြစ်လာပါ့မလား.. ဒီပြဿနာတွေကိုရော စဉ်းစားပြီးပြီလား...”
ကျီကျောက်ယန် ၏ အပြောကြောင့် အခြားသူများကပါ ဟန်ခိုင်ကို ကဲ့ရဲ့ချင်သည့် မျက်နှာပေးများ ဖြစ်လာသည်။
ထို့နောက် ကျီကျောက်ယန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်ပြောပြန်သည်။
“ပါမောက္ခ ဟန်က ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အဓိကပင်မ ထောက်တိုင်ကြီးပါ.... ကာကွယ်ဆေးသုတေသီတစ်ဦးလည်း ဖြစ်တယ်...ဒီရာထူးတစ်ခုတည်းနဲ့တင် လူတိုင်းက ပရော်ဖက်ဆာဟန် ဆီ သင်ယူသင့်နေပါပြီ... ကောင်းပြီ.. အားလုံးပဲ သုတေသနကို ဆက်ပြီးအာရုံစိုက်ကြပါ... လာ... အစည်းအဝေးကို ပြီးအောင် ဆက်လုပ်လိုက်ကြရအောင်..."
အစည်းအဝေးခန်းထဲမှ လူအားလုံးထွက်သွားပြီ ဖြစ်သော်လည်း ဟန်ခိုင်သည် အစည်းအဝေးခန်းထဲတွင် မှင်တက်ကာ ထိုင်နေသေးသည်။သူသည် ယွင်ကျင့် တက္ကသိုလ်မှ ပါရဂူကြီးကြပ်ရေးမှူးဖြစ်စေ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာတွင်ဖြစ်စေ အမြဲတမ်း သတိကြီးစွာ ထားသူတစ်ဦးဖြစ်သည်။ ထို့အပြင် အလုပ်တွင် ဟန်ခိုင်ကို မလေးစားသော လုပ်ဖော်ကိုင်ဖက် သို့မဟုတ် ကျောင်းသား မရှိပေ။
ကျီကျောက်ယန်ကသာ သူ့ကို ရိုက်ချနိုင်ဖို့ အခွင့်အရေး အမြဲယူတတ်သူ ဖြစ်သည်။
Xxxxxx
Chapter 6
"ဟဲ့...ဒီနေ့ မနက်က အစည်းအဝေးအကြောင်း ကြားပြီးပြီလား..."
ကျန့်စစ်ချီ က ဓာတ်ခွဲခန်းထဲရှိ သုတေသီများကို စကားစ လိုက်သည်။
ထိုစကားကို ကြားလျှင် သုတေသီ များသည် ချက်ချင်းပင် သူမ အနားသို့ စုရုံးလာကြသည်။ ကျောက်ရှောင်ရွှယ် သည် နှုတ်ခမ်းကို စူလိုက်ပြီး ရှုတ်ချသံဖြင့် ပြောလိုက်သည်။
"ဟွန့်..ပရော်ဖက်ဆာဟန် အပြောခံနေရတာကို ပြောမလို့မလား... အဲ့ဒါ လီရှင်းယု ကြောင့်လေ....ပရော်ဖက်ဆာဟန့် မှာ အပြစ်မရှိပါဘူး...."
"လီရှင်းယု နဲ့ ဘာဆိုင်လို့လဲ..."
ကျန့်စစ်ချီ က မေးသည်။
"အစ်မ မသိဘူးလား...တကယ်လို့ လီရှင်းယု သာ ထွက်ပေါက်ကို လှိမ့်မချခဲ့ရင်... ပရော်ဖက်ဆာဟန် လည်း သူမ အစား ဇွန်ဘီမြို့ ကို သွားရမှာမဟုတ်ဘူး... ဇွန်ဘီမြို့ကို မသွားရင် ထူးဆန်းတဲ့ ဇွန်ဘီမကို တွေ့မှာ မဟုတ်ဘူး...ပြီးတော့ ပရော်ဖက်ဆာ ကျီ ကလည်း သူ့ကို ဆူမှာမဟုတ်ဘူး...ပရော်ဖက်ဆာ ဟန် လည်း လူပဲလေ..တခါတလေ အမှားလုပ်မိတာ အပြစ် မှမဟုတ်တာ......”
ကျန့်စစ်ချီ သည် ကျောက်ရှောင်ရွှယ် ၏ အဆိုကို ထောက်ခံလိုက်သည်။
“ဟုတ်တယ်.. ပါမောက္ခ ဟန် တော့ တစ်နှစ်လုံး အလှောင်ခံ ရတော့မှာ...”
လီရှင်းယု သည် ထွက်ပေါက်ကို လှိမ့်ချလိုက်၍ ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့ပေ။ ဆယ်ရက်ကျော် အနားယူပြီးနောက် CDC တွင် အလုပ်ပြန် ဆင်းခဲ့သည်။
လီရှင်းယု သည် ဓာတ်ခွဲခန်းသို့ ပြန်သွားရန် ခက်ခဲမည် ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူမသည် ထွက်ပေါက်မှ တမင် လှိမ့်ချလိုက်သည့် အကျိုးဆက်ကို တွေးမိသည်။သို့ရာတွင် ဤမျှလောက် ဆိုးရွားမည် ဟု မထင်ခဲ့ချေ။ယခုမူ လုပ်ဖော်များက သူမကို ငြူစူနေကြတော့သည်။အထူးသဖြင့်၊ ပရော်ဖက်ဆာ ဟန် ကို တစ်ဖက်သတ် ချစ်နေကြသော သုတေသီနှစ်ဦးမှာ ကလဲ့စားချေမည် တကဲကဲ ဖြစ်နေကြသည်။
လီရှင်းယု သည် သက်ပြင်းချကာ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ကွဲနေသော ဖန်ပြွန်ပုံကြီးကို တွေ့ရသည်။ဓာတ်ခွဲခန်း အတွက် ရန်ပုံငွေကို ခြွေတာနေရသည်။ယမန်နှစ် ကတည်းက ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို မူပိုင်ခွင့် တင်ထားရသည်။အကယ်၍ မိမိ၏ ပစ္စည်းများ ကွဲရှပျက်ဆီးပါက လျှော်ကြေး ပေးရမည်ဟု ထုတ်ပြန်ထားသည်။
ယခု သူမကြောင့် ကွဲသွားသော ပစ္စည်းများ အတွက် ပိုက်ဆံ လျော်ရတော့မည်။ထို့ကြောင့် သူမ ရက်အတော်ကြာအောင် ပေါင်မုန့်ပေါင်းနှင့် အသီးအရွက်ချဉ်ကိုသာ စားရမည် ဖြစ်သည်။
ထို့နောက် သူမသည် စမ်းသပ်စင်ကို သန့်ရှင်းရေး လုပ်ရင်း နောင်တရနေ မိလေ၏။သူမသည် ပရော်ဖက်ဆာဟန် ၏ အဖွဲ့ထဲတွင် လွန်ခဲ့သော နှစ်နှစ်ခန့်က ဝင်ရောက်ခဲ့သည်။နောက်ပိုင်းတွင် သူမသည် အခြား သုတေသီများနှင့် မတည့်သဖြင့် အဖွဲ့ထဲမှ ထွက်ခဲ့ရသည်။
တခါတရံ အခြား သုတေသီများက သူမ မကောင်းကြောင်း ပြောနေသည်ကို ပြန်ကြားရလေ့ရှိသည်။သို့သော် သူမ ဂရုမစိုက်ပေ။
ယနေ့ခေတ်တွင် မည်သူမဆို ဇွန်ဘီများဖြစ်သွားနိုင်သည်။ သူမအတွက် သူငယ်ချင်း မလိုအပ်ပေ။ ဖြစ်နိုင်လျှင် သူမ နောက်ထပ် နှစ်အနည်းငယ်သာ အသက်ရှင်ခွင့် ရချင်သည်။အကြောင်းမှာ နောက်နှစ် အနည်းငယ် ကြာလျှင် ဗိုင်းရပ်စ် တိုက်ဖျက်ရေး သွေးရည်ကြည်ကို အောင်မြင်စွာ တီထွင်နိုင်တော့မည် ဖြစ်သည်။
"အိုး...တစ်ယောက်ယောက်ရဲ့ခြေထောက်က ကောင်းသွားပြီပဲ...ဟက်ဟက်.."
ကျောက်ရှောင်ရွှယ် က ဓာတ်ခွဲခန်းထဲသို့ ဝင်လာပြီး အသံကျယ်ဖြင့် ပြောလိုက်လေသည်။
လီရှင်းယု က သူမအား ဘာမျှ ပြန်မပြောပေ။ထို့ကြောင့် သူမက ဒေါသ ထောင်းခနဲ ထွက်သွားကာ လီရှင်းယု အနားသို့ လျှောက်လာပြီး ဒဏ်ရာရထားသည့် ခြေထောက်ကို ဖိနပ်ထိပ်ဖြင့် ဆောင့်ကန်လိုက်သည်
သူမက နာကျင်စွာ တုန်ရီနေသော်လည်း ကျောက်ရှောင်ရွှယ် က ပြုံးပြီး ပြောသည်။
"အိုး...နာနေတုန်းပဲကိုး...ဟာဟ..."
သူမက ခြေထောက်ကို နောက်တစ်ချက် ကန်လိုက်ပြန်သည်။
"ကျောက်ရှောင်ရွှယ်...နင် လူကို ဘာမှတ်နေလဲ..."
လီရှင်းယု က ကျောက်ရှောင်ရွှယ် ၏ ပုခုံးကို လက်နှစ်ဖက်နဲ့ ပြန်တွန်းလိုက်သည်။သို့သော် တွန်းပြီးပြီးချင်း သူမ နောင်တ ရသွားသည်။
ကျောက်ရှောင်ရွှယ် ကလည်း ခြေထောက်ကို မြှောက်၍ ကန်မည့်ဟန် ပြင်လိုက်သည်။သူမ သည်းမခံနိုင်တော့ဘဲ အားဖြင့် တွန်းလိုက်သောအခါ ကျောင်းရှောင်ရွှယ် လဲကျ သွားလေသည်။
သူမ၏ အပေါ်ပိုင်းသည် နောက်ဘက်ရှိ စမ်းသပ်စင်ပေါ်သို့ လဲကျကာ ကရားများနှင့် စမ်းသပ်ပြွန်များ အားလုံး ကွဲကျေသွားတော့သည်။
ကျောက်ရှောင်ရွှယ် ဖိမိသွားသည့် စမ်းသပ်စင်မှာ ကျန့်စစ်ချီ ၏ စမ်းသပ်စင် ဖြစ်သည်။ကျန့်စစ်ချီ သည်မော်လီကျူးများ ကို သုတေသန ပြုလုပ်နေခြင်း ဖြစ်သည်။
ဝုန်းခနဲ ပြုတ်ကျသံကို ကြားလျှင် ကျန်းစစ်ချီ အတင်း ပြေးဝင်လာသည်။သူမတစ်ပတ်ကြာအောင် စမ်းသပ်နေသော ဓာတု ထုတ်ဖော်ပုံတို့ ပျက်စီးသွားမည်ဟု မမျှော်လင့်ထားပေ။
"ကျောက်ရှောင်ရွှယ်...နင် ဘာလုပ်တာလဲ...ငါ စမ်းသပ်မှုကို တစ်ပတ်လောက်လုပ်ခဲ့ရပြီး နောက်ဆုံးတော့ အဖြေရသွားတယ်...အဲ့ဒီအဖြေကိုတောင် မစစ််ရသေးဘူး..”
ကျန့်စစ်ချီ ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသည်။
"စီနီယာ အစ်မ.... လီရှင်းယု က ကျွန်မကိုတွန်းလိုက်တာ..."
ကျောက်ရှောင်ရွှယ် က အမြန် ခုခံပြောလိုက်သည်။
ကျန့်စစ်ချီ က လီရှင်းယု ကို အော်လိုက်သည်။ "နင် ဘာလို့ သူ့ကို တွန်းလိုက်တာလဲ... ဓါတ်ခွဲခန်းက ရန်ဖြစ်ဖို့ နေရာလား.. ပါမောက္ခဟန်ကို တိုင်ပြီး နှစ်ယောက်လုံးကို နှင်ထုတ်ခိုင်းရမလား..."
ပရော်ဖက်ဆာဟန် အကြောင်းပါလာ၍ ကျောက်ရှောင်ရွှယ် က နှုတ်ဆိတ်နေသည်။
“ငါ့ စမ်းသပ်မှုဟာ အခုထိ အဖြေမထွက်သေးဘူး... ဒါဆို ပစ္စည်းတွေအတွက် ဘယ်သူ လျော်ပေးမှာလဲ...”
"သူမက ကျွန်မကိုတွန်းတာ..သူမသာ ကျွန်မကို မတွန်းရင် လဲကျမှာမဟုတ်ဘူး...အား...ကျွန်မ ခြေချင်းဝတ် တောင် နာနေတယ်...”
ကျောက်ရှောင်ရွှယ် က သနားစဖွယ် ညည်းညူပြလိုက်သည်။
"ကျွန်မ ခြေထောက်ကို အရင်ကန်တာ ကျောက်ရှောင်ရွှယ် ပဲ...”
“နင်တို့ ကိစ္စတွေကို ငါဂရုမစိုက်ဘူး... နင်တို့နှစ်ယောက် မနက်ဖြန် ပစ္စည်းတွေအတွက် တစ်ဝက်စီ ပေးရမယ်...”
ထို့နောက် ကျန့်စစ်ချီ ဒေါသတကြီး ထွက်သွားသည်။
လီရှင်းယု သည် စမ်းသပ်စင်နားတွင် ထိုင်ကာ ငိုနေတော့သည်။
အားလုံးက ငါ့ကို ပစ်မှတ်ထား နေကြပြီ....
နောက်နေ့ မနက်ကျရင်လည်း ပစ္စည်းဖိုး ပိုက်ဆံတွေ အများကြီး ပေးရဦးမယ်...
အဲ့ဒီလောက် များတဲ့ပိုက်ဆံတွေကို ငါ ဘယ်မှာရှာရပါ့မလဲ...
နောက်နေ့မနက်တွင် ကျန့်စစ်ချီ က ကျောက်ရှောင်ရွှယ် ထံမှ ပိုက်ဆံယူလာပြီးနောက် လီရှင်းယု ၏ စမ်းသပ်စင်ဆီ လျှောက်လာကာ သူမကို ပိုက်ဆံတောင်းသည်။
“ပိုက်ဆံ မရှိလို့ နောက်လမှ လစာ ရရင် ပေးလို့ရမလား အစ်မ...”
“ဒါဆို ငါ့ရဲ့စမ်းသပ်မှုကို နောက်လထိ ရွှေ့ထားရမယ်ပေါ့...ဘယ်လိုလုပ် အချိန်မီတော့မလဲ...နောက်ကျလို့ ပါမောက္ခဟန်က ဆူရင် ငါ ဘယ်လိုရှင်းပြရမလဲ..ပြီးတော့ ပိုက်ဆံကလည်း သိပ်မများပါဘူး...ကျောက်ရှောင်ရွှယ် တောင် တစ်ဝက် ပေးပြီးပြီ...."
တစ်ဝက်..
လီရှင်းယု သည် ကျန့်စစ်ချီ ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေသည်။ ကျောက်ရှောင်ရွှယ် သာ သူမ မခံချင်အောင် မပြောလျှင် တွန်းချမည်မဟုတ်ပေ။
....
ကျန့်စစ်ချီ သည် သူမ၏အကြည့်ကြောင့် အလွန် စိတ်မကောင်း ဖြစ်သွားသည်။
“ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ..ငါလည်း နစ်နာတာပဲ... ငါ တစ်ပတ်လုံး ကြိုးစားထားတဲ့ စမ်းသပ်မှုက နင်တို့ နှစ်ယောက်ကြောင့် ပျက်စီးသွားပြီ..."
လီရှင်းယု က တောင်းပန်တိုးလျှိုးလိုက်သည်။
"အစ်မ စိုက်ဝယ်ထား ပေးပါ..နောက်လ, လစာရရင် ပြန်ဆပ်ပါ့မယ်..."
" ငါဘယ်လိုလုပ်ရမလဲ...ကျောက်ရှောင်ရွှယ် က သူမရဲ့ မိဘတွေဆီက ပိုက်ဆံ တောင်းလာတာ...နင်လည်း နင့်မိသားစုကို တောင်းပေါ့.."
“မိသားစု…..ကျွန်မရဲ့ မိဘတွေ ဆုံးသွားကြပြီ...”
စကားအဆုံးတွင် သူမ၏ အသံမှာ တိမ်ဝင်သွားတော့သည်။
"ဒါဆို သူငယ်ချင်းဆီက ချေး..."
“ကျွန်မမှာ သူငယ်ချင်းလည်း မရှိဘူး...”
သူမက မယုံနိုင်စွာဖြင့် ပြောသည်။
“နင့်မှာ သူငယ်ချင်းတောင် မရှိဘူးလား...အင်းလေ...နင်က ဘယ်သူ့ကိုမှ အပေါင်းအသင်း လုပ်တာမဟုတ်ဘူးလေ...”
“…”
လီရှင်းယု က ခဏ စဉ်းစားလိုက်ပြီး ပြောသည်။ “ဒါဆို တစ်ပတ်လောက် အချိန် ပေးပါ...ညီမ နည်းလမ်းရှာပါ့မယ် ...နော်..”
"ကောင်းပြီ... နောက်ကျသွားရင် ငါပါမောက္ခ ဟန် ကို သတင်းပို့လိုက်မယ်..."
သူမက ပြုံးပြကာ ကျေးဇူးတင် စကားပြောမည်ပြုစဥ် ကျန်းစစ်ချီ၏ ခပ်တိုးတိုး ရေရွတ်သံကို ကြားလိုက်ရသည်။
"သူမက တစ္ဆေတစ်ကောင်လိုပဲ...ကျက်သရေမရှိဘူး..."
လီရှင်းယု၏ အပြုံးသည် မပီပြင်တော့ပေ။ ထို့အပြင် နှလုံးခုန်သံကလည်း ချောက်ထဲကျသွားသလို ဗြောင်းဆန်နေတော့သည်။
ကျန့်စစ်ချီ က ကျောက်ရှောင်ရွှယ် ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ "အင်း...ပိုက်ဆံစုရတာ မလွယ်ပါလားနော်..."
ကျောက်ရှောင်ရွှယ် က လီရှင်းယု ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်၍ ပြန်ပြောသည်။
" ဒီလို အဖြစ်မျိုး ရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး.....ရှုံးတဲ့သူက ခွေးတစ်ကောင် လိုပဲလေ... ဟားဟား..."
ကျောက်ရှောင်ရွှယ် က လှောင်ပြောင်ရယ်မောလိုက်ပြီး လီရှင်းယု ကို မသိမသာ ကြည့်လိုက်သေးသည်။ကျန့်စစ်ချီ သည် ကျောက်ရှောင်ရွှယ် နှင့် စကားအနည်းငယ် ပြောကာ ထွက်သွားသည်။
လီရှင်းယု သည် ဓာတ်ခွဲခန်းထဲတွင် ရပ်နေပြီး သူမ အကြောင်းကို တွတ်ထိုးနေကြသည့် သူများကို ပြန်ကြည့်လိုက်သည်။ ထိုအပြုံးများက သူမ၏ နှလုံးသားကို ဓားသွားကဲ့သို့ အပြန်ပြန် အလှန်လှန် ထိုးနှက်နေကြသည်။
'တကယ်လို့ နင်တို့သာ ဇွန်ဘီတွေ ဖြစ်လာရင် ဒါမှမဟုတ် ဇွန်ဘီတွေက နင်တို့ကို ကိုက်လိုက်ရင် ဒီလို ပြုံးနိုင်ပါဦးမလား....ဘာလို့ ငါ့ကိုချည်း အနိုင်ကျင့်နေကြတာလဲ...ငါတစ်ခါမှ နင်တို့ကြောင့် မပျော်ခဲ့ဖူးဘူး..ငါလည်း မပျော်ရမဲ့အတူ နင်တို့လည်း မပျော်ရအောင်....ငါတို့ ငရဲကို အတူသွားကြတာပေါ့...'
လီရှင်းယု သည် သူမဘဝကြီး ဆုံးခန်းတိုင်သွားပြီဟု ခံစားမိသည်။ဓာတ်ခွဲခန်းရှိ လူတိုင်းက သူမကို အသားလွတ် မုန်းနေကြသည်။ထို့ကြောင့် ဓာတ်ခွဲခန်းမှ လူများနှင့် ကျွန်းတစ်ခုလုံးမှ လူများကို ငရဲသို့ အတူဆွဲခေါ်ရန် တစ်ခုတည်းသော နည်းလမ်းကို ကြံလေတော့သည်။
ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာ၏ ဓာတ်ခွဲခန်း အပေါ်ဆုံးထပ်တွင်၊ စမ်းသပ်မှုများအတွက် ဇွန်ဘီများကို ချုပ်နှောင်ထားရန် အခန်းတစ်ခုရှိသည်။
ကျွန်းပေါ်တွင် နေထိုင်သောလူများသည် R ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသော်လည်း R ဗိုင်းရပ်စ် နှင့် ထိတွေ့ပါက ဇွန်ဘီ မဖြစ်နိုင်ဟု သက်သေမရှိပေ။
ဒါဆို ဒီအခန်းတွေထဲမှာ ဇွန်ဘီတွေအားလုံးကို လွှတ်ပေးလိုက်ရင် ဘယ်လိုနေမလဲ..... ကျွန်းရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက ဇွန်ဘီတွေကို နှိမ်နင်းနိုင်ပါ့မလား..
မနှိမ်နှင်း နိုင်ရင် ဘေးကင်းဇုန် တစ်ခုလုံး လုံခြုံမှာ မဟုတ်တော့ဘူး....
Xxxxxxxx