Chapter 7
ယန်ဟန်သည် ပင်လယ်ထဲတွင် ဆယ်ရက်ကျော် ခရီးနှင်လာခဲ့သည်။သူမ၏ ပုပ်ပွနေသည့် အသားများ နှင့် အရေပြားတို့သည် ပင်လယ်လေညင်းကြောင့် အနည်းငယ် ခြောက်သွားကြသည်။ ကံကောင်းစွာနှင့် သူမသည် ဇွန်ဘီ တစ်ကောင်ဖြစ်နေ၍ အစာမစားဘဲသို့မဟုတ် ရေမသောက်ဘဲ အသက်ရှင်နေနိုင်သည်။အကယ်၍ သူမသာ လူဆိုပါက ငတ်သေသွားနိုင်သည်။
သူမသည် ပင်လယ်ပြင်ထဲတွင် လှေလှော်၍ လာနေပြီး မနက်တစ်နာရီလောက်တွင် သူမ မထိန်းနိုင်တော့ဘဲ အိပ်ပျော်သွားသည်။သူမနိုးလာသောအခါ ပင်လယ်ပြင်တွင် မြူများ အုံ့ဆိုင်းနေ၍ ဘာကိုမျှ မမြင်ရ၍ ယန်ဟန်သည် စိုးရိမ်စိတ်ဖြင့် ဟိုဒီ ကြည့်ရှုလိုက်သည်။သူမ ဒုက္ခရောက်နေပြီ ဖြစ်သည်။လှော်တက်ပျောက်သွားခြင်းပင်။
ငါ ဘယ်တုန်းက လွှတ်ချလိုက်ပါလိမ့်...
ဒါဘယ်နေရာမှန်းလည်း မသိဘူး...
ယေဘူယျအားဖြင့် ဇွန်ဘီများသည် ပင်လယ်ထဲသို့ ဖြတ်လာသည်နှင့် ပင်လယ် အောက်ခြေ အထိ နစ်မြုပ်သွားမည် ဖြစ်သည်။ကျွန်းသည် ယွင်ကျင့် မြို့မှ ကီလိုမီတာ ၂၀၀ နီးပါး ဝေးသည်။ ထို့ကြောင့် ကျွန်းပေါ်ရှိလူများသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ဇွန်ဘီများ၏ ရန်မှ ကင်းဝေးခဲ့သည်။ အရေးပေါ်ကာလ မဟုတ်ပါက၊ လုံခြုံရေး တင်းကျပ်ခြင်း မရှိသော်လည်း ကျွန်း၏ နယ်စပ်တဝိုက်တွင် အစောင့်အကြပ် အနည်းငယ် ဖြန့်ကျက်ထားဆဲပင်။
ယန်ဟန်သည် ပင်လယ်ထဲသို့ မသွားမီ ကုန်တိုက်မှ လေကာအင်္ကျီ တစ်ထည် ယူလာသည်။ သူမသည် ဇွန်ဘီ တစ်ကောင်ဖြစ်၍ လူသူ ပြည့်နှက်နေသည့် ကျွန်းသို့ ဝင်ရန် အကာအကွယ် အဖြစ် လိုအပ်သည်။
ကျွန်းပေါ်သို့ ရောက်သောအခါ ယန်ဟန်သည် လူများကို မကြည့်မိစေရန် တတ်နိုင်သမျှ ခေါင်းငုံ့ထား၍ ခပ်သုတ်သုတ် သွားနေသည်။လူသားတို့ သူမ ဘေးမှ ဖြတ်သွားချိန်တွင် လူနံ့ကို ရှူရှိုက်လိုက်၍ သူမ ဗိုက်ဆာ သွားသော်လည်း သူမ အောင့်အီး တတ်နေပြီ ဖြစ်သည်။
သူမသည် ကျွန်းပေါ်တွင် တစ်နာရီခန့်လျှောက်သွားနေခဲ့သည်။ ရုတ်တရက် ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည့်အတွက် သူမ ကြောက်လန့်သွားပြီး ခြေလှမ်းကို တုန့်ခနဲ ရပ်ပစ်လိုက်သည်။
ငါ ကျွန်းပေါ် ရောက်တာ ခဏပဲ ရှိသေးတယ်.... ငါ့ကို တွေ့သွားကြပြီလား... ဘယ်လိုဖြစ်တာလဲ...
ထို့နောက် ယန်ဟန်သည် လမ်းထောင့်သို့ တိုးကာ မလှုပ်မယှက် ရပ်နေစဥ် ပြေးနေသော လူအုပ်ကြီးမှာ သူမဆီ ပြေးမလာကြသည်ကို သတိထားမိသွားသည်။သူမက သက်ပြင်းချပြီး မော့ကြည့်လိုက်ရာ အင်္ကျီဖြူဝတ်ထားသည့် အမျိုးသားတစ်ယောက်သည် သူမဆီ ရုတ်တရက် ပြေးလာနေလေသည်။သူမ ထိတ်လန့်တကြားဖြင့် ခေါင်းကို အမြန် ငုံ့လိုက်သည်။
ထိုအမျိုးသားက အမျိုးသမီး တစ်ဦးကို ဆွဲခေါ်လာပြီး မေးလိုက်သည်။
"ထိန်းချပ်ရေးစင်တာ က ဘာဖြစ်သွားတာလဲ....”
အမျိုးသမီးသည် အလွန်ထိတ်လန့် နေပုံရပြီး တုန်ယင်စွာ ပြန်ဖြေသည်။
“ဒီလိုပါ...ပရော်ဖက်ဆာကျီ... ပရော်ဖက်ဆာဟန် ရဲ့ ကျောင်းသူ လီရှင်းယု က ဇွန်ဘီတွေ ဖမ်းထည့်ထားတဲ့ အပေါ်ဆုံးထပ်က သီးသန့်ခန်းဆီ ပြေးတက်သွားတာကို တွေ့လိုက်ရလို့ပါ....”
ကျီကျောက်ယန် ထိတ်လန့်သွားသည်။
"ဘာ...သူမ ဇွန်ဘီတွေကို လွှတ်လိုက်လား..."
“ဟင့်အင်း...”
အမျိုးသမီးက ခေါင်းခါသည်။
“ဒါဆို ခေါင်းလောင်းသံက ဘာလို့ မြည်လာတာလဲ...”
"ဒါပေမယ့် လီရှင်းယု ကို ဇွန်ဘီတစ်ကောင်က ကိုက်လိုက်တယ်... အခု သူမ ဘယ်နေရာမှာလဲ ဆိုတာ ကျွန်မ မသိဘူး...အခု လက်နက်ကိုင် တပ်ဖွဲ့တွေက လိုက်ရှာနေကြတယ်..."
ဟန်ခိုင် ရဲ့ သုတေသီ ဆိုပါလား...
ကျီကျောက်ယန် တိတ်ဆိတ်သွားလျှင်
ထိုအမျိုးသမီးက စိုးရိမ်တကြီး ပြောသည်။
"ပရော်ဖက်ဆာ ကျီ... ဘာပြောစရာ ရှိသေးလဲ...ကျွန်မ တတ်နိုင်သမျှ အိမ်ပြန်မှ ဖြစ်မယ်... အပြင်မှာ အရမ်း အန္တရာယ်များတယ်..."
"ရပါတယ်...မရှိတော့ပါဘူး..."
ထိုအမျိုးသမီး ထွက်သွားပြီးနောက်
သူက ခဏရပ်၍ စဉ်းစားနေသဖြင့်ထောင့်မှာ ရပ်နေသည့် ယန်ဟန်မှာ တုပ်တုပ်မျှ မလှုပ်ရဲပေ။
'ဒီလူကလည်း တကယ်ပါပဲ... ဒီမှာ ဘာရပ်လုပ် နေတာလဲ...စဉ်းစားချင်ရင် အိမ်ပြန်ပြီး စဉ်းစားပါ့လား...'
ယန်ဟန် က စိတ်ထဲမှ မကျေမနပ် တွေးနေမိသည်။
“ ဟေ့..မင်းက ဘယ်သူလဲ... လူဆိုးတစ်ယောက်လို ထောင့်တစ်နေရာမှာ ပုန်းနေရတယ်လို့...."
"မင်း ဘာဖြစ်နေတာလဲ....မင်း တစ်ခုခုဖြစ်နေပုံ ရတယ်..."
ကျီကျောက်ယန် က လမ်းလျှောက်လာပြီး သူမကို ထိကြည့်လိုက်သည်။
ချက်ချင်းပင် သူမက ခေါင်းစွပ်ကို လှပ်လိုက်ပြီး ကြောက်မက်ဖွယ် အော်ဟစ်ပြလိုက်သည်။
ကျီကျောက်ယန် သည် ခေါင်းစွပ်နှင့် လူကို ဖုတ်ကောင်ဖြစ်မည်ဟု မမျှော်လင့် ထားပေ။သူ ကြောက်လန့်သွားပြီး နောက်ကို ပြန်ဆုတ် လိုက်သည်။
ယန်ဟန်သည် ထိုလူငယ် ကြောက်နေသည်ကို တွေ့ရ၍ ဝမ်းသာသွားသည်။သူမ ပါးစပ်ကို ထပ်မံဟ,ပြီး “အား”ခနဲ အသံပြုကာ ကိုက်ဟန် ပြုလိုက်သည်။
ကျီကျောက်ယန် သည် အလွန်ထိတ်လန့်သွားပြီး ခြေထောက်များ ခွေခေါက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ယန်ဟန် သူ့ကို ကြည့်ပြီး ရယ်ချင်သွားသည်။ ထို့နောက် သူမသည် ခေါင်းစွပ်ကို ပြန်ဆောင်းကာ ထွက်သွားလေသည်။
ကျီကျောက်ယန် သည် နံရံကို အားပြု၍ ဖြည်းညှင်းစွာ ထ၍ ဇွန်ဘီ ထွက်သွားသည့် ဘက်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် ခံစားချက်တို့ ရောထွေးနေသည်။
ကျီကျောက်ယန် သည် မနက်က တွေ့ခဲ့ရသည့် ဇွန်ဘီမကို ရင်းနှီးနေသော်လည်း ထိုအချိန်က ဟန်ခိုင့် အကြောင်းသာ တွေးနေသဖြင့် အမှုမဲ့ အမှတ်မဲ့သာ သဘောထားလိုက်သည်။
ထိုဇွန်ဘီမက ယန်ဟန် ဖြစ်သည်။
ယန်ဟန် နှင့် သူသည် ယွင်ကျင့် တက္ကသိုလ်တွင် စတင် သိကျွမ်းခဲ့သည်။ လွန်ခဲ့သော ခြောက်နှစ်က သူနှင့် ယန်ဟန် တို့သည် ဗိုင်းရပ်စ်ဗေဒ၊ ဘဝသိပ္ပံကျောင်း နှင့် ယွင်ကျင့် တက္ကသိုလ်တို့တွင် အတူ အလုပ်လုပ်ခဲ့ကြသည်။
ထိုအချိန်က သူသည် နိုင်ငံခြားမှ ဘွဲ့ရလာပြီး ယွင်ကျင့် တက္ကသိုလ်မှ ဘဝသိပ္ပံ ဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ယွင်ကျင့် တက္ကသိုလ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်း စာရင်းဝင် ကျောင်းတစ်ကျောင်းဖြစ်သည်။
သူသည်် ယွင်ကျင့် တက္ကသိုလ်မှ ငှားရမ်းခြင်း ခံရ၍ အလွန် ဂုဏ်ယူခဲ့သည်။ထို့အပြင် ဆွေမျိုးများကလည်း သူ့ကို ချီးကျူးကြ၍ သူ့မိဘများမှာ တပြုံးပြုံး ဖြစ်နေလေသည်။
ကျီကျောက်ယန် ယွင်ကျင့် တက္ကသိုလ်သို့ ရောက်ပြီး မကြာမီ နောက်ထပ် ပရော်ဖက်ဆာ တစ်ဦးကို ငှားရမ်းလိုက်ကြောင်း သိလိုက်ရသည်။
သူသည် စာသင်ပြီးသည်နှင့် ရုံးခန်းထဲသို့ ဝင်သွားလျှင် ဆရာ/ဆရာမများက ပရော်ဖက်ဆာ အသစ်အကြောင်း ပြောဆိုနေကြသည်။
"သူမက အသက်၂၄ နှစ်ပဲ ရှိသေးတယ်...အဲ့တော့ ကျွန်တော်တို့ တက္ကသိုလ် စတင်တည်ထောင်ကတည်းက ငှားရမ်းဖူးတဲ့ ပရော်ဖက်ဆာတွေထဲမှာ အငယ်ဆုံး ပရော်ဖက်ဆာပါပဲ...”
“မဟုတ်ဘူး...သူမဟာ အသက်၂၄ နှစ်မှာ ကျော်ကြားတဲ့ နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ ပါရဂူဘွဲ့လွန် ရပြီးခဲ့ပြီ...ပြီးတော့ သူမကနာမည်ကြီး နိုင်ငံခြားက ဂျာနယ်တွေမှာလည်း စာတမ်းတွေ ပြုစုခဲ့သေးတယ်.... သူမက တကယ်ကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ...”
"အရည်အချင်းတင်လား...သူမက ပါရမီရှင်ပါ...ပရော်ဖက်ဆာယန် က အသက် ၁၃ နှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့တာ...ပြီးတော့ အဲ့ဒီစာမေးပွဲမှာ အမှတ်ကောင်းတွေ ရခဲ့တာဗျ...”
ဆရာတစ်ယောက်က အခြားသူများ ဆွေးနွေး နေကြသည်ကို ကြားဖြတ်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့ မသိတာ ရှိသေးတယ်... ပရော်ဖက်ဆာ ယန်က ကျွန်တော်တို့ကျောင်းက ကျောင်းသူပါ...”
"ဟုတ်လား..."
ကျန်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
"ဘွဲ့ကြို ရော မဟာဘွဲ့ရော ဇီဝဗေဒသိပ္ပံ မှာ တက်ခဲ့တာဗျ..."
ကျီကျောက်ယန် က ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း ရုံးရှိ လုပ်ဖော်ကိုင်ဖက်များ၏ စကားသံကြောင့် စိတ်မကောင်းဖြစ်သွားသည်။ သူ အလုပ်စဝင် ခဲ့သည်မှာ ရက်ပိုင်းသာ ရှိသေးသည်။
ယခု ၂၄ လေးနှစ်သာရှိသည့် မိန်းကလေးမှာ သူ့ထက် ထူးချွန်နေ၍ အရှက်ရနေတော့သည်။ သူ့အဖေသာ သိပါက သူမနှင့် နှိုင်းယှဥ်ပြီး ပြောမည် ဖြစ်သည်။
ကျီကျောက်ယန် အမြင်တွင် ယန်ဟန် သည် မာနကြီးသူ ဖြစ်သည်။ သူမသည် လှသော်လည်း ရိုးရိုးသာ ဝတ်ဆင်တတ်သူဖြစ်သည်။ ထို့အပြင် သူမသည် ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ချင်သူ ဖြစ်ပြီး လူအများနှင့် ပေါင်းသင်း ဆက်ဆံရသည်ကို မကြိုက်ပေ။ယန်ဟန် နှင့် သူသည် မရင်းနှီးသော်လည်း သူမ အကြောင်းကို မသိမသာ စောင့်ကြည့်လေ့လာဖူးသည်။
များမကြာမီ R ဗိုင်းရပ်စ်သည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး ကျောင်းတွင် ဆရာအနည်းငယ်သာ အသက်ရှင်ကျန်ရစ်သည်။
ကျောင်းတွင်းရှိ အသက်ရှင်ကျန်ရစ် သူများက ထွက်ပြေးရန် ပြင်ကြသောအခါ ယန်ဟန့်ကို မတွေ့ရပေ။ ဖြစ်နိုင်သည်မှာ သူမသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ဖြစ်နိုင်သည်။
ယခု ကျီကျောက်ယန် သည် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသို့ သွားနေစဉ် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
အကြောင်းမှာ ကျွန်းနှင့် ယွင်ကျင့် မြို့ကြား အကွာအဝေးသည် ကီလိုမီတာ ၂၀၀ နီးပါးရှိသည်။ဇွန်ဘီတစ်ကောင်က ပင်လယ်ကို မည်ကဲ့သို့ ဖြတ်ကူးလာသည်ကို စဉ်းစားရကြပ်နေသည်။
ထို့အပြင် ယန်ဟန် ၏ အမူအရာသည် သာမန် ဇွန်ဘီများနှင့် မတူဘဲ အသိဉာဏ်ရှိပုံ ပေါ်နေသည်။
မယုံနိုင်စရာပဲ...
အကယ်၍ ကျီကျောက်ယန် သာ မျက်စိနှင့် တပ်အပ် မတွေ့ခဲ့လျှင် ယုံမည်မဟုတ်ပေ။
သူမ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်က ဗီဇပြောင်းသွားလို့လား... ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ပဋိဇီဝ ပစ္စည်း ရှိနေလို့လား...ဖြစ်ရော ဖြစ်နိုင်ပါ့မလား...
ကံကောင်းလျှင် နောက်ဆုံးအကြိမ် အစည်းအဝေးတွင် ဟန်ခိုင် ပြောခဲ့သော R ဗိုင်းရပ်စ် ကာကွယ်ဆေး သူမတွင် ရှိနိုင်သည်။
အကယ်၍ ထိုကိစ္စကို စမ်းသပ်မည် ဆိုပါက သူမကို ဦးစွာ ဖမ်းထားရမည်ဖြစ်သည်။
ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ(CDC) သည် အချိန်အတော်ကြာဝရုန်းသုန်းကား ဖြစ်သွားသည်။မကြာမီ ခေါင်းလောင်းသံကို ထပ်မံကြားရပြီး ဒါရိုက်တာ ကျီ ၏ အသံသည် အသံချဲ့စက်မှ ထွက်ပေါ်လာသည်။
“ချစ်ခင်ရပါတဲ့ ရောဂါ ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဗဟိုဌာန မှ လုပ်ဖော်ကိုင်ဖက်များခင်ဗျာ....ကျေးဇူးပြု၍ သတိပြုကြဖို့ တောင်းဆိုချင်ပါတယ်...ဓာတ်ခွဲခန်း သုတေသီ လီရှင်းယု ဟာ စမ်းသပ်မှုပြုနေရင်း မတော်တဆ ဖြစ်သွားတဲ့ အတွက် R ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်.... သူမကို ရှာလို့မတွေ့ သေးပါဘူး...လောလောဆယ် လက်နက်ကိုင် တပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်...လက်နက်ကိုင် တပ်ဖွဲ့တွေ မရောက်ခင်မှာ ဓါတ်ခွဲခန်းထဲမှာ နေဖို့နဲ့ တံခါးတွေ ၊ ပြတင်းပေါက်တွေကို ပိတ်ထားကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား...”
Xxxxxx
Chapter 8
ကျီဟုန် ၏ အသံသည် အသံချဲ့စက်များထံမှ ထပ်ခါတလဲလဲ ပြန့်လွင့်လာတော့သည်။
"လီရှင်းယု က R ဗိုင်းရပ်စ် ဘယ်လိုလုပ် ကူးစက်ခံရတာလဲ..."
ဟန်ခိုင် သည် ကြောငြာချက်ကို ကြားသောအခါ ကျန့်စစ်ချီ ကို မေးလိုက်သည်။ ကျန့်စစ်ချီ က ရှက်ရွံ့စွာ ပြုံး ခေါင်းခါပြသည်။
"မသိပါဘူးရှင်..."
သို့သော် သူမ စိတ်ထဲတွင် စဥ်းစားနေနေသည်။ လီရှင်းယု သည် ဓာတ်ခွဲခန်းတွင် အချိန်အတော်ကြာ နေခဲ့သော ဝါရင့် သုတေသီ တစ်ဦး ဖြစ်သည်။ စမ်းသပ်မှု ပြုလုပ်နေစဉ် သူမသည် R ဗိုင်းရပ်စ် မတော်တဆ ကူးစက်ခံရခြင်းမှာ မဖြစ်နိုင်ပေ။
ဒါဆို သူမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ လား...
"ငါအိမ်ပြန်ရမယ်...မင်းတို့ ဓာတ်ခွဲခန်းထဲက မထွက်ကြနဲ့... ငါထွက်ပြီးတာနဲ့ တံခါးတွေ ပြတင်းပေါက်တွေကို သော့ခတ်ထားကြ..."
ဟန်ခိုင် သွားခါနီးတွင် ကျောက်ရှောင်ရွှယ် က စိုးရိမ်တကြီးဖြင့် ပြောသည်။
"ပရော်ဖက်ဆာ ဟန်...အပြင်မှာ အရမ်းအန္တရာယ်များတယ်... ဓာတ်ခွဲခန်းမှာ နေတာက ပိုလုံခြုံတယ်..."
"မင်းတို့သာ ဘေးကင်းအောင် ဂရုစိုက်ပါ...."
ထို့နောက် သူ အတင်း ပြေးထွက်သွားတော့သည်။
"အားလုံးပဲ တံခါးနဲ့ ပြတင်းပေါက်တွေကို မြန်မြန် သော့ခတ်ကြ..."
ကျန့်စစ်ချီ က တံခါးနှင့် ပြတင်းပေါက်များကို အမြန်သော့ခတ်ရန် ဟစ်အော်လိုက်သည်။
လမ်းမပေါ်တွင် ကြောက်လန့်တကြားပြေးလွှားနေကြသော လူများကို မြင်လိုက်ရသဖြင့် အဖေဖြစ်သူအတွက် အလွန် စိုးရိမ်သွားလေသည်။
ဟန်ခိုင် ၏ စိတ်ထဲတွင် အတွေးများနှင့် လုံးထွေးနေသဖြင့် ယန်ဟန် ရောက်လာသည်ကို သတိမထားမိလိုက်ပေ။
ယန်ဟန်က သူ့လက်မောင်းကို ဆွဲလိုက်ပြီး သူမစိတ်ထဲတွင် ပြုံး၍ ပြောသည်။
"ရှင့်ကို တွေ့ပြီ..."
သို့သော် တကယ်တမ်းတွင် သူမ၏ မျက်နှာမှာ တင်းမာနေပြီး စကားသံလည်း ထွက်မလာပေ။
ဟန်ခိုင်သည် အတွေးထဲတွင် နစ်မြုပ်နေ၍ လက်မောင်းကို ရုတ်တရက် ဆွဲကိုင်ခံရသောအခါ တုန်လှုပ်သွားသည်။ထို့အပြင် လာဆွဲသူမှာ ဇွန်ဘီ တစ်ကောင်မှန်း တွေ့သောအခါ အလွန် သွေးပျက်သွားပြီး လက်ကို ဆောင့်ရုန်းလိုက်သည်။
ယန်ဟန် မှာ တုပ်တုပ်မျှမလှုပ်...
ဘယ်လောက်တောင် သန်မာတဲ့ ဇွန်ဘီမလဲ...
ယောက်ျား ရင့်မာကြီးရဲ့ အားကိုတောင် ခံနိုင်ရည် ရှိနေတယ်....
လီရှင်းယု က ဇွန်ဘီ ဖြစ်သွားတာလား... မဖြစ်နိုင်ဘူး...ဒီဇွန်ဘီမက လီရှင်းယု နဲ့ မတူဘူး...
အို....ကံဆိုးမှု ဆိုတာ တစ်ယောက်တည်း ဘယ်တော့မှ မလာဘူး.... လီရှင်းယု ကို ရှာမတွေ့ကြဘူးတဲ့... သူမဘယ်ကို ပြေးသွားတာလဲ...သူမ လူဘယ်နှစ်ယောက်ကို ကိုက်ပြီးပြီလဲ မသိဘူး...
ဟန်ခိုင်၏ အတွေးတို့ ချာချာလည် နေပြီး ဖြစ်နိုင်ခြေ အားလုံးကို တွေးနေမိသည်။ ဟန်ခိုင် စကားမပြောသည်ကို မြင်လျှင် ယန်ဟန်က ချက်ချင်း လက်ဟန်ပြကာ သူမသည် ယန်ဟန်ဖြစ်ကြောင်း ပြောလိုက်သည်။
ဟန်ခိုင် သည် သူမ၏ အမူအရာကို မြင်သောအခါ ယန်ဟန် ကို မှတ်မိသွားသည်။လက်ဟန်ပြ ဘာသာ စကားနှင့် ပြောဆိုနိုင်သည့် ဇွန်ဘီမှာ ယွင်ကျင့် မြို့တွင် သူ့ကို ကယ်တင်ခဲ့သည့် ဇွန်ဘီ တစ်ကောင်သာ ရှိသည်။
"မင်း ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ...ဇွန်ဘီတွေက ရေမကူးနိုင်ဘူး မလား....”
ဟန်ခိုင်က သူမကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
ယန်ဟန်က သူ့ကို နောက်ထပ်အမူအရာဖြင့် ပြောဆိုပြန်သည်။
အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်သည်။
" ကျွန်မက ကိုက်တတ်တဲ့ ဇွန်ဘီတွေနဲ့ မတူဘူး... ကျွန်မက ဦးနှောက်ရှိတဲ့ ဇွန်ဘီပါ...ကျွန်မ ဒီကို လှေလှော်ပြီး လာတာ..."
ယန်ဟန်သည် ထိုကဲ့သို့ လက်ဟန်ပြပြီးနောက် အနည်းငယ် မောသွားသည်။
သူမ အမောဖြေလို့ မဆုံးသေးခင် ဟန်ခိုင်က ထပ်မေးပြန်သည်။
"ဒါဆို မင်းက ဘာလို့ ကျွန်းကို လာတာလဲ..."
သူမက သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်သည်။
'သူ ငါ့ကို အသေ သတ်ချင်နေတာပဲ...မောလို့ ခဏနားနေတဲ့ဟာကို...'
သူမသည် ဆက်ရှင်းပြရန် မှတပါး အခြား နည်းလမ်း မရှိတော့ချေ။
"ရှင် သိပါတယ်... ကျွန်မက သာမန်ဇွန်ဘီ မဟုတ်ဘူး...ကျွန်မမှာ ဦးနှောက်ရှိရုံ တင်မကဘူး.. အိပ်လည်း အိပ်တတ်တယ်.... ကျွန်မရဲ့ အိပ်မက်ကနေ ရှေ့ ဖြစ်လာမဲ့ အဖြစ်အပျက်တွေကိုလည်း သိနိုင်တယ်... ရှင် ယွင်ကျင့်မြို့ကို မလာခင်က ရှင့်ကို ခဏခဏ အိပ်မက်မက်တယ်... ပြီးတော့ ရှင့်ကို ဖုတ်ကောင်တွေဆီကနေ ကယ်တင်ဖို့ ကျွန်မ စွန့်စားခဲ့တယ်..."
ယန်ဟန်သည် လက်ဟန်ပြဘာသာစကားဖြင့် ရှင်းပြနေချိန်တွင် လီနန်ရှန့် သည် သူမတို့ နှစ်ယောက်နှင့် မီတာ သုံးလေးရာ အကွာ၌ အဖွဲ့ကို ဦးဆောင်ကာ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ(CDC) အဆောက်အဦး နားသို့ ရောက်လာသည်။
ဟန်ခိုင် က ယန်ဟန်ကို တိတ်တိတ်လေး နေရန် ပြောလိုက်သည်။
“ကျွန်းရဲ့ လက်နက်ကိုင် တပ်တွေ ဒီမှာ ရောက်နေတယ်...ဒါကြောင့် မင်း အဖမ်း မခံချင်ရင် ငါ့နောက်မှာ အသာရပ်နေ... ခေါင်းငုံ့ထား...”
ယန်ဟန်သည် ခေါင်းညိတ်လိုက်ပြီး သူမ၏ လေကာ အင်္ကျီကို ပြန်ခြုံလိုက်ကာ ဟန်ခိုင်နောက်တွင် အသာရပ်နေလိုက်သည်။
"အစ်ကို ဟန်ခိုင်....ဘာလို့ အပြင်ထွက်နေရတာလဲ....အန္တရာယ်များတယ်..ကျွန်တော် နဲ့ ဓာတ်ခွဲခန်းကို အမြန် သွားရအောင်..."
လီနန်ရှန့် က အုပ်ထိန်းသူကြီး တစ်ယောက်လို ပြောလေသည်။
“အဖေ့ကို စိတ်ပူလို့ပါကွာ... အဖေ့ကို ကာကွယ်ဖို့ အိမ်ပြန်ရမယ်...”
လီနန်ရှန့် က နားလည်သွားသလို ခေါင်းညိတ်လိုက်ပြီး ဟန်ခိုင့်နောက်ကွယ်မှ လူကို သတိပြုမိသွားသည်။
"မင်းနောက်ကလူက ဘာလို့ အနံ့ထွက် နေတာလဲ....ဟေ့... မင်း ဘာလို့ ငါ့အစ်ကို နောက်မှာ ပုန်းနေတာလဲ..."
လီနန်ရှန့် စူးစမ်းလို၍ ရှေ့သို့ တိုးလာသည်။
ဟန်ခိုင် က သူ့ကို တားလိုက်ပြီး ပြောသည်။
"သူက လမ်းမှာတွေ့တဲ့ သူတောင်းစားလေးပါ... သူ့ကိုမြင်တော့ သနားတာနဲ့ စားစရာနဲ့ အဝတ်ဟောင်းတွေ ပေးချင်လို့ ခေါ်လာတာပါ... သူတောင်းစားက အနံ့ထွက်မှာပေါ့..ဆန်းသလား...”
လီနန်ရှန့် သည် အသက် ၁၈ နှစ်ကတည်းက ရဲသင်တန်းကျောင်းတွင်တက်ရောက်ခဲ့သူ ဖြစ်သည်။ ရဲသင်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် ရဲစခန်းတွင် လေးငါးနှစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၂၀၂၂ တွင် R ဗိုင်းရပ်စ် ပြန့်နှံ့လာချိန်၌ သူသည် ဇွန်ဘီများ စုဝေးတတ်သည့် နေရာများတွင် သုံးနှစ်နီးပါး နှိမ်နှင်းခဲ့သည်။
သူ၏ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော နိုးကြားမှုသည် တော်ရုံမဟုတ်ပေ။
ဟန်ခိုင် ၏စကားကို သူ မယုံသည်မှာ ထင်ရှားသည်။လီနန်ရှန့် သည်သူတောင်းစားကို သံသယစိတ်ဖြင့် ကြည့်ကာ ထိုလူသည် မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ် သိချင်သော်လည်း ထိန်းထားလိုက်သည်။
အစ်ကိုဖြစ်သူက လူတော်တစ်ယောက် ဖြစ်ပြီး အနီးအနားတွင် အခြားလူများ ရှိနေ၍ စိုးရိမ်စရာ မရှိပေ။
“ဒါဆို ဂရုစိုက်ပါ...အစ်ကို ပြဿနာ တစ်ခုခုကြုံရင် ထိန်းချုပ်ရေးစင်တာကို အရင်သွားနော်..."
လီနန်ရှန့် က သူ့ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး သူ့လူများကို ခေါ်သွားသည်။
ဟန်ခိုင် သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယန်ဟန်အား ပြောလိုက်သည်။
"ခေါင်းငုံ့ပြီး ငါ့နောက်က လိုက်ခဲ့...."
Xxxxxxx