Chapter 9
လီရှင်းယု သည် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ(CDC) ထဲသို့ လက်နက်ကိုင် အဖွဲ့ ဝင်သွားသည်ကို ချောင်းကြည့်နေသည်။သူမသည် ကုတ်ခြစ်ခံထားရသော လက်မောင်းကိုကြည့်ရင်း ထောင့်တစ်နေရာတွင် ပုန်းကာ ငိုနေလေသည်။ သူမ၏ ခန္ဓာကိုယ် အပူချိန် မြင့်တက်လာသည်ကို သိသိသာသာ ခံစားရပြီး ဒဏ်ရာ၏ နာကျင်မှုသည် စက္ကန့်တိုင်းတွင် သူမ၏ အာရုံကြောများကို နှိုးဆွနေသည်။
နာကျင်မှုသည် မြွေတစ်ကောင်ပမာ သူမ ခန္ဓာကိုယ်ကို ပျံ့နှံ့သွားပြီး စက္ကန့်တိုင်း အသက်ရှူရ ခက်စေသည်။အကယ်၍ သူမကို လက်နက်ကိုင် အဖွဲ့က ဖမ်းမိသွားပါက ချက်ချင်း အသတ်ခံရမည်ဖြစ်သည်။ထို့ကြောင့် သူမ ဘဝသည် နာရီအနည်းငယ်သာ ကျန်တော့၍ ကျန်ရှိနေသည့် စက္ကန့်တိုင်းသည် သူမအတွက် အလွန် အဖိုးတန် လေသည်။
ထို့နောက် သူမသည် သူမ၏ လုပ်ရပ်များကို ဆင်ခြင်နေမိသည်။သူမသည်ဇွန်ဘီ လှောင်အိမ်ရှိ သံသော့ခလောက်ကို ဖွင့်နေချိန်တွင် လှောင်အိမ်ထဲမှ ဇွန်ဘီက သူမ လက်ကို လှမ်းဆွဲလိုက်သည်။
ထို့နောက် မသတီစရာ ကောင်းသည့် ပါးစပ်ကြီးဖြင့် သူမ လက်ကို ကိုက်လိုက်ရာ သွေးများ ဖြန်းခနဲ ထွက်လာတော့သည်။
သူမသည် နာရီ အနည်းငယ် အတွင်း အသိစိတ်မရှိသော အလောင်းကောင် ဖြစ်လာမည် ဖြစ်သည်။လောလောဆယ် သူမသည် ပရော်ဖက်ဆာဟန် ဆီ သွားချင်သည်။ ဤကမ္ဘာကြီးတွင် သူမ အားနာမိသည့် တစ်ဦးတည်းသော လူမှာ ပရော်ဖက်ဆာ ဟန်ဖြစ်သည်။
အကြောင်းမှာ သူမသည် အလုပ်ကို ရှောင်ရှားရန်အတွက် လှေကားထစ်မှ သူရဲဘောကြောင်စွာ လှိမ့်ချမိခြင်းအတွက် အားနာမိခြင်း ဖြစ်သည်။ အကယ်၍ သူမသာ သတ္တိရှိရှိ ရင်ဆိုင်ခဲ့ပါက အခြေအနေများ ပိုကောင်းလာနိုင်သည်။
ငါ ပရော်ဖက်ဆာ ဟန်ကို တောင်းပန်သင့်တယ်...
ဒါက ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ....
......
ဟန်ခိုင် က ယန်ဟန်ကို တီးတိုး ပြောလိုက်သည်။
“အိုကေ...အခု သူတို့ မင်းကို ဖမ်းလို့မရတော့ဘူး...ကဲ ငါအိမ်ပြန်တော့မယ်... မင်းလည်း ပြန်သင့်ပြီ..."
ယန်ဟန်က လက်ကို ဝှေ့ယမ်းပြသည်။ “မဟုတ်ဘူး...” ဟု ဆိုလိုခြင်း ဖြစ်သည်။
'မဟုတ်ဘူး... တစ်ယောက်ယောက်က ရှင့်ကို ဒုက္ခပေး ချင်နေတယ်လို့ အိပ်မက် မက်တယ်...ရှင့်ကိုကယ်တင်ဖို့ ကျွန်းကို ကျွန်မလာခဲ့တာ...ရှင် ကျွန်မကို ဒီလို လုပ်လို့ ဘယ်ရမလဲ...'
“ငါ့ကိုယ်ငါ ကာကွယ်ပါ့မယ်...မင်းသာ ဘယ်လို ပြန်သွားရမလဲ စဉ်းစားပါ... မင်းက ဇွန်ဘီဆိုတာ သိသွားကြရင် မင်းဒုက္ခရောက်လိမ့်မယ်...”
သူမ၏ အိမ်မက်ကို ဟန်ခိုင် မယုံကြည်မှန်း သိလိုက်သည်။
ယန်ဟန် သူ့ကို ဆုံးရှုံးရမှာ သိပ်ကြောက်သည်။ထို့ကြောင့် သူမပြောလိုက်သည်။
'ကျွန်မရဲ့ အိပ်မက် ခန့်မှန်းချက်က မှန်ပါတယ်...ယုံပါ...'
ဟန်ခိုင် သည် သူမကို ပြောမရ၍ အိမ်ပြန်ရန် လျှောက်နေရင်း မေးလိုက်သည်။
“ဒါဆို ငါ့ကို ဘယ်သူက သတ်ချင်တာလဲ ဆိုတာ ပြောလေ...”
ယန်ဟန်က သူ့ကို ပြောပြလျှင် လိုက်ခွင့်ရနိုင်သည်ဟု တွေးမိလေသည်။ထို့ကြောင့် သူမက လက်ဟန်ဖြင့် ပြောပြလိုက်သည်။
' အဲဒီလူက ရောဂါကာကွယ်ရေး နဲ့ထိန်းချုပ်ရေးစင်တာ(CDC) ကပါ... သူက ရှင့်ကို ကြိုးချည်ပြီး နာကျင်အောင် လုပ်လိမ့်မယ်... ရှင် လုံခြုံဖို့အတွက် ကျွန်မပြောတာကို နားထောင်ပါ....'
ယန်ဟန်က သူ့နောက်မှ ကပ်လိုက်လာပြန်သည်။ ဟန်ခိုင် သည် သူမကို အိမ်သို့ ခေါ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
အိမ်ထဲသို့ ဝင်ပြီးနောက် ဟန်ခိုင်က သူမကို အသာရပ်နေရန် ပြောသည်။ထို့နောက် ဟန်ခိုင်က အဖေဖြစ်သူ၏ အခန်းကို သွားကြည့်ရာ အိပ်ရာထက်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၍ စိတ်အေးသွားသည်။
ထို့နောက် အခန်းထဲရှိ လိုက်ကာများကို ဖွင့်နေချိန် တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
ဘယ်သူပါလိမ့်...ယန်ဟန်က ဧည့်ခန်းထဲမှာ...
သူမ တံခါးကို မဖွင့်ပါစေနဲ့...
သူသည် အခန်းထဲမှ ထွက်လိုက်လျှင် ယန်ဟန်က တံခါးကို အမြန်ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။
'သွားပြီ'
ဟန်ခိုင်သည် လီရှင်းယုကို ကြည့်ကာတွေးလိုက်သည်။
ဟန်ခိုင်က သော့ကို အမြန်ထုတ်လိုက်ပြီး သူ့အဖေ၏ အခန်းကို သော့ခတ်လိုက်သည်။
လီရှင်းယု သည် တံခါးကို ဇွန်ဘီ တစ်ကောင်က လာဖွင့်သည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး မှင်တက်မိနေသည်။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ စိုက်ကြည့်နေကြသည်။
လီရှင်းယု ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ သူမသည် မိနစ်အတော်ကြာ ချောင်းဆိုးပြီး မရပ်နိုင်ဘဲ အဆုတ်ကြီး ထွက်လာလုမတတ် ခံစားနေရလေသည်။နောက်ဆုံးတွင် သူမသည် ချောင်းဆိုးရပ်သွားပြီး ပါးစပ်ထဲမှ သွေးများ အန်လာတော့သည်။
လီရှင်းယု၏ ဗိုင်းရပ်စ် ကူးစက်မှုသည် အလယ် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဟန်ခိုင် သိလိုက်သည်။
"လီရှင်းယု...မင်းဘာလို့ ငါ့အိမ်ကိုလာတာလဲ..."
ဟန်ခိုင် က အသံကို တည်ငြိမ်အောင် ကြိုးစား၍ ပြောလိုက်သည်။
လီရှင်းယု သည် ဇွန်ဘီမကို ဂရုမစိုက်ဘဲ မျက်ရည်ဝဲကာ ဟန်ခိုင် အား ပြောသည်။
“ပရော်ဖက်ဆာ ဟန်... ကျွန်မ တောင်းပန်ပါတယ်...”
သူမက “တောင်းပန်ပါတယ်” ဟူသည့် စကားကို ထပ်ခါတလဲလဲ ပြောနေရှာသည်။
" ကျွန်မ တောင်းပန်ပါတယ်...ကျွန်မ ရှင့် ကို အဲ့ဒီနေရာကို မသွားခိုင်းသင့်ဘူး...ကျွန်မ မကြာခင် သေရတော့မယ်... ကျွန်မ မသေခင် ရှင့်ကို တောင်းပန်ချင်လို့ လာတာပါ..."
မင်းက ဇွန်ဘီ ဖြစ်တော့မယ်... ဒါပေမယ့် မင်း ငါ့ကို တောင်းပန်ဖို့လာခဲ့တာလား...
"ရပါတယ်...အဲဒီနေ့က ယွင်ကျင့် မြို့မှာ တခြားကိစ္စ တစ်ခုရှိနေတာလည်း ပါ,ပါတယ်... မင်းကို အပြစ်မတင်ပါဘူး..."
လီရှင်းယု က ခေါင်းငြိမ့်လိုက်ပြီး ချောင်းဆိုးလိုက်ရာ ပါးစပ်မှ သွေးများစွာ အန်ပြန်သည်။
သူမက ငိုယိုပြီး ဆက်ပြောနေသည်။
“ပရော်ဖက်ဆာ ဟန်...ကျွန်မကို ကယ်ပါဦး... ကျွန်မကိုကူညီပေးလို့ရမလား...ကျွန်မ အရမ်း နာတယ်...ကျွန်မ မသေချင်သေးဘူး..…အဟွတ်..အဟွတ်...”
ဟန်ခိုင် သည် သူ့ရှေ့တွင် စိတ်ပျက်အားငယ်နေပြီး အားကိုးရာမဲ့သော ကျောင်းသူကို ကြည့်ကာ စာနာသနားမိသည်။
“မင်းလည်း ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ(CDC) ရဲ့ သုတေသနပညာရှင် တစ်ယောက်ပဲ... လူတစ်ယောက် R ဗိုင်းရပ်စ် ကူးစက်ခံရတာနဲ့ ဘယ်သူမှ ကယ်ဆယ်လို့ မရဘူးဆိုတာ မင်းလည်း သိသားပဲ...”
ထိုစကားကိုကြားပြီးနောက် လီရှင်းယု သည် ပြင်းထန်စွာ ငိုကြွေးလိုက်ရာ သူမ၏ မျက်ရည်များသည် သွေးများနှင့် ရောနှောသွားတော့သည်။
ထို့နောက် သူမသည် အငိုမတိတ်ခင် ကြမ်းပြင်ပေါ် လဲကျသွားပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါသွားကာ နှုတ်မှ လည်း အသံများ ထွက်နေလေသည်။
ယန်ဟန် သည် သူမ ဇွန်ဘီ အဖြစ်သို့ ပြောင်းသွားသည့် အချိန်ကို မမှတ်မိတော့သဖြင့် ဤမြင်ကွင်းကို သူမကိုယ်တိုင် မျက်မြင် တွေ့လိုက်ရသောအခါ ဟန်ခိုင့် ထက်ပင် တုန်လှုပ်သွားသည်။
လီရှင်းယု သည် မြေပြင်ပေါ်တွင် တုန်လှုပ်နေရာမှ ရုတ်တရက် ရပ်သွားသည်။
ထို့နောက် ဟန်ခိုင် သည် မီးဖိုချောင်မှ ဓားတစ်ချောင်းကို အမြန်ယူပြီး လီရှင်းယု အနားတွင် ဓားကို ဆုပ်ကိုင်ထားပြီး အသင့်အနေထား ပြင်ထားသည်။
စက္ကန့် အနည်းငယ်ခန့် ကြာပြီးနောက်၊ လီရှင်းယု ၏ မျက်လုံးများသည် အနည်းငယ် ရွေ့သွားကာ လည်ချောင်းမှ အော်ဟစ်သံ တစ်ခု ထွက်လာပြီးနောက် သူမက ကုန်းထကာ ဟန်ခိုင် ကို လှမ်းဆွဲလိုက်သည်။
ကံကောင်းစွာနှင့် ယန်ဟန် က ဟန်ခိုင် ကို အမြန် ကာကွယ်နိုင်ခဲ့သည်။လီရှင်းယု သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ယန်ဟန်ကို ရှောင်ကာ ပြေးလိုက် လာပြန်သည်။
ဟန်ခိုင် သည် အခန်းတစ်ခုထဲသို့ ဝင်လိုက်ပြီး တံခါးကို အမြန်သော့ခတ်ကာ ငြိမ်သက်စွာ ရပ်နေသည်။
မကြာမီ ဟန်ခိုင်သည် စိတ်တည်ငြိမ်သွားပြီး ဖုန်းကိုဖွင့်၍ လီနန်ရှန့် ထံ မက်ဆေ့ချ် ပို့လိုက်သည်။
Xxxxxx
Chapter 10
လီနန်ရှန့် သည် CDC အဆောက်အအုံထဲတွင် ရှာဖွေနေစဉ် အိတ်ကပ်ထဲမှ ဖုန်းက မက်ဆေ့ခ်ျ ဝင်လာသည်။သူက ဖုန်းကို ထုတ်၍ ကြည့်လိုက်ရာ ဟန်ခိုင် ၏ မက်ဆေ့ခ်ျ ကို တွေ့လိုက်ရသည်။
"နန်ရှန့်... လီရှင်းယု ငါ့အိမ်ကို အခုပဲရောက်လာတယ်...သူမ ဇွန်ဘီ ဖြစ်သွားပြီ... အိမ်ကို အမြန်လာ..."
ဟန်ခိုင် သည် မက်ဆေ့ခ်ျကို ရေးကြီးသုတ်ပြာ ပို့လိုက်မှန်း သိသာနေသည်။
ထို့နောက် လီနန်ရှန့် တို့အဖွဲ့သည် ဟန်ခိုင် ၏အိမ်သို့ အမြန် သွားလိုက်ကြသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အိပ်ဆောင် အနီးတွင် တစ်ခုခု ဖြစ်နေသည်ကို လီနန်ရှန့် သတိပြုမိလိုက်သည်။မျှော်လင့်ထားသည့်အတိုင်း လမ်းတစ်ဝက်အရောက်တွင် အသက် ၃၀ ခန့် အမျိုးသမီးတစ်ဦးသည် ရှေ့မှ ပြေးလာနေလေသည်။
ထိုအမျိုးသမီး၏ မျက်နှာမှာ ဖြူဖျော့နေပြီး သွေးများသည် ပခုံးမှ လက်ဖျံအထိ မြင်မကောင်းအောင် ပေကျံနေတော့သည်။
သူမသည် လီနန်ရှန့် ၏ လက်ကို
ဆုပ်ကိုင်လိုက်ပြီး ငိုယို၍ ပြောလေသည်။
"ကျွန်မ ဇွန်ဘီ အကိုက်ခံရလို့ပါရှင်...ကယ်ပါဦး...ကျွန်မကို ကယ်ပါ..."
ချက်ချင်းပင် လီနန်ရှန့် က သေနတ်ကို ထုတ်ကာ ထိုအမျိုးသမီး၏ ခေါင်းကို ပစ်လိုက်သည်။
ထို့နောက် သူက အဖွဲ့သားများကို သတိပေးလိုက်သည်။
“ဒီလိုဖြစ်လာရင် ခေါင်းကိုပစ်ပါ...ဇွန်ဘီ ဖြစ်လာမဲ့ အချိန်ထိ စောင့်မနေပါနဲ့...သေချာအောင် အလောင်းကို မီးပုံရှို့ပစ်လိုက်...”
လူများသည် ဝိုင်းအုံလာကြကာ မြေပြင်ပေါ်ရှိ သေဆုံးသွားသည့် အမျိုးသမီးကို စိုက်ကြည့်နေကြသည်။
“ဇွန်ဘီ တစ်ကောင် သေသွားလို့ မပျော်ကြပါနဲ့...အခု ဇွန်ဘီ အကိုက်ခံရတဲ့ လူ ဘယ်လောက် ရှိနေပြီလဲ မသိရသေးဘူး... ဒီကျွန်းကို ယွင်ကျင့် မြို့လို မဖြစ်စေချင်ရင် အားလုံး စည်းလုံးကြရမယ်... သူရဲဘောကြောင် မနေကြနဲ့...”
လီနန်ရှန့် က အော်ပြောလိုက်သည့်အခါ လူအများသည် တက်ကြွလာကြသည်။
ထိုစဉ်.... လီရှင်းယု ကိုက်လိုက်သည့်လူတစ်ယောက်သည် နံရံထောင့်နားတွင် ရှိနေသည်။
ထိုသူသည် နံရံထောင့်ကို မှီ၍ နာကျင်စွာ အော်ဟစ်နေစဉ် လက်နက်ကိုင် တပ်ဖွဲ့များဆီ အကူအညီတောင်းနေသည့် ဇွန်ဘီကိုက်ခံထားရသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ချက်ချင်းပင် ထိုအမျိုးသမီးကို ခေါင်းဆောင် ဖြစ်ဟန်တူသူက ပစ်သတ်လိုက်သောအခါ သူ ထိတ်လန့်သွားလေသည်။
ထို့ကြောင့် သူက နံရံထောင့်ကို အမြန်ပြေးကပ်၍ ပုန်းခြင်း ဖြစ်သည်။
ငါ မသေချင်သေးဘူး...
လက်နက်ကိုင် တပ်ဖွဲ့များ ထွက်သွားသည်ကို မြင်လိုက်၍ သူက ဒဏ်ရာကို ဖုံးလိုက်ကာ အဝေးကို ထွက်သွား တော့သည်။
လီနန်ရှန့် သည် ဟန်ခိုင် ၏ အိပ်ခန်းဆီသို့ သွားနေစဉ် ထောင့်တစ်နေရာတွင် ကြမ်းပြင်ပေါ်ရှိ အလောင်းတစ်ခုကို တွေ့လိုက်ရသည်။သူ၏ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အတွေ့အကြုံအရ ဇွန်ဘီတစ်ကောင်ဖြစ်မှန်း သိလိုက်သည်။
ထို့နောက် သူက အဖွဲ့သားများကို လက်မြှောက်ပြီး ဇွန်ဘီ အနားတွင် ရပ်ရန် အချက်ပြလိုက်သည်။ကြမ်းပြင်ပေါ်တွင် လဲနေသော ထိုလူမှာ ဇွန်ဘီကိုက်ထားခံရပြီး သူ့မျက်နှာ တစ်ဝက်သည် ပုံပျက်နေပြီ ဖြစ်သည်။သို့သော် ထိုလူသည် တအစ်အစ် အသံထွက်နေသေးပြီး ခြေလက်များမှာ အကြောဆွဲနေလေသည်။လီနန်ရှန့်က တုံ့ဆိုင်းမနေဘဲ သေနတ်ကို ထုတ်ကာ ခေါင်းကို ပစ်လိုက်သည်။
“ငါတို့ အပြင်မှာ ဇွန်ဘီနှစ်ကောင် တွေ့ပြီးပြီ.... အခန်းထဲမှာ ဘယ်လိုအခြေအနေရှိလဲ မသိဘူး... ညီအစ်ကိုတို့.... ဇွန်ဘီ အကိုက်မခံရအောင် သတိထားကြ....”
အဖွဲ့သားများက ခေါင်းညိတ် လိုက်ကြပြီး သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေသည်။
သူတို့အဖွဲ့သည် လေးလွှာသို့ ရောက်လျှင် ဟန်ခိုင် ၏ တိုက်ခန်းသို့ သွားပြီးအခန်းရှေ့သို့ ရောက်သောအခါ လျှို့ဝှက်နံပါတ်ကို ရိုက်လိုက်ရာ "ပီပီ" ဟု အသံနှစ်ချက်မြည်ကာ တံခါးပွင့်သွားသည်။
ထို့နောက် သူသည် အိမ်ထဲသို့ ဝင်ဝင်ချင်း သေနတ်ဖြင့် ချိန်ထားပြီး ဇွန်ဘီ ရှိမရှိ စစ်ဆေးလိုက်သည်။ကံကောင်းစွာနှင့် ဇွန်ဘီ တစ်ကောင်မျှ မတွေ့ရပေ။သူက သက်ပြင်းတစ်ချက် ချကာ နောက်က လိုက်လာသော အဖွဲ့သားများကို လက်ပြလိုက်သည်။
လီနန်ရှန့် တိုက်ခန်းပေါ်သို့ တက်လာကတည်းက ဟန်ခိုင် က ယန်ဟန်ကို ရေချိုးခန်းထဲတွင် ပုန်းခိုင်းပြီး အပြင်မထွက်ရန် ပြောထားပြီး ဖြစ်သည်။
"အစ်ကို... ဇွန်ဘီ အကိုက်ခံ ရသေးလား..."
လီနန်ရှန့် သည် ဟန်ခိုင် ၏ လက်ကို ကိုင်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး..."
ဟန်ခိုင် သည် စိတ်ပူနေသော လီနန်ရှန့် ကို ပြုံးရင်းပြောသည်။
"လီရှင်းယု က ဇွန်ဘီ မဖြစ်ခင် ပြေးထွက်သွားတာ... ငါ့ကို မကိုက်ပါဘူး..."
သူ ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့၍ အဖြူရောင်မုသား သုံးလိုက်သည်။
"လီရှင်းယု ကို မင်း သတ်လိုက်ရဲ့လား..."
လီနန်ရှန့် က ခေါင်းယမ်းပြီး မျက်မှောင်ကြုတ်၍ ပြောသည်။
“သူမ ဘယ်ရောက်သွားမှန်း ကျွန်တော် မသိဘူး...ကျွန်တော်တို့ ဒီအခန်းကို တက်လာတုန်းက သူမကို လုံးဝ မတွေ့ခဲ့ဘူး...သူမ ဇွန်ဘီဖြစ်သွားပြီး လူတွေကို ကိုက်မှာ စိုးရတယ်…”
ဟန်ခိုင် က သက်ပြင်းချပြီး ရေရွတ်လေသည်။
“ဒီကိစ္စက လွယ်လွယ်နဲ့တော့ ပြီးမှာ မဟုတ်ဘူး...”
Xxxxx