Chapter 11
လီနန်ရှန့် ထွက်သွားပြီးနောက် ဟန်ခိုင် ရေချိုးခန်းထဲသို့ သွားကာ ယန်ဟန်အား ကျွန်းမှ အမြန်ထွက်သွားရန် ပြောလေသည်။
ယန်ဟန် က ငြင်းဆိုလိုက်ပြီး လက်ဟန်ဖြင့် ပြောပြလေသည်။ 'တစ်စုံတစ်ယောက်က ရှင့်ကို တကယ်ဒုက္ခပေးချင်နေတာ'
“ကောင်းပြီ... အဲ့ဒီလူက ဘယ်အချိန်ကျ ငါ့ကို သတ်မှာလဲ...မင်း အရင် ပြန်.. ငါ အသတ်ခံရမဲ့ အချိန်ကျ မှ ငါ့ကိုကယ်ဖို့ ပြန်လာ...ဟုတ်လား..."
ယန်ဟန်က ခေါင်းခါလိုက်ပြီး ပြောသည်။
'သူ ရှင့်ကို ဘယ်အချိန် ဒုက္ခပေးမယ်ဆိုတာ ကျွန်မ မသိဘူး...အိပ်မက်ထဲမှာ အချိန် အတိအကျ မပါဘူး...ဒါပေမဲ့ ဒီတစ်ရက်၊နှစ်ရက် အတွင်း ဖြစ်နိုင်ပါတယ်...'
"မင်းက ဇွန်ဘီ တစ်ကောင်လေ...အဲ့တော့ ငါ့အိမ်မှာ အကြာကြီးနေလို့ အဆင်မပြေဘူး...ပြီးတော့ ငါ့အဖေက နေမကောင်းလို့ အိပ်ရာထဲလဲနေတာ... မတော်တဆ မင်းကို မြင်သွားရင် သူလန့်ပြီး သေသွားလိမ့်မယ်..."
ယန်ဟန် သည် သနားစရာကောင်းအောင် လုပ်ပြချင်သော်လည်း မျက်နှာ ကြွက်သားများက တောင့်တင်း နေသဖြင့် မျက်နှာသေ,ကြီးဖြင့်သာ ကြည့်နေလေသည်။
ထို့နောက် သူမက လက်ဟန်ဖြင့် ဒုက္ခမပေးဘဲ ကောင်းကောင်းနေမည်ဟု ကတိပေးလေသည်။
"ငါ့အိမ်က ကျဉ်းတော့ မင်းနေဖို့ နေရာမရှိဘူး..."
သူ့စကားကို ကြားလျှင် ယန်ဟန် ဒေါသထွက်သွားသည်။ သူမ သည် ကျွန်းသို့ရောက်ရန် ဆယ်ရက်ကျော် ပင်လယ်ကို ဖြတ်၍ လာခဲ့ရသည့်အပြင် ပင်လယ်လေကြောင့် အသားစများမှာ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ရသည်။
သူ့ကို ကယ်ဖို့ စွ့န့်စားလိုက်ရတာ...သူကတော့ ငါ့ကို ရက်ရက်စက်စက် မောင်းထုတ်တယ်....
နှလုံးသား မရှိတဲ့လူ...
နောက်ဆုံးတွင် ယန်ဟန် သည် သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး လသာဆောင်ဘက်သို့ လက်ညှိုးထိုးပြ၍ လသာဆောင်တွင် နေမည်ဟု လက်ဟန်ပြ ပြောဆိုလိုက်သည်။
သူမ စိတ်ပိုင်းဖြတ် ထားသည်ကို မြင်လိုက်ရသဖြင့် ဟန်ခိုင် မှာ သက်ပြင်းသာ ချနိုင်တော့သည်။ထို့အပြင် ယန်ဟန် သည် ဇွန်ဘီ တစ်ကောင်ဖြစ်၍ သူမကို စိတ်ဆိုးအောင် မလုပ်ဝံ့ပေ။
မနက် ၃နာရီခန့်တွင် ဟန်ခိုင်သည် အိပ်မက်ဆိုးမက်၍ လန့်နိုးလာပြီးအိပ်မက်ထဲမှ အဖြစ်အပျက်များကို မြင်ယောင်နေတော့သည်။ထို့နောက် ဟန်ခိုင် သည် စီးကရက် သောက်ရန် ဆေးလိပ်ဘူး ရှာလိုက်ရာ တစ်ဘူးသာတွေ့ပြီး ဘူးထဲတွင်စီးကရက်၄ လိပ်သာ ကျန်တော့သည်။
ဤစီးကရက်ဘူးကို လီနန်ရှန့် ပေးထားခြင်း ဖြစ်သည်။လီနန်ရှန့် တို့အဖွဲ့သည် မစ်ရှင်များ ဆောင်ရွက်ရန် ယွင်ကျင့် မြို့သို့ သွားသည့်အခါတိုင်း၊ စီးကရက်ဘူးများကို စတိုးဆိုင်များတွင် သွားရောက် ရှာဖွေလေ့ရှိသည်။ထို့နောက် ရရှိသည့် စီးကရက်ဘူးများကို အဖွဲ့သားများအား အညီအမျှ ခွဲဝေပေးသည်။တစ်ချို့က ရရှိသည့် ဆေးလိပ်ဘူးများကို ကိုယ်တိုင်သောက်ကြပြီး အချို့က မှောင်ခိုဈေးကွက်တွင် ပြန်ရောင်းစားကြသည်။
တစ်ခါက သူတို့အဖွဲ့သည် မစ်ရှင်တစ်ခုဆောင်ရွက်ရန် သွားစဥ် ပစ်မှတ်နှင့် မနီးမဝေးတွင် စတိုးဆိုင်လေး တစ်ခုရှိသည်။ထိုဆိုင်လေးသည် လူသူအရောက် အပေါက်နည်း၍ ပစ္စည်းများ စုံလင်နေသေးသည်။ မကြာမီ သူတို့ အဖွဲ့သည် စီးကရက်ဘူး ၂၀ နီးပါး ရလာကြပြီး ခွဲဝေသည့်အခါ လီနန်ရှန့် က အဖွဲ့ခေါင်းဆောင်ဖြစ်၍ စီးကရက် ၅ဘူး ရခဲ့ပြီး ကျန်ငါးဦးမှာ တစ်ဦးလျှင် ၃ဘူးသာ ရခဲ့သည်။
လီနန်ရှန့် သည် မစ်ရှင်ပြီးဆုံး၍ ကျွန်းသို့ပြန်လာသောအခါ ဟန်ခိုင် ကိုခေါ်၍ ဆေးလိပ်ဘူးများ ပေးခဲ့သည်။လီနန်ရှန့် သည် ယခင်က ဆေးလိပ် မသောက်တတ်သော်လည်း ၂၀၂၂ နောက်ပိုင်းတွင် သောက်တတ်လာခြင်း ဖြစ်သည်။
ဟန်ခိုင် စီးကရက် တစ်လိပ်ကို မီးညှိပြီး လသာဆောင်သို့ လျှောက်လာသောအခါ မီးမဖွင့်ထား၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသဖြင့် တစ်စုံတစ်ခုကို ခလုတ်တိုက်မိသွားသည်။
ဟန်ချီသည် ထိုအရာကို စေ့စေ့ကြည့်လိုက်လျှင် အိပ်ပျော်နေသော ယန်ဟန်မှန်း သိလိုက်ရသည်။ ယန်ဟန် သည် လသာဆောင်တွင် နေမည် ဟု ပြောခဲ့သည်ကို သူ မေ့လုနီးပါး ဖြစ်သွားသည်။
သူမ ဘာလို့ ကြမ်းပြင်ပေါ် လှဲအိပ်ရတာလဲ...မအေးဘူးလား...
ဟန်ခိုင် သည် ယန်ဟန်ကို ခြေထောက်ဖြင့် ကန်လိုက်သော်လည်း နိုးမလာပေ။
ဟန်ခိုင် သည် အိပ်ပျော်နေသော ယန်ဟန်ကို။ကြည့်နေရင်း အတွေးတစ်ခု ဝင်လာပြီး နောက်တစ်ကြိမ် ပိုမိုပြင်းထန်စွာ ကန်လိုက်သော်လည်း သူမသည် လူသေကဲ့သို့ မလှုပ်မယှက် အိပ်နေဆဲပင်။
ထို့နောက် ဟန်ခိုင် သည် သူ့အခန်းထဲမှ ပိုးသတ်ထားသော စမ်းသပ်ပြွန်များကို လသာဆောင်သို့ ယူလာပြီး ယန်ဟန် ၏ လက်မောင်းမှ အသားစ အနည်းငယ်ကို ဖဲ့ကာ စမ်းသပ်ပြွန်ထဲသို့ ထည့်လိုက်သည်။
နောက်တစ်နေ့တွင် ဟန်ခိုင် သည် စမ်းသပ်ပြွန်ကို CDC ဓာတ်ခွဲခန်းသို့ ယူလာပြီး အသားစကို အဏုကြည့် မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။ထိုသို့ လေ့လာပြီးနောက် ယန်ဟန် ၏ အသားစများတွင် သက်ရှိဆဲလ်များ ရှိနေကြောင်း တွေ့ရှိရသဖြင့် ဟန်ခိုင် ဝမ်းသာသွားရသည်။
တကယ်တမ်းတွင် ယန်ဟန် သည် ဗီဇမပြောင်းဘဲ သက်ရှိဆဲလ်များ ရှိနေသူ ဖြစ်သည်။ထို့နောက် ဟန်ခိုင် က ထပ်မံအတည်ပြုရန် Rဗိုင်းရပ်စ် ဗီဇပစ္စည်း၏ တည်နေရာကို ခြေရာခံရန် အိုင်ဆိုတုပ် တံဆိပ်ကပ်နည်းကို အသုံးပြုခဲ့သည်။
နောက်ဆုံးအဆင့်တွင် ယန်ဟန်၏ အသားစကို သိပ်သည်းဆ ခွဲကြည့်လိုက်ရာ R ဗိုင်းရပ်စ်သည် သူမကို ကူးစက်နေသော်လည်း သက်ရှိဆဲလ်များကို မထိခိုက်နိုင်ကြောင်း တွေ့ရှိခဲ့လေတော့သည်။
Xxxxxxx
Chapter 12
ဟန်ခိုင် စမ်းသပ်မှု ပြုလုပ်ရန်အတွက် သိပ်သည်းဆခွဲထားသည့် ပိုးကောင်ကို မွေးမြူပြီး အနားယူနေ စဥ် ဓာတ်ခွဲခန်းထဲသို့ ဧည့်သည် ရောက်လာလေသည်။
သူက ဓာတ်ခွဲခန်းကို ဘာလာလုပ်ပါလိမ့်....
ဟန်ခိုင် ကျီကျောက်ယန် ကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
"ပရော်ဖက်ဆာ ကျီ...ကျွန်တော် ဘာလုပ်ပေးရမလဲ...."
“ဘာမှ မလုပ်ပါနဲ့...မင်းကို စစ်စရာရှိလို့လာခဲ့တာ..."
ဟန်ခိုင် က ခပ်တည်တည် ပြန်ပြောလေ၏။
"ပရော်ဖက်ဆာ ကျီ...ဒီရက်ပိုင်း အတော် အားနေပုံရတယ်...အချိန်တွေ ပိုနေရင်လည်း ကျွန်တော့်ကို စစ်ဆေးတာထက် ဓာတု စမ်းသပ်မှုတွေ လုပ်တာက ပိုကောင်းပါတယ်....”
ဟန်ခိုင် ၏စကားများသည် ဆူးပင်များကဲ့သို့ ကျီကျောက်ယန် ကို စိတ်မသက်မသာ ဖြစ်စေသည်။ ကျီကျောက်ယန် က ဟန်ခိုင် ထံမှ တစ်ခုခုကို သိချင်နေသည်။
ယမန်နေ့ညက ညစာစားချိန်တွင် ဟန်ခိုင် ပြောခဲ့သည့် ဇွန်ဘီမ,အကြောင်း ဖခင်ဖြစ်သူကို မေးကြည့်ခဲ့သည်။
ကျီဟုန် က အံ့ဩဟန်နှင့် ပြောလေသည်။
“မင်းက အခုမှ ဘာလို့ သိချင်နေတာလဲ... အဲဒီနေ့က အစည်းဝေးမှာ မင်းပဲ အားလုံးကို ကန့်ကွက်ခဲ့တာမဟုတ်လား...."
ကျီကျောက်ယန် က ယန်ဟန် နှင့် တွေ့သည့်အကြောင်းကို မပြောဘဲ ထိန်ချန်ထားလိုက်သည်။
“အဲ့ဒီအကြောင်းကို ပြန်စဉ်းစားမိတော့ စိတ်ဝင်စားသွားလို့ပါ အဖေ... ဇွန်ဘီ တစ်ကောင်က မျိုးပြောင်းဖို့ ဖြစ်နိုင်တယ်လို့ အဖေထင်လား..."
ကျီဟုန် က စဉ်းစားမနေဘဲ ပြောလိုက်သည်။
“အင်း...ဇွန်ဘီတွေရဲ့နေထိုင်တဲ့ နေရာရဲ့ ပတ်ဝန်းကျင် ကိုကြည့်ရမှာပေါ့.... တကယ်လို့ သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ မျိုးဗီဇကို ပြောင်းစေတဲ့ အကြောင်းရင်းတွေ ရှိနေရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်..."
“ဥပမာ ဓာတ်ရောင်ခြည် သင့်တဲ့နေရာလိုမျိုးလား...”
ကျီကျောက်ယန် က မေးလိုက်သည်။
ကျီဟုန်က ခေါင်းညိတ်ကာ ပန်းကန်ထဲတွင် ကျန်နေသော ထမင်းကို စားလိုက်သည်။
"အားလုံးကို ခြုံကြည့်ရမှာ..ဓာတု၊ဇီဝ...အဲ့ဒါတွေနဲ့ သက်ဆိုင်တဲ့ အချက်တွေအားလုံးပဲ..."
ကျီကျောက်ယန် သည် ပန်းကန်ထဲမှ ထမင်းကိုပင် ဆက်မစားနိုင်တော့ဘဲ အံ့အားသင့်သွားသည်။ထိုသို့ဆိုလျှင် ယန်ဟန် သည် ကာကွယ်ဆေးသုတေသနတွင် အောင်မြင်မှု တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။
'မဟုတ်ဘူး...ဒါက ငါ့ရဲ့ အောင်မြင်မှုပဲ ဖြစ်ရမယ်...အဖေက ငါ့အတွက် ဂုဏ်ယူနိုင်အောင် ကာကွယ်ဆေးကို ငါတီထွင်မှ ဖြစ်မယ်...
ဒါပေမယ့် ဗီဇပြောင်းသွားတဲ့ ဇွန်ဘီမ(ယန်ဟန်) ကို ဘယ်လိုဖမ်းရမလဲ..'
ကျီကျောက်ယန် သည် ယန်ဟန်ကို ဖမ်းရမည့်နည်းလမ်းကို မစဉ်းစားနိုင်တော့သဖြင့် ယနေ့ ဟန်ခိုင် ၏ ဓာတ်ခွဲခန်းသို့ရောက်လာရခြင်း ဖြစ်သည်။
"ငါလည်း စမ်းသပ်မှုတွေနဲ့ အလုပ်များနေလို့ မအားပါဘူး... မင်းရဲ့စမ်းသပ်မှုကရော တိုးတက်နေပြီလား..."
ဟန်ခိုင် က ပြန်မဖြေဘဲ အစီရင်ခံစာကို သာ ငုံ့ကြည့်နေ၍ ကျီကျောက်ယန် ဒေါသထွက်သွားသည်။
" မင်း အစည်းအဝေးမှာ ပြောခဲ့တဲ့ ဇွန်ဘီ အမျိုးသမီး..."
ကျီကျောက်ယန် က စကားကို ရပ်ထားပြီး ဟန်ခိုင် ကို ပြုံး၍ ကြည့်နေသည်။
"ဘာဖြစ်လို့လဲ..."
"ယွင်ကျင့်မြို့က အဲ့ဒီ ဇွန်ဘီအမျိုးသမီးကို ဘယ်မှာတွေ့ခဲ့တာလဲ..."
“အစည်းအဝေးတုန်းက အစ်ကိုက ကျွန်တော့် အဆိုကို ဆန့်ကျင်ခဲ့တယ်မလား.... အခုမှ ဘာလို့စိတ်ဝင်စားနေတာလဲ..."
“အဲဒီတုန်းက ငါက ချက်ချင်းကြီးဆိုတော့ သိပ်ပြီး မတွေးလိုက်မိဘူး... သေချာ စဥ်းစားကြည့်တော့ မင်းရဲ့ အကြံက ထူးဆန်းတယ်လို့ ခံစားရတယ်... ပြီးတော့ အစည်းအဝေးမှာ မင်းပြခဲ့တဲ့ ဇွန်ဘီမ,ရဲ့ ဓာတ်ပုံကို ကြည့်ပြီး သူမကို ရင်းနှီးနေသလိုပဲ... သူမက... ယွင်ကျင့် တက္ကသိုလ်က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တယ် ထင်တယ်...မင်းရော သူမကို မှတ်မိလား..."
ဟန်ခိုင် က ခေါင်းခါလိုက်သည်။
"နာမည်ဘယ်လိုခေါ်ပါလိမ့်..ဒီမနက်လေးတင် မှတ်မိသေးတယ်... အခု မေ့သွားပြီ..."
ကျီကျောက်ယန် က စဉ်းစားနေ ယောင်ဆောင်လိုက်ပြီး စားပွဲကို ဘုန်းခနဲ ပုတ်လိုက်သည်။
"ယန်...ယန်...ဟာကွာ...နောက်တစ်လုံးကို မမှတ်မိတော့ဘူး..."
သူက စိတ်တိုသောအသံဖြင့် ပြောသော်လည်း ဟန်ခိုင် ၏အမူအရာကို အကဲခတ်နေသည်။
“ယန်ဟန်...”
ဟန်ခိုင် က သူ့ကိုကြည့်၍ ဖြေလိုက်သည်။ ကျီကျောက်ယန် သည် ယွင်ကျင့် တက္ကသိုလ်၏ ဗိုင်းရပ်စ်ဗေဒ ဌာနမှ ဆရာတစ်ဦး ဖြစ်ခဲ့သည်ကို သူ မေ့လုနီးပါး ဖြစ်နေသည်။
ယန်ဟန်သည် တက္ကသိုလ်တွင် ထင်ပေါ်ကျော်ကြားသူ ဖြစ်ပြီး သူမ၏ ပညာရပ်ဆိုင်ရာ သုတေသန ပြုနိုင်စွမ်းသည် ပြောစမှတ် ပြုရလောက်အောင် ထူးချွန်လှသည်။ထို့ကြောင့် ဗိုင်းရပ်စ်ဗေဒ ဌာနမှ ဆရာများသည် သူမအား လေးစားကြသဖြင့် ကျီကျောက်ယန် သူမကို မှတ်မိနေသည်မှာ အဆန်းမဟုတ်ပေ။
“ဟုတ်တယ်...ယန်ဟန်ပဲ... မင်း သူမကို မှတ်မိနေပုံပဲ....ယွင်ကျင့် မြို့မှာ မင်းတွေ့ခဲ့တဲ့ ဇွန်ဘီမ,က ယန်ဟန် ဆိုတာ မင်းသိလား..."
"အရင်က ကျွန်တော် မမှတ်မိဘူး...ဒါပေမယ့် အခု အစ်ကို ပြောလို့ မှတ်မိသွားပါပြီ..."
“နောက်တော့ ငါ စဉ်းစားကြည့်တာ... ဇွန်ဘီတွေကလည်း မျိုးပြောင်းတာတွေ ဖြစ်နိုင်တယ်... ဥပမာအားဖြင့်.. အရင်က နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်..ဓာတ်ရောင်ခြည်သင့်တဲ့ နေရာတွေ... ပြီးတော့ ဓာတုဗေဒ လုပ်ငန်းနယ်ပယ် တွေမှာ နေထိုင်ခဲ့ရင် ပြောင်းလဲနိုင်တယ်.. ဒါကြောင့် ယွင်ကျင့် မြို့က ယန်ဟန် ကို ဘယ်မှာ တွေ့တာလဲလို့ မေးကြည့်တာပါ... သူမကို ဖမ်းဖို့ အစီအစဉ်ဆွဲပြီး အထက်လူကြီးကို တင်ပြမှာလား ဆိုတာကိုလည်း စဉ်းစားနေပါတယ်...”
“နေရာ အတိအကျတော့ မသိဘူး... သူမနဲ့တွေ့တဲ့ အချိန်က ညကြီးလေ.... တစ်မြို့လုံး မှောင်နေတော့ နေရာကို မပြောနိုင်ဘူး...”
"ဖြစ်နိုင်ပါတယ်..."
ကျီကျောက်ယန် က စိတ်ပျက်စွာပြောလိုက် သည်။
“အစည်းအဝေးမှာ မင်းပြောခဲ့တဲ့ စကားတချို့ကို သိပ်မရှင်းဘူး... ယန်ဟန် က သူမရဲ့ အပြုအမူကို ထိန်းချုပ်နိုင်ပြီး လူသားရဲ့ ပင်ကို အသိစိတ်ကိုလည်း ထိန်းထားနိုင်တယ်လို့ မင်းပြောခဲ့တယ်လေ... အဲဒီအထဲက ဘယ်လို အပြုအမူတွေ တွေ့ရလို့ အဲ့လိုပြောရတာလဲ...အတိအကျပြောလို့ရမလား..."
ဟန်ခိုင် သည် စမ်းသပ်စင်ပေါ်တွင် တက်ထိုင်နေသော ကျီကျောက်ယန် ကိုကြည့်ကာ အံ့ဩသွားသည်။
သူ ရုတ်တရက် ဒီကိစ္စကို ဘာကြောင့် အာရုံစိုက်နေတာလဲ...
ဟန်ခိုင် က မည်သို့ ဖြေရမည်ကို စဉ်းစားနေစဉ် စမ်းသပ်စင်ပေါ်ရှိ နာရီမှ နှိုးစက်သံ မြည်လာသည်။ဟန်ခိုင်သည် ယန်ဟန် ၏ဆဲလ်များတွင် ကာကွယ်ဆေးကို မည်သို့ ရှာဖွေရမည်ကိုသာ စိတ်စောနေ၍ ကျီကျောက်ယန် ကို ဖြေရန် စိတ်မဝင်စားတော့ပေ။
"တောင်းပန်ပါတယ်...ကျွန်တော် ဟိုဘက် ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု လုပ်ရတော့မယ်... ကျွန်တော် အစ်ကိုရဲ့မေးခွန်းကို နောက်နေ့မှ ဖြေပါ့မယ်..."
ဟန်ခိုင် က ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားလေသည်။
ကျီကျောက်ယန် သည် ဟန်ခိုင်၏ ဓာတ်ခွဲခန်းတွင် ခဏနေပြီးနောက် ဒေါသတကြီး ထွက်သွားတော့သည်။