အပိုင်း ၁၃-၁၄
Viewers 6k

Chapter 13


လီရှင်းယု စတင်ခဲ့သည့် ဇွန်ဘီဖြစ်စဉ်များသည် မေလ ၁၇ ရက်က ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက ဤအဖြစ်အပျက်ကို "၅.၁၇ ဖြစ်ရပ်" ဟုခေါ်ဆိုကြသည်။ 


 “၅.၁၇ ဖြစ်ရပ်” ပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့ဌာန၏ ဝန်ကြီး ရှုကျုံးဟမ် သည် ကျွန်းပေါ်တွင် နေ့ရောညပါ ကင်းလှည့်ရန် အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ကျွန်းတစ်ခုလုံးသည် စစ်အုပ်ချုပ်ရေး အောက်တွင်ရှိနေပြီး 'ညမထွက်ရ' အမိန့်ကိုလည်း ချမှတ်ထားသည်။ 


နောက်လဝက်အထိ၊ အဖွဲ့ဝင်များသည် ဇွန်ဘီများစွာကို တစ်‌ကောင်ပြီးတစ်ကောင် သတ်ခဲ့ကြသည်။ အမှန်စင်စစ်ဇွန်ဘီများသည် ကူးစက်ရောဂါနှင့် တူပြီး အမြစ်ပြတ် မသုတ်သင်နိုင်သရွေ့ ရောဂါဆက်လက် ပြန့်ပွားနေဦးမည် ဖြစ်သည်။


လီနန်ရှန့် သည် တာဝန်ချိန်အတွင်း နေ့ရောညပါ အမြဲ မတ်တပ်ရပ်နေရသဖြင့် တစ်ကိုယ်လုံး‌ ညောင်းညာကိုက်ခဲ‌နေကာ မျက်လုံးများမှာလည်း ကျိန်းစပ်နေတော့သည်။


ထို့အပြင် အဖွဲ့သားများမှာလည်း ကျန်းမာရေးအားနည်းနေ၍ လီနန်ရှန့် က အဖွဲ့ခေါင်းဆောင် ကျိုးကျစ်ဟန် နှင့် တိုင်ပင်၍ အဖွဲ့သားတိုင်း ခေတ္တအနားယူခွင့်ကို  စာတင်၍ တောင်းဆိုထားပြီး ဖြစ်သည်။


လီနန်ရှန့် သည် နံရံထောင့်သို့ ပြေးသွားကာ စီးကရက် တစ်လိပ်ကို မီးညှိပြီး ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကို မီးခိုးငွေ့များနှင့်အတူ မှုတ်ထုတ်လိုက်သည်။


သြော်.. အခုချိန်မှာတော့ ဆေးလိပ်က ရှားပါးနေပါပေါ့လား....


တစ်ချိန်က ပျော်ရွှင်စရာကောင်းသော အတိတ်ကို ပြန်ပြောင်း အောက်မေ့နေစဉ် ကျိုးကျစ်ဟန် ရောက်လာ၏။


လီနန်ရှန့် က စီးကရက်တစ်လိပ်ကို အမြန် ထုတ်ပေးလိုက်သည်။


 "အစ်ကို... တစ်လိပ် ကျန်သေးတယ်..."


ကျိုးကျစ်ဟန် က ပြုံးပြီး မီးညှိလိုက်သည်။


 "ပြီးခဲ့တဲ့ တစ်လခွဲလောက်က ငါ ဆေးလိပ်ဖြတ်လိုက်တယ်...ကျွန်းပေါ်မှာ ဆေးလိပ်မှ မရှိတာ... အခု ဆေးလိပ်ဖြတ် ထားပေမယ့် အနံ့ရလိုက်တာနဲ့ မနေနိုင်တော့ဘူး...ဟဲဟဲ.."


 


“ကျွန်တော့်မှာ စီးကရက် မရှိတော့ဘူး...ဒါအကုန်ပဲ... ကျွန်တော် ညက တာဝန်ချိန်မှာ ပုန်းပြီး ဆေးလိပ်တွေ အကုန်သောက်ပစ်လိုက်တာ...” 


"ဒါကြီးက ဘယ်တော့မှ ပြီးမှာလဲ မသိဘူး... ငါတို့ ဇွန်ဘီတစ်ကောင် သတ်လိုက်တိုင်း  နောက်တစ်ကောင်က ထပ်ဖြစ်နေပြန်ရော...”


ကျိုးကျစ်ဟန် က မီးခိုး‌ငွေ့များကို


မှုတ်ထုတ်လိုက်ရင်း ညီးညူလိုက်သည်။ 


“ကျွန်တော်လည်း ထူးဆန်းသလို ခံစားရတယ်...ကျနော်တို့ နေ့ရောညပါ ကင်းလှည့်နေတာပဲ...တစ်ကယ်ဆို ဇွန်ဘီတွေကို ရှာတွေ့သင့်တယ်... သူတို့မှာ ဦးနှောက်လည်းရှိတာမဟုတ်ဘူး.…ဘာလို့ ရှာလို့မတွေ့တာပါလိမ့်...” 


"ဟုတ်တယ်... ဇွန်ဘီ တစ်ကောင်က သူတို့ကို ရှာမတွေ့အောင် တမင်တကာ ဖွက်ထားပုံရတယ်...ဒါကြောင့် ဇွန်ဘီအသစ်တွေ အမြဲပေါ်လာတာ...ပြီးတော့ အခုထိ  လီရှင်းယု ကို အခုထိ ရှာလို့ မတွေ့သေးဘူး..." 


လီနန်ရှန့် က တွေးဆကာ ပြောသည်။


“မှန်တယ်...တကယ့် ပင်မ,ကို ရှာမတွေ့သေးဘူး... ကျွန်းက အခုစည်းလုံးနေပါပြီ...ဒါပေမဲ့ သူမက အငွေ့ပျံသွားသလို ပျောက်သွားတာ ထူးဆန်းတယ်...”


 


ကျိုးကျစ်ဟန် က စီးကရက်ကို နင်းချေလိုက်ရင်း ပြောလေသည်။ 


“အင်း... '၅.၁၇ ဖြစ်စဥ်' က အခုထိ မပြီးသေးဘူး... ရူးတော့မှာပဲ..” 


“တစ်ခုခုဖြစ်လာရင် အထက်က ကျွန်တော်တို့ကို  အတင်းဖိအားပေးတော့တာပဲ... နောက်ဆုံးတော့ ကျွန်‌တော်တို့ပဲ  ဒုက္ခရောက်ရတာ...”


နှစ်ယောက်လုံး ရင်ဖွင့်ပြီးသည့်နောက် 


တာဝန်ဆက်လက် ထမ်းဆောင်ရန် ကျန်အဖွဲ့သားများဆီ ပြန်သွားကြလေ၏။


 နံနက်၃နာရီ....


ယန်ဟန်  ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေပြီး အိမ်မက်တစ်ခုကို မြင်မက်နေလေသည်။ အိပ်မက်ထဲတွင် သူမသည် ခြေထောက်မရှိသော ဝိညာဉ်ကဲ့သို့ တောအုပ်ကြီးဆီသို့ လွင့်မျောနေလေသည်။ထိုတောအုပ်၏ ဘေးတွင် ပွေ့ဖက်နေကြသော ချစ်သူစုံတွဲ တစ်တွဲရှိနေလေသည်။


 "ရှင် ကျွန်မကို ဘာလို့ဒီကို ခေါ်လာတာလဲ... ”


မိန်းမပျိုက ယုန်ဖြူလေး တစ်ကောင်ကဲ့သို့ လူငယ်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ထိုလူငယ်သည် မိန်းမပျို၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားကာ သူမ၏ လက်မောင်းများကို ပွတ်သပ်နေလေ၏။


 “ကိုယ် မင်းကို ကာကွယ်ပေးမှာပါ... မကြောက်ပါနဲ့...ကဲ.. စိတ်လှုပ်ရှားစရာတွေ လုပ်ဖို့ တောထဲသွားရအောင်..." 


သူတို့နှစ်ဦးကိုကြည့်၍ ယန်ဟန်က နှုတ်ခမ်းကို မဲ့ကာပြောလိုက်သည်။


'နင်တို့ ဒီလောက်နဲ့ တော်ကြပါတော့...'


ယန်ဟန် ထွက်သွားချင်သော်လည်း သူမ၏ ခန္ဓာကိုယ်က ထိုစုံတွဲနှင့်အတူ တောထဲသို့ မျောလွင့်၍ လိုက်ပါသွားပြန်သည်။‌တောထဲသို့ ရောက်သောအခါ လူငယ်သည် မိန်းမပျိုကို မြက်ခင်းပေါ်သို့ လှဲခိုင်းကာ အမျိုးသမီး၏ အဝတ်အစားများကို ချွတ်နေလေ၏။ 


ယန်ဟန်ရှက်သွား၍ မျက်လုံးများကို လက်နှစ်ဖက်ဖြင့် အုပ်ထား‌ချိန်တွင် အသံတစ်သံ ကြားလိုက်ရ၍ နားစွင့်‌လိုက်သည်။


ထိုစုံတွဲမှာ နှစ်ယောက်တည်း ကမ္ဘာ ဖြစ်နေ၍ ကြားဟန်မတူပေ။


မကြာမီ ထူးဆန်းသော အသံသည် ပိုမိုရှင်းလင်းစွာ ကြားလာရသည်။စင်စစ် ထိုအသံမှာ ဇွန်ဘီများ၏ခြေသံများနှင့် တဂီးဂီး အော်ဟစ်သံများ ဖြစ်လေသည်။


မိန်းမပျိုက သတိပြုမိသွားပြီး လူငယ်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး ကြောက်လန့်တကြားပြောသည်။


“အဲ့ဒီ အသံက ဘာသံလဲ...”


လူငယ်က ဂရုမစိုက်ဘဲ သူမကို ဆက်နမ်းလိုက်သည်။


 “ဘာသံမှ မကြားရပါဘူး...ဒီမှာ တို့တွေပဲ ရှိတာ…ဟားဟား...”


လူငယ်က ရယ်မောနေချိန်တွင် ဇွန်ဘီတစ်ကောင်သည် သူတို့ ရှေ့သို့ ပြေးဝင်လာပြီး ထိုလူငယ်၏ မျက်နှာတစ်ခြမ်းကို ကိုက်ဖြတ်လိုက်လေသည်။


မိန်းမပျို၏ မျက်နှာတွင်လည်း သွေးများ စိုရွှဲနေပြီး လွတ်မြောက်ရန် ကြိုးစားသော်လည်း မထနိုင်လောက်အောင် အားနည်းနေသဖြင့် မြက်ခင်းပြင်တွင် လူးလှိမ့်နေရတော့သည်။မကြာမီ ကျန်ရှိနေသည့် ဖုတ်ကောင်များလည်း  သူမတို့နှစ်ဦးဆီ  ပြေးလာကြ‌တော့သည်။


မိနစ်အနည်းငယ်အတွင်းမှာပင် ကိုယ်လုံးတီး လူနှစ်ယောက်၏ ခန္ဓာကိုယ်များသည် သွေးချင်းချင်း နီရဲသွားတော့သည်။


ယန်ဟန်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သွေးပျက်သွားလေသည်။ သူမသည် ဇွန်ဘီဖြစ်‌သော်လည်း လူသား အရှင်လတ်လတ်ကို စားနေသည့် ဇွန်ဘီများကို ကြည့်ပြီး တုန်လှုပ်နေတော့သည်။


ဒီသစ်တောက ဘယ်မှာ ရှိတာလဲ...


တောထဲမှာ ဇွန်ဘီတွေ အများကြီး ဘာလို့ ပုန်း‌နေတာလဲ...


ဇွန်ဘီများသည် စားသောက်ပြီး တောနက်ထဲသို့ ဝင်သွားကြ၍ သူမပါ လိုက်သွားရာ တောနက်ကြီး၏ မှောင်မိုက်‌သော နေရာတွင်  ရပ်နေသည့် လီရှင်းယု ကို မြင်လိုက်ရတော့သည်။


ယန်ဟန် ထိုအိမ်မက်မှ နိုးလာသည်နှင့် ဧည့်ခန်းထဲသို့ သွား၍ နာရီကြည့်လိုက်သောအခါ မနက်၄နာရီ ထိုးခါနီးပြီ ဖြစ်သည်။သူမသည် ဧည့်ခန်းထဲတွင် နာရီကြည့်နေချိန်တွင် လသာဆောင်ဘက်မှ မီးခိုးငွေ့ တစ်ခုကို မြင်လိုက်သဖြင့် သွားကြည့်လိုက်ရာ ဆေးလိပ်သောက်နေသည့် ဟန်ခိုင် ကို တွေ့လိုက်ရသည်။


ယန်ဟန်က ဟန်ခိုင့်ကို လက်ဟန်ဖြင့် မေးလိုက်သည်။


 'ဘာလို့ မအိပ်တာလဲ'


 


ဟန်ခိုင် သည်  မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေသည်။


“အိပ်မပျော်လို့...” 


ထို့နောက် ယန်ဟန်က ကျွန်းပေါ်တွင် တောအုပ်ရှိမရှိ မေးမြန်းလိုက်သည်။  


"ကျွန်းပေါ်မှာ သစ်တောလေးတွေ  အများကြီးရှိတယ်...ဘာဖြစ်လို့လဲ..."


ယန်ဟန်က ပြန်မဖြေသဖြင့် ဟန်ခိုင် က  စီးကရက်ကို နင်းချေကာ အခန်းထဲသို့သွားရန် ပြင်လိုက်သည်။ယန်ဟန်က  သူ့လက်‌မောင်းကို ဆွဲထားပြီး လက်ဟန်ပြ၍ အိပ်မက်ထဲတွင် မြင်ခဲ့သမျှကို ပြောပြလိုက်သည်။


 ဟန်ခိုင် က သူမကို မယုံကြည်နိုင်စွာ ကြည့်ကာ စိုးရိမ်တကြီး မေးလေသည်။ 


“အဲ့သစ်‌တောက ဘယ်မှာလဲ....” 


ယန်ဟန်က ခေါင်းခါလိုက်သည်။ 


"တောထဲမှာ ဇွန်ဘီ ဘယ်နှစ်ကောင် ရှိလဲ..."


 သူမက လက်ဟန်ခြေဟန်ဖြင့် ပြောလေသည်။


' အကောင် ၂၀လောက် '


"တောထဲမှာ အများကြီး ပုန်းနေကြတယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."


ဟန်ခိုင် ၏ အသံသည် သူ့ကိုယ်သူ မေးခွန်း ထုတ်နေသကဲ့သို့ တိမ်ဝင်သွားတော့သည်။


Xxxxx


Chapter 14


သို့သော် သာမန် ဇွန်ဘီများသည် သမားရိုးကျ တွေးခေါ်နိုင်စွမ်း မရှိသောကြောင့် ယန်ဟန်၏ အိပ်မက်ကို ဟန်ခိုင် ယုံကြည်မိသည်။


လီရှင်းယု သည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ့ကို ရန်ပြုရန် ကြိုးစားခဲ့စဉ် ယန်ဟန်က လီရှင်းယု ကို အချိန်မီ တားဆီးပေးခဲ့သည်။ 


ဇွန်ဘီတွေက  အခြေအနေတွေကို တုန့်ပြန်နိုင်လို့လား...


လီနန်ရှန့် ၏ ယူဆချက်အရ လီရှင်းယု ထွက်သွားပြီးနောက် သူမသည် သက်ရှိလူများကို ကိုက်မည် ဖြစ်၍ ဇွန်ဘီဖြစ်စဉ်၏ အစသည် ဤတိုက်ခန်းအနီးတွင်သာ ရှိသင့်သည်။


ထို့ကြောင့် ကျွန်းပေါ်ရှိ သစ်တောများသည် ဤတိုက်ခန်းနှင့် ဝေးနေသဖြင့် ဇွန်ဘီများက ကင်းလှည့်အဖွဲ့များကို ရှောင်ပြီးသွားမှသာ ကျွန်းပေါ်သို့ ရောက်နိုင်ပေလိမ့်မည်။


ထို့အပြင် ယန်ဟန် ၏ အိပ်မက်သာ အမှန်တကယ် ဖြစ်လျှင် မကြာမီက ကျွန်းသူ၊ကျွန်းသားများ၏ ထူးဆန်းစွာ ပျောက်ဆုံးမှုများသည် အမှန်တကယ် ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ တောထဲတွင် ပုန်းနေသည့် ဇွန်ဘီများက သတ်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်။


နောက်တစ်နေ့တွင် ဟန်ခိုင် သည် CDC ထံတွင် နေ့တစ်ဝက် ခွင့်တောင်းပြီး နံနက်စောစောတွင် လီနန်ရှန့် ၏ အဆောင်သို့ သွားလေသည်။


လီနန်ရှန့် သည်  နံနက်၆နာရီတွင် ဂျူတီပြီးသွား၍ တိုက်ခန်းသို့ ပြန်လာရာ  တံခါးဝတွင် ရပ်‌နေသည့် ဟန်ခိုင်ကို မြင်လိုက်ရသည်။


 "အစ်ကို... ဘာကိစ္စရှိလို့လဲ..." 


"ငါ မင်းကို အရေးတကြီးပြောစရာရှိတယ်..."


 


“ အိမ်ထဲအရင်ဝင်ရအောင်...” 


အိမ်ထဲဝင်သွားပြီးနောက် လီနန်ရှန့် သည် နံရံရှိချိတ်တွင် အိမ်သော့ကို ချိတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်ကာ လက်ဖက်ရည် နှစ်ခွက် ဖျော်လာခဲ့သည်။


"လက်ဖက်ရည်က သိပ်တော့ မကျန်တော့ဘူး...ဒါပဲ သောက်ကြတာပေါ့..."


ဟန်ခိုင် သည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး စကားစသည်။


 "မနေ့ညက လီရှင်းယု အကြောင်း တွေးမိတယ်..."


 "လီရှင်းယု..." 


"မင်းတို့အဖွဲ့က ကျွန်းပေါ်က သစ်တောတွေကို စစ်ဆေးခဲ့သေးလား..."


လီနန်ရှန့် ခေါင်းခါလိုက်သည်။


“အဖွဲ့မှာ လူအင်အား မလုံလောက်ဘူး...အဲ့တော့ သစ်တောတွေမှာ ကင်းမလှည့်နိုင်ဘူး....” 


 "မင်း တစ်လခွဲကျော် ကင်းလှည့်တာတောင် လီရှင်းယု ကို ရှာမတွေ့သေးဘူး မဟုတ်လား ...ငါ့အထင် သူမ သစ်တောထဲမှာ ပုန်းနေတာ ဖြစ်နိုင်တယ်..."


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အစ်ကိုရဲ့... လီရှင်းယု က ဇွန်ဘီတစ်ကောင်လေ...."


"နန်ရှန့်... ဇွန်ဘီတွေက မပြောင်းလဲနိုင်ဘူးလို့ ထင်နေလား...သူတို့မှာ သားရဲကောင်တွေလို တွေးခေါ်နိုင်တဲ့ အသိဉာဏ်ရှိတယ်...” 


လီနန်ရှန့် သည် ဟန်ခိုင် ၏ စကားကို ကြားသောအခါ ထိတ်လန့်သွားပြီး ပြန်မပြောနိုင် ဖြစ်နေသည်။


 "အဲ့လို မဖြစ်နိုင်လောက်ပါဘူး..." 


"နန်ရှန့်... ကျွန်းက စည်းလုံးနေတယ်လို့ မင်းထင်နေလား...မင်းတို့အဖွဲ့ လဝက် ကျော်လောက် နေ့ရောညပါ ကင်းလှည့်ခဲ့ပေမယ့် လီရှင်းယုကို တစ်ခါမှ မတွေ့ခဲ့ဘူးလေ...ထူးဆန်းတယ်လို့ မထင်ဘူးလား..."


"ဟုတ်တယ်...အဲ့ဒါတော့ တစ်ကယ်ထူးဆန်းတယ်..."


 "မင်း...ကျွန်း‌ပေါ်က သစ်တောတွေကို စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ကို ချက်ချင်း ဖွဲ့စည်းဖို့ ငါအကြံပေးချင်တယ်..." 


"အခုလား...အရေးကြီးလို့လား..." 


လီနန်ရှန့် မှာ  မယုံနိုင်ဖြစ်နေသည်။


ဟန်ခိုင် က ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ ပြောလေသည်။


"အခုတလော ဖြစ်နေတဲ့ လူပျောက်မှုတွေဟာ လူတွေ ကျူးလွန်တာ မဟုတ်ဘဲ  ဇွန်ဘီတွေ ကိုက်လိုက်တာလို့ ငါထင်တယ်..."


“မဖြစ်နိုင်ဘူး...ဇွန်ဘီတွေက ကိုက်တယ်ဆိုရင်တောင်  ကျွန်တော်တို့ ကင်းလှည့်ရင် တွေ့မှာပေါ့...” 


"သူတို့အားလုံး တောထဲမှာ ပုန်းနေရင် ဘယ်လိုလုပ်မလဲ..."


 ဟန်ခိုင် က ပြန်မေးသည်။


လီနန်ရှန့် က  ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေသည်။


“ဇွန်ဘီတွေ တောထဲမှာ ပုန်းနေဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်... သူတို့က လူတွေမှ မဟုတ်တာ... ပြီးတော့ တောထဲမှာ ဘာဖြစ်လို့ ပုန်းနေရမှာလဲ...”


“နန်ရှန့်...ငါတို့ရဲ့ အတွေးအမြင်ကို ပြောင်းပြီး ဇွန်ဘီတွေကို  တိရစ္ဆာန်တွေလို့ သဘောထားကြည့်လိုက်...သူတို့ရဲ့  ရည်ရွယ်ချက်က အမဲလိုက်ဖို့ပဲ... ဒါပေမဲ့ သူတို့ရဲ့ လက်ရှိအုပ်စုဟာ ငါတို့အစိုးရအဖွဲ့နဲ့ ယှဉ်ရင် သေးလွန်းနေတယ်....ဒါကြောင့် သူတို့က ပုန်းနေပြီးတော့ သူတို့အဖွဲ့ကို ဖြည်းဖြည်းချင်း ချဲ့ထွင်လိမ့်မယ်.... သူတို့က အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ပြီးတဲ့ အခါကျရင် ငါတို့ကို ရက်ရက်စက်စက် တိုက်ခိုက်ကြလိမ့်မယ်...”


လီနန်ရှန့် သည် ဟန်ခိုင် ၏သီအိုရီကြောင့် ထိတ်လန့်သွားသည်။


“အစ်ကိုပြောတဲ့ အချက်တွေထဲမှာ မယုံနိုင်စရာတွေ  အများကြီးရှိတယ်...လီရှင်းယု ပြောင်းလဲသွားတယ်ဆိုတာ ဘာလို့ အစ်ကိုက သေချာနေတာလဲ... လူ တွေပျောက်တဲ့ ကိစ္စက ဇွန်ဘီတွေနဲ့ဆက်စပ်နေတာ ဖြစ်နိုင်လို့လား...ပြီး‌တော့ ဇွန်ဘီတွေက ဘာလို့ တောထဲမှာ ပုန်းနေကြတာလဲ....” 


ဟန်ခိုင် သည် အိပ်မက်ကနေတစ်ဆင့် အနာဂတ်ကို ခန့်မှန်းနိုင်သည့် ဇွန်ဘီတစ်ကောင် သူ့အိမ်တွင် ရှိကြောင်း လီနန်ရှန့် ကို ပြောရန် မဖြစ်နိုင်ပေ။


 "နန်ရှန့်...ဟန် နဲ့ လီ မိသားစုဟာ  အခက်အခဲတွေကို အတူ ရင်ဆိုင်ခဲ့ကြတယ်... ငါ့ကိုယုံပါ...ညီအစ်ကိုတွေဆိုတာ အချင်းချင်း ဘယ်တော့မှ  သစ္စာမဖောက်ဘူး....”


လီနန်ရှန့် ကို  သီအိုရီနှင့် သိမ်းသွင်းခြင်းက အလုပ်မဖြစ်သောကြောင့် ဟန်ခိုင် က စိတ်ခံစားမှုကဒ်ကို ထုတ်သုံးလိုက်သည်။


 " ဟုတ်ပါတယ်...အစ်ကို ကျွန်တော့်ကိုလိမ်မှာ မဟုတ်ဘူး... ဒါပေမဲ့ အစ်ကိုပြောတဲ့စကားက မယုံနိုင်စရာ ဖြစ်နေတယ်..”


 "ယုံပါ..နန်ရှန့်....ငါထင်ထားတဲ့အတိုင်း တကယ် ဖြစ်လာရင် လူတွေအများကြီး နစ်နာရလိမ့်မယ်...”


လီနန်ရှန့် က ခဏကြာ စဉ်းစားပြီးနောက် အစ်ကိုဖြစ်သူကို ယုံကြည်ရန် ဆုံးဖြတ်လိုက်တော့သည်။


Xxxxxx