အပိုင်း ၁၅-၁၆
Viewers 5k

Chapter 15


အချိန်ကုန် သက်သာရန်အတွက် လီနန်ရှန့် သည် အဖွဲ့ကို A,B နှင့် C ဟူ၍ အုပ်စု ၃စုခွဲကာ ကျွန်းပေါ်ရှိ လမ်းကြောင်းသုံးခုမှ သစ်တောများကို တပြိုင်တည်း ကင်းလှည့်ရန် စီစဉ်ထားသည်။အဖွဲ့တစ်ခုစီ၏ တာဝန်ခံသည် စကားပြောစက်ကို အသုံးပြု၍ ပြဿနာ ကြုံရသည့်အခါ ချက်ချင်းသတင်းပို့နိုင်သည်။


 “အုပ်စု A ရဲ့ တာဝန်ခံက ငါပဲ... အုပ်စု B က ထောင်ကျီ...အုပ်စု C ရဲ့ တာဝန်ခံက အားယုံ... အုပ်စု A က မြောက်ဘက်က သစ်တောတွေ...အုပ်စု B က အနောက်တောင်ဘက်က သစ်တောတွေ...  အုပ်စု C က  အရှေ့တောင်ဘက်က သစ်တောတွေ... ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်က တောထဲမှာ ဇွန်ဘီတွေ ရှိမရှိ စစ်ဆေးဖို့ ဖြစ်တယ်... ဒါကြောင့် ဘေးကင်းဖို့က ပထမ ဦးစားပေးပါ...ဘယ်အဖွဲ့မဆို ဇွန်ဘီတွေရဲ့ သဲလွန်စကို တွေ့ရင်  ချက်ချင်း ပြန်ဆုတ်ပြီး သတင်းပို့ရမယ်...နားလည်လား...” 


လီနန်ရှန့် သည် အဖွဲ့သားများ ပျင်းနေကြသည်ကို မြင်လိုက်ရသောကြောင့် အသံကို မြှင့်၍ ပြောလိုက်သည်။


 "နားလည်ပါတယ်..." 


တစ်ညလုံး ကင်းလှည့်ခဲ့ရ၍ အဖွဲ့သားများ ပင်ပန်းနေမှန်း လီနန်ရှန့် သဘောပေါက်သော်လည်း ‌လူအများ ဘေးကင်းရေးအတွက် ရွေးချယ်စရာ မရှိတော့ပေ။


"နားလည်ရင် အလုပ်စပါ..." 


သစ်တောများသည် ကျွန်းအစွန်းတွင် ရှိပြီး  သစ်တောထူသဖြင့် နေပြောက်မထိုးဘဲ အုံ့မှိုင်းနေကြသည်။


"အစ်ကို ထောင်...ခေါင်းဆောင်လီက ဘာကိုဆိုလိုတာလဲ...ကျွန်တော်တို့ တစ်ညလုံး ကင်းလှည့်ရတယ်... နေ့ခင်းဘက်မှာ သစ်တောထဲ ကင်းလှည့်တာကို ကျွန်တော်တော့ သဘောမကျဘူး...."


ချန်ထောင် သည် မကျေမနပ်ဖြစ်နေသော အဖွဲ့သားများကို ဒေါသတကြီးပြော‌လိုက်သည်။


 "မင်းက ခေါင်းဆောင် စီစဉ်ပေးတဲ့ တာဝန်ကို မလုပ်ချင်တာလား.." 


"အစ်ကို‌ရော မတွေးမိဘူးလား...အစ်ကို က အုပ်စု B ရဲ့ အကြီးအကဲပါ...ကျွန်တော် အစ်ကို့ကို ထင်ထားတာက...”


စကားမဆုံးမီ ချန်ထောင် က စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။


 “မင်း..ကိုယ့်‌နေရာကို ပြန်သွား...  အရမ်း စိတ်ပျက်စရာ ကောင်းတယ်..  ယင်ကောင် မြည်နေတာ ကျနေတာပဲ.. မင်းပျင်းနေပြီလား...ဒါအသက်နဲ့ရင်းထားရတာကွ..." 


ထိုလူငယ်က မှုန်ကုပ်ကုပ် ကြည့်ပြီး ပြန်မပြောဝံ့သောကြောင့် အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။ အုပ်စု B သည် တောထဲ၌ အစဥ်လိုက်မသွားဘဲ ဖြန့်ကျက်သွားနေကြစဉ် ရုတ်​တရက် အဖွဲ့သားတစ်​​ယောက်၏ အော်သံကို ကြားရလေသည်။


ချန်ထောင် သည် အလွန်ထိတ်လန့်သွားပြီး နောက်ပြန်လှည့်၍ မေးလိုက်သည်။


 "ဘာဖြစ်လို့လဲ..လန့်သွားတာပဲ..." 


အော်လိုက်သည့် လူငယ်က တုန်ယင်စွာဖြင့် ပြန်ပြောသည်။ 


 “အစ်ကို...မြေကြီး‌ပေါ်မှာ သွေးတွေ...” 


ချန်ထောင် သည် ‌အခြေအနေကို စစ်ဆေးရန် အမြန် ပြေးသွားလိုက်ရာ ‌ခြောက်နေပြီ ဖြစ်သည့် သွေးကွက်ကြီးကို တွေ့လိုက်ရသည်။


ချက်ချင်းပင်​ တစ်ဖွဲ့လုံး နိုးကြားလာပြီး ပတ်​၀န်းကျင်​ကို ထိတ်​လန့်​စွာ ကြည့်နေစဉ် ရုတ်တရက် နောက်တစ်ယောက်က အော်လိုက်ပြန်သည်။


 "ဘာဖြစ်ပြန်ပြီလဲ..."


ထိုလူငယ်က မြက်ခင်းကို လက်ညှိုးထိုးပြပြီး ကတုန်ကယင် ပြန်ဖြေလေသည်။


"အစ်ကိုထောင်...မြက်…ဒီလက်ပြတ်ကြီးက မြက်တွေကို ဆုပ်ထားတယ်..” 


ချက်ချင်းပင် ချန်ထောင် သည် အနီးရှိ အဖွဲ့သားများကြား တိုးဝှေ့သွားကာ မြက်ခင်းပြင်ကို ကြည့်လိုက်သည်။ လက်ပြတ်ကြီးသည် ပုပ်ပွနေပြီး ယင်များနှင့် လောက်များမှာ မြင်မကောင်းအောင် ဝိုင်းအုံ စားသောက်နေကြသည်။


“အစ်ကိုထောင်... ဒီလက်ပေါ်က ဒဏ်ရာကိုကြည့်... အကိုက်ခံထားရတဲ့ ပုံစံကြီး.." 


အဖွဲ့ဝင်များက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။


 “ဒါဆို… ဒီတောထဲမှာ ဇွန်ဘီတွေ တကယ်ရှိနေတာပေါ့...” 


ချန်းထောင် ၏ စိတ်ထဲတွင် အချက်ပေးသံကြီး တစ်ခု မြည်ဟည်းနေပြီး အခြားအဖွဲ့များကို ဆက်သွယ်လိုက်သည်။


"အုပ်စု A...အုပ်စု A...အုပ်စု B မှာ ရေးပေါ်.....အုပ်စု B မှာ အရေးပေါ်...ကြားရင် အကြောင်းပြန် ဒါပဲ..."


 “အုပ်စု C...အုပ်စု C... အုပ်စု B မှာ အရေးပေါ်.. အုပ်စု B မှာ အရေးပေါ်...ကြားရင် အကြောင်းပြန် ဒါပဲ...”


"ဆုတ်...အမြန်ပြန်ဆုတ်ကြ..." 


ချန်ထောင် သည် အဖွဲ့သားများအားပြန်ဆုတ်ရန် ပြောခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီး အဖွဲ့၏ နောက်ဆုံးတွင် ရှိနေသော လူငယ်သည်  ဇွန်ဘီတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။


ချန်ထောင် သည် ချွေးစေးတို့ စိုရွှဲနေကာ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အော်ပြောလိုက်သည်။


"အားလုံးစုပြီး တောထဲက ထွက်သွားကြ..." 


ထို့နောက် အဖွဲ့သားတိုင်းသည်  သေနတ်များကို အမြန်ထုတ်လိုက်ကြပြီး  တောထဲမှ အမြန်ပြန်ဆုတ်လိုက်ကြသည်။


 ……


အုပ်စု C နှင့် အုပ်စု B တို့သည် ကျွန်း၏ တောင်ဘက်တွင် တာဝန်ကျ၍ အုပ်စု C မှ တာဝန်ခံက အုပ်စု B ထံမှ အကူအညီ တောင်းသည်ကို ကြား၍ အုပ်စု B ဆီသို့ ချက်ချင်းပင် တစ်ဖွဲ့လုံး သွားရောက်ကြသည်။


အုပ်စု C ရောက်လာပြီးနောက် တောထဲတွင်  သေနတ်သံများ နှင့် အော်သံများ ပွက်လောရိုက်အောင် ထွက်ပေါ်လာတော့သည်။


အုပ်စု C ၏ခေါင်းဆောင် ကျန်းယုံ သည် သူ၏ အဖွဲ့၀င်များကို သစ်တောအပြင်တွင် စောင့်ဆိုင်းရန် အဖွဲ့ခေါင်းဆောင်ကို ဦးဆောင်ခဲ့သည်။ 


"အစ်ကိုယုံ... အုပ်စု B အဖွဲ့ဝင်တွေ မထွက်လာသေးဘူး...ကျွန်တော်တို့ဝင်ပြီး ကူညီသင့်လား..." 


အုပ်စု C မှ အဖွဲ့ဝင်တစ်ဦးက ရှေ့သို့ တိုးလာပြီး မေးလေသည်။ 


ကျန်းယုံ က စိတ်ရှုပ်ထွေးစွာ ပြန်ပြောသည်။


 "အထဲက အသံတွေ မကြားဘူးလား... အခုပစ်ခတ်သံ ကြားနေရတဲ့ အရှေ့တောင်ဘက်ကို မြန်မြန် သွားမယ်ဆိုရင်တောင် မိနစ်၂၀ကြာမယ်... မိနစ်၂၀လောက်ကြာရင် အုပ်စု B က ညီအကိုတွေ.…” 


ကျန်းယုံ ဆက်ပြောဖို့ အားမရှိတော့ပေ။


“ညီအစ်ကိုတို့... ဇွန်ဘီတစ်ကောင် တောထဲက ပြေးထွက်လာရင် ခေါင်းကို တည့်တည့်ပစ်...” 


ကျန်းယောင် က သူ့နောက်က ညီအစ်ကိုများကို ကျယ်လောင်စွာ ပြောလိုက်သည်။


တောထဲရှိ ပစ်ခံသံများမှာ တဖြည်းဖြည်း လျော့ပါးလာသောကြောင့်  အုပ်စု B မှ အသက်ရှင် ကျန်ရစ်သူ မရှိတော့ ဟု ယူဆရသည်။


အုပ်စုC အဖွဲ့သားများမှာ တစ်တောလုံး တိတ်ဆိတ်နေကြသဖြင့် ပို၍ပင် ကြောက်ရွံ့လာကြသည်။မည်သည့်နေရာကမဆို ဇွန်ဘီတစ်ကောင် ထွက်ပေါ်လာနိုင်သောကြောင့် မျက်တောင်ပင် မခတ်ဝံ့ကြပေ။


သူတို့အားလုံးသည် ယွင်ကျင့် မြို့မှ လွတ်မြောက် လာသူများဖြစ်၍ ဇွန်ဘီများ အကိုက်ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။


ရုတ်တရက် သစ်ကိုင်းများ ပွတ်တိုက်သံများနှင့် ခြေသံပြင်းပြင်းတို့မှာ တောအုပ်ထဲမှ တစ်စုံတစ်ခု ပြးထွက်လာသကဲ့သို့ ကြားနေရလေသည်။


Xxxxxxx


Chapter 16


အုပ်စု C မှ အဖွဲ့ဝင်များသည် လက်ထဲမှ သေနတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပြီး အသံလာရာဘက်သို့ စိုက်ကြည့်နေကြသည်။


မကြာမီ အဝေးမှ တရွေ့ရွေ့လာနေသော လူတစ်ယောက်ကို ကျန်းယုံ မြင်လိုက်သောအခါ သေနတ်ခလုတ်ကို ဆွဲမည်ပြုစဉ် အဖွဲ့ဝင်တစ်ယောက်က တားလိုက်သည်။


"မပစ်ပါနဲ့...အဲ့ဒါ အစ်ကိုထောင် ပါ..." 


 


ထို့နောက် ကျန်းယုံ သေချာကြည့်လိုက်ရာ အမှန်တကယ်ပင် ချန်ထောင် ဖြစ်နေသည်ကို တွေ့ရသော်လည်း ချန်ထောင် ၏နောက်တွင် ဇွန်ဘီတစ်ကောင် လိုက်လာသောကြောင့် ချက်ချင်းပင် သေနတ်ကို ပြန်ချိန်လိုက်သည်။


ထိုဇွန်ဘီ၏ မျက်နှာတစ်ပြင်လုံးသည် သွေးများ‌ပေကျံနေကာ သွားဖုံးများက ပွင့်ထွက်နေပြီး ရှေ့မှပြေးနေသော ချန်ထောင်ကို ဖမ်းရန် လက်များဆန့်တန်းလျက် လိုက်ပါလာသည်။ကျန်းယုံ သည် သေနတ်ခလုတ်ကို အမြန်ဆွဲလိုက်ပြီး ချန်းထောင် နောက်မှ ဇွန်ဘီကို ပစ်လိုက်သော်လည်း ဇွန်ဘီမှာ ပြေးနေသဖြင့် မျက်လုံးများကိုသာ ထိမှန်သွားသည်။ထို့နောက် ဆက်တိုက်ဆိုသလို ဇွန်ဘီ၏ ဦးခေါင်းကို အချက်ပေါင်းများစွာ ပစ်လိုက်ရာ ဦးခေါင်းတစ်ခုလုံး ပျက်ဆီးသွားပြီး  ဦးနှောက်များနှင့်  အသားစများသည်  ချန်ထောင် ကိုယ်ပေါ်တွင် ဖြန်းကနဲ ပေကျံသွားလေသည်။


ချန်ထောင် သည် လက်တစ်ဖက်ဖြင့် သူ့လည်ပင်းရှိ ဒဏ်ရာကို တင်းကြပ်စွာဖိထားပြီး ကျန်လက်တစ်ဖက်က သေနတ်ကို ကိုင်ထားသည်။သူ့နောက်မှ လိုက်လာ‌သော ဇွန်ဘီ သေသွားသည်ကို မြင်လိုက်လျှင် ကြိုးပြတ်သွားသည့် အရုပ်ပမာ ချက်ချင်းခွေခေါက်လဲကျ သွားလေတော့သည်။ 


ချန်ထောင် သည် ဇွန်ဘီအကိုက်ခံထားရသဖြင့် မည်သူမျှ သူ့ဆီ မချဉ်းကပ်ဝံ့ကြပေ။ထိုစဥ် ချန်ထောင်သည် မြေပြင်ပေါ်တွင် လဲနေရာမှ ခေါင်းထောင်လိုက်၍ ကျန်းယုံ ၏ အမည်ကို ခေါ်နေလေ၏။


"အားယုံ...အားယုံ..." 


ကျန်းယုံ က စိတ်လှုပ်ရှားစွာ တံတွေးကို မျိုချလိုက်ပြီး ခြေလှမ်းကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ အဖွဲ့ C မှ အဖွဲ့သားတစ်ဦးသည် ကျန်းယုံ ကို အမြန်ဖမ်းဆွဲထားသည်။ 


"အစ်ကို ယုံ.. မသွားပါနဲ့.." 


 "ရပါတယ်... ငါသတိထားပါ့မယ်..."


ကျန်းယုံမှာ အန္တရာယ်မဖြစ်ချင်သော်လည်း ချန်ထောင်သည် တောထဲမှ  အသည်းအသန် ပြေးထွက်လာခြင်းမှာ အရေးကြီးကိစ္စ ဖြစ်မည်ဟု သူထင်မိသည်။


ကျန်းယုံ သည် ချန်ထောင်အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။


 "အားယုံ... ငါ့အနားကို အရမ်း မကပ်ပါနဲ့... ငါ့ဒဏ်ရာက အခြေအနေ ဆိုးနေလို့ မကြာခင် ငါ ဇွန်ဘီတစ်ကောင် ဖြစ်လာတော့မှာ...ငါမင်းကို အရေးကြီးပြောစရာ ရှိတယ်...ပြောပြီးတာနဲ့ မင်းငါ့ကို ပစ်သတ်လိုက်...” 


“တောထဲမှာ ဇွန်ဘီအကောင် ၂၀ကျော်လောက်ရှိတယ်...အုပ်စု B ကအဖွဲ့သားက ၉‌ ယောက်လောက် ဇွန်ဘီ ဖြစ်သွားကြပြီ... စုစုပေါင်း အယောက် ၃၀‌ ကျော်လောက်ရှိသွားပြီ... ပြီးတော့… ထိုအဲ့ဒီဇွန်ဘီတွေအားလုံးက ငါတို့အရင်က တွေ့ဖူးခဲ့တဲ့ ဇွန်ဘီတွေနဲ့ မတူဘူး...သူတို့မှာ အစီအစဉ်တွေ၊နည်းဗျူဟာတွေ ရှိပုံရတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင်ကို ပြန်ပြောဖို့လိုတယ်...ရပြီ...ငါပြောချင်တာ ဒါပဲ...မင်း...မင်း ငါ့ကို ပစ်သတ်လိုက်တော့..."


 "အစ်ကိုထောင်..."


ကျန်းယုံ ၏ အသံက တစ်တောလုံးပဲ့တင်ထပ်သွားတော့သည်။


“အစ်ကိုထောင် ရဲ့ နောက်ဆုံးဆန္ဒအ‌နေနဲ့ ဘာများပြောချင်သေးလဲ....” 


ကျန်းယုံက အားတင်း၍ မေးလိုက်သည်။


"ငါ့မိသားစုက ယွင်ကျင့် မြို့မှာ သေဆုံးသွားပါပြီ... ဘာမှစိုးရိမ်စရာ မရှိပါဘူး...အုပ်စု B က ညီအစ်ကိုတွေအတွက် ငါစိတ်မကောင်းဘူးကွာ... သူတို့အားလုံး  သေသွားကြပြီ..."


" ဒီလိုကြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...အစ်ကို ထောင်ရယ်...ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့..." 


"အားယုံ.. မင်း စကားဆက်ပြောမနေနဲ့တော့... ငါလည်း ဇွန်ဘီမဖြစ်ချင်ဘူး..ပြီးတော့ ငါ့ညီအစ်ကိုတွေကိုလည်း မနာကျင်စေချင်ဘူး...မင်း..မင်း..ငါ့ကို အမြန်ပစ်သတ်တော့..."


ကျန်းယုံ  တုံ့ဆိုင်းသွားပြီး ချန်းထောင် ၏ ခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။


 "‌ကပ္ပတိန်လီ..ဒီမှာ.." 


အုပ်စု C မှ အဖွဲ့သား တစ်ဦးက ရုတ်တရက် အော်လိုက်သဖြင့်


 ကျန်းယုံက လီနန်ရှန့် ဆီကို အမြန်သွားပြီး ပြောလိုက်သည်။


"ဗိုလ်ကြီး.. အုပ်စု B ထဲက လူတွေ အားလုံး သေကုန်ပြီ..." 


လီနန်ရှန့် က လေးနက်စွာ ပြောလေသည်။ 


"တစ်ခုခုတွေ့ရင် အမြန်ပြန်ဆုတ်ဖို့ ငါပြောထားတယ် မဟုတ်လား.." 


"အုပ်စု B က  အစ်ကိုချန်ထောင်ပဲ ထွက်လာပေမယ့် သူလည်း အကိုက်ခံထားရတယ်..." 


လီနန်ရှန့် သည် ချန်ထောင် ဆီ အမြန် သွားလိုက်ပြီး ချန်ထောင် အနီးရှိ ဇွန်ဘီကိုကြည့်ကာ ဟန်ခိုင် ပြောခဲ့သည်များမှာ မှန်ကန်နေကြောင်း သဘောပေါက်သွားသည်။


လီနန်ရှန့် က မြေပြင်တွင် လှဲနေ၍ ဝေဒနာခံစားနေရရှာသော ချန်ထောင် ကို ပြောလိုက်သည်။


"တစ်ခုခုထူးခြားရင် ချက်ချင်းပြန်ဆုတ်ဖို့ မင်းကိုငါ ပြောထားတယ်မဟုတ်လား... ဒါက ဘယ်လိုဖြစ်ရတာလဲ..."  


“ဗိုလ်မှူး...ကျွန်တော်တို့ ပြန်ဆုတ်ဖို့ အသင့်ပြင်နေတုန်းမှာ အရမ်းနောက်ကျသွားခဲ့ပြီ...တောထဲမှာကလည်း မှောင်မည်းနေတော့ ဇွန်ဘီတွေ အသာစီးရပြီး အုပ်စုလိုက် ထွက်လာပြီးတော့ တိုက်ခိုက်ကြတယ်...ဗိုလ်ကြီး...အဲ့ဒီ ဇွန်ဘီတွေအားလုံး အရမ်းထူးဆန်းတယ်...သူတို့..သူတို့…”


ချန်ထောင် စကားမဆုံးမီ  အပြင်းအထန် ချောင်းဆိုးလာပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေလေသည်။


မကြာမီ ချန်ထောင်  ဖုတ်ကောင် ဖြစ်လာပေတော့မည်။


လီနန်ရှန့်သည်  တုံ့ဆိုင်းမနေဘဲ သေနတ်ကို ထုတ်ကာ ချန်ထောင် ၏ ခေါင်းကို ပစ်လိုက်‌သောအခါ ကျန်းယုံ က လီနန်ရှန့်ကို ထိတ်လန့်တကြား မေးလိုက်သည်။


" အစ်ကိုထောင် ရဲ့ အလောင်းကို ဘယ်လိုလုပ်ရမလဲ.." 


"သူနဲ့ ဒီဇွန်ဘီရဲ့ အလောင်းကို မီးရှို့ဖို့ တခြား ညီအစ်ကိုတွေနဲ့ အတူတူ စီစဉ်လိုက်ကြ..."


အလောင်းနှစ်လောင်းကို မီးရှို့ပြီးနောက် လီနန်ရှန့် က အဖွဲ့နှင့်အတူ ပြန်လာခဲ့ကြသည်။


 "ဗိုလ်ကြီး... တောထဲက ဖုတ်ကောင်တွေကော..." 


အဖွဲ့သားတစ်ယောက်က မေးလိုက်သည်။


“ငါတို့ အထက်ကို တင်ပြဖို့ အရင်ပြန်သွားရမယ်... ငါတို့ ညီအစ်ကိုတွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ... ဒီကိစ္စကို အချိန်ယူစီစဉ်ပြီး ဒီဇွန်ဘီတွေကို ငါတို့ဘက်က မထိခိုက်ဘဲ တစ်ကြိမ်တည်းနဲ့ အပြတ် ရှင်းပစ်ဖို့ ကြိုးစားရမှာ...”


Xxxxxx