Chapter 17
လီနန်ရှန့် က ကျန်းယုံ ကို စစ်ဆင်ရေးဌာန အကြီးအကဲထံ ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန် ခေါ်လာသည်။ စစ်ဆင်ရေးဌာန၏ အရာရှိ ကျန်းဟိုင် သည် အကြောင်းစုံကို သိရပြီးနောက် ရှုကျုံးဟမ် ထံသို့ အသေးစိတ်တင်ပြပြီး တောထဲရှိ ဇွန်ဘီများကို တစ်ရှိန်ထိုး သုတ်သင်ရန် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းရန် အကြံပြုခဲ့သည်။
ရှုကျုံးဟမ် က ခဏမျှ စဉ်းစားနေသေးသည်။
"ဇွန်ဘီတွေက တောထဲမှာ ပုန်းနေတယ် ဟုတ်လား..."
လီနန်ရှန့် က သေသေချာချာ ရှင်းပြလိုက်သည်။
“ဝန်ကြီး...ကျွန်တော် တောထဲမဝင်ခဲ့ပေမယ့် ညီအစ်ကို ၁၀ယောက်ကျော် သေဆုံးသွားပါတယ်... ဇွန်ဘီတစ်ကောင်က ချန်ထောင် နောက်ကနေ လိုက်လာတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်တွေ့ခဲ့တာပါ... ချန်ထောင် ကလည်း အဲ့ဒီဇွန်ဘီ အကိုက်ခံရလို့ ဆုံးသွားပါပြီ..."
"ဒါဆို အဖွဲ့ ၅ဖွဲ့ လွှတ်ပေးမယ် ...လုံလောက်ရဲ့လား..."
"ကျွန်တော်တို့ဌာနရဲ့ အဖွဲ့ ၁၀ ခုစလုံး တောထဲက ဇွန်ဘီအုပ်ကို နှိမ်နှင်းဖို့ ပိုက်ကွန်ပိတ်နည်းကို အသုံးပြုသင့်ပါတယ် ခင်ဗျာ..."
"ရှောင်လီ...မင်းပြောနေတာ ပိုက်ကွန်ပိတ်နည်း ဟုတ်လား..."
လီနန်ရှန့် သည် စားပွဲပေါ်ရှိ သစ်တောမြေပုံကို လက်ညိုးဖြင့် ထောက်ပြလိုက်သည်။
"အဖွဲ့ ၁၀ ဖွဲ့စလုံးဟာ အနောက်တောင်ဘက်က သစ်တောထဲကို ဖြည်းဖြည်းချင်း တောနက်ထဲအထိ ရှာဖွေမှာ ဖြစ်ပါတယ်... ဇွန်ဘီတစ်ကောင်ကိုတွေ့ရင် ချက်ချင်း သတ်ပစ်လိုက်ရင် နောက်ဆုံး သူတို့ကို နှိမ်နှင်းနိုင်မှာ အသေအချာပါပဲ...”
ဝန်ကြီးက ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ... နည်းဗျူဟာက ကောင်းပါတယ်... ဒါဆို အဖွဲ့ ၁၀ဖွဲ့ လွှတ်ပေးမယ်...ရှောင်လီကပဲ စစ်ဆင်ရေးကို ဦးဆောင်ပါ...”
“ဝန်ကြီး... ဒီကိစ္စကို မြန်မြန် လှုပ်ရှားသင့်ပါတယ်... မနက်ဖြန် မနက်စောစော မှာ အစီအစဉ် စတင်ဖို့ ကျွန်တော်အကြံပြုချင်ပါတယ်...”
"ကောင်းပြီ...အရာရှိ ကျန်း.. မင်း ဒီနေ့ည ကင်းလှည့်မယ့် အဖွဲ့ကို ဖျက်လိုက်ပါ...ရှောင်လီ က သူတို့ကို သစ်တောကို လွှတ်ပေးလိမ့်မယ်..."
ရှုကျုံးဟမ် က လီနန်ရှန့် ကို လှည့်ကြည့်လိုက်ပြီး
"ရှောင်လီ...မင်း သေသေချာချာ စစ်ဆင်ရေးကို စီစဉ်... အဖွဲ့ ၁၀ဖွဲ့ လွှတ်လိုက်မယ်...အသေအပျောက် နည်းအောင် လုပ်... ဒီနေ့လို အဖွဲ့သားတွေ အများကြီး မဆုံးရှုံးပါစေနဲ့.... မင်းက အထက်လူကြီးကို သတင်းမပို့ဘဲ အသင်းကို ခေါ်သွားလို့အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်ရတယ်...စည်းမျဥ်း၊စည်းကမ်းအရ မင်းကို ငါ အရေးယူလို့ရတယ်... အဲ့ဒီတော့ မနက်ဖြန်ကျရင် အလုပ်ကို ကောင်းကောင်းလုပ်ပါ...ဒါမှ ငါ ဒီနေ့ကိစ္စကို ကြေအေးနိုင်မယ်...ကြားရဲ့လား...“
“ဟုတ်ကဲ့...”
စစ်ဆင်ရေး မစတင်မီ ညတွင် လီနန်ရှန့်သည် ဟန်ခိုင် ထံသွားသည်။
ဟန်ခိုင်၏ အိမ်သို့ရောက်သောအခါ လီနန်ရှန့်က စကားစလိုက်သည်။
"အားခိုင်... အစ်ကို ထင်တဲ့အတိုင်းတကယ်ဖြစ်ခဲ့တယ် ...."
“ဘာဖြစ်လို့လဲ..”
“တောထဲမှာ ဇွန်ဘီတွေ တစ်ကယ်ရှိတယ်.. “
ဟန်ခိုင် ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
“ဘယ်နှစ်ယောက်လဲ...”
“ဝင်သွားတဲ့ ညီအစ်ကို ပြောတာတော့ အယောက် ၂၀ လောက်ရှိတယ်တဲ့.... အခုဆို ၃၀ ကျော်လောက် ရှိသွားပြီ...”
ယန်ဟန်၏ အိပ်မက်သည် အမှန်ဖြစ်လာတော့သည်။
"၃၀...ဟုတ်လား...ဘာလို့တိုးလာတာလဲ..."
“ကျွန်တော်က အဖွဲ့ကို အုပ်စုသုံးစုခွဲပြီး တစ်စုကို လူ၁၀ ယောက်ပြန်ခွဲပေးလိုက်တယ်...တောထဲမှာ ဇွန်ဘီတွေနဲ့ တွေ့တဲ့အုပ်စုက အဖွဲ့ဝင်အားလုံး သေသွားပြီး အဖွဲ့ခေါင်းဆောင်ကပဲ ပြန်ပြေးထွက်လာနိုင်တယ်...ဒါပေမဲ့ သူလည်း ဇွန်ဘီကိုက်ခံခဲ့ရတယ်...”
လီနန်ရှန့် က ချန်ထောင် အကြောင်းကို ပြောနေရင်း ဝမ်းနည်းသွားသည်။
"ဆုံးရှုံးမှုက အရမ်းများပါလား..."
ဟန်ခိုင် မယုံနိုင်ဖြစ်သွားသည်။ လက်နက်ကိုင် တပ်ဖွဲ့များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကစနစ်တကျ လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။
"ချန်ထောင် ရဲ့အပြောအရ သစ်တောထဲက ဇွန်ဘီတွေဟာ ကိုင်တွယ်ရ ခက်ခဲတယ် လို့ပြောတယ်... တောထဲက ဇွန်ဘီတွေက အစ်ကို ပြောသလိုပဲ အသိဉာဏ် ရှိနေပုံရတယ်...."
"ဒါဆို မင်းသူတို့ကို ဘယ်လိုဖြေရှင်းမလဲ...."
လီနန်ရှန့်က သူ့အစီအစဉ်ကို အသေးစိတ် ရှင်းပြလိုက်သောအခါ ဟန်ခိုင်က အစီအစဉ် အောင်မြင်နိုင်သည်ဟု ခံစားမိပြီး လီနန်ရှန့် ကို သတိထားရန် မှာကြားလိုက်သည်။
လီနန်ရှန့် မရောက်လာမီ ဟန်ခိုင်က ယန်ဟန်ကို 'ဇွန်ဘီတွေအကြောင်း ထပ်ပြီး အိပ်မက် မက်သေးလား' ဟု မေးခဲ့သည်။
ယန်ဟန်က ခေါင်းခါလိုက်ပြီး လက်ဟန်ဖြင့် ပြောသည်။
' အိပ်မက်တွေကို ကျွန်မကိုယ်တိုင် ထိန်းချုပ်ထားလို့ မရဘူး...ပြီးတော့ ညတိုင်းလည်း အိမ်မက် မမက်ဘူး..."
ဟန်ခိုင် စိတ်ညစ်သွားပြီး ဤကိစ္စတွင် အပြောင်း၊အလဲ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လီနန်ရှန့် ကို သတိထားရန် ထပ်ခါတလဲလဲ ပြောခဲ့ခြင်း ဖြစ်သည်။
လီနန်ရှန့်သည် အဆောင်သို့ အပြန်လမ်းတွင် လမ်းကြားကိုဖြတ်သွားသောအခါ စိတ်ညစ်နေပုံရသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။အသက်ငါးဆယ်ကျော် အရွယ်ရှိ ထိုအမျိုးသမီးသည် အသက်မဲ့နေသကဲ့သို့ လမ်းကြားထဲတွင် လှည့်လည်သွားလာပြီး သားကောင်ကို လိုက်ရှာနေသည့် ဇွန်ဘီ တစ်ကောင်နှင့်တူနေသည်။
လီနန်ရှန့် သည် သေနတ်ကို ထုတ်ကာ သူမကို ချိန်ရွယ်ထားလိုက်သည်နှင့် အမျိုးသမီးက သူ့ကို လည်ပြန်လှည့်ကြည့်လိုက်သည်။
' လူပဲ...'
လီနန်ရှန့်က သက်ပြင်းတစ်ချက်ချကာ သူမကို မေးလိုက်သည်။
“အစ်မကြီး...ညဉ့်နက်သန်းခေါင် ဘာလို့ အပြင်ထွက်လာရတာလဲ... အန္တရာယ်ရှိမှန်း အစ်မ မသိဘူးလား..."
“ကျွန်မ ချူးလျှိုရှန်း ကို ရှာနေတာ... သူဘယ်ရောက်သွားလဲမသိဘူး..."
"ဟင်..."
လီနန်ရှန့် သည် ထိုအမျိုးသမီး ပြောသည့် စကားကို နားမလည်ပေ။
"ချူးလျှိုရှန်း က မနေ့ညက အပြင်ထွက်ပြီး အပေါ့သွားတယ်..အဲ့ကတည်းက ပြန်မလာတော့ဘူး... အရင်ကဆို အပေါ့၊အလေးကို အပြင်ထွက်ပြီး သွားရင် အမြဲတမ်း အချိန်မှန်ပြန်လာတယ်... မနေ့ည ၁၁ နာရီလောက်က ကျွန်မ အိမ်မှာစောင့်နေတာ..သူပြန်မလာဘူး... အချိန်ကလည်း လင့်နေပြီမို့ သူ့ကို လိုက်မရှာတော့တာ... ... နောက်နေ့ မနက်စောစောကျမှ သူ့ကို လိုက်ရှာတော့ သူ့ကို ရှာမတွေ့ခဲ့ဘူး...အခုထိမတွေ့သေးတာ...”
သူမစကားအရ ချူးလျှို့ရှန်း သည် ခွေးတစ်ကောင်ဖြစ်ကြောင်း လီနန်ရှန့် သဘောပေါက်သွားသည်။
"အစ်မ ချူးလျှိုရှန်း က ခွေးနာမည်လား...ခွေးတွေက အပြင်ကို ထွက်လည်တတ်တယ်....သုံး၊လေးရက်ကြာရင် အိမ်ကို ပြန်လာပြန်ရော...ဒီရက်ပိုင်း ကျွန်းကလည်း မအေးချမ်းဘူး... အစ်မအတွက် အရမ်းအန္တရာယ်များတယ်...အိမ်မြန်မြန်ပြန်တော့...ခွေးကို ဆက်မရှာနဲ့တော့နော်...မနက်ဖြန်ကျရင် ချူးလျှိုရှန်း ပြန်လာမှာပါ..."
"ချူးလျှိုရှန်း က ကျွန်မခင်ပွန်းရဲ့ခွေးပါ...ကျွန်မခင်ပွန်း ကွယ်လွန်သွားတာ နှစ်အတော်ကြာနေပါပြီ...သူက ခွေးလေးကို ကျွန်မနဲ့အတူ နေဖို့ ထားခဲ့တာ... ချူးလျှိုရှန်းက အရမ်းလိမ္မာတယ်... အပြင်ထွက်ပြီး ဘယ်လောက်ပဲဆော့ဆော့ အမြဲ အိမ်ကိုပြန်လာတယ်...ဒီတစ်ခါ ဘာဖြစ်သွားလဲမသိဘူး..."
ထိုအစ်မကြီးက အခြားလမ်းကြားထဲသို့ ဆက်လျှောက်သွားရင်း သူမကိုယ်သူမ ရေရွတ်လိုက်သည်။
သူမထွက်သွားချိန်အထိ ခွေးကို တစ်ကြော်ကြော် အော်ခေါ်နေလေသည်။
"ချူးလျှိုရှန်း...ချူးလျှိုရှန်း..."
ထိုအစ်မကြီး စကားနားမထောင်သည်ကို မြင်လိုက်ရသောအခါ လီနန်ရှန့် က သူမကို ပြန်ဆွဲခေါ်ချင်သော်လည်း နာရီကိုကြည့်လိုက်ရာ ၉နာရီထိုးနေပြီ ဖြစ်သည်။
ထို့ကြောင့် မနက်ဖြန် မနက် စစ်ဆင် ရေးအတွက် ညီအစ်ကိုများကို မှာကြားရမည် ဖြစ်၍ စောစောအိပ်ရန်အဆောင်သို့သာ လျှောက်သွားလိုက်တော့သည်။
Xxxxx
Chapter 18
နောက်တစ်နေ့ နံနက်စောစောတွင် လီနန်ရှန့် သည် အစီအစဉ်အတိုင်း အဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆင်ရေး မစတင်မီ အစီအစဉ်များကို ဂရုတစိုက် ရှင်းပြလိုက်သည်။
ဝန်ကြီး ရှုကျုံးဟမ် နှင့် ဌာန အရာရှိ ကျန်းဟိုင် တို့လည်း လာရောက်စစ်ဆေးခဲ့ပြီး လီနန်ရှန့် က ကြိုတင်ကာကွယ်မှုများနှင့် စစ်ဆင်ရေးအစီအစဉ်များအား တင်ပြလိုက််သည်။ ထို့နောက် ကျန့်ဟိုင် နှင့် ရှုကျုံးဟမ် တို့က အဖွဲ့သားများ စိတ်ဓာတ်တက်ကြွရန် စကားအနည်းငယ် ပြောကြပြီး လီနန်ရှန့် က အဖွဲ့အားလုံးကို အနောက်တောင်ဘက်ရှိ တောအုပ်ဆီသို့ ပို့ဆောင်ပေးလေသည်။
စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့သားများသည် သစ်တောကို ဝိုင်းထားရာမှ သစ်တောအလယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
ဤနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ပြီး တောလယ်သို့ ရောက်သောအခါ ဇွန်ဘီ ၂ကောင် သတ်ပြီးသွားပြီ ဖြစ်သည်။
တောအုပ်ကို ဝိုင်းရံထားစဉ်အတွင်း အဖွဲ့ဝင်များ၏ နေရာမှာ တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးနေသဖြင့် လီနန်ရှန့် သည် ဇွန်ဘီ မည်မျှသတ်ပစ်ခဲ့သည်ကို မသိသေးပေ။
"အဖွဲ့တစ်ဖွဲ့စီရဲ့ ခေါင်းဆောင်က ကိုယ့်အဖွဲ့က သတ်ခဲ့တဲ့ ဇွန်ဘီအရေအတွက်ကို တင်ပြပါ.."
အဖွဲ့ခေါင်းဆောင်များ တင်ပြပြီးသွားသောအခါ အချို့အဖွဲ့များသည် ဇွန်ဘီတစ်ကောင်မျှ မသတ်လိုက်ရဘဲ ၊အချို့အဖွဲ့များမှာ တစ်ကောင်၊နှစ်ကောင်သာ သတ်နိုင်ကြသည်။နောက်ဆုံး အားလုံးပေါင်းလိုက်သော် ဇွန်ဘီ ၉ကောင်သာ သတ်နိုင်ခဲ့သည်။
လီနန်ရှန့် က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိကာ အဖွဲ့သားများကို အမြန်ပြန်ဆုတ်ရန် အမိန့်ပေးခဲ့သည်။ စစ်ဆင်ရေး အဖွဲ့သားများ ဆုတ်ခွာရန် အချိန်မရသေးမီ ထူးဆန်းသော အသံတစ်ခု သစ်တောထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး မည်းမည်း အရိပ်ငယ် တစ်ခုသည် ပြေးထွက်လာလေသည်။
"အားလုံး သတိရှိကြ..."
လီနန်ရှန့် က အော်ဟစ်လိုက်ရာ အဖွဲ့သားတိုင်းသည် သေနတ်များကို ချိန်ရွယ်ထားပြီး ပြေးလာနေသော မည်းမည်းအရိပ်ငယ်ကို အသက်ပင်မရှူဝံ့ဘဲ စောင့်ဆိုင်းနေကြသည်။
ထိုမည်းမည်း အရိပ်ကလေးမှာ အနီးသို့ရောက်လာသောအခါ အမွေးများ မရှိတော့သည့် ခွေးဇွန်ဘီ တစ်ကောင်ဖြစ်နေလေသည်။
ခွေးဇွန်ဘီ...
လီနန်ရှန့်သည် မနေ့ညက ခွေးကို ရှာနေသည့် အစ်မကြီးကို ရုတ်တရက် သတိရသွားမိသည်။
ဇွန်ဘီတွေက ဒီအဆင့်ထိကို တွေးထားတာလား...
ထိုဇွန်ဘီခွေးမှာ ခုန်ပေါက်၍ တောထဲမှ ပြေးထွက်လာသည်နှင့် အဖွဲ့သားများက ခွေး၏ခေါင်းကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်လိုက်ကြသည်။
မကြာမီ ခွေးဇွန်ဘီများသည် တစ် ကောင်ပြီး တစ်ကောင် တောထဲမှ ပြေးထွက်လာကြသည်။
"အို... ဘုရား ဘုရား... ခွေးတွေအများကြီး ဘယ်လိုလုပ် ထွက်လာတာလဲ..."
လီနန်ရှန့် အနားမှ အဖွဲ့ကပ္ပတိန် တစ်ဦးက ရေရွတ်လိုက်သည်။
အဖွဲ့သားများသည် တွေးနေရန် အချိန်မရှိဘဲ ဘက်ပေါင်းစုံမှ ထွက်လာကြသည့် ခွေးဇွန်ဘီများကို ပစ်သတ်လိုက်ကြသည်။
ခွေးဇွန်ဘီ တစ်ကောင်တည်းဆိုပါက ဝိုင်းပစ်လျှင် ရနိုင်သော်လည်း ပစ်မှတ်များလာသည့်အခါ အဖွဲ့သားများသည် အလျင်စလိုဖြစ်လာပြီး ကျည်ဆံများမှာ လေထဲသို့သာ ရောက်သွားကြတော့သည်။
ခွေးဇွန်ဘီများသည် ၎င်းတို့၏ ခုန်ပေါက်နိုင်မှုနှင့် သစ်တော၏ အားသာချက်များကို အသုံးပြု၍ လေထဲတွင် လွှားကနဲ၊လွှားကနဲ ခုန်၍
အဖွဲ့သားများကို ကိုက်လေတော့သည်။
လီနန်ရှန့် သည် ဖရိုဖရဲဖြစ်နေသော အဖွဲ့ကို ကြည့်ပြီး သူ့အမှားကို ရုတ်တရက် သတိမူမိသွားသည်။
မူလက လီနန်ရှန့် သည် ဇွန်ဘီများကို တစ်ရှိန်ထိုး သုတ်သင်ပစ်ရန် ပိုက်ကွန်ပိတ်နည်းကို အသုံးပြုခဲ့သည်။ယခုမူ သူတို့သည် ခွေးဇွန်ဘီများရှေ့တွင် ဖက်ထုပ်များကဲ့သို့ အစားခံနေရတော့သည်။
ငါဘာလုပ်သင့်လဲ... ငါဘာလုပ်သင့်လဲ...
သူ့စိတ်ထဲတွင် မေးနေသော်လည်း စဉ်းစား၍ မရတော့ပေ။
ဒုတိယအဖွဲ့ ကပ္ပတိန် ကျိုးကျစ်ဟန်သည် လီနန်ရှန့် ကြောင်ပြီး ရပ်နေသည်ကိုမြင်သောအခါ တံတောင်နှင့်တွက်လိုက်ပြီး ပြောလေသည်။
"နန်ရှန့်... မင်းဘာလို့ မပစ်ဘဲရပ်နေတာလဲ..."
ထိုမှသာလျှင် လီနန်ရှန့် သည် သတိဝင်လာပြီး အဖွဲ့သားများကို အတင်းကိုက်နေသော ခွေးဇွန်ဘီများကို ပစ်သတ်ရန် သူ့သေနတ်ဖြင့် ချိန်လိုက်သည်။
နောက်ဆုံးတွင် အဖွဲ့သားတို့သည် ဇွန်ဘီခွေးများ အားလုံးကို သတ်ပစ်နိုင်ခဲ့ သော်လည်း အကိုက်ခံရသော အဖွဲ့သားများမှာ ၁၀ ဦးခန့် ရှိနေပြီဖြစ်သည်။
ထိုစဉ် သေနတ်သံ ကြားလိုက်ရသောအခါ လူတိုင်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ တတိယအဖွဲ့မှ အဖွဲ့သားတစ်ဦးသည် စတုတ္ထအဖွဲ့မှ အကိုက်ခံရသော အဖွဲ့သားတစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စတုထ္ထအဖွဲ့မှ အခြားအဖွဲ့သားက ပစ်သတ်ခဲ့သူကို တွန်း၍ အော်လိုက်သည်။
“မင်း ဘာလုပ်လိုက်တာလဲ...”
ပစ်ခတ်သူက မထီမဲ့မြင်ပြောလိုက်သည်။
“အကိုက်ခံရတယ်လေ...မင်းမမြင်ဘူးလား... ငါတို့ သူ့ကိုမသတ်ရင် သူက ငါတို့ကို ကိုက်လိမ့်မယ်..."
ထိုစတုတ္ထအဖွဲ့သားက ဒေါသထွက်လာ၍ ပစ်ခတ်သူကို ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်ပြီး ပြောသည်။
“အကိုက်ခံရတာ ဘာဖြစ်လဲ...ငါတို့စတုတ္ထအဖွဲ့သားတွေက ပစ်သတ်ဖို့ မင်းတို့ တတိယအဖွဲ့ကို စောင့်မနေဘူး...ငါတို့ဘာသာ သတ်မယ်... နောက်တစ်ခါ ငါတို့အဖွဲ့က အကိုက်ခံရတဲ့သူကို ပစ်ရင် မင်းတို့တစ်ဖွဲ့လုံးကို ငါပြန်သတ်မယ်....”
အကန်ခံရသူ(ပစ်ခတ်သူ) သည် ကုန်းထ၍ စတုတ္ထအဖွဲ့မှ အကိုက်ခံထားရသော အဖွဲ့သားတစ်ဦးကို ဒေါသတကြီး ထပ်မံပစ်သတ်ပြန်သည်။ထို့ကြောင့် တတိယအဖွဲ့မှ အဖွဲ့သားများနှင့် စတုတ္ထအဖွဲ့မှ အဖွဲ့သားတို့ ရုန်းရင်း ဆန်ခတ်ဖြစ်သွားကြသည်။
အခြေအနေတို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လီနန်ရှန့် က သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်သည်။
“ဒီနေရာက မင်းတို့ ရန်ဖြစ်ဖို့ နေရာလား...”
သို့သော် တတိယအဖွဲ့နှင့် စတုတ္ထအဖွဲ့မှလူများသည် လီနန်ရှန့် စကားကို နားမထောင်ကြပေ။
ထိုအချိန်တွင် စတုတ္ထအဖွဲ့ ကပ္ပတိန်က ရန်ဖြစ်နေသော လူအုပ်ကြားထဲတွင် သေနတ်ဖြင့် ပစ်ခတ်လိုက်ပြန်သည်။ စတုတ္ထအဖွဲ့ကပ္ပတိန်သည် ဆဋ္ဌမအဖွဲ့ မှ အကိုက်ခံရသော အဖွဲ့သားတစ်ဦး၏ ခေါင်းကို ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
ပစ်ခတ်အပြီး သူက အော်ဆဲလိုက်သည်။
“ချီးပဲ... သတ်ချင်ရင် အကိုက်ခံထားသူတိုင်းကို သတ်ပစ်... ငါတို့ စတုတ္ထအဖွဲ့ကို အနိုင်ကျင့်မနေနဲ့..."
စတုတ္ထအဖွဲ့ကပ္ပတိန်၏ အသံဆုံးသည်နှင့်တပြိုင်နက် လူအုပ်အတွင်း နောက်ထပ် သေနတ်သံတစ်ခု ထွက်ပေါ်လာပြီး စတုတ္ထအဖွဲ့ ကပ္ပတိန်၏ မျက်ခုံးအလယ်တွင် သေနတ်ထိမှန် သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
စတုတ္ထအဖွဲ့မှ အဖွဲ့သား တစ်ဦးသည် စကပ္ပတိန်၏ အလောင်းကို ကိုင်ကာ
ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်သူပစ်တာလဲ...ဘယ်သူ ပစ်တာလဲ...”
Xxxxx