Chapter 19
ပစ်ခတ်သူမှာ သတ္တမအဖွဲ့မှ ခွေးကိုက်ခံရသူဖြစ်ကြောင်း လီနန်ရှန့် သိသည်။ထိုလူငယ်၏ မျက်လုံးများမှာ နီမြန်းနေပြီး လက်မောင်းတွင်လည်း သွေးထွက်နေသည့် ဒဏ်ရာ ၃ ခုရှိသည်။
“မစ်ရှင်ကြောင့် အကိုက်ခံရတယ်...ဒါပေမဲ့ ဒီမစ်ရှင်ကြောင့်ပဲ ငါတို့ကို ပစ်သတ်ပြန်တယ်... ငါတို့က လူ တွေ မဟုတ်ဘူးလား..."
စတုထ္ထအဖွဲ့မှ အဖွဲ့သားများက သူတို့၏ ကပ္ပတိန်ကို သတ်ပစ်သောလူသည်လည်း ဇွန်ဘီအကိုက်ခံ ထားရသည်ကိုမြင်လျှင် ခေါင်းကို ပစ်သတ်လိုက်ကြသည်။ထိုအခါ အကိုက်ခံထားရသူများက သေနတ်များကို အသင်းကပ္ပတိန် တစ်ယောက်ချင်းစီကို ချိန်ရွယ်လိုက်ကြသည်။
သူတို့သည် နာရီအနည်းငယ်အတွင်း ဇွန်ဘီများ ဖြစ်လာကြမည် ဖြစ်သော်လည်း လူသားအဖြစ် ရှိနေသရွေ့ သူတို့ကို လူမဆန်စွာ မဆက်ဆံသင့်ပေ။
အခြေအနေ ပိုဆိုးလာသည်ကို မြင်လျှင် ကျိုးကျစ်ဟန် က အော်ပြောလိုက်သည်။
"ဟေ့ မင်းတို့တွေ ဘာလုပ်တာလဲ...ကျန်တဲ့ ဇွန်ဘီတွေ ဘယ်မှာရှိမှန်းတောင် မသိရသေးဘူး... အချင်းချင်း သတ်နေကြတာလား..."
“ကပ္ပတိန်...ကျွန်တော်တို့လည်း ဒါမျိုး မဖြစ်ချင်ပါဘူး...သူတို့က ကျွန်တော်တို့ကို အတင်းခိုင်းတယ်..ကျွန်တော်တို့လည်း လူသားတွေပါပဲ...ဒီကျွန်းအတွက် အလုပ်လုပ်နေတာ...ဘာလို့ ကျွန်တော်တို့ကို ဒီလို ဆက်ဆံရတာလဲ..."
ထိုအဖွဲ့သားက ကျိုးကျစ်ဟန် ကို သေနတ်နှင့်ချိန်ပြီး အော်ဟစ်နေသည်။
"မင်းတို့အားလုံး သေနတ်တွေချ... ဇွန်ဘီတွေကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ အလုပ်လုပ်ကြစို့... နောက်ဆုံးအချိန်အထိ မင်းတို့ကို မသတ်ဘူးလို့ ငါ့နာမည်နဲ့ ကျိန်ဆိုပြီး ကတိပေးတယ်...."
လီနန်ရှန့် က လက်ဖဝါးကို ထောင်လိုက်၍ လေးလေးနက်နက် ပြောလိုက်သည်။
" ငါတို့ အချင်းချင်း သတ်လိုက်တာနဲ့ ဇွန်ဘီတွေက ကျွန်းကို ဖျက်ဆီးကြပြီး ယွင်ကျင့် မြို့ကလူတွေလည်း အကုန်ဘဝဆုံးကုန်လိမ့်မယ်...”
ထို့နောက် အကိုက်ခံရသူများသည် လီနန်ရှန့် စကားကို နားထောင်ပြီး သေနတ်များကို ချိန်ထားရာမှ ဖြည်းညှင်းစွာ ချလိုက်ကြသည်။
သို့သော် သူတို့ သေနတ်များကို ချလိုက်သည့်အခိုက်တွင် စတုထ္ထအဖွဲ့သားများက သေနတ်များကို ချက်ချင်းထုတ်လိုက်ပြီး အကိုက်ခံရသူများ၏ ဦးခေါင်းများကို တစ်ချက်ချင်း ပစ်သတ်လိုက်ကြသည်။
အဆက်မပြတ် ပစ်ခတ်သံနှင့်အတူ သစ်တောလယ်သည် ချက်ချင်း လူမဆန်သော သားသတ်ရုံကြီး ဖြစ်သွားလေသည်။ လီနန်ရှန့် က ပစ်ခတ်သူများကို ကြည့်ပြီး အလန့်တကြား အော်လိုက်သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ...”
စတုတ္ထအဖွဲ့ထဲမှ အဖွဲ့သားတစ်ယောက်က သေနတ်ကို ပစ်ချလိုက်ပြီး ပြန်ပြောလေသည်။
“ဗိုလ်ကြီး လီ...သူတို့က ကျွန်တော်တို့ကပ္ပတိန်ကို သတ်ရုံတင်မကဘူး.. တခြား ကပ္ပတိန်တွေကိုလည်း သတ်ပစ်ချင်နေတာ မြင်တယ်မလား...
ကျွန်တော်တို့ကမသတ်ရင် ကျွန်တော်တို့ကို သူတို့က သတ်လိမ့်မယ်...သူတို့ ဘယ်အချိန်မှာ ဇွန်ဘီတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူသိမလဲ...အဲ့ဒီအခါကျရင် ကျွန်တော်တို့က အပြင်ဘက်က ဇွန်ဘီတွေနဲ့ တိုက်ရရုံမကဘူး..အဖွဲ့ဝင်အချင်းချင်းပါ သတ်နေရလိမ့်မယ်..."
လီနန်ရှန့် က သူတို့ကို ပြောဆိုမရ၍ အသာကြည့် နေရတော့သည်။ ထို့ကြောင့် စစ်ဆင်ရေးအဖွဲ့သည် ပြန်လည်ဆုတ်ခွာရန် အကောင်းဆုံး အခွင့်အရေးကို လွဲချော်သွားပြီး ဇွန်ဘီများ၏ ဒုတိယအသုတ် တိုက်ခိုက်ခြင်းကို ထပ်မံကြုံတွေ့ရပြန်သည်။
ဇွန်ဘီအကောင် ၂၀ သည် ဘက်ပေါင်းစုံမှ ပြေးထွက်လာကြပြီး စစ်ဆင်ရေးအဖွဲ့ကို တစ်ဖန်ပြန်လည် တိုက်ခိုက်ကြပြန်သည်။ လီနန်ရှန့် သည် ဇွန်ဘီများကို ကြည့်ရင်း ဒေါသကြောင့် မျက်လုံးများ နီရဲလာပြီး သေနတ်ဖြင့် တရစပ် ပစ်ခတ်လေတော့သည်။
လီနန်ရှန့် တီထွင်ခဲ့သည့် ပိုက်ကွန်ပိတ်နည်းကို ဇွန်ဘီများက ဖြိုဖျက်ရုံတင်မကဘဲ သူတို့က ထိုနည်းလမ်းကို အသုံးပြု၍ တိုက်ခိုက်နေတော့သည်။
လီနန်ရှန့် ၏ သွေးရူးသွေးတန်း ပစ်ခတ်မှုများသည် ဇွန်ဘီများကို မထိမှန်ခဲ့ပေ။ထိုအချိန်တွင် လီနန်ရှန့်သည် တိုက်ပွဲဖြစ်နေစဉ် အတွင်း အဝေးတွင် ရပ်နေသည့် လီရှင်းယုကို မြင်သွားသည်။ ထူးဆန်းသည်မှာ လီရှင်းယု သည် အခြားသော ဇွန်ဘီများကဲ့သို့ မတိုက်ခိုက်ဘဲ အဝေးမှ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ထူးဆန်းလိုက်တာ....
လီနန်ရှန့်သည် ဇွန်ဘီတစ်ကောင်ကို သတ်ပြီးနောက် လီရှင်းယု ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြန်သည်။
နောက်ဆုံးတွင် ဤဇွန်ဘီများ၏ လှုပ်ရှားမှုများကို လီရှင်းယု က ထိန်းချုပ်ထားကြောင်း သူ နားလည်သွားသည်။
"ကျစ်ဟန်... ငါသစ်ပင်ပေါ် တက်နေတုန်း မင်းခံပစ်ထား..."
လီနန်ရှန့် က သူ့ဘေးမှ ကျိုးကျစ်ဟန် ကိုပြောလိုက်သည်။ ကျိုးကျစ်ဟန်က ခေါင်းညိတ်လိုက်သည်။
လီနန်ရှန့် သည် သစ်ပင်ပေါ်သို့ အမြန်တက်ပြီး သစ်ကိုင်းပေါ်တွင် မတ်တပ်ရပ်ကာ အဝေးမှ လီရှင်းယု ကို သေနတ်နှင့် ချိန်လိုက်သည်။ သို့သော် တောထဲတွင် အလင်းရောင်မရဘဲ သူမ၏ ဦးခေါင်းမှာလည်း တလှုပ်လှုပ် ဖြစ်နေသောကြောင့် ကျည်ဆံက လီရှင်းယု ခေါင်းကို မထိဘဲ မျက်နှာကိုသာ ထိသွားလေ၏။
ထိုအခါ လီရှင်းယု သည် သစ်ပင်ပေါ်တွင် ရပ်နေသည့် လီနန်ရှန့်ကို တွေ့သွားသဖြင့် သူမ၏နှုတ်မှ ထူးဆန်းသော အသံများပြုလိုက်ရာ ဇွန်ဘီများသည် လူကိုမကိုက်တော့ဘဲ လီနန်ရှန့် ရှိရာ သစ်ပင်ဆီသို့ ဝိုင်းအုံနေကြတော့သည်။
ကံကောင်းစွာနှင့် ဇွန်ဘီများ၏ ခန္ဓာကိုယ်သည် တောင့်တင်းနေသဖြင့် သစ်ပင်ပေါ်သို့ မတက်နိုင်ဘဲ လီနန်ရှန့် ပြုတ်ကျစေရန် သစ်ပင်ကိုသာ လှုပ်ခါနေကြသည်။
အခြေအနေသည် ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး သစ်ပင်အောက်တွင် စုဝေးနေသည့် ဇွန်ဘီများကို စစ်ဆင်ရေးအဖွဲ့က ထိမှန်အောင် ပစ်နိုင်သွားလေသည်။
သို့သော် သစ်ကိုင်းပေါ်တွင် ရပ်နေသည့် လီနန်ရှန့် မှာ ဇွန်ဘီများကြောင့် တစ်ကိုယ်လုံး လှုပ်ခါနေသည်။ အကယ်၍ ပြုတ်ကျသွားပါက ဇွန်ဘီများက အရှင်လတ်လတ် စားသောက်ပေလိမ့်မည်။ထို့ကြောင့် လီနန်ရှန့်က ကိုအာလာ တစ်ကောင်ကဲ့သို့ သစ်ပင်ကို အသားကုန် ဖက်တွယ်ထားလေသည်။
သူက ကျိုးကျစ်ဟန် ကို အော်ပြောလိုက်သည်။
"ကျစ်ဟန်...ဟိုမှာ လီရှင်းယု ကိုသတ်... လီရှင်းယု ကိုသတ်ပစ်..."
ကျိုးကျစ်ဟန် သည် အဝေးတွင် ရပ်နေသော လီရှင်းယု ကို တွေ့သွားသည်။လီနန်ရှန့်က ဘာကြောင့် ငြိမ်သက်နေသော ဇွန်ဘီကို သတ်ခိုင်းမှန်း မသိသော်လည်း ကျိုးကျစ်ဟန်က လီရှင်းယုအား အကြိမ်ပေါင်းများစွာ ဦးခေါင်းကိုချည်း ပစ်လိုက်သည်။
လီရှင်းယု မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တပြိုင်နက် သစ်ပင်ကို လှုပ်ခါနေသော ဇွန်ဘီအုပ်စုသည် တစ်စက္ကန့်ခမျှ ရပ်သွားကြသည်။
တစ်စက္ကန့်ကြာပြီးနောက် သူတို့သည် သစ်ပင်ကို မလှုပ်ကြတော့ဘဲ စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များကို ပြန်လည် တိုက်ခိုက်လေသည်။ ဇွန်ဘီများသည် လီရှင်းယု ၏ အမိန့်အောက်တွင် မရှိတော့သဖြင့် တပြိုင်နက် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသွားသည်။
ထို့အပြင်၊ဇွန်ဘီအုပ်စုထဲမှ သေဆုံးသွားကြသူများလည်းရှိပြီး ကျန်ရှိနေသော ဇွန်ဘီများကို ဆက်လက်ပစ်ခတ်လိုက်သည်။
Xxxxxx
Chapter 20
လီနန်ရှန့် သစ်ပင်ပေါ်မှဆင်းလာသောအခါ ကျိုးကျစ်ဟန် က သူ့ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နန်ရှန့်...တကယ့်ကို ထူးဆန်းတယ်... လီရှင်းယု သေဆုံးပြီးတာနဲ့ ဇွန်ဘီတွေ ဖရိုဖရဲ ဖြစ်ကုန်တာပဲ..မင်းဘယ်လိုသိတာလဲ..."
"ကျွန်တော်လည်းမသိဘူး.... ကျွန်တော့်စိတ်ထင်ပါ...တခြား ဇွန်ဘီတွေက အပြင်းအထန် တိုက်ခိုက်နေကြချိန်မှာ လီရှင်းယု က အဝေးမှာ ပုန်းနေတယ်လေ... ပြီးတော့ သူမရဲ့ အမူအရာက အရမ်း ထူးဆန်း နေတယ်...ဒါကြောင့် လီရှင်းယုကိုသတ်ဖို့ သစ်ပင်ပေါ်တက်လိုက်တာ... ပထမ ပစ်ချက် လွတ်သွားပြီး လီရှင်းယု က လှည့်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတာ...ပြီးတော့ ဇွန်ဘီတွေအားလုံးက ကျွန်တော်ရှိတဲ့ သစ်ပင်ဆီ ပြေးလာတော့တာပဲ...အဲ့ဒါကြောင့် ကျွန်တေယ် ခန့်မှန်းတာ မလွဲဘူးဆိုပြီး ပစ်လိုက်တာ..လီရှင်းယုက အဝေးကနေ ထိန်းချုပ်နေတာ သေချာပါတယ်..."
ကျိုးကျစ်ဟန် က သဘောကျစွာ ပြောလေသည်။
"မင်းရဲ့ စိတ်အထင်ကြောင့်သာပဲ... မဟုတ်ရင် ငါတို့ ဒီမှာ သေသွားလိမ့်မယ်..."
လီနန်ရှန့် က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ဒီစစ်ဆင်ရေးမှာ ကျွန်တော် အမှားလုပ်မိခဲ့တယ်...ပိုက်ကွန်ပိတ်နည်းဗျူဟာက ကျရှုံးဖို့ လွယ်တယ်လို့ ကျွန်တော်တွေးမိခဲ့ရမှာ... လူတချို့ကို ပိုက်ကွန်ပိတ် နည်းဗျူဟာမှာ ပါဝင်ခွင့်ပေးပြီး လူတချို့ကို တောပြင်မှာ စောင့်ခိုင်းထားရမှာ...”
ကျိုးကျစ်ဟန် ကပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
“အဲဒီဇွန်ဘီတွေက ဉာဏ်ကောင်းလိမ့်မယ်လို့ ဘယ်သူသိမှာလဲ...ညီလေး.. ကိုယ့်ကိုယ်ကို သိပ်အပြစ်တင်မနေပါနဲ့..."
လီနန်ရှန့် သည် ဤစစ်ဆင်ရေး ကျရှုံးခြင်း၏ အကျိုးဆက်များအား ခံနိုင်ရည်ရှိမည်ကို သိလျက်နှင့် စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။
“အားလုံး မြန်မြန်ပြန်ဆုတ်ကြ”
အဖွဲ့သားအားလုံး တောပြင်မှ နေရာလွတ်ကို ဆုတ်ပြီးနောက် လီနန်ရှန့် က တန်းစီရပ်စေလိုက်သည်။ထို့နောက် အဖွဲ့တစ်ဖွဲ့စီ၏ ကပ္ပတိန်များကို အသေအပျောက် အရေအတွက်ကို အစီရင်ခံခိုင်းရာ စုစုပေါင်း ၁၆ ဦး သေဆုံးပြီး ၂၃ ဦး အကိုက်ခံရသည်။ထို့နောက် လီနန်ရှန့် သည် အကိုက်ခံရသော အဖွဲ့သားများကို ထွက်လာရန် အမိန့်ပေးလိုက်ပြီးအဖွဲ့သားများ၏ စိတ်ပျက်အားငယ်နေသော မျက်နှာများကို စိတ်မသက်မသာ ကြည့်လိုက်သည်။
ဤသည်မှာ သူ မကြုံချင်ဆုံးသော အခြေအနေဖြစ်သည်။
“မင်းတို့ အကိုက်ခံရရင် သုံးလေးနာရီ ဒါမှမဟုတ် တစ်နာရီ နှစ်နာရီလောက်ကြာရင် ကိုက်ဖို့ပဲသိတဲ့ ဇွန်ဘီတွေ ဖြစ်သွားမယ်ဆိုတာ မင်းတို့လည်း သိတယ်...ကျွန်းတစ်ခုလုံးရဲ့ လုံခြုံရေးအတွက်၊ ဒီအလုပ်ဟာ ရှောင်လွှဲလို့မရဘူး... မင်းတို့ဖြစ်ချင်တဲ့ ဆန္ဒရှိလား...ငါတို့ကို ပြော...ငါတို့ ပြီးမြောက်အောင် အစွမ်းကုန် လုပ်ပေးမယ်...”
R ဗိုင်းရပ်စ် ကူးစက်ခံထားရသူများသည် လီနန်ရှန့် ၏ စကားကိုကြားပြီး အချို့မှာ စိတ်ပျက်လက်ပျက် ငိုကြွေးကြသည်။ထိုစဉ် အသက် ၃၀ ခန့်ရှိသော အဖွဲ့သား တစ်ယောက်က ကျယ်လောင်စွာ အော်ငိုလိုက်သည်။
“ကျွန်တော် အသက် ၃၃ နှစ်ရှိပြီ.. ဗိုင်းရပ်စ် စပြီးဖြစ်တဲ့နှစ်မှာ မိဘတွေနဲ့ ဆွေမျိုးတွေပါ အကူးခံရတယ်...ကျွန်တော် အရမ်းအထီးကျန်ခဲ့ရတယ်...ကျွန်တော့်မှာ အိမ်လည်းမရှိဘူး...ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ မိန်မကောင်း တစ်ယောက်နဲ့ ကျွန်းပေါ်မှာ အိမ်လေးတစ်လုံး ထူထောင်ဖို့ပါပဲ... ယွင်ကျင့် မြို့မှာ ဇွန်ဘီတွေ မရှိဘဲ အရာအားလုံး ပုံမှန်ပဲလို့ ခဏခဏ အိပ်မက်မက်တယ်အားလုံး ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်... အမေက မီးဖိုချောင်မှာ မနက်စာ ချက်နေပြီး အဖေက သတင်းစာဖတ်နေတယ်...ဟက်ဟက်..ကျွန်တော့်ကောင်မ လေးလည်း အိမ်မက်ထဲ ပါလာပေမဲ့ သူမမျက်နှာကို တစ်ခါမှ မတွေ့ဖူးဘူး...”
ထိုအဖွဲ့သားက မျက်ရည်ကို သုတ်လိုက်ပြီး ပြုံးလိုက်သည်။
“ဗိုလ်မှူး လီ..စိတ်မပူပါနဲ့...ကျွန်တော် ခုခံမှာ မဟုတ်ပါဘူး..ကျွန်းပေါ်က တခြားလူတွေကို ဒုက္ခပေးဖို့ ဇွန်ဘီမဖြစ်ချင်ဘူး...”
လီနန်ရှန့် လည်း မျက်ရည်များဝေ့နေလေသည်။
“တောင်းပန်ပါတယ်...ငါသာ ဒီလို မစီစဉ်ခဲ့ရင် အသင်းလည်း အများကြီး ဆုံးရှုံးမှာ မဟုတ်ဘူး...”
သို့သော် ယခုမူ နောက်ကျသွားလေပြီ။
ထို့နောက် အကိုက်ခံရသူများက မကျေမနပ်မှုများ ၊မပြည့်သေးသော ဆုတောင်းများ နှင့် ဆက်မက်ခွင့်မရှိတော့သော အိမ်မက်များကို တစ်ယောက်ချင်းစီ ဖွင့်ဟကြသည်။
ထို့နောက်တွင် အချိန်ကုန်လည်း လင့် နေပြီးဖြစ်၍ ဗိုလ်မှူးလီအား "နောက်ဆုံး စီရင်ချက်" ကို ဆောင်ရွက်ခွင့် ပြုရန် အားလုံးက သဘောတူခဲ့ကြသည်။
သေနတ်သံများ တစ်စတစ်စ ထွက်ပေါ်လာပြီး အဖွဲ့သားများ၏ အလောင်းများသည် မြေပြင်ပေါ်သို့ ဗိုင်းကနဲ ပစ်လဲကျသွားပြီး သွေးများ အိုင်ထွန်းနေတော့သည်။
အားလုံး အဆုံးသတ်ပြီးနောက် လီနန်ရှန့် သည် အဖွဲ့သားများနှင့်အတူ ပြန်လာပြီးနောက် ဝန်ကြီးထံ အမြန်ဆုံး သတင်းပို့လိုက်ရာ ရှုကျုံးဟမ် ဒေါသ အလွန်ထွက်သွားသည်။
"ဘာ..."
ရှုကျုံးဟမ် က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး ဒေါသတကြီး ပြောသည်။
"ကပ္ပတိန်ပါ သေသွားတယ်... မင်းဘယ်လို လုပ်လိုက်တာလဲ..."
ဘေးတွင်ရပ်နေသည့် ဌာနမှူးကျန့်က ဝင်ပြောလေသည်။
“ဝန်ကြီး...ဒီတစ်ခါ ဖုတ်ကောင်တွေက အရမ်း ထူးဆန်းပါတယ်...အစီအစဉ်တွေ၊ ဗျူဟာတွေနဲ့ ကိုင်တွယ်ရ အရမ်းခက်တယ်.. ဒါကြောင့် ဆုံးရှုံးမှုက အတော်လေး ပြင်းထန်တယ်လို့ ဒုတိယအဖွဲ့ခေါင်းဆောင်ဆီက ကြားခဲ့ရတယ်..."
ရှုကျုံးဟမ် က လှောင် ပြုံးပြုံးလိုက်ရင်း ပြောလိုက်သည်။
"ဇွန်ဘီတွေမှာ အစီအစဉ်နဲ့ ဗျူဟာတွေ ရှိနေတယ်လို့ ပြောပြန်ပြီလား... မင်းငါ့ကို သုံးနှစ်သားကလေးလို့ ထင်နေတာလား...ခေါင်းရှောင်ချင်ရင် အကြောင်းပြချက် ကောင်းကောင်း ရှာလိုက်...”
“ဝန်ကြီး...ကျွန်တော် ခေါင်းရှောင်တာ မဟုတ်ပါဘူး...ဝန်ကြီး ကျွန်တော့်ကိုကြိုက်သလို အပြစ်ပေးလို့ ရပါတယ်...”
လီနန်ရှန့် က ရှုကျုံးဟမ် ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ရှုကျုံးဟမ် က စားပွဲကို ဗြန်းကနဲ ပုတ်လိုက်ပြီးလီနန်ရှန့် ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
"ဖုတ်ကောင် ၂၀ ကျော်ကို နှိမ်နင်းတာ ကပ္ပတိန်အပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့ရတယ်... မင်း ခေါင်းထဲမှာ ရှိနေတာ ဝက်ဦးနှောက်တွေလား ...မင်းကို အသင်းခေါင်းဆောင် အဖြစ် မထားသင့်ဘူး....လီနန်ရှန့် ကို ပထမအဖွဲ့ရဲ့ အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားလိုက်ပြီး ကျန်တဲ့ ပထမအသင်းနဲ့ စတုတ္ထအဖွဲ့ကို တစ်သင်းအဖြစ် ပေါင်းလိုက်မယ်...အဲ့ဒီအသင်းရဲ့ ကပ္ပတိန်ကို ဌာနမှူး ကျန့်က စီစဉ်ပါ..."
ကျန့်ဟိုင် က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျန်းယုံ က ကပ္ပတိန်ရာထူးနဲ့ သင့်တော်တယ်လို့ ကျွန်တော်ထင်တယ်... ဒီကလေးက အလုပ်တွေကို အရမ်းတာဝန်ကျေတဲ့ သူပါ...”
“ဒါဆို သူ့ကို ခန့်လိုက်...”
Xxxxx