Chapter 21
ဟန်ခိုင် ဓာတ်ခွဲခန်းထဲတွင် တစ်နေ့လုံး စမ်းသပ်မှုများ ပြုလုပ်နေခဲ့၏။သူ ယန်ဟန်၏ ခန္ဓာကိုယ်ရှိ သာမန် သက်ရှိဆဲလ်များကို သန့်စင်ပေးပြီး ၎င်းတို့ကို အဏုကြည့်မှန်ပြောင်းဖြင့် ရေတွက်လိုက်သည်။ဤသက်ရှိဆဲလ်များသည် R ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက အဆက်မပြတ် ကြီးထွားပြန့်ပွားကာ ခွဲထွက်နိုင်သည်ကို သူ တွေ့ရှိခဲ့သည်။R ဗိုင်းရပ်စ်သည် ကပ်ပါးကောင်ဖြစ်ပြီး ဇီဝဖြစ်စဉ်နှင့် လိုက်လျောညီထွေဖြစ်စေရန် နှင့် မျိုးပွားရန် လက်ခံကောင်၏ ဆဲလ်များအပေါ်တွင် မှီခိုရမည်ဖြစ်သည်။
'ယန်ဟန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလို သက်ရှိဆဲလ်တွေ အများကြီး ရှိရင်...သူမကိုယ်သူမ ကုစားနိုင်မယ်လို့ ဆိုလိုတာလား..'
ဟန်ခိုင် ၏ စမ်းသပ်မှုမှာ တိုးတက်မှုရှိခဲ့သော်လည်း ရက်အနည်းငယ်အတွင်းတွင် ပြန်လည်ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ R ဗိုင်းရပ်စ်က သက်ရှိဆဲလ်များကို အဘယ်ကြောင့် မတိုက်ခိုက်နိုင်မှန်း သူအဖြေရှာမရသောကြောင့် ဖြစ်သည်။
ရောဂါ၏ သဘောတရားကို မသိလျှင် ရောဂါ အတွက် ကာကွယ်ဆေးကို လုံးဝ ရှာနိုင်မည် မဟုတ်ပေ။ထိရောက်သော ကာကွယ်ဆေးကို တီထွင်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
တစ်နေ့တွင် ကျီကျောက်ယန်သည် CDC အဆောက်အအုံ အတွင်းရှိ ကင်မရာကို မတော်တဆ မော့ကြည့်မိရာ ယန်ဟန်ကို စောင့်ကြည့်ကင်မရာများမှ တွေ့နိုင်သည်ဟု တွေးမိသွားသည်။
စောင့်ကြည့်ကင်မရာများကို ကျွန်းတစ်ခုလုံးတွင် တပ်ဆင်မထားသော်လည်း၊ ဤနည်းလမ်းသည် အခြားနည်းလမ်းနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်လေသည်။ ထို့နောက် ကျီကျောက်ယန် သည် တပ်မတော်ဌာန၏ ကင်မရာခန်းသို့ ပြေးသွားပြီး လီရှင်းယု ဇွန်ဘီဖြစ်လာသည့် မေလ ၁၇ ရက်နေ့က ဗီဒီယိုကို ရှာ၍ ကြည့်လိုက်သည်။
ထိုဗီဒီယိုထဲတွင် ဟန်ခိုင်ကို ပထမဆုံး မြင်လိုက်ရသည်။ “၅.၁၇ ဖြစ်စဉ်” ပြီးပြီးချင်း မကြာမီ ဟန်ခိုင်သည် CDC အဆောက်အဦးမှ အမြန် ထွက်လာလေသည်။
ထို့နောက် ယန်ဟန်က ဟန်ခိုင်ကို ကင်မရာနှင့် ဝေးရာသို့ ဆွဲခေါ်နေသည်ကို မြင်လိုက်ရသည်။ ကျီကျောက်ယန် သည် ဗီဒီယိုကို ရပ်ထားလိုက်ပြီး ဟန်ခိုင် CDCအဆောက်အဦးမှ ထွက်သွားသည့်အချိန်သို့ ပြန်ရစ်ကြည့်လိုက်သည်။
ယန်ဟန် နှင့် ဟန်ခိုင်သည် အလွန်ရင်းနှီးပုံရသည်။အကြောင်းမှာ ဟန်ခိုင်ကို ယန်ဟန်က ဆွဲခေါ်လိုက်သောအခါ ဟန်ခိုင် သည် ကြောက်လန့်မနေပေ။
'ဟန်ခိုင် နဲ့ ယန်ဟန်က ရင်းနှီးသည့် ဆက်ဆံရေးရှိနေရင် ဘာလို့ အစည်းအဝေးတုန်းက ယန်ဟန်ကို အမြန်ဆုံးဖမ်းဖို့ တင်ပြတာလဲ..'
သူ အတန်ကြာအောင် တွေးသော်လည်း နားမလည်သေးပေ။ ထို့နောက် သူက USB ဖြင့် ဗီဒီယိုကို ကော်ပီကူးလာပြီး အိမ်ရောက်လျှင်လည်း ပြန်ကြည့်၍ စဉ်းစားခန်း ထုတ်ပြန်သည်။
နောက်တစ်နေ့....
ကျီကျောက်ယန် သည် ယန်ဟန်အား မည်သို့ဖမ်းရမည်ကို စဉ်းစားရင်း CDC သို့ သွားသည်။ ဗီဒီယိုအရ ဟန်ခိုင် သည် ယန်ဟန် ပုန်းနေသည့်နေရာကို သိနိုင်သော်လည်း သူနှင့် ဟန်ခိုင်သည် ခပ်တန်းတန်းသာ ဆက်ဆံကြသဖြင့် မေးမြန်ရန် အခက်တွေ့နေသည်။
ထို့နောက် ကျီကျောက်ယန် သည် ဟန်ခိုင်၏ ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။ ဓာတ်ခွဲခန်းထဲတွင် ကျန့်စစ်ချီ တစ်ယောက်သာ စမ်းသပ်စင် ရှေ့တွင် ထိုင်နေပြီး ဟန်ခိုင်ကို မတွေ့ရပေ။
ထို့နောက် ကျီကျောက်ယန်က အလုပ်ရှုပ်နေသည့် ကျန်းစစ်ချီကို မေးမြန်းလိုက်သည်။
“ပရော်ဖက်ဆာ ဟန် ဘယ်မှာလဲ...”
“ပရော်ဖက်ဆာဟန် က အောက်ထပ် အီလက်ထရွန် အဏုကြည့် ဓာတ်ခွဲခန်းမှာ ရှိနေတယ်...ဘာဖြစ်လို့လဲ...အရေးကြီးကိစ္စဆိုရင် သူ့ကို သွားတွေ့နိုင်ပါတယ်...."
ကျီကျောက်ယန် က ပြုံးလိုက်သည်။
" အရေးတကြီး မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်တော်က ပရော်ဖက်ဆာ ဟန် နဲ့ သုတေသန ကိစ္စတွေကို ဆွေးနွေးချင်တာပါ... အခု ပရော်ဖက်ဆာ ဟန် က အောက်ထပ်မှာ စမ်းသပ်မှု လုပ်နေတယ်ဆိုတော့ ကျွန်တော် သူ့ရုံးခန်းကို ပဲ သွားပြီး စောင့်နေလိုက်ပါ့မယ်..."
ထို့နောက် သူက တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး ဟန်ခိုင်၏ ရုံးခန်းသို့ထွက်လာခဲ့သည်။
ကျီကျောက်ယန်သည် ဟန်ခိုင် ၏ရုံးခန်းတွင် ခဏရပ်နေပြီး လူရိပ်လူခြည်ကို ကြည့်၍ အံဆွဲကို ဖွင့်ကြည့်လိုက်သည်။
အံဆွဲထဲတွင် စမ်းသပ်မှု အစီအရင်ခံစာ တစ်ခုကို တွေ့ရသည်။ထိုအစီအရင်ခံစာ၏ မျက်နှာဖုံးပေါ်တွင် လက်ရေးဖြင့် "စမ်းသပ်မှု ဘာသာရပ် ၄၁၃-၂”ဟု ရေးထားသည်။
ထူခြားသည်မှာ CDC တွင် ထိုသို့သော စမ်းသပ်မှု ဘာသာရပ်မရှိပေ။ ကျီကျောက်ယန် သည် အစီရင်ခံစာ၏ ရက်စွဲကို ကြည့်လိုက်ရာ လွန်ခဲ့သည့် တစ်လခွဲကျော် အကြာက စမ်းသပ်မှုမှတ်တမ်းများ ဖြစ်နေသည်။
အစီရင်ခံစာသည် အလွန်အသေးစိတ်စွာ ရေးသားထားသည်။ "ဘာသာရပ် ၄၁၃-၂" ထဲတွင် ပုံမှန်သက်ရှိဆဲလ်များ အကြောင်း ပါရှိသည်။ R ဗိုင်းရပ်စ်၏ မျိုးဗီဇပစ္စည်းသည် သက်ရှိဆဲလ်များ အတွင်းသို့ ဝင်ရောက်လာသော်လည်း ၎င်းကို ပင်မဆဲလ်အတွင်းရှိ ပဋိပစ္စည်းက ဖြိုခွဲသွားကြောင်း ရေးထားလေသည်။
ထို့နောက် ကျီကျောက်ယန် သည် "စမ်းသပ်မှု ဘာသာရပ် ၄၁၃-၂" ကို မူလနေရာသို့ ပြန်ထားစဉ် အောက်ခြေစာရွက်ကြားတွင် ဝှက်ထားသော အခြား စမ်းသပ်မှတ်တမ်း တစ်ခုကို တွေ့သွားသည်။
ဤစမ်းသပ်မှု မှတ်တမ်း၏ မျက်နှာဖုံးသည် ပို၍ဟောင်းနေ၏။
“စမ်းသပ်မှု ဘာသာရပ် ၄၁၃-၁”
စမ်းသပ်မှုမှတ်တမ်း၏စတင်ချိန်သည် ဇန်နဝါရီ ၁၇၊ ၂၀၂၃ အစောပိုင်းဖြစ်သည်။ ဤရက်စွဲသည် အဲဒီ အသက်ရှင်ကျန်ရစ်သူများ ကျွန်းသို့ ရောက်သည့်အချိန် ဖြစ်ပြီး
CDC ကို ထိုနေ့ကပင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
" ၄၁၃-၁" နဲ့ "၄၁၃-၂" က ဘာတွေလဲ....
၁ နဲ့ ၂ ကြား အချိန်က ဘာလို့ အရမ်းကွာနေတာလဲ....
စမ်းသပ်မှု ဘာသာရပ် "၄၁၃-၁" သည် စမ်းသပ်မှာ ဘာသာရပ် "၄၁၃-၂"နှင့် အနည်းငယ်ကွာခြားသည်။ စမ်းသပ်မှုဘာသာရပ် "၄၁၃-၁" R ဗိုင်းရပ်စ်ကို မတွေ့ရသော်လည်း R ဗိုင်းရပ်စ်ကူးစက်ခံရသည့် အချိန်အတိအကျကို မှတ်တမ်းတင်ထားသည်။
"၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်"
ဇွန်ဘီဗိုင်းရပ်စ် စဖြစ်တဲ့ အချိန်ပါလား....
ဘာသာရပ် "၄၁၃-၁" သည် R ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၂၄ နာရီ ကြာသောအခါပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့သည်။
ထို့ကြောင့် ဘာသာရပ် "၄၁၃-၁" ၏ ကိုယ်ခန္ဓာတွင် R ဗိုင်းရပ်စ်ကို ခုခံနိုင်ကြောင်း အတည်ပြုထား လေသည်။
Xxxxxx
Chapter 22
ကျီကျောက်ယန် သည် စမ်းသပ်မှု ဘာသာရပ်များကို သဘောကျစွာ ကြည့်နေလေ၏။
ထိုအချိန်တွင် ဟန်ခိုင် ရုံးခန်းထဲသို့ ဝင်လာရာ ကျီကျောက်ယန်၏ လက်ထဲတွင် စမ်းသပ်ဘာသာရပ်များအား ကိုင်ထားသည်ကို တွေ့လိုက်သောအခါ ဖိုင်တွဲများကို လုယူကာ ဒေါသတကြီးပြောလိုက်သည်။
“ဒါ ဘာလုပ်တာလဲ...”
ကျီကျောက်ယန်က ဟန်ခိုင်လက်ထဲမှ စမ်းသပ်မှတ်တမ်းအား စိုက်ကြည့်ရင်း သဘောကျစွာပြုံးလိုက်သည်။
"အိုး... ငါက မင်းကို စကားပြောဖို့လာခဲ့တာ...ဒါပေမယ့် မင်းက ဓာတ်ခွဲခန်းထဲမှာ မရှိဘူး...အဲ့ဒါနဲ့ မင်းကိုစောင့်ဖို့ ရုံးခန်းထဲ ဝင်လာတာ..."
ဟန်ခိုင် က သူတေသန စာရွက်စာတမ်းကို အံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။
"ပရော်ဖက်ဆာ ကျီ...ခင်ဗျားရဲ့မိဘတွေက ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးရဲ့ပစ္စည်းတွေကို မကိုင်ရဘူးလို့ မသင်ပေးထားဘူးလား..."
"ဆောရီး..စားပွဲပေါ်မှာ တင်ထားတော့ ဒီတိုင်း သိချင်စိတ်ဖြစ်မိရုံပါ.... ”.
“ကျွန်တော့် ခွင့်ပြုချက်မရှိဘဲ ကျွန်တော့် ပစ္စည်းတွေကို ကြည့်ရုံတင်မကဘူး...မျက်နှာပြောင်ပါ တိုက်နေပါရောလား... ကိုယ့်စ္စည်းကိုယ် ဘယ်မှာထားတယ်ဆိုတာ သိတာပေါ့... ဒီမှတ်တမ်းကို စားပွဲပေါ် မတင်ထားဘူး..ကျွန်တော် စမ်းသပ်မှု တစ်ခုလုပ်ရမယ်...ခင်ဗျားနဲ့ပြောဖို့ အချိန်မရှိဘူး...."
ကျီကျောက်ယန် က ပြုံးပြီး ပြောလိုက်သည်။
" စမ်းသပ်မှုဘာသာရပ် ၄၁၃-၁ နဲ့ ၄၁၃-၂ က ဘယ်သူ့ဟာတွေလဲ..."
ဟန်ခိုင် သည် ကျီကျောက်ယန်ကို ဒေါသတကြီး ကြည့်လိုက်သည်။သူ၏ ပေါ့ဆမှုကြောင့် အံဆွဲများနှင့် ရုံးခန်းကို သော့ခတ်ရန် မေ့သွားခဲ့ပြီးအီလက်ထရွန် အဏုကြည့် ဓာတ်ခွဲခန်းတွင် R ဗိုင်းရပ်စ်ကို လေ့လာနေခဲ့သည်။
ဓာတ်ခွဲခန်းမှ အပြန်တွင် ကျီကျောက်ယန် က သူ့ကို လိုက်ရှာနေကြောင်းကို ကျန့်စစ်ချီက ပြောသဖြင့် အမြန်ပြေးလာခဲ့သည်။သူတံခါးဖွင့်လိုက်သည်နှင့် ကျီကျောက်ယန် က စမ်းသပ်မှု မှတ်တမ်းများကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ခင်ဗျား ဘာတွေပြောနေတာလဲ ကျွန်တော်မသိဘူး...."
ကျီကျောက်ယန် က ဟန်ခိုင်ကို တံတောင်နှင့် တွက်လိုက်ပြီး ပြုံး၍ ပြောလေသည်။
“ဟန်ဆောင်မနေပါနဲ့...စမ်းသပ်မှုမှတ်တမ်းတွေ အားလုံး ငါမြင်ပြီးပြီ... စမ်းသပ် ခန္ဓာကိုယ် နှစ်ခုလုံးမှာ R ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်တဲ့ antibody တွေ ရှိတယ် မဟုတ်လား...”
"အကုန်မြင်ပြီးရဲ့သားနဲ့ ဘာလို့ လာမေးနေတာလဲ...."
"ဒါပေမယ့် စမ်းသပ်တဲ့ ဘာသာရပ်ရဲ့ ဇစ်မြစ်ကို မင်းက မဖော်ပြထားဘူး၊ ငါသိသလောက်ကတော့ အဲ့ဒီ စမ်းသပ် ဘာသာရပ်တွေဟာ CDC နဲ့ လုံးဝ မဆိုင်ဘူး...."
"ပရော်ဖက်ဆာ ကျီ...ခင်ဗျားနဲ့ ကျွန်တော်က ရာထူးချင်း အတူတူပဲ.... ကျွန်တော့်မှာ ခင်ဗျားကို တင်ပြနေဖို့ တာဝန်မရှိဘူး...”
"အစီရင်ခံစာကို တင်ပြတယ်လို့ မသုံးနဲ့လေ...ကိုယ်လုပ်နေတဲ့ စမ်းသပ်မှုအကြောင်းကို လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြောပြလို့ရတာပဲ....ပြီးတော့ လူတိုင်းရဲ့ ပန်းတိုင်က ကာကွယ်ဆေးကို အမြန်ဆုံးတီထွင်နိုင်ဖို့ပဲ မဟုတ်လား...မင်းမှာ အစီအစဉ်ကောင်းတွေရှိရင် ဖုံးကွယ်မထားပါနဲ့....သူများတွေကလည်း မင်းမတွေးမိတဲ့ အကြံတွေကို တွေးမိနေနိုင်တယ်လေ...."
"ခင်ဗျား.. ဒီက ထွက်သွား..."
ဟန်ခိုင် က ကွန်ပျူတာ ဖန်သားပြင်ကို စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။
ကျီကျောက်ယန် က သူ့ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
" စိတ်မပူပါနဲ့...ငါ မင်းကို ပြစရာတစ်ခုရှိတယ်...မင်းအရမ်း စိတ်ဝင်စားမယ်ဆိုတာ သေချာတယ်..."
ထို့နောက် သူသည် သူ့ဖုန်းတွင် ကူးယူထားသော စောင့်ကြည့်ဗီဒီယိုကို ဖွင့်ပြီး ဟန်ခိုင် ထံ ပေးလိုက်သည်။
" "၅.၁၇ ဖြစ်စဉ်" ဖြစ်တဲ့နေ့မှာ CDC အဆောက်အဦးနားမှာ ယန်ဟန် လို့ခေါ်တဲ့ ဇွန်ဘီ အမျိုးသမီးက မင်းဆီ ပြေးလာတယ်လေ... မင်းတို့နှစ်ယောက် တော်တော်ရင်းနှီးပုံရတယ်...."
“ပရော်ဖက်ဆာကျီ က အမြင်တကယ်ကို စူးရှတာပဲ... လေကာအင်္ကျီ ၀တ်ထားတဲ့ သူတစ်ယောက်ကို ဇွန်ဘီလို့ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ..."
ကံကောင်းစွာပင် ယန်ဟန် သည် အနက်ရောင် လေကာအင်္ကျီကို ဝတ်ဆင်ထားပြီး သူမမျက်နှာကို ဗီဒီယိုထဲတွင် မမြင်ရပေ။
"ဟန်ခိုင်.... ဗြောင်မလိမ်နဲ့...
ငါ မေ ၁၇ မှာ ယန်ဟန် နဲ့ တွေ့တုန်းက အနက်ရောင် လေကာအင်္ကျီကို ၀တ်ထားတာပဲ..."
“တိုက်ဆိုင်လိုက်တာ... မေလ ၁၇ ရက်နေ့မှာ ကျွန်တော်လည်း အနက်ရောင်လေကာ အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ... ဒါပေမယ့် သူက ဇွန်ဘီမဟုတ်ဘူး... သူတောင်းစား တစ်ယောက်ပဲ...သူက အစားမစားရတာ ရက်အတော်ကြာနေပြီဆိုလို့ အိမ်ကိုခေါ်သွားပြီး အဝတ်တွေနဲ့ စားစရာတွေ ပေးခဲ့သေးတယ်.. အဲဒီအချိန်မှာပဲ ပထမစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် လီနန်ရှန့် လည်း ရောက်လာတယ်...သူလည်း သူတောင်းစားကို တွေ့လိုက်တယ်... မယုံရင် သူ့ကိုသွားမေး..."
ကျီကျောက်ယန် သည် နောက်ထပ်မေးခွန်းများ မေးလျှင်လည်း အသုံးမဝင်မှန်း သိသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့သည်။
သို့သော် အဆိုပါ စမ်းသပ်မှုမှတ်တမ်းနှစ်ခုကို သိခွင့်ရသဖြင့် အချည်းအနှီးမဖြစ်ပေ။
Xxxxx