အပိုင်း ၂၃-၂၄
Viewers 5k

Chapter 23


ကျီကျောက်ယန် ထွက်သွားပြီးနောက် ဟန်ခိုင် သည် ရုံးခန်းတံခါးကို သော့ခတ်လိုက်ပြီး “စမ်းသပ်မှု ဘာသာရပ်  ၄၁၃-၁” ၏ စာအုပ်မျက်နှာဖုံးကို ကြောင်စီစီ စိုက်ကြည့်နေမိသည်။ ဤမှတ်တမ်းကို မူလက သူ့အိမ်တွင် သိမ်းထားသော်လည်း မကြာသေးမီက စမ်းသပ်မှု ရပ်တန့်သွားမှသာ ကာကွယ်ဆေးအတွက် မျှော်လင့်ပြီး CDC သို့ ယူလာခဲ့ခြင်း ဖြစ်သည်။


ကျီကျောက်ယန် က  ယန်ဟန် ကို မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြောခဲ့သည်။ ‌ နောက်ဆုံးအကြိမ် အစည်းအဝေး ပြုလုပ်စဥ်က တင်ပြချက်အကြောင်း မေးရန် ယခင်က  တစ်ခေါက် လာခဲ့ပြီး ယခုလည်း စောင့်ကြည့်ရေးအခန်းသို့  တကူးတက ဗီဒီယိုကို သွားရှာခဲ့သည်။


ကျီကျောက်ယန် သည် ဤကိစ္စကို အသည်းအသည် လိုက်ရှာနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျီကျောက်ယန်သည် ယန်ဟန်ကို ကာကွယ်ဆေး ထုတ်ဖော်ရန်အတွက်  ဖမ်းချင်နေပေလိမ့်မည်။


ကျီကျောက်ယန် က ယန်ဟန့်အကြောင်းကို နှုတ်မှ မဖွင့်သော်လည်း သူမကို လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။ အကယ်၍  ယန်ဟန်ကို  CDC က ဖမ်းမိသွားပါက  သူမကို မသေသေအောင် နှိပ်စက်မည် ဖြစ်သည်။


ထို့ကြောင့် ယန်ဟန်ကို  ကျွန်းမှ ထွက်သွားဖို့အတွက်  ဖြောင်းဖျနားချရန် ဆုံးဖြတ် လိုက်သည်။


ဟန်ခိုင် ညနေ အိမ်ပြန်ရောက်သောအခါ ယန်ဟန်ကို အ‌ကျိုး‌အကြောင်း ရှင်းပြလိုက်သည်။ ယန်ဟန်က ဟန်ခိုင်သည် သူမအား ကျွန်းမှ ထွက်သွားစေရန် လိမ်ညာနေသည် ဟု ထင်နေ၍ ခေါင်းခါပြလိုက်၏။ 


ဟန်ခိုင် သည် သက်ပြင်းသာချလိုက်မိသည်။   စကားမပြောနိုင်သည့် ဇွန်ဘီကို ပြောဆိုရသည်မှာ ခက်ခဲလွန်းလှသည်။


လသာဆောင်မှာ ခဏထိုင်နေစဉ် ဟန်ခိုင်က ကျီကျောက်ယန် အကြောင်း သတိရသွားသည်။


"မင်း ကျွန်းပေါ်ကို ပထမဆုံးရောက်လာတဲ့ နေ့က အင်္ကျီဖြူ ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့ခဲ့လား..."


 ယန်ဟန်က ခဏ စဥ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။


“မင်းတွေ့ခဲ့တဲ့လူက ဇီဝဗေဒ ပရော်ဖက်ဆာလေ... သူက မင်းကို ကာကွယ်ဆေး  အတွက် စမ်းသပ်ချင်နေတာ.. အဲ့ဒီလူက ဩဇာရှိပြီး ရက်စက်တတ်တယ်..ကာကွယ်ဆေး မရမချင်း မင်းကို ညှာမှာမဟုတ်ဘူး... CDC ရဲ့ ဥက္ကဌက သူ့အဖေ‌လေ...အခု မင်း ဒီကျွန်းပေါ်မှာ ရှိနေမှန်း သူသိတယ်... မင်းကို ဖမ်းဖို့ အချိန်တစ်ခုပဲ လိုတော့တယ်...သူ မင်းကိုဖမ်းမိသွားရင်...မင်းရဲ့ဇွန်ဘီဘဝ လည်း အဆုံးသတ်သွားလိမ့်မယ်..." 


ယန်ဟန်က သူ့ကိုခပ်တည်တည် စိုက် ကြည့်နေသည်။ ဟန်ခိုင် သည် သူမ၏ အမူအရာကို ကြည့်ပြီး မယုံမှန်းသိ၍ ဖုန်းထဲမှ စမ်းသပ်မှုများကြောင့် သေဆုံးခဲ့ရသော ဇွန်ဘီများ၏ ဓာတ်ပုံများကို  ယန်ဟန် အား ပြလိုက်သည်။


"မင်း ဇွန်ဘီဘဝက‌နေ လူသေအလောင်း မဖြစ်ချင်ရင်  ကျွန်းကနေ အမြန် ထွက်သွားသင့်တယ်..." 


ဟန်ခိုင် ပြသည့် ဓာတ်ပုံများမှ ဇွန်ဘီများ၏ ပုံပန်းသဏ္ဍာန်မှာ ညှဉ်းပန်းနှိပ်စက်ခံထားရ၍ ရွံ့ရှာစက်ဆုပ်စရာ ကောင်းလှသည်။ အဆိုးဆုံးမှာ ဇွန်ဘီများကို အသေသတ် မပစ်သေးဘဲ အသားပုပ်ကြီးထဲကို ထိုးဆွနေကာ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်လေသည်။ 


ဟန်ခိုင်သည် ယန်ဟန် ၏ တောင့်တင်းသောမျက်နှာ အောက်တွင် ဖုံးကွယ်ထားသော ဒေါသကို ခံစားမိသွားသည်။


“အခြား နည်းလမ်းမရှိဘူး...R ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေး တီထွင်နိုင်ရေးအတွက် ငါတို့တွေ ကြိုးစားနေတာ... ကမ္ဘာကြီးကို ဒီလိုကြီး ထာဝရ မဖြစ်စေချင်ဘူး မဟုတ်လား..." 


'ဒါပေမယ့် တစ်စုံတစ်ယောက်က ရှင့်ကို ဒုက္ခပေးချင်နေတယ်... လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှင့်ကိုဓာတ်ခွဲခန်းထဲမှာ ကြိုးနဲ့တုပ်ထားပြီး R ဗိုင်းရပ်စ်ကို ထိုးသွင်းလိုက်တာ...သူက ရှင့်ကို ဇွန်ဘီဖြစ်စေချင်နေတာ....' 


ယန်ဟန်က လက်ဟန်ပြပြောလိုက်သည်။ ယန်ဟန်၏ အမူအရာများကို နားလည်လိုက်ပြီး ဟန်ခိုင်သည် ထိတ်လန့်သွားလေသည်။


“လူလတ်ပိုင်း ဟုတ်လား...ဘယ်သူလဲ  သိလား..."


'ကျွန်မ သူ့ကို မသိဘူး...'


 "အချိန်အတိအကျသိလား....." 


ယန်ဟန်က ထပ်မံ ခေါင်းခါလိုက်ပြီး လက်ဟန်ပြလိုက်သည်- ' အိပ်မက်ထဲမှာ အချိန်အတိအကျ မပါဘူး..' 


ဟန်ခိုင် သည် သူမကိုကြည့်ကာ ခဏမျှ နှုတ်ဆိတ်နေပြီး ပြောလေ၏။


“ငါ သတိထားပါ့မယ်.... မင်း တတ်နိုင်သမျှ မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်..."


 'ရှင် နားမလည်ပါဘူး...ရှင် သတိထားလည်း ထူးလာမှာ မဟုတ်ဘူး...တစ်ယောက်ယောက်က ရှင့်ကို အန္တရာယ်ပြုမယ်လို့ ကြိုသိထားရုံနဲ့ နောက်ဆုံးရလဒ်ကို ပြောင်းပစ်လို့မရဘူး...'


“ရလဒ်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူးဆိုရင်လည်း မင်း ကျွန်းပေါ်မှာ နေလည်း ဘာထူးမှာလဲ... မင်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားပါ.. နှစ်ရက်အတွင်း ကနူးလှေတစ်စီး ရှာပေးဖို့ တစ်ယောက် ယောက်ကို ငါ ပြောကြည့်မယ်" 


ယန်ဟန် စိတ်ဆိုးသွားကာ ခြေကိုဆောင့်လိုက်သည်။


'ရှင်သာ ဇွန်ဘီဖြစ်သွားရင် ရှင်ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး...'


ဟန်ခိုင် က ပြုံးပြီး ပြောလေသည်။


"စိတ်မပူပါနဲ့...ငါက လွယ်လွယ်နဲ့ ဇွန်ဘီ  တစ်ကောင် ဖြစ်လာမှာ မဟုတ်ပါဘူး..."


Xxxxx


Chapter 24


ကျီကျောက်ယန် သည် ဟန်ခိုင်၏ ရုံးခန်းထဲမှ  ထွက်လာပြီး ဓာတ်လှေကားသို့ အသွားတွင် ရုတ်တရက် အကြံတစ်ခု ရလာသည်။


ယန်ဟန်သည် အကြောင်းတစ်ခုခုကြောင့် ဟန်ခိုင် ၏အိမ်တွင် တစ်ချိန်လုံး ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။ မေလ ၁၇ ရက်နေ့ကတည်းက စစ်ဆင်ရေးအဖွဲ့သည် လူနေရပ်ကွက်များနှင့် ရုံးအဆောက်အအုံများကို ရှာဖွေခဲ့ပြီးဖြစ်သည်။ သို့သော် လူနေအိမ်များနှင့် တိုက်ခန်းများ ကျန်သေးသည်။


ဇွန်ဘီကို ဘယ်လိုလူက အိမ်မှာ ဖွက်ထားနိုင်မှာလဲ.....


ကျီကျောက်ယန် ဖခင်ဖြစ်သူ၏ ရုံးခန်းထဲသို့သွားပြီး ဟန်ခိုင်၏ အဆောင်လိပ်စာကို မေးလိုက်သည်။ ကျီဟုန်က သူဘာကြောင့် မေးသည်ကို နားမလည်သော်လည်း လိပ်စာမိတ္တူကို ပေးလိုက်သည်။


ထို့နောက် ကျီကျောက်ယန်သည် အမှတ် ၄၁၃၊ အဆောက်အဦး -ဘီ ၊ (ကျားယွမ် )သို့သွား‌ပြီး ဟန်ခိုင် ၏ အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းကို ငှားရမ်း‌လိုက်လေသည်။ 


ထို့နောက် ကင်မရာတစ်လုံးကို သူ့အခန်း ပြတင်းပေါက်တွင် တပ်ဆင်ထားပြီး ဟန်ခိုင်၏ လသာဆောင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။


ကျီကျောက်ယန် သည် နေ့လယ် ၁ နာရီကတည်းက ချောင်းနေခဲ့ရာ ညနေ ၅ နာရီမှ လသာဆောင်သို့ တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရလျှင် ဓါတ်ပုံများကို ဆက်တိုက် ရိုက်ယူလိုက််သည်။


ယန်ဟန် သည် ထိုအနက်ရောင် လေကာအင်္ကျီနှင့် ခေါင်းစွပ်ကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ကျီကျောက်ယန် ကို ကျောပေးထားခြင်းဖြစ်၍ ဓာတ်ပုံထဲတွင် အနက်ရောင် အင်္ကျီကိုသာ မြင်ရလေသည်။


 


 ယန်ဟန်သည် မနေ့ညက ဟန်ခိုင်က ယွင်ကျင့်မြို့ကို အမြန်ပြန်သွားဖို့ တောင်းဆိုသည့်အတွက် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ထို့နောက် ဟန်ခိုင်က သူမ ကြောက်လန့် သွားစေရန်  နှိပ်စက်ထားသော ဇွန်ဘီများ၏ ဓာတ်ပုံများကို ပြခဲ့သည်။


နောက်နေ့ မနက်တွင် ဟန်ခိုင်က ယန်ဟန်ကို လသာဆောင်မှာသာ အိပ်နေဖို့ ပြောထားသဖြင့် သူမသည်  တစ်မနက်လုံး အိပ်နေပြီး နေ့ခင်းရောက်မှ နိုးလာသည်။


ကျီကျောက်ယန် သည် ကျောပေး‌ထားသော ယန်ဟန်ကို  အားမလို အားမရ စိုက်ကြည့်နေလေသည်။မကြာမီ ယန်ဟန်က ကိုယ်ကို လှည့်၍ ပျင်းကျောဆန့်လိုက်ချိန်တွင် ကင်မရာ ခလုတ်ကို  ဆက်တိုက်နှိပ်လိုက်ပြီး ရိုက်ယူလိုက်သည်။


ထို့နောက် ဓာတ်ပုံကို တစ်ချက်ပြန်ကြည့် လိုက်ပြီး မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးလိုက်သည်။


အရူးတစ်‌ယောက် မဟုတ်ဘဲ ဇွန်ဘီတစ်ကောင်မှန်း သူသိသွားသောကြောင့်ပင်။


ကျီကျောက်ယန် သည် ကင်မရာထဲမှ ဓါတ်ပုံများကို ဖုန်းထဲသို့ ကူးယူလိုက်ပြီး လီနန်ရှန့် ကို လိုက်ရှာ‌သည်။သူက မျက်နှာကို စိုးရိမ်သောက ရောက်နေသည့်ပုံ ဖမ်းကာ  လီနန်ရှန့် ကို အလောတကြီး ပြောလိုက်သည်။


 "မကောင်းတော့ဘူး...မကောင်းတော့ဘူး....ဟန်ခိုင်တော့ ဒုက္ခရောက်တော့မှာပဲ..." 


လီနန်ရှန့် မှာ ထိတ်လန့်သွားပြီး ကျီကျောက်ယန် ၏ လက်ကို ကိုင်ထားလိုက်ပြီး ပြောလေသည်။


 


"အားခိုင် ဘာဖြစ်သွားတာလဲ...“ 


“ဘာတွေဖြစ်နေတာလဲတော့ မသိဘူး... ဟန်ခိုင့် တိုက်ခန်းရဲ့လသာဆောင်မှာ ဇွန်ဘီတစ်ကောင်ရှိနေတယ်....” 


ကျီကျောက်ယန် က  ဖုန်းထဲမှ ဓာတ်ပုံများကို လီနန်ရှန့် အား ပြလိုက်သည်။ 


“ဒါက အစ်ကို့တိုက်ခန်းရဲ့ လသာဆောင်ပဲ... ဒါက ဘယ်လိုဖြစ်ရတာလဲ... နောက်ဆုံး စစ်ဆင်ရေးတုန်းက ဇွန်ဘီအားလုံး သေသွားပြီ မဟုတ်ဘူးလား..."


“အဲ့ဒါတော့ ငါလည်းမသိဘူး... ဒါပေမယ့် ကျန်တာတွေ တွေးမနေပါနဲ့.. လူတွေကို ကယ်တင်ဖို့က အရေးကြီးတယ်မလား...”


“ဒီဇွန်ဘီကို တစ်ယောက်တည်း ကိုင်တွယ်ဖို့က ခက်နိုင်တယ်...လူအင်အား နည်းနည်းပေးဖို့ ဌာနမှူး ကျန့် ကို သွားပြောလိုက်မယ်..." 


ကျီဟုန် သည် ၂၀၂၂ ခုနှစ်တွင် R ဗိုင်းရပ်စ်ပိုး မဖြစ်ပွားမီကပင် ယွင်ကျင့်မြို့၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ထို့အပြင် အကြီးတန်း အရာရှိများနှင့် အငယ်တန်းအရာရှိများ ကြား ပြဿနာအမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြောင်မြောက်သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျီဟုန် သည် ကျွန်းပေါ်သို့ ရောက်လာသောအခါ ကိစ္စပေါင်းစုံကို တစ်ယောက်တည်း ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။


ကျီဟုန် ၏သားဖြစ်သူ ကျီကျောက်ယန် ကလည်း လိမ္မာပါးနပ်ပြီး အထက်လူကြီးများနှင့် ဆက်ဆံရေးကောင်းမွန်သူ ဖြစ်လေသည်။


ယခု ကျီကျောက်ယန် သည် စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့သားတစ်ချို့ကကို ခေါ်သွားချင်သည်။


ကျန်းဟိုင် က သူ့ကို သဘောမတူစရာ အကြောင်းမရှိပေ။ထို့ကြောင့် ကျန်းဟိုင်ကို ပြောမနေတော့ဘဲ အဖွဲ့သား အနည်းငယ်ကို လှမ်းခေါ်လိုက်လေသည်။


Xxxxxxx