Chapter 25
ကျီကျောက်ယန် နှင့် လီနန်ရှန့် တို့သည် စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်၆ဦးနှင့်အတူ ဟန်ခိုင်၏ အခန်းသို့ ရောက်လာလေသည်။ အခန်းထဲသို့ မဝင်မီ သူတို့နှစ်ယောက်သည် မည်သူက အခန်းထဲသို့ အရင်ဝင်မည်ကို တိုင်ပင်ကြသေးသည်။
ကျီကျောက်ယန် က လီနန်ရှန့် ကို ရင်းရင်းနှီးနှီး ပြောလိုက်သည်။
"နန်ရှန့်...မင်း ဟန်ခိုင်ရဲ့ အခန်းကို နှံ့နှံ့ စပ်စပ် သိတယ်မဟုတ်လား...မင်းရှေ့ကသွားတာ ပိုကောင်းတယ်.."
လီနန်ရှန့်က မဆိုင်းမတွဘဲ ချက်ချင်း သဘောတူလိုက်သည်။
“လူစုလူဝေးနဲ့ မဝင်တာ ကောင်းမယ်... အခန်းတံခါးဝကို ရောက်တာနဲ့ တံခါးကိုခေါက်...ပြီးရင် အထဲက အသံကိုနားစွင့်ထား.. "
လီနန်ရှန့် က ခေါင်းညိတ်လိုက်ပြီး ကျီကျောက်ယန် ၏ စကားအတိုင်း တံခါးဝဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။ လီနန်ရှန့် တံခါးမခေါက်မီ ကျီကျောက်ယန် က အဖွဲ့သားများကို နောက်ဆုတ်ရန် လက်ပြလိုက်သည်။
တံခါးခေါက်ပြီးနောက် လီနန်ရှန့် သည် အိမ်ထဲမှ အသံကို ဂရုတစိုက်နားထောင်ကြည့်ရာ မသင်္ကာဖွယ် အသံများ မကြားရပေ။
ထို့နောက် မိနစ်ဝက်ခန့်ကြာလျှင် တံခါးကို ဟန်ခိုင်က လာဖွင့်ပေးလေသည်။
တံခါးဖွင့်ဖွင့်ချင်း ဟန်ခိုင်သည် လီနန်ရှန့် ဘေးမှ ကျီကျောက်ယန် ကို သတိပြုမိလိုက်သည်။
ကျီကျောက်ယန် က လက်ကို ဝှေ့ယမ်းပြလိုက်ရာ စစ်ဆင်ရေး အဖွဲ့သား ခြောက်ဦးသည် ဟန်ခိုင်၏ အိမ်ထဲသို့ ချက်ချင်း ဝင်သွားကြသည် ။
လီနန်ရှန့် က ဟန်ခိုင်ကို စိုးရိမ်တကြီးပြောလိုက်သည်။
“အားခိုင်... အဆင်ပြေရဲ့လား..”
ဟန်ခိုင်သည် လီနန်ရှန့်၏ မေးခွန်းကို မဖြေသေးဘဲ ကျီကျောက်ယန် ကို ပြောလိုက်သည်။
"ပရော်ဖက်ဆာ ကျီ...ခင်ဗျား ဘာလုပ်တာလဲ..."
" မင်းတို့ကရော ငါ့အိမ်ထဲကို ဘာလို့ ဝင်လာကြတာလဲ..."
ဟန်ခိုင်သည် လှည့်ပတ်ကြည့်ရှုနေသော စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင် ခြောက်ဦးအား ပြောလိုက်သည်။
"အားခိုင် အစ်ကို့ အိမ်မှာ ဇွန်ဘီမရှိဘူးလား.."
လီနန်ရှန့် က ဟန်ခိုင် ဆီ အမြန်လျှောက်လာပြီး ပြောလေသည်။
"ဘယ်က ဇွန်ဘီလဲ... မင်းကိုဘယ်သူပြောတာလဲ..."
ဟန်ခိုင်က လီနန်ရှန့်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ပရော်ဖက်ဆာ ကျီက ပြောတာ..."
ကျီကျောက်ယန် က မလိမ်ညာဘဲ အမှန်အတိုင်း ပြောလေသည်။
“ဟန်ခိုင်...မင်း ဟန်ဆောင်မနေနဲ့တော့.. ယန်ဟန်က မင်းရဲ့တိုက်ခန်းမှာ ပုန်းနေတယ်ဆိုတာ ငါသိတယ်...ဒီမှာ ဓာတ်ပုံတွေ အကုန်ရိုက်ပြီးပြီ..."
သူက ဂုဏ်ယူဝင့်ကြွားစွာနှင့် ဖုန်းထဲမှ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။
“မင်းတို့ အနှံ့ ရှာကြည့်ကြ.... သေချာတာကတော့ ဒီအိမ်မှာ ဇွန်ဘီတစ်ကောင်ရှိတယ်....ပြီးတော့ ယန်ဟန်ဟာ CDC ရဲ့ အနာဂတ် ဖြစ်လာနိုင်လို့ သူမကို တတ်နိုင်သမျှ အရှင်ဖမ်းပါ....”
ကျီကျောက်ယန် က စစ်ဆင်ရေး အဖွဲ့ဝင်များအား ညွှန်ကြားလိုက်သည်။
ဟန်ခိုင် နှင့် ကျီကျောက်ယန်တို့၏ စကားကို လီနန်ရှန့် ကြားရသောအခါ နားမလည်နိုင် ဖြစ်နေရသည်။
ယန်ဟန်က ဘယ်သူလဲ...
သူမက ဘာလို့ CDC ရဲ့ အနာဂါတ်လဲ...
ထို့နောက် သူက ဟန်ခိုင့်ကို တီးတိုးပြောလိုက်သည်။
"အားခိုင်... ဘာတွေဖြစ်နေကြတာလဲ...”
"နန်ရှန့်...လောလောဆယ်တော့ ရှင်းပြလို့မရသေးဘူး...သေချာတာကတော့ မင်းက စက်ဆုပ်ဖွယ်ကောင်းတဲ့ ဗီလိန်ကောင်ကို ယုံကြည်လိုက်တာပဲ..."
ရေချိုးခန်းထဲတွင် ပုန်းနေသည့် ယန်ဟန်မှာ ဧည့်ခန်းထဲမှ အသံများကို ကြားနေရပြီး ထွက်ပြေးလျှင်လည်း အကြောင်းမထူးပြီ ဖြစ်၍ အသာငြိမ်နေလေသည်။
စစ်ဆင်ရေး အဖွဲ့ဝင်များသည် ရေချိုးခန်းထဲသို့ ဝင်သွားသောအခါ ခွေးခြေခုံပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော ဇွန်ဘီတစ်ကောင်ကို တွေ့လိုက်ရသည်။ထိုအခါ အဖွဲ့ဝင်များသည် ရေချိုးခန်းအပြင်ဘက်တွင်သာ ရပ်နေပြီး ယန်ဟန်ထံ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေကြသည်။
ထိုစဉ် အဖွဲ့သားတစ်ယောက်က ကျန်လူများကို ပြောလိုက်သည်။
“သွားကြလေ...မင်းတို့ ဘာလို့ မသွားတာလဲ..."
“မင်း စကားပုံ မကြားဖူးဘူးလား..." မဟောင်တဲ့ခွေးက ကိုက်တတ်တယ်... ကိုက်တဲ့ ခွေးက မဟောင်တတ်ဘူး"..တဲ့.. ဒီဇွန်ဘီက အရမ်းကို ငြိမ်နေတော့ ငါကြောက်တယ်...”
ကျီကျောက်ယန်က အဖွဲ့သားများ ရပ်နေသဖြင့် ရေချိုးခန်းထဲသို့ လှမ်းဝင်လိုက်လျှင် ယန်ဟန့် ကို မြင်လိုက်ရာ ကျေနပ်စွာ ရယ်မောပစ်လိုက်သည်။
“ဟားဟား...မင်း ဒီတစ်ခါတော့ မပြေးနိုင်တော့ဘူးပဲ...ဟေ့ကောင် တွေကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲ...သူမကို ဖမ်းလေ..."
"ပရော်ဖက်ဆာကျီ... ဒီဇွန်ဘီက သာမန်ဇွန်ဘီတွေနဲ့ မတူဘူး.... ငြိမ်နေလို့ ညီအစ်ကိုတွေက ကြောက်လန့်ပြီး ရှေ့မတိုးရဲကြတာ...”
“သူမက မလှုပ်ဘူးလေ...မင်းတို့ ဘာကိုကြောက်တာလဲ... မင်းတို့က ဇွန်ဘီတွေကို နှိမ်နှင်းနေကြတာ မလား...”
စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ကျီကျောက်ယန် ၏ အရှက်ရစေသော စကားများကို သူ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။
“ကျွန်တော် ဝင်မယ်...”
ထိုအဖွဲ့သားက အနက်ရောင်အိတ်ကြီးတစ်ခုကိုယူ၍ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
“ညီအစ်ကိုတို့... ဇွန်ဘီက ငါ့ကို ရန်ပြုဖို့ ကြိုးစားရင် ခေါင်းကို ပစ်ထည့်လိုက်..."
ထို့နောက် သူက ယန်ဟန် ဆီသို့ သတိကြီးစွာ ထား၍ လျှောက်လာပြီး အိတ်ကို ယန်ဟန်၏ ခေါင်းအထက် ခပ်လှမ်းလှမ်းတွင် မြှောက်လိုက်သည်။
ယန်ဟန်သည် သစ်သားတုံးကဲ့သို့ မလှုပ်မယှက်ဖြစ်နေလေသည်။
ထိုလူက ယန်ဟန်၏ခေါင်းကို တုတ်ဖြင့်ရိုက်ချလိုက်ရာ ကြမ်းပြင်ထက်သို့ ခွေညွတ်ကျသွားလေတော့သည်။
အစပိုင်းတွင် ယန်ဟန်က ငြိမ်သက်နေ၍ အဖွဲ့သားတို့ ကြောက်လန့်နေကြသော်လည်း ယန်ဟန့် ကို သုံးလွှာအိတ်ကြီးထဲ ထည့်ပြီးချိန်တွင်တော့ ကြောက်စိတ်များ လွင့်ပြယ်ကုန်ကြသည်။
Xxxxxx
Chapter 26
ကျီကျောက်ယန် သည် ဤကိစ္စနှင့် ပတ်သတ်၍ နည်းနည်းမှ ပူပန် မနေပေ။ သူက ယန်ဟန့် ကို ဖုတ်ကောင်လှောင်အိမ်ထဲ ထည့်ထားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလွန်း၍ စစ်ဆင်ရေးအဖွဲ့ဆီ ပြေးသွားလိုက်ပြီး ပြောလိုက်သည်။
“သိပ်လွယ်တယ် မဟုတ်လား... သူမက ကြောက်စရာ မကောင်းပါဘူး.. ဟားဟား..."
ထို့နောက် သူ စင်္ကြံဆီသို့ လျှောက်သွားကာ ဟန်ခိုင် ကို ပြုံးပြလိုက်ပြီး ပြောပြန်သည်။
"ဒီကိစ္စကို ဒါရိုက်တာ့ဆီ မတင်ပြပါဘူး...စိတ်ချ..."
ဟန်ခိုင်က ပြန်မပြောဘဲ လှည့်ထွက်သွားသော ကျီကျောက်ယန် ကို ဒေါသတကြီး ကြည့်လိုက်သည်။
ကျီကျောက်ယန် နှင့် အခြားသူများ ထွက်သွားပြီးနောက် ဟန်ခိုင် သည် လီနန်ရှန့်အား အဖြစ်အပျက်များကို အသေးစိတ် ရှင်းပြလိုက်သည်။ ဟန်ခိုင် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီနန်ရှန့် မှာ မယုံနိုင်ဖြစ် နေရလေသည်။
" ဒီဇွန်ဘီ ကျွန်းကနေ ထွက်သွားနိုင်ဖို့ ကျွန်တော့်ဆီက လှေငှားနေတာပေါ့လေ..."
ဟန်ခိုင်က ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကလည်းဗျာ.. သူမက ဇွန်ဘီလေ..."
"အတိအကျပြောရရင် လူစိတ် ကျန်နေသေးတဲ့ ဇွန်ဘီပါ...."
“အဲ့တော့ ဘာထူးလို့လဲ... "
"နန်ရှန့်... သူမမှာ ဘာလို့ လူစိတ် ကျန်နေရတာလဲလို့ မင်း တွေးဖူးလား... မင်းလည်း တွေ့သားပဲ... သူမက သာမန်ဇွန်ဘီတွေနဲ့ တကယ့်ကို ကွဲပြားနေတယ် ဆိုတာ..."
လီနန်ရှန့် က ပြန်မဖြေဘဲ ဟန်ခိုင် ဆက်အပြောကို စောင့်နေလေသည်။
“ကျွန်းပေါ်မှာ CDC တည်ထောင်ထားတာ သုံးနှစ်နီးပါး ရှိနေပေမဲ့ ကာကွယ်ဆေး သုတေသနကို ရပ်နားထားရတယ်...ဒါကြောင့် ငါတို့က ရှိရှိသမျှ ဖြစ်နိုင်ခြေအားလုံးကို အဖြေရှာကြည့်ရမှာပဲ... ကျွန်းပေါ်မှာ အကြာကြီးဘယ်သူမှ မနေချင်ကြဘူး... ငါ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ယန်ဟန်ရဲ့အသားစကို ယူပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်...ယန်ဟန်က လူတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက် မီးတောက်ကြီး ဖြစ်လာနိုင်တယ်...”
"ကျီကျောက်ယန် ကလည်း CDC ရဲ့ ကာကွယ်ဆေး သုတေသနအတွက် ယန်ဟန့် ကို ဖမ်းတာ မဟုတ်ဘူးလား...မင်းကဘာလို့ သူမကို ကျွန်းကနေ ပြန်ခိုင်းချင်တာလဲ..."
ဟန်ခိုင်က ခေါင်းကို တစ်ချက်ခါယမ်းလိုက်ပြီး ရှင်းပြလေ၏။
"နန်ရှန့်...မင်း ကျီကျောက်ယန်ကို မသိပါဘူး... သူ့ရဲ့ သုတေသနပိုင်းမှာ အရမ်းကြီး မတော်သလို အမြင်လည်း ကျဉ်းတယ်...သူ ယန်ဟန်ကို မသေမချင်း နှိပ်စက်မှာ သေချာတယ်...."
လီနန်ရှန့်က ဟန်ခိုင်ကို အံ့အားသင့်စွာ မေးလိုက်သည်။
"အားခိုင်... ယန်ဟန့် ကို ကြိုက် နေတာလား..."
ဟန်ခိုင် က အမြန် ငြင်းဆိုလိုက်ပြီး မချိုမချဉ်ပြုံးလိုက်သည်။
“နန်ရှန့်... မင့်ဟာက ရယ်စရာကောင်း မနေဘူးလား... မင်းပြောတော့ သူမက ဇွန်ဘီပဲဆို.... ကမ္ဘာပေါ်က မိန်းကလေး တွေအားလုံး သေသွားရင်တောင် ငါ ဇွန်ဘီကို မကြိုက်ဘူး...”
"ဒါဆို အစ်ကိုက ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ... ဇွန်ဘီဆိုတာ လူသေကောင်ပဲဟာ...”
ဟန်ခိုင် သည် လီနန်ရှန့်ကို စိုက်ကြည့်နေပြီး ခဏအကြာတွင် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလေသည်။
"အထီးကျန်တာ... သူမရဲ့ အမူအရာတွေက အထီးကျန်နေသလိုပဲ... ခံစားရတယ်..ယွင်ကျင့် မြို့ တုန်းကလည်း သူမ တစ်ယောက်တည်း အရမ်းအထီးကျန် နေတယ်လို့ အမြဲခံစားရတယ်... တကယ်တော့ သူမဟာ စကားမပြောနိုင်တဲ့ ဇွန်ဘီတစ်ကောင် ဖြစ်နေတာကလွဲလို့ သာမန်လူတွေနဲ့ သိပ်မကွာခြားပါဘူး....ပြီးတော့ သူမဟာ အသိဥာဏ်ရှိတဲ့ သူဖြစ်လို့ စမ်းသပ်ဖို့ ဖမ်းလိုက်တာဟာ ရက်စက်လွန်းရာကျမနေဘူးလား....”
ဟန်ခိုင့် စကားကို ကြားပြီးနောက် လီနန်ရှန့် ပို၍ပင် အံ့သြသွားမိသည်။
'သွားပြီ...ငါ့အစ်ကိုက ဇွန်ဘီ တစ်ကောင်ကို စွဲလန်းနေတာ...ငါဘာလုပ်ရပါ့မလဲ...'
လီနန်ရှန့် သည် အလွန်စိုးရိမ်သဖြင့် ခေါင်းကိုသာ တွင်တွင်ကုတ် နေမိတော့သည်။
"နန်ရှန့်... မင်းငါ့ကိုကူညီပါကွာ..."
"အစ်ကိုက ဇွန်ဘီကို ကယ်မှာ..ဟုတ်လား..."
ဟန်ခိုင်က ခေါင်းညိတ်လိုက်လျှင် လီနန်ရှန့် မှာ ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်ပြန်သည်။
"အစ်ကို ရူးနေတာလား..."
"ငါ့ကို ကူညီမှာလား...မကူညီဘူးလား..."
လီနန်ရှန့် က သက်ပြင်းချလိုက်ပြီး စိတ်ပျက်သော အမူအရာဖြင့် ပြောလေ၏။
"အစ်ကို့မှာ အစီအစဉ်ရှိလို့လား..."
ဟန်ခိုင် က မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်သည်။
“အစီအစဥ် အတိအကျတော့ မရှိသေးဘူး... ဖြည်းဖြည်းချင်း စီစဉ်ကြတာပေါ့ကွာ...."
Xxxxxxx