အပိုင်း ၂၇-၂၈
Viewers 6k

Chapter 27


CDC တွင် ကာကွယ်ဆေးများ ထုတ်ဖော်နိုင်ရန် ဇွန်ဘီများကို သီးခြားခန်းများတွင် ဖမ်းဆီးထားကြသည်။ ထိုသီးခြားခန်းများသည် CDC အဆောက်အဦး၏ အပေါ်ထပ်တွင် ရှိလေသည်။ "၅.၁၇ ဖြစ်ရပ်” ကဲ့သို့ အဖြစ်အပျက်များ ထပ်မဖြစ်စေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီးက အဖွဲ့သားများကို သီးခြားခန်းများအား စောင့်ကြည့်စေရုံ သာမကဘဲ အထူးအဖွဲ့ဝင် သုံးဦးကိုလည်း  ၂၄ နာရီလုံး အလှည့်ကျ စောင့်ကြည့်ရန် တာဝန်ပေးထားလေသည်။ 


ဟန်ခိုင် ဖုတ်ကောင်၏ အသားစများကို ယူရန် သီးခြားခန်းသို့ ရောက်လာစဉ် ယန်ဟန့် ကိုလိုက်‌ရှာသော်လည်း သီးခြားအခန်းများတွင် ရှိမနေပေ။ ကျီကျောက်ယန် က ယန်ဟန့်ကို သီးခြားခန်းထဲတွင် သော့ခတ်ထားမည် မဟုတ်မှန်း ရိပ်စားမိသော်လည်း တွေ့လိုတွေ့ငြား ‌ရှာကြည့်မိခြင်း ဖြစ်လေ၏။ ထို့အပြင် ကျီကျောက်ယန် က ယန်ဟန် ကို တစ်ဦးတည်း သီးခြား ပိတ်လှောင်ထားပါက သူမကို ပြန်ကယ်ရန် ခက်ခဲမည် ဖြစ်သည်။ 


ဟန်ခိုင် သည် ဟိုဒီလှည့်ပတ် ကြည့်လိုက်ရာ ဂိမ်းကို ပျင်းတိပျင်းရွဲ ကစားနေသည့် ရှောင်ချန်ကို မြင်လိုက်သဖြင့် သူလည်း ထိုင်ပြီး စကားစမြည် ပြောလိုက်သည်။


ရှောင်ချန် သည် CDC တွင် ပါးစပ်ဖွာသော လော်စပီကာကြီး ဖြစ်ပြီးဓာတ်ခွဲခန်းရှိ  သုတေသီများ၏ သတင်းအမျိုးမျိုးကို လိုက်လံမေးမြန်းပြီး ကျန်လူများကို အာပေါင်အာရင်း သန်သန် ပြန်ပြောတတ်သူ ဖြစ်၏။


 "ရှောင်ချန် ...မင်း ခုတစ်လော နာမည်ကြီးနေတဲ့ သတင်းကြီး အကြောင်းပြော..."


ရှောင်ချန်သည် ပရော်ဖက်ဆာ ဟန်ကစကားစ‌လိုက်သဖြင့် ဂိမ်းဆက်မဆော့တော့ဘဲ ဓာတ်ခွဲခန်းအတွင်းရှိ အချို့ သုတေသီများ၏ အချစ်ရေး၊အချစ်ရာ ကိစ္စများကို တတွတ်တွတ်ပြောနေလေတော့သည်။ သူလိုချင်သော အဖြေမဟုတ်သဖြင့် ဟန်ခိုင် စိတ်ညစ်သွားသည်။


သူ အားနာနာနှင့် အတန်ကြာ နားထောင်ပေးနေရာမှ   ရှောင်ချန် စကားပြော  နေစဉ် အမြန်ကြားဖြတ် ပြောလိုက်သည်။ 


"ရှောင်ချန်... မင်းပြောသမျှအကုန်လုံး သုတေသီတွေရဲ့ အချစ်ကိစ္စတွေချည်းပဲ...ငါငြီးငွေ့လာပြီ...မင်းက ကျွန်းတစ်ခုလုံးရဲ့ နား‌နှစ်ဖက်ဆို...တခြား သတင်းထူးလေး ဘာလေး မရှိဘူးလား..." 


ရှောင်ချန် က ဟန်ခိုင့်ကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။


"ကျွန်းက မကြာသေးခင်ကမှ ငြိမ်းချမ်းသွားတာ...အဲ့တော့ တခြားသတင်းထူးလည်း မရှိဘူးပေါ့..." 


 ဟန်ခိုင် သည် စိတ်ပျက်ဟန်ဆောင်ကာ ခေါင်းခါလိုက်သည်။


 “ကျွတ်...မင်းကို ငါဘယ်သူမှ မသိတဲ့ကိစ္စကို ပြောပြမယ်... မင်း လျှောက်ပြော နေတာထက်စာရင် ငါ့စကားက ပိုအရေးပါတယ်..ပိုကြီးကျယ်တယ်... မနေ့က ပရော်ဖက်ဆာ ကျီ  ဖမ်းလာတဲ့ ဗီဇ‌ပြောင်း ဇွန်ဘီ အကြောင်းကို မင်းသိထားလား..." 


"ဗီဇပြောင်းဇွန်ဘီ...ဟုတ်လား..ဒါများ.. ဒီလှောင်အိမ်ထဲက ဇွန်ဘီတွေနဲ့ ဘာထူးမှာလဲ...ဟက်.." 


ရှောင်ချန်းက ဟန်ခိုင်စကားကို ပေါ့ပေါ့တန်တန် ရယ်မောလိုက်သည်။


"မင်းရဲ့ဇွန်ဘီတွေက လူစကားကို နားလည်ပြီး မကိုက်တတ်ကြလို့လား...ငါပြောတဲ့ ဗီဇပြောင်းဇွန်ဘီက အရမ်းထူးဆန်းတာ...အဲဒါကြောင့် ပရော်ဖက်ဆာ ကျီက ဖမ်းလိုက်တာပေါ့...ဗီဇပြောင်း ဇွန်ဘီဆို‌တော့ လူသား ကျွေးစရာ မလိုတော့ဘူးပေါ့ကွာ..စားမှမစားတာ... .ပြီးတော့ ပရော်ဖက်ဆာ ကျီက ကာကွယ်ဆေး ဖော်ဖို့အတွက် ဗီဇပြောင်း R ဗိုင်းရပ်စ်ကို အသုံးပြုမလို့ စီစဉ်နေတယ်..ဘာလဲ..ဒါသတင်းထူး အကြီးစားကြီး မဟုတ်ဘူးလား..အင်း...ပြောရရင် ဒီလို ကာကွယ်ဆေး ဖော်‌ဖို့ဆိုတာ လူအားလုံး အသက်ရှင်နိုင်ဖို့ပဲလေ...CDCက ဘယ်သုတေသီမဆို ကာကွယ်ဆေးလိုချင်ကြတာပဲ..ဟုတ်ဘူးလား.. ” 


ဟန်ခိုင် ထိုသို့ပြောပြီးနောက် ရှောင်ချန်ကို အောင်ပွဲခံသော အကြည့်ဖြင့်ကြည့်လိုက်သည်။ 


"ဟုတ်လို့လား..ကျွန်တော်လည်း ဘာမှ မသိလိုက်ပါလား.."


 "ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်တာ... မှားနိုင်ပါ့မလား..."


ရှောင်ချန် က သူ့ကို သံသယရှိနေပုံရပြီး ထပ်မေးလိုက်သည်။ 


"ပရော်ဖက်ဆာကျီ က ဘာလို့ အဲ့ဒီဇွန်ဘီကို သီးခြားခန်းတွေထဲ ထည့်မထားတာလဲ..."


 "ဟာ.. မင်း CDC မှာ ရောက်နေတာကြာပြီပဲ.. ပရော်ဖက်ဆာကျီ ရဲ့ အကျင့်စရိုက်ကိုက သိုသိုသိပ်သိပ် နေတတ်တာလေ...သူပြောတာတော့ ဒီလိုဗီဇပြောင်း ဇွန်ဘီကို ရှာတွေ့ဖို့ဆိုတာ ဆယ်ပုံတစ်ပုံ အခွင့်အရေးမရှိဘူး..တွေ့ခဲ့ရင်လည်း ဖမ်းဖို့ ဆည်းဖို့ရာက တော်တော် ကြိုးစားရမှာ..အဲ့တော့ CDC တစ်ခုလုံးနဲ့ အဲ့ဒီဖုတ်ကောင်ကို ဘယ်မျှ,သုံးနိုင်ပါ့မလဲလေ..”


ရှောင်ချန် က ယခုမှ သဘောပေါက်သွားပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေလေသည်။ 


“ပရော်ဖက်ဆာ ဟန် ပြောတာ တစ်ကယ် ဖြစ်နိုင်တယ်..အဲ့ဒီ ပရော်ဖက်ဆာ ကျီက သူ့အဖေကို အားကိုးဖို့ပဲ သိတယ်... ကျွန်တော်လည်း သူ့ကို မကျေမနပ်ဖြစ်နေတာ ကြာပြီ..." 


"အေးလေ... ဒီဇွန်ဘီကို ဖမ်းလာတာကိုတောင် ငါ မတော်တဆတွေ့ခဲ့တာ..ငါကြည့်နေတာကိုလည်း မြင်ရော သူများတွေကို လျှောက်မပြောပါနဲ့လို့ တဖွဖွမှာတယ်ကွ...ရှောင်ချန် ..ငါ ဒီကိစ္စကို သူများတွေ ကိုတောင် ပြောတာမဟုတ်ဘူး...  ဒါကြောင့် မင်းလည်း ဘယ်သူ့ကိုမှ မပြောနဲ့နော်..." 


ရှောင်ချန် က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။


"ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး.. ကျွန်တော့် အကြောင်းလည်း သိရဲ့သားနဲ့....ကျွန်တော် ဘယ်လောက်နှုတ်လုံလည်း ဆိုတာ.."


ဟန်ခိုင် သည် ကျေနပ်စွာ ပြုံးလိုက်ကာ  သူယူထားသော ဇွန်ဘီများ၏ အသားစ,ဘူးကို ယူ၍ ဓာတ်ခွဲခန်းသို့ ပြန်လာခဲ့သည်။ 


နောက်တစ်နေ့တွင် CDC မှ ပါမောက္ခများ နှင့် သုတေသီများအားလုံးတို့သည် ကျီကျောက်ယန် က အသွင်ပြောင်းဇွန်ဘီတစ်ကောင်ကို ဖမ်းထားကြောင်း သိသွားလေတော့သည်။ ဟန်ခိုင် နံနက်စောစောတွင် CDCသို့ ရောက်သောအခါ သုတေသီများ တီးတိုး သဖန်းပိုး ပြောဆိုနေကြသည်ကို ကြားလိုက်ရပြီး ဂုဏ်ယူစွာ ပြုံးမိလေတောါသည်။


'ရှောင်ချန်က တစ်ကယ် အားကိုးရတာပဲ...'


မကြာမီ ကျီကျောက်ယန် ဓာတ်ခွဲခန်းသို့ရောက်လာပြီး ကာကွယ်ဆေး စမ်းသပ်မှု၏ လက္ခဏာ သွင်ပြင်များကို ထိုင်ပြီး လေ့လာချင်လေသည်။ထိုအချိန်တွင် သူ၏ ဓာတ်ခွဲခန်းငယ်ထဲသို့ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ၍ ဗီဇပြောင်း ဇွန်ဘီကို ပြရန် ပြောဆိုနေကြတော့သည်။ 


“မဟုတ်ပါဘူး..ဗီဇပြောင်း ဇွန်ဘီက ဘာလဲ..ငါလည်း မဖမ်းထားရပါလား.. မင်းတို့ကို ဘယ်သူကပြောလဲ...."


ကျီကျောက်ယန် က အတင်းငြင်းနေတော့သည်။


ပရော်ဖက်ဆာ တစ်ဦးက သူ့ကို မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလေသည်။


“ပရော်ဖက်ဆာကျီ...ဗြောင်မလိမ်ပါနဲ့.. ပရော်ဖက်ဆာ ဟန် တွေ့ခဲ့တာလေ...ဘာလို့လဲ...ကျွန်‌တော်တို့က  ပရော်ဖက်ဆာဟန် ထက် ညံ့နေလို့လား...


ပရော်ဖက်ဆာ ဟန်ကျတော့ တွေ့ခဲ့ရတယ်..ကျွန်တော်တို့ကျ မတွေ့ရဘူး...”


ကျီကျောက်ယန် သည် ဟန်ခိုင်က ပြောလိုက်သည် ဆို၍ ချက်ချင်း မျက်နှာပျက်သွားသည်။


ယခုမှတော့ မထူးတော့ပြီမို့ ဆက်ငြင်းနေရုံသာ ရှိတော့သည်။


"မဟုတ်ပါဘူး... တကယ် မဟုတ်ဘူး... ပရော်ဖက်ဆာ ဟန် က မင်းတို့တွေကို နောက်နေတာ ဖြစ်ပါလိမ့်မယ်...ငါက ဇွန်ဘီကို ဖမ်းထားတာ ဘာကိစ္စဖုံးကွယ်ထားရမှာလဲ...ဖမ်းလာရင်လည်း သီးသန့်ခန်းထဲမှာပဲ သော့ခတ်ထားမှာ‌ပေါ့...” 


စောစောက ပြောခဲ့သည့် ပရော်ဖက်ဆာက ဒေါသထွက်သွားလေ၏။


“ဟက်.. ပရော်ဖက်ဆာကျီ...ခင်ဗျား ကျွန်တော်တို့ကို သိပ်လည်း တွန့်တိုပြမနေပါနဲ့... လူတစ်ယောက်ဟာ ရာထူးဂုဏ်သိမ် သေးငယ်နေတာနဲ့ပဲ သူဟာ အရေးမပါဘူး..လူတောထဲ မဝင်ဆံ့ဘူးလို့ တွက်လို့မရဘူး..."


ထိုသို့ပြောပြီးနောက် သူက ဒေါသတကြီး လှည့်ထွက်သွားလေသည်။


နောက်ဆုံးတွင် ကျီကျောက်ယန် က ဗီဇပြောင်းဇွန်ဘီ အကြောင်းကိုအခိုင်အမာ ငြင်းနေလေတော့ ကျန်ပရော်ဖက်ဆာများလည်း မကျေမနပ်ပြောကာ ထွက်သွားကြ လေတော့သည်။


Xxxxxx


Chapter 28


သုတေသီများ ထွက်သွားကြသည်နှင့် လျန့်ချောင် ကျီကျောက်ယန်၏  ဓာတ်ခွဲခန်းထဲသို့ ဝင်လာလေ၏။


လျန့်ချောင် သည်လည်း CDC ၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်ပြီး ကျီကျောက်ယန်ထက် အသက်ကြီးသူ ဖြစ်လေသည်။ သူသည် အသက် ၄၀ စွန်းစွန်းရှိနေပြီ ဖြစ်သော်လည်း သုတေသနများကို မည်မည်ရရ မလုပ်ဘဲ  ကျီကျောက်ယန် ကိုသာ မြှောက်ပင့်စားနေသူဖြစ်သည်။ ကျီကျောက်ယန် ကလည်း အမြှောက်ကြိုက်သူဖြစ်၍ နှစ်ယောက်သားမှာ လေပေးဖြောင့် နေကြတော့သည်။


 


ကျီကျောက်ယန် က လျန့်ချောင် ကို ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။


"အစ်ကိုလည်း ဗီဇပြောင်းဇွန်ဘီအကြောင်းကို လာမေးတာ..ဟုတ်တယ်မလား..." 


" သိချင်ရုံပါကွာ...ဟဲဟဲ" 


ကျီကျောက်ယန် က ခေါင်းကို တွင်တွင်ခါလိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။


"ကျွန်တော်ကလည်း ခုနက လူတွေကို မနည်း ပြောခဲ့ရပြီးပြီ...အစ်ကိုကပါ ထပ်ရောက်လာတော့ ကျွန်တော် ဒီနေ့ စမ်းသပ်မှုကို ဆက်မလုပ်ရတော့ဘူးနဲ့ တူပါတယ်...." 


လျန့်ချောင် က ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေသည်။


“ငါ့အတွက်‌တော့ စိတ်ချပါကွာ...ငါ့ရဲ့ သုတေသန အရည်အချင်းကို မင်းသိပါတယ်... အဲ့ဒီ ဗီဇပြောင်း ဇွန်ဘီကို ငါ့ဆီ လာပေးရင်တောင် ငါ ဘာမှ ရှာနိုင်မှာ မဟုတ်ဘူး... ဟားဟားဟား...ငါက ပါရဂူဘွဲ့ ရဖို့ ‌တော်တော် ကြိုးစားထားရတဲ့ ကောင်ပါကွာ ... ဟားဟား... ဒီတိုင်း ဗီဇပြောင်း ဇွန်ဘီ ဆိုတဲ့အသံ ကြားလိုက်တာနဲ့ သိချင်စိတ် ဖြစ်လာလို့ပါ... စိတ်မပူပါနဲ့...ဟန်ခိုင့်လို လျှောက်မဖြန့်ပါဘူး...”


“ တော်စမ်းပါ...သူ့နာမည်ကြားတာနဲ့ ဒေါသထွက်တယ်...ဒီကောင်လေးက ကျွန်တော့်အလုပ်ကို  တမင်တကာ လိုက်ဖျက်ဆီးနေတာ..." 


“တကယ်တမ်းဆို မင်းနဲ့ ဟန်ခိုင်က သိပ်မရင်းနှီးဘဲနဲ့ ဘာလို့ သူ့ကို ဇွန်ဘီ ပြလိုက်တာလဲ..." 


"ဘယ်ကလာ သူ့ကို ပြရမှာလဲ... ကျွန်​​တော်​ကသာ သူ့အိမ်​က ဇွန်ဘီ​ကို ဖမ်းလာရတာ..."


လျန့်ချောင် က အံ့သြသွားသည်။ 


"ဘာတွေလဲကွာ..မင်းတို့ဟာက.." 


ကျီကျောက်ယန် သည် ဓာတ်ခွဲခန်း၏ တံခါးကို အသာပိတ်ကာ လျန့်ချောင် အား တိုးတိုးလေး ပြောလိုက်သည်။


“ဒီအကြောင်းကို ဘယ်သူ့မှ မပြောနဲ့‌‌နော်...” 


 


"စိတ်ချ...စိတ်ချ..." 


“တကယ်တော့ ကျွန်တော်က ဒီဗီဇပြောင်း ဇွန်ဘီကို ပထမဆုံး တွေ့တာ မဟုတ်ဘူး...လွန်ခဲ့တဲ့ တစ်လကျော်က အပတ်စဉ် အစည်းအဝေးမှာ ဟန်ခိုင် ပြောခဲ့တဲ့ ဇွန်ဘီအကြောင်းကို အစ်ကို မှတ်မိသေးလား..."


လျန့်ချောင် က ခေါင်းကိုမော့လိုက်ပြီး  စဥ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာအောင် စဉ်း‌စားနေပြီးမှ ပြောလိုက်သည်။


 “ငါမမှတ်မိတော့ဘူး...” 


 "အာ...အစ်ကို့ရဲ့ မှတ်သားဉာဏ်ကလည်း...အစ်ကိုက ဘာမဆို အလေးအနက်မှ မထားတာ...ဘာပဲဖြစ်ဖြစ် ဒီဗီဇပြောင်း ဇွန်ဘီက အဲဒီအစည်းအဝေးမှာ ဟန်ခိုင် ပြောခဲ့တဲ့ ဇွန်ဘီပဲ... သူမက ဇွန်ဘီတစ်ကောင် ဖြစ်ရဲ့သားနဲ့ ကျွန်းကို ဘယ်လိုရောက်လာတာလဲ သိလား...." 


လျန့်ချောင် သည် ခေါင်းယမ်းပြလေသည်။


"သူမ ဘာသာသူမ ဒီကိုလာခဲ့တာ... ဘယ်သူမှ သတိမထားမိကြဘူးလေ...” 


 


ကျီကျောက်ယန် က အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။


“ပင်လယ်ကလည်း ရေခဲချိန် မရောက်သေးဘဲနဲ့....ပြီးတော့ ဇွန်ဘီတွေက ရေလည်း မကူးတတ်ကြဘူး‌လေ... ယွင်ကျင့် မြို့က ကျွန်းကနေ ကီလိုမီတာ ၂၀၀ ဝေးတယ်... ဘယ်လိုလုပ် ရောက်လာတာလဲ..." 


“အဲဒါတော့ မသိဘူး...သူမက ဟန်ခိုင် ကို လာရှာတာ ဖြစ်လိမ့်မယ်...ဟန်ခိုင်က ယွင်ကျင့်မြို့မှာ ယန်ဟန်နဲ့တွေ့ခဲ့တာ...ပြီးတော့ ၅.၁၇ စဖြစ်တဲ့နေ့မှာ သူမကို ပြန်တွေ့တာ..”


 "ယန်ဟန်...ဟုတ်လား.."


"ဪ...ယန်ဟန် က ဇွန်ဘီမရဲ့ နာမည်လေ...အစ်ကို မသိပါဘူး..သူမ မသေခင်က ယွင်ကျင့် တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ တစ်ယောက်လေ...ကျွန်တော်ရယ်...ဟန်ခိုင်ရယ် ပြီးတော့ ယန်ဟန်ရယ်...သုံးယောက်လုံး ယွင့်ကျင့်တက္ကသိုလ်မှာ စာသင်ခဲ့တာ... ”


လျန့်ချောင် က ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး


 "ဒါကြောင့် သူမမှာ ဇာစ်မြစ်ကောင်းကောင်း ရှိလို့ ဟန်ခိုင်နဲ့ ဆက်နွယ်နေတာပေါ့..."


“အဲ့ဒီဇွန်ဘီမက ကျွန်းကို ရောက်တဲ့နေ့ကတည်းက ဟန်ခိုင်ရဲ့အဆောင်မှာ ပုန်းနေတယ်လေ...မနေ့ကမှတွေ့တာ...အဲ့တော့ စစ်ဆင်ရေး အဖွဲ့ဝင်တွေကို ဝင်ဖမ်းခိုင်းလိုက်တာ...”


"အိမ်ထဲမှာ ဇွန်ဘီက ပုန်းနေတယ်... ထူးဆန်းလိုက်တာ..."


“သူမက လူတွေကို လွယ်လွယ်နဲ့ ကိုက်မှာ မဟုတ်ဘူး...သူမက လူသားဆန်ပြီး အပြုအမူကို ကောင်းကောင်းကြီး  ထိန်းချုပ်နိုင်တယ်... သူမ ခန္ဓာကိုယ်ထဲက R ဗိုင်းရပ်စ်က အကြောင်း တစ်ခုခုကြောင့် ပြောင်းလဲသွားတာ ဖြစ်ရမယ်..အဲ့ ဗိုင်းရပ်စ်ကို သန့်စင်ကြည့်လိုက်ရင် အစ်ကိုသိပါလိမ့်မယ်...” 


ကျီကျောက်ယန်သည် လျန့်ချောင် ကို သူ့ အထင်အမြင်များအား ဖွင့်ပြောမိသောကြောင့် ချက်ချင်းပင် နောင်တရသွားသည်။


ထိုစဉ် လျန့်ချောင် ကလည်း တစ်ခုခုကို တွေးနေသကဲ့သို့ တစ်နေရာသို့ ငေးကာကြည့်နေလေသည်။


 


“ကျွန်တော် ဗီဇပြောင်းဇွန်ဘီ အကြောင်း အားလုံးပြောပြပြီးပြီ အစ်ကိုရာ...စပ်စုတယ်ဆိုတာ တော်ရုံပဲကောင်းတယ်..…” 


 "ငါ့ကို မကြည့်နဲ့...မကြည့်နဲ့...ဟားဟား... မင်းကြောက်နေတာမလား ငါ့ကိုပြောလိုက်လို့..."


လျန့်ချောင် က အရေးမထားသလို ရာ်မောလိုက်ပြီး ကျီကျောက်ယန် နှင့် အတန်ကြာ စကားစမြည်ပြောပြီး ပြန်သွားလေ၏။


ကျီကျောက်ယန် ၏ ပြဿနာသည် ပရော်ဖက်ဆာများကို ဘူးကွယ်သလို ကွယ်လိုက်ရုံဖြင့် မပြီးဆုံးသေးပေ။


ညစာစားပွဲတွင် အလုပ်အကြောင်း ပြောလေ့မရှိသည့် ဖခင်ဖြစ်သူက လေးနက်စွာဖြင့် ကျီကျောက်ယန်ကို ပြောလိုက်လေသည်။


Xxxxxxx