အခန်း _၂၆
Viewers 111

    သို့သော် တစ်ဖက်မိဘအမြင်မှကြည့်လျှင်လည်း ဟူယွမ်ချွမ်အားအပြစ်မဆိုသာ။မူလကိုယ်၏မိသားစုမှာ ခက်ခဲကြပ်တည်းပြီး ဝန်ထုပ်ဝန်ပိုးများဖြင့်သာ ပြည့်နေသည့်အပြင် မူလကိုယ် ကိုယ်တိုင်ကလည်းဖာသိဖာသာနေတတ်၍လူမှုဆက်ဆံရေးနားမလည်သူဖြစ်၏။တစ်ဖက်ရှိ ဇာတ်လိုက်မှာတော့ မိခင်ဖြစ်သူမှာ မူလတန်းပြဆရာမတစ်ဦးဖြစ်နေသည့်အပြင် ဖခင်ဖြစ်သူမှာလည်း ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇာတ်လိုက်မှာ လူအများနှင့်ဆက်ဆံရာတွင် အလွန်ပါးနပ်လှသည်။


  ခိုင်မာသောအလုပ်အကိုင်အားပိုင်ဆိုင်ထားသည့် ဇာတ်လိုက်၏မိသားစုနှင့် ရုန်းကန်ထောက်ပံ့ပေးရဦးမည့်အပြင် အနာဂတ်တက်လမ်းသိပ်မရှိသော ယီချန်တို့ကြား ဖခင်တစ်ဦးဖြစ်သည့် ဟူယွမ်ချွမ်မှာ သဘာဝကျကျပင် ဇာတ်လိုက်ဘက်ပါလေသည်။သို့သော် သူ၏နည်းလမ်းမှာ အတ္တဆန်လှ၏။ဖခင်တစ်ဦး၏ ရွေးချယ်မှုအား အပြစ်တင်လို့မရသော်လည်း ယီချန့်ကိုဇာတ်လိုက်စိတ်တိုင်းကျ နင်းခြေခွင့်ပေးထားသည်မှာ လူ‌ေကာင်းတစ်ယောက်၏လုပ်ရပ်ဟုတ်မနေချေ။


  ယီချန်မှာတော့ အရေးကိစ္စများအား အသေးစိတ်လိုက်ကပ်တွယ်နေမည်မဟုတ်ပေ။ထိုရွှံ့နွံလို အရေးများကြားလည်း နစ်မွန်းနေရန် အစီအစဉ်မရှိသည့်အပြင် သူ၏လက်ရှိရည်ရွယ်ချက်မှာ စစ်တပ်ထဲမှ လွယ်လွယ်ကူကူနှုတ်ထွက်လိုက်ရန်ဖြစ်သည်။ယီချန်မှာ သူ့ရှေ့ရှိဆရာဝန်အားကြည့်ကာ သူ့မှတ်ဉာဏ်အားအတည်ပြုရန် မေးလိုက်၏။

  

  "ဒေါက်တာ အခုကဘယ်နှနှစ်ရဲ့ ဘယ်နှလပိုင်းလဲ"


  ဆရာဝန်နှင့် ဟူယွမ်ချွမ်မှာ ယီချန်၏မေးခွန်းကြောင့် ကြောင်အမ်းသွားကြသည်။ယီချန်မှာသူတို့၏ အမူအယာကြောင့် အကြံတစ်ခုခေါင်းထဲရုတ်ချည်းပေါ်လာကာ စတင်အကောင်အထည်ဖော်တော့၏။သူ့အနေဖြင့် ရေငတ်တုန်းရေတွင်းထဲကျသလို အခွင့်အရေးပင်။


  "ဒီလူကရော ဘယ်သူလဲ။ခုနကကျွန်တော့်အခန်းထဲဝင်ပြီး နှုတ်ဆက်လာတာဆိုတော့ ကျွန်တော်သိတဲ့လူလား။ဒါနဲ့ကျွန်တော်က ဘာလို့ဆေးရုံရောက်နေရတာလဲ"


  ယီချန်၏ယခင်မေးခွန်းမှာ ဟူယွမ်ချွမ်တို့အား ကြောင်အမ်းစေရုံသာဖြစ်သော်လည်း ဆက်ပြောလာသောစကားမှာတော့ သူတို့အားထိတ်လန့်သွားစေသည်။ဟူယွမ်ချွမ်မှာတော့ ခေတ္တမျှသာ‌ထိတ်လန့်သွားရ‌ေပမယ့် ပြန်လည်တည်ငြိမ်သွား၏။သို့သော် သူ၏မျက်လုံးများထဲတွင်ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုအရိပ်အ‌ေယာင်တို့ကို ယီချန်မှတွေ့လိုက်ရသည်။အများအမြင်တွင်တော့ ဟူယွမ်ချွမ်မှာထိတ်လန့်သွားဟန်ဖြင့် ယီချန့်အားကတိုက်ကရိုက်မေးလာ၏။


  "ရှောင်ယီ မင်းငါ့ကိုမမှတ်မိဘူးလား။ငါကမင်းတို့တပ်ရင်းရဲ့ဗိုလ်မှူးဟူယွမ်ချွမ်လေ။မင်းလွန်ခဲ့တဲ့တစ်ပတ်က မစ်ရှင်လုပ်ရင်း ထိခိုက်မိလို့ ဆေးရုံရောက်လာတာ။စိတ်ကိုအေးအေးထားပြီး ပြန်စဉ်းစားကြည့်လိုက်ပါဦး"


  ယီချန်၏အခြေအနေအား အတည်ပြုရန်ထပ်မေးလာသည်။ယီချန်လည်း ခေါင်းယမ်းပြလိုက်ရာ ဟူယွမ်ချွမ်မှခေါင်းငုံ့ကာပြုံးလိုက်ပြီး ခေါင်းပြန်မော့လာချိန်တွင် တင်းမာနေသောပုံစံဖြင့်ဆရာဝန်အားပြောလိုက်၏။


  "ဒေါက်တာ ရှောင်ယီ့အခြေအနေက..."

  

  ဆရာဝန်မှာဟူယွမ်ချွမ်အား ခေါင်းငြိမ့်ပြကာ ယီချန့်အား စိတ်ငြိမ်စေရန်လေသံတိုးတိုးဖြင့်မေးလာသည်။


  "တပ်ခွဲမှူးယီကိုယ့်ကိုကိုယ်ဘယ်သူလဲဆိုတာကိုရော သိပါသလား"


  ယီချန်မှာအပြုံး‌ေလးဖြင့် ခေါင်းငြိမ့်ပြကာပြန်ဖြေလိုက်၏။


  "ဟုတ်ကဲ့ မှတ်မိပါတယ်။ကျွန်တော့်နာမည်က ယီချန်။ကျိရွာထုတ်လုပ်ရေးအဖွဲ့ကပါ။ကျွန်တော့်အဖေ ဆုံးပါးသွားလို့ အမေနဲ့ညီ၃ယောက်ပဲရှိပါတော့တယ်"


  ဆရာဝန်မှာ ယီချန်အားစူးစိူက်ကြည့်နေသော ဟူယွမ်ချွမ်ထံလက်ညှိုးထိုးပြကာ ထပ်မေးလာသည်။


  "ဒါဆိုသူဘယ်သူလဲဆိုတာ သေချာစဉ်းစားကြည့်ပါဦး။လက်ရှိမင်းဘာကြောင့် ဆေးရုံပေါ်ရောက်နေရတယ်ဆိုတာကိုရော မှတ်မိသေးလား"


  ဆရာဝန်မှာ ယီချန်အားစိတ်ငြိမ်ငြိမ်ထား‌ေစပြီး မေးခွန်းများ‌ကိုဖြေစေ၏။ယီချန်မှာဟူယွမ်ချွမ်အားကြည့်ကာ ခေါင်းယမ်းလိုက်သည်။


  "ကျွန်တော်သူ့ကိုတစ်ခါမှမမြင်ဖူးဘူး။ပြောရရင် သူ့ရုပ်ကဖြင့် ဒီလောက်တောင်ကျွဲလိုရုပ်ဆိုးနေတာကို တစ်ခါ‌ေတွ့ဖူးရုံနဲ့တစ်လလောက်အိပ်မက်ဆိုးမက်လောက်တယ်။ကျွန်‌ေတာ်သာ သူ့ကိုမြင်ဖူးရင် ဘယ်လိုလုပ်လုပ်မေ့နိုင်မှာမဟုတ်ပါဘူး။ဒါနဲ့ကျွန်တော်က ဘယ်လိုမျိုးထိခိုက်မိခဲ့တာလဲ"


  ဆရာဝန်မှာ ယီချန်၏အပြောကြောင့် နင်သွားရသော်လည်း ဘေးရှိသူနာပြုလေးမှာတော့ မထိန်းနိုင်လိုက်ပဲ ရယ်သံတစ်ချက်ထွက်သွားခဲ့၏။မူလကစိတ်ကျေနပ်စွာ ပြုံးနေသောဟူယွမ်ချွမ်မှာတော့ မျက်နှာကြီးမည်းမှောင်သွားရသည်။ထို့နောက်ရယ်သံထွက်လာသော သူနာပြုလေးအား ခပ်စူးစူးကြည့်လိုက်၍ သူနာပြုလေးမှာ ခေါင်းအားငုံ့၍ သူ့အကြည့်တို့ကို ရှောင်လိုက်၏။ဆရာဝန်မှာလည်း အသက်အားပြင်းပြင်းရှူ၍ စိတ်ထိန်းကာ ဟူယွမ်ချွမ်ထံယီချန့်အခြေအနေအကြောင်းပြောပြလိုက်သည်။


  "ဗိုလ်မှူးဟူ ကြည့်ရတာတပ်ခွဲမှူးယီက မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းပျောက်သွားပုံပဲ။သူခိုက်မိတုန်းက မျက်လုံးအပြင် အာရုံကြောတစ်ခုခုကိုပါ ထိသွားပုံရတယ်"


  ဟူယွမ်ချွမ်မှာ အံတင်းတင်းကြိတ်၍ ပြန်မေးလိုက်၏။


  "ဒါဆိုဘယ်အချိန်လောက်မှာ ပြန်ပြီးသတိရလာနိုင်မလဲ"


  ဆရာဝန်မှာခေါင်းသာယမ်းပြလာသည်။သူတို့၏လက်ရှိဆေးပညာအရ စိတ်ပိုင်းဆိုင်ရာကုသမှုလုပ်ဆောင်ရန် မတတ်နိုင်သေးပေ။


  "ဒါကတော့ ကျွန်တော်လည်း အာမ,မခံနိုင်ပါဘူး။လက်ရှိကျွန်တော်တို့နိုင်ငံအခြေအနေအရ မှတ်ဉာဏ်ပျောက်ဆုံးတာကို သေသေချာချာကုသမပေးနိုင်သေးတော့ တပ်ခွဲမှူးယီအနေနဲ့ အချိန်ကိုစောင့်ဖို့ပဲ မျှော်လင့်ရတော့မယ်။မှတ်ဉာဏ်ပျောက်သွားသူတွေထဲမှာ အချို့ကတစ်ရက်တည်းနဲ့ပြန်သတိရလာနိုင်ပေမယ့် အချို့ကကျ သူတို့ကျန်ရှိတဲ့တစ်ဘဝလုံး မေ့လျော့သွားနိုင်တာလည်းဖြစ်နိုင်ပါတယ်။


  ပြီးတော့ စိတ်ပိုင်းဆိုင်ရာလှုပ်ခတ်မှုမျိုးဖြစ်လာနိုင်ပါ‌ေသးတယ်။အဲ့တော့ ပြောရမှာအားနာပေမယ့် တပ်ခွဲမှူးယီကို ကုသဖို့ကျွန်တော်တို့မစွမ်းဆောင်နိုင်ပါဘူး။အာရုံကြောထိသွားတာသေချာရင်တော့ သူ့ရဲ့လက်ရှိအလုပ်ကိုပါ ထိခိုက်လာနိုင်တာမျိုး ဖြစ်လာလိမ့်မယ်"


  ယီချန်မှာ ဆရာဝန်၏စကားကြောင့် စိတ်လှုပ်ရှားသွားရရာ သူ့အကြည့်များအားဖုံးကွယ်ရန်ခေါင်းအားအမြန်ငုံ့ချလိုက်ရသည်။ဆရာဝန်မှာ ယီချန်ကသူ့လက်ရှိအခြေအနေကြောင့် စိတ်ပျက်ဝမ်းနည်းသွားသည်ဟုထင်ကာ နှစ်သိမ့်ပေးလာတော့၏။ဟူယွမ်ချွမ်မှာတော့ ယီချန်၏အခြေအနေအလုံးစုံကိုသိလိုက်ရကာ ပြန်ဖြေလိုက်သည်။


  "ဒါပေမယ့် သူ့လက်ရှိနေရာကနေဖယ်လိုက်တဲ့အချိန်မှသူပြန်သတိရလာရင် ဘယ်လိုလုပ်မလဲ။အဲ့လိုဆို ရှောင်ယီအတွက်သိပ်ကိုမတရားရာရောက်သွားမှာပေါ့။အရင်ဆုံးသူ့ကိုခွင့်ရက်ရှည်ပေးလိုက်ပါ့မယ်။မကြာခင်ဆောင်းဦးလယ်ပွဲပိတ်ရက်ရှည်လည်းလာတော့မှာဆိုတော့ ဒီကြားထဲသူ့စိတ်ကိုအနားယူပါစေ။အဲ့လိုဆိုသူတစ်ချို့တစ်လေပြန်သတိရလာတာလည်းဖြစ်နိုင်တာပဲ"


  မည်သို့ပင်ဖြစ်စေ ယီချန့်အားစစ်တပ်တွင်း ခေါ်ထားရမည်ဟု အန်းဝေက‌မေတ္တာရပ်ခံထား၏။အကြောင်းပြချက်မှာတော့ ယီချန်သည်ဆီပုလင်း(မှီခိုနေတဲ့လူ)ပေါင်းများစွာအား တာဝန်ယူထားရသည့်အတွက် စစ်တပ်လစာဖြင့်ဆိုလျှင် သူတို့မိသားစုအနည်းငယ်မျှပင်ပို၍ အဆင်ပြေလာပါလိမ့်မည်ဟူ၍ပင်။သို့သော် တစ်ကယ့်အကြောင်းအရင်းအား ဟူယွမ်ချွမ်ရိပ်စားမိပေမယ့် ခွန်အားကြီးသူသာ အနိုင်ရသူဖြစ်သောကြောင့် ဝင်ရောက်ပိတ်ပင်ရန် စိတ်ကူးမရှိပေ။


  အမှန်တော့ သူကိုယ်တိုင်လည်းယီချန့်အပေါ် အမြင်ကောင်းရှိမနေချေ။မျက်မုန်းကျိုးနေသည်ဟု ပြောလျှင်လည်း မလွန်ပါချေ။အဘယ်ကြောင့်ဆိုသော် ယီချန်အားတွေ့လေတိုင်း သူ၏အားနည်းနိမ့်ကျခဲ့သောအတိတ်ကိုပြန်ပြောင်းသတိရမိသောကြောင့်ပင်။သူသည်ခက်ခဲခဲ့သော ထိုအချိန်ကာလများအားမုန်းတီးလွန်း၍ မေ့ဖျောက်ပစ်ချင်ခဲ့သော်လည်း ယီချန်၏ရုန်းကန်နေရသည့်လုပ်ရပ်များအား တွေ့လေတိုင်းထိုအကြောင်းများက ထင်ထင်ရှားရှားသတိပြန်ရလာတတ်သည်။


  ထို့ကြောင့် အန်းဝေမှယီချန့်အားစကားလုံးများနှင့် ထိုးနှက်လေတိုင်း အပြုအမူဖြင့်နှိမ့်ချလေတိုင်း သူကဝင်မတားခဲ့ခြင်းပင်။အန်းဝေမှာ ပြီးပြည့်စုံသောနောက်ခံဖြင့် ထူးချွန်သောလူငယ်ဖြစ်သော်လည်း ယီချန်နှင့်ယှဉ်လိုက်ချိန်တိုင်းတွင် မှေးမှိန်သွားရသည်။ထို့ကြောင့်အန်းဝေမှာ ယီချန့်အပေါ်ဖိနှိပ်ချင်သည်မှာလည်း မလွန်ဟု သူထင်မြင်မိ၏။


  ယီချန်မှာတော့ ဟူယွမ်ချွမ်၏စကားကြောင့်ထဆဲချင်စိတ်ပင်ပေါ်လာတော့သည်။ထိုခွေးအိုကြီး၏စိတ်ထဲရှိမည်းညစ်နေသော အကြံအစည်များကိုသူသိထားလေ၏။သို့သော်သူ့အနေဖြင့် ကြမ်းကြမ်းတမ်းတမ်းတုန့်ပြန်လိုက်၍မရပေ။ဤလူသည်အပေါ်ယံတွင် ကြင်နာမျှတသော အထက်လူကြီးပုံရိပ်အား အများအမြင်တွင်ရိုက်သွင်းထားသည်ဖြစ်ရာ အကြမ်းနည်းသုံး၍မရနိုင်ပေ။


  "ဗိုလ်မှူးဦးဦး ကျွန်တော်ကစစ်သားတစ်ယောက်လားဟင်"


  ဟူယွမ်ချွမ်မှာယီချန်၏ အသနားခံသလိုအကြည့်ကြောင့် တောင့်တင်းသွားရသည်။ယီချန်မှတ်ဉာဏ်ပျောက်သွားသည်မှာအမှန်ဖြစ်လောက်၏။မဟုတ်လျှင် နဂိုပုံစံမှကွဲထွက်နေသည့် ဤကဲ့သို့အပြုအမူများအား လုပ်လာလိမ့်မည်မဟုတ်ချေ။


  "အမှန်ပဲ။မင်းကစနိုက်ပါတပ်ဖွဲ့ခွဲက စစ်သားတစ်ယောက်ပဲ။မစ်ရှင်လုပ်ရင်း ခိုက်မိသွားခဲ့တာ။စိတ်မပူပါနဲ့ မင်းကတိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့သူရဲကောင်းမလို့ မင်းကိုပစ်မထားပါဘူး။လက်ရှိတာဝန်ကို ဆက်မလုပ်နိုင်တော့တောင် တပ်ထဲမှာ မင်းအတွက်တစ်နေရာစာတော့ ရအောင်စီစဉ်ပေးပါ့မယ်"


  ယီချန်မှာဟူယွမ်ချွမ်၏ဂရုဏာသံ‌ကြီးကြောင့် ကြက်သီးထသွားရ၏။သို့သော် သူသည်လည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဟန်တော့ ဖမ်းနိုင်ပါသေးသည်။ထို့ကြောင့် သူ၏မျက်နှာထက်တွင် ယူကျုံးမရဟန်ဖြင့် ပြန်ဖြေလိုက်၏။


  "အခုဆိုကျွန်တော်က ဘာမှမမှတ်မိတော့တဲ့အပြင် မျက်လုံးပါထိထားတာဆိုတော့ ဒုက္ခိတတတစ်ယောက်လို့တောင် ပြောလို့ရနေပါပြီ။ကျွန်တော်ကစစ်သားတစ်ဦးဖြစ်နေရတာကို ဂုဏ်ယူပေမယ့် ကျွန်တော့်အနေအထားကြောင့် စစ်တပ်ကိုဒုက္ခမပေးချင်တော့ပါဘူး။ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ဦးဦး။ဘာပဲနေနေ ကျွန်တော့်ခန္ဓာကိုယ်က သန်မာနေသေးတာပဲ အိမ်ပြန်ပြီးလယ်စိုက်ရုံပေါ့။ဒါကြောင့် နောက်ဆံတင်းမနေဘဲ ကျွန်တော့်ကိုပင်စင်ယူခွင့်ပေးလိုက်ပါ"


  ယီချန်မှာနောက်ဆုံးစကားပြောပြီး စိတ်ဓာတ်ကျဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ဘေးရှိသူနာပြုလေးမှာတော့ ယီချန်၏စကားကြောင့်မျက်လုံးများနီရဲလာပြီး မျက်ရည်များပင်ဝဲလာတော့၏။