Chapter 31
ကျီကျောက်ယန်မှာ လူအများက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြသဖြင့် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ သို့ လူမရှိချိန်မှ လာလေ့ရှိသော်လည်း စိတ်မလုံ ဖြစ်နေတတ်သည်။ ဓာတ်ခွဲခန်း အမှတ် ၇၁၃ တွင် ကွန်ပျူတာမှ တစ်ဆင့် ဓာတ်ခွဲခန်း အမှတ် ၇၁၂ ၏ စောင့်ကြည့် ဗီဒီယိုကို ကြည့်ကာ လှောင်အိမ်ထဲမှ ယန်ဟန် ၏ အပြုအမူကို သတိပြုမိလာသည်။
များသော အားဖြင့် ယန်ဟန်သည် မလှုပ်မယှက် နေလေ့ရှိသည်။ ထို့ကြောင့် သူမသည် ဗီဇပြောင်းဇွန်ဘီ ဖြစ်သော်လည်း သူမ၏ အမူအရာ အများစုမှာ ဇွန်ဘီများနှင့် တူညီနေသေးသည်။
အစပိုင်းတွင် ကျီကျောက်ယန် သည် စောင့်ကြည့် ဗီဒီယိုကို စိတ်ဝင်တစား ကြည့်ရှုခဲ့သော်လည်း ယန်ဟန် က တုတ်တုတ်မှ မလှုပ်သဖြင့် အချိန်ကြာလာလျှင် ပျင်းရိသွားရသည်။ နောက်နှစ်ရက် အကြာတွင် သူ စောင့်ကြည့်ဗီဒီယိုကို ပျင်းသွားသဖြင့် မကြည့်ဖြစ်ခဲ့ပေ။
ညစာစားပြီးနောက် ကျီကျောက်ယန် သည် အိပ်ရာထဲတွင် လှဲနေပြီး စမ်းသပ်မှု၏ ဦးတည်ချက် အသစ်ကို တွေးနေသော်လည်း နောက်ပိုင်းတွင် စိတ်ရှုပ်လာသဖြင့် မျက်နှာကျက်ကိုသာ ကြောင်စီစီ စိုက်ကြည့်နေမိသည်။ နာရီအနည်းငယ်ကြာသည်အထိ ဟိုလူးဒီလှိမ့်ဖြင့် အိပ်မပျော်သည့်အတွက် အိပ်ရာမှထကာ စမ်းသပ်မှုနှင့် ဆက်စပ်နေသည့် စာရွက်စာတမ်းများကို ကြည့်ရှုရန် ကွန်ပျူတာကို ဖွင့်လိုက်သည်။
ပျင်းစရာကောင်းသည့် အင်္ဂလိပ်စာရွက်များကို ကြည့်ခြင်းသည် ဦးနှောက်ကို ဖြုန်းတီးရာ ရောက်သည့်အတွက် ကျီကျောက်ယန်မှာ ၁၂နာရီ မထိုးမီ အိပ်ငိုက်လာတော့သည်။ နောက်တစ်နေ့တွင် အတန်းများနှင့် လက်တွေ့ စမ်းသပ်မှုများ ရှိနေသဖြင့် ကွန်ပြူတာကိုပိတ်ကာ အိပ်ရာဝင်ရန်ပြင်လိုက်သည်။
သို့သော် ပိတ်ရန်ခလုတ်ကို နှိပ်တော့မည့် အချိန်တွင် ဓာတ်ခွဲခန်းအမှတ် ၇၁၂ ၏ စောင့်ကြည့်ဗီဒီယို ခလုတ်ကို နှိပ်၍ ယနေ့နေ့လည် ၁၂ နာရီ ၃မိနစ်ကို ရစ်ကြည့်လိုက်ရာ လှောင်အိမ်ထဲရှိ ယန်ဟန်သည် ယခင်အတိုင်းပင် ငြိမ်သက်စွာ ထိုင်နေမြဲ ဖြစ်သည်။
ကျီကျောက်ယန် သည် မျက်လုံးများကို ပွတ်သပ်လိုက်ရင်း ဗီဒီယိုကို အမြန်ရစ်ပြီး ကြည့်သော်လည်း သူမက ငြိမ်နေမြဲ ဖြစ်၍ စခရင်၏ ညာဘက် အပေါ်ထောင့်ရှိ ပိတ်ရန် ခလုတ်ကို နှိပ်မည့်ချိန်တွင် စခရင်ပေါ်တွင် ရုတ်တရက် လူတစ်ယောက် ပေါ်လာလေသည်။
ကျီကျောက်ယန် သည် ချက်ချင်းပင် အိပ်ချင်ပြေသွားပြီး စောင့်ကြည့်ဗီဒီယိုထဲမှ လူကို သေချာကြည့်လိုက်သည်။ ထိုလူသည် ကုတ်အင်္ကျီအဖြူ၊ မျက်နှာဖုံးနှင့် ဦးထုပ်ကို ၀တ်ဆင်ထားပြီး တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ဆင်ထားသော်လည်း အမျိုးသားမှန်း သိသာလေသည်။
ထိုလူသည် ဓာတ်ခွဲခန်း တံခါးကိုဖွင့်ကာ အထဲကိုကြည့်လိုက်ပြီး ယန်ဟန် ၏ လှောင်အိမ်ဆီသို့ တည့်တည့်လျှောက်သွားလေသည်။
ကျီကျောက်ယန် ၏ နှလုံးခုန်သံနှင့် သူ့အကြည့်များသည် စောင့်ကြည့်ဗီဒီယိုကို ကြည့်ရင်း အချိန်တို့ကုန်ဆုံးသွားလေသည်။
နံနက် ၁၀ နာရီ ၄၅မိနစ် တွင် ကျီကျောက်ယန်သည် ယန်ဟန်ကို တစ်ခေါက် လာကြည့်သေးသည်။ထို့နောက် အဖွဲ့အစည်းအဝေး ပြုလုပ်မည့်အချိန်ဖြစ်၍ ပြန်ထွက်လာခဲ့သည်။
ထို့ကြောင့် ထိုအမည်မသိလူသည် ကျီကျောက်ယန်၏ အချိန်ဇယားများကို အမှတ်တစ်ကယ် သိသူဖြစ်ပြီး CDC မှ ဝန်ထမ်းတစ်ဦး ဖြစ်နိုင်သည်။
ကျီကျောက်ယန် သည် စောင့်ကြည့် ဗီဒီယိုကို ဆက်လက်ကြည့်ရာ ထိုလူက ဇွန်ဘီ လှောင်အိမ်ဆီ လျှောက်သွား၍ ယန်ဟန်ကို ခဏမျှ စိုက်ကြည့်ကာ ထွက်သွားပြန်သည်။
ထိုသူ ထွက်သွားချိန်မှာ နံနက် ၁၀ : ၅၆ ဖြစ်၏။
ကျီကျောက်ယန် သည် စောင့်ကြည့်ဗီဒီယိုကို ဆက်လက် ကြည့်နေသော်လည်း ထိုသူမှလွဲ၍ ဓာတ်ခွဲခန်းထဲသို့ အခြားမည်သူမျှ ဝင်မလာကြပေ။
ကျီကျောက်ယန် တွေဝေသွားသည်။
' ဗီဒီယိုထဲကလူက ဘယ်သူလဲ...'
'ဓာတ်ခွဲခန်း အမှတ်-၇၁၂ ရဲ့သော့ကို သူဘယ်လိုရလာတာလဲ...'
'ငါအစည်းအဝေး လုပ်နေတဲ့အချိန်ကျမှ ဘာလို့လာတာလဲ...သူသိနေတာလား..'
ကျီကျောက်ယန် သည် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ သော့ကို အိတ်ကပ်ထဲတွင်သာ ထည့်ထားပြီး ဘယ်သောအခါမှ အခြားနေရာများတွင် ထားလေ့အရှိပေ။ ထို့နောက် ကွန်ပြူတာကို စိုက်ကြည့်ကာ စဉ်းစားနေရင်း ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ အရန်သော့ကို ရုတ်တရက် သတိရသွားသည်။
CDC ဓာတ်ခွဲခန်းသော့များ အားလုံး၏ အရန်သော့များကို လက်နက်ကိုင် တပ်ဖွဲ့ဌာနတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။
အခြားဘာကိုမျှ စဉ်းစားဖို့ အချိန်မရဘဲ ကျီကျောက်ယန် အဝတ်အစား အမြန်လဲလိုက်ပြီး အိပ်ယာဘေး စားပွဲအောက်ခြေရှိ အံဆွဲကို ဖွင့်ကာ သေနတ်တစ်လက်ကို ထုတ်၍ အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခြံဝတွင် ခဏရပ်ကာ ဖိနပ်ကို လဲစီးလိုက်သေးသည်။
ကျီကျောက်ယန် သည် စောင့်ကြည့်ဗီဒီယိုထဲမှ အမျိုးသားမှာ ဟန်ခိုင် ဖြစ်နိုင်သည် ဟု ယူဆထားသည်။ ယခင်က ဟန်ခိုင်သည် ရှောင်ချန် ကို ဗီဇပြောင်းဇွန်ဘီ အကြောင်းတကူးတက သွားပြောရခြင်းမှာ ယန်ဟန်ကို သီးခြားခန်းသို့ ပြောင်းပေးရန် ဖြစ်လေသည်။
ဟန်ခိုင် သည် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ သော့ကိုယူနိုင်သည့် အတွက် အံ့အားသင့်သွားရသည်။ ဤအရန်သော့များကို လက်နက်တိုင် တပ်ဖွဲ့ဌာန၏ ထိပ်တန်း စီမံခန့်ခွဲမှု အဖွဲ့မှ သိမ်းဆည်းထားခြင်း ဖြစ်သည်။ ဟန်ခိုင် ၏ ညီဖြစ်သူ လီနန်ရှန့် သည်လည်း ထိပ်တန်း စီမံခန့်ခွဲမှုအဖွဲ့မှ သော့ရမလာနိုင်ပေ။
မည်သို့ပင်ဆိုစေ ယခုချက်ချင်း စမ်းသပ် အဆောက်အဦးသို့ သွားရမည် ဖြစ်သည်။
ကျီကျောက်ယန် သည် ဖိနပ်ကို လဲစီးပြီး CDC ကို အပြေးအလွှား သွားသည့်အချိန်မှာ မနက် ၁ နာရီ မတိုင်ခင် ၁၅ မိနစ်အလိုပင် ရှိသေးသည်။
ဟန်ခိုင် သည် ထိုအချိန်က ဓာတ်ခွဲခန်း အမှတ်- ၇၁၂ တွင် အမှန်ပင် ရှိနေခဲ့လေသည်။ လူမမြင်စေရန် လုံခြုံရေးဝန်ထမ်းများ တာဝန်ကျနေသည့် ဂိတ်တံခါးကို မဖြတ်ဘဲ လုံခြုံရေးလမ်းကြောင်း အတိုင်း လျှောက်သွားခဲ့ ခြင်း ဖြစ်သည်။
Xxxxxxx
Chapter 32
ဟန်ခိုင်သည် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ တံခါးကို ဖွင့်လိုက်ပြီး ဓာတ်မီးကို အခန်းထဲသို့ ထိုးလိုက်သည်။
ယန်ဟန် အလင်းရောင်ကို မြင်သောအခါ ကျောပေးထားရာမှ ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဟန်ခိုင်သည် ဓာတ်မီးရောင်ဖြင့် ယန်ဟန် မျက်နှာကို မြင်လိုက်သောအခါ ကြောက်သွားပြီး ဓာတ်မီးပင် လွတ်ကျလုမတတ် ဖြစ်သွားသည်။
ထိုအချိန်တွင် ဓာတ်ခွဲခန်းတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ဟန်ခိုင် ၏ အသက်ရှုသံများသာ ကျန်တော့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတော့သည်။ ဓာတ်မီးရောင်သည် ယန်ဟန်၏ အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီမျက်နှာပေါ်သို့ လင်းဖြာသွား၍ ဟန်ခိုင် လိပ်ပြာလွင့်မတတ် ကြောက်သွားရသည်။
နေရာတွင် ရပ်နေသော ဟန်ခိုင် သည် သက်ပြင်းတစ်ချက်ချကာ ယန်ဟန်၏ ဇွန်ဘီ လှောင်အိမ်ဆီသို့ အမြန်လျှောက်သွားပြီး လှောင်အိမ်အား ဖွင့်မည်ပြုသော်လည်း သော့ခတ်ထားလေသည်။
ကံမကောင်းစွာဖြင့် သူ့တွင်သော့လည်းမရှိသလို လော့ခ်ဖွင့်သည့်ကိရိယာများလည်း မယူလာခဲ့ပေ။ လှောင်အိမ်ထဲရှိ သော့ခလောက်ကို စိုက်ကြည့်နေသည့် ဟန်ခိုင့်ကို ယန်ဟန်က ချက်ချင်း လက်ဟန်ပြပြီး ပြောလိုက်သည်။
'လှောင်အိမ်ရဲ့ သော့က အဲဒီ့ စမ်းသပ်စင်ရဲ့ ညာဘက်ခြမ်းက အပေါ်ဆုံး အံဆွဲထဲမှာ ရှိတယ်...'
ထို့နောက် ဟန်ခိုင် သည် သော့ကိုရှာတွေ့ပြီးနောက် ဝမ်းသာအားရဖြင့် သော့ဖွင့်လိုက်ပြီး ဟန်ခိုင် က ယန်ဟန်အား အမြန်ထွက်လာရန် ပြောလိုက်သည်။
"မြန်မြန်...လုံခြုံရေးအစောင့်တွေ ကင်းလှည့် လာလိမ့်မယ်...."
ဟန်ခိုင် သည် သူ့လက်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။
မနက် ၁ နာရီ ၅မိနစ်....
ကျီကျောက်ယန် မှာလည်း ဓါတ်လှေကား ကြမ်းပြင်ကို စိုက်ကြည့်ရင်း နာရီထပ် ကြည့်လိုက်ရာ ၁၂ နာရီ ၅၅မိနစ် ရှိနေပြီဖြစ်သည်။ ထို့နောက် ဓာတ်လှေကား ပွင့်သွားသည်နှင့် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ဆီသို့ လျင်မြန်စွာ လျှောက်လာခဲ့သည်။
ကျီကျောက်ယန်သည် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ တံခါးမှာ ပွင့်လာသည်ကို အဝေးမှပင် လှမ်းမြင်ရပြီး မီးရောင်ကိုလည်း မြင်နေရသည်။ သူသည် သားရေအိတ်ထဲမှ ပစ္စတိုကို ချက်ချင်းထုတ်ကာ ခလုတ်ပေါ် လက်ညှိုးတင်ထားပြီး ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လိုက်သည်။
ဤသို့ဖြင့် ဟန်ခိုင် နှင့် ကျီကျောက်ယန် တို့သည် မျက်နှာချင်းဆိုင် တွေ့ကြ တော့သည်။
ဟန်ခိုင်သည် ကျီကျောက်ယန်ကို တွေ့လိုက်ရ၍ စက္ကန့်ဝက်လောက် ကြောင်စီစီ ရပ်နေမိလေသည်။
ကျီကျောက်ယန် သည် ဟန်ခိုင် ကို မြင်သောအခါ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေ၍ ပြုံးလိုက်သည်။
"ဟန်ခိုင်... မင်းတို့နှစ်ယောက် ဒီနေ့ ထွက်သွားလို့ ရမှာမဟုတ်ဘူး... ငါ့လက်ထဲမှာ သေနတ်ရှိတယ်...ဟန်ခိုင်... မင်းထွက်ပြေးရင် ငါ ဇွန်ဘီမရဲ့ဦးခေါင်းကို ပစ်သတ်လိုက်မယ်..."
ဟန်ခိုင် ကျီကျောက်ယန် ၏ လက်ထဲမှ သေနတ်ကို မြင်လိုက်ရပြီး အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။ ကျီကျောက်ယန် သည် ယန်ဟန် ၏ခေါင်းကို အမှန်တစ်ကယ် ပစ်သတ်ရန် ဆန္ဒမရှိကြောင်း ဟန်ခိုင် သိနေသည်။ သို့သော်လည်း ဆိုက်ကိုသမား ကျီကျောက်ယန် သည် ယန်ဟန်ကို အမှန်တကယ် သတ်ပစ်လိုက်မည် စိုးသဖြင့် ယန်ဟန်ကို သူ့ကိုယ်လုံးဖြင့် ကာပေးထားသည်။
ကျီကျောက်ယန် သည် မည်သို့ပင် ရူးသွပ်ပြီး ရက်စက်တတ်ပါစေ၊ ပရော်ဖက်ဆာ တစ်ယောက်ကို ပစ်သတ်မည်မဟုတ်ဟု ဟန်ခိုင် တွက်ထားလေသည်။
သို့သော် ဟန်ခိုင်၏ ခန့်မှန်းချက်သည် တက်တက်စင်အောင် လွဲရလေတော့သည်။
ကျီကျောက်ယန် သည် ယန်ဟန်၏ ခေါင်းကို ပစ်ရန် အမှန်တကယ် ဝန်လေးနေပြီး ကာကွယ်ဆေးအတွက် စမ်းသပ်မှု နည်းသစ်တစ်ခု မပေါ်သေး၍ မျှော်လင့်ချက်ကလေးကို ရိုက်ချိုးမပစ်နိုင်ပေ။ ထို့ကြောင့် သူသည် စမ်းသပ်မှုဘာသာရပ်ကို ဖျက်ဆီး မပစ်နိုင်ပေ။
ထိုအခိုက် ဟန်ခိုင်သည် ယန်ဟန်ကို လှေကားပေါ်သို့ သွားခိုင်းလိုက်စဉ် ကျီကျောက်ယန် ၏ ကျည်ဆံမှာ ဟန်ခိုင်၏ ခြေသလုံးကြွက်သားကို ထိမှန်သွားလေသည်။
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ဟန်ခိုင် ချက်ချင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ခြေထောက်မှ ဒဏ်ရာက သွေးများ စီးကျလာသည်။ ကျီကျောက်ယန်လည်း ပစ်လိုက်စဥ်က ယုံကြည်မှု ရှိနေသော်လည်း ပစ်ခတ်ပြီးနောက် အနည်းငယ် ကြောက်လန့်သွားခဲ့သည်။
ထို့နောက် ကျီကျောက်ယန်က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဟန်ခိုင် ကို ကြည့်ကာ တွေးတောနေမိတော့သည်။
'ပရော်ဖက်ဆာကို သေနတ်နဲ့ ပစ်လိုက်တာ သင့်တော်ပါ့မလား...ဟန်ခိုင့်ကို အရေးပေါ်ခန်းထဲ ခေါ်သွားသင့်လား...ဟန်ခိုင် ခြေထောက် ကျိုးသွားပြီလား...ငါလုပ်ရပ်တွေက ကျိုးကြောင်းဆီလျော် ပါ့မလား...ဒါပေမဲ့ ဟန်ခိုင်က ဇွန်ဘီကို လွှတ်ပေးခဲ့တာ... စင်္ကြံက စောင့်ကြည့်ကင်မရာက သက်သေပဲလေ...'
ကျီကျောက်ယန် ထပ်ပြီး မတွေးနိုင်မီ ယန်ဟန် သည် သူ့ဆီသို့ အရှိန်ပြင်းစွာ ပြေးလာနေပြီး သူ့လက်ထဲမှ သေနတ်ကို ပုတ်ထုတ်ကာ ကြမ်းပြင်ပေါ်သို့ ဆွဲ၍ လှဲချပစ်လိုက်သည်။ ထို့နောက် ကျီကျောက်ယန်၏ ပခုံးကို ကိုက်ပစ်လိုက်သည်။
ကျီကျောက်ယန် နာကျင်စွာ အော်ဟစ်လိုက်ချိန်တွင် ဒဏ်ရာရထားသော ဟန်ခိုင် က ယန်ဟန်ကို
တားလိုက်သည်။
ယန်ဟန် ကျီကျောက်ယန်ကို ကိုက်နေစဉ် ရုတ်တရက် သူမခန္ဓာကိုယ်မှာ ငြမ်သက်သွားလေသည်။ ကျီကျောက်ယန် က ယန်ဟန်ကို စောစောက အတင်း တွန်းထုတ်နေရသော်လည် ယခုမူ ယန်ဟန်သည် အိပ်ပျော်သွားပြီ ဖြစ်၍ အားမရှိတော့ပေ။
ထို့ကြောင့် ကျီကျောက်ယန်က ယန်ဟန်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး သူမ ရုတ်တရက် ပြန်နိုးလာပါက သူ့ကို အပိုင်းပိုင်း ကိုက်ဖြတ်ပစ်မည်စိုး၍ သူ့ပခုံးပေါ်မှ ဒဏ်ရာကို လက်ဖြင့်ဖိထားကာ အောက်ထပ်သို့ ဆင်းပြေးလေသည်။
ကျီကျောက်ယန် သည် လှေကားမှ လဲကျသွားပြီး မျက်ရည်များ စီးကျနေတော့သည်။ ယခု သူ့စိတ်ထဲတွင် ဇွန်ဘီ အကိုက်ခံထားရသည် ဟူသော အတွေးတစ်ခုသာ ရှိနေလေသည်။ သာမာန်လူတစ်ဦးကို ဇွန်ဘီ ကိုက်ခံရခြင်း၏ အကျိုးဆက်ကို သူသိသော်လည်း သူ့တွင် လုပ်စရာများ ရှိနေသေးသဖြင့် ဇွန်ဘီ မဖြစ်ချင်ပေ။
သူသည် နာရီအနည်းငယ် ကြာသည်နှင့် ယန်ဟန်ကဲ့သို့ ဇွန်ဘီ ဖြစ်သွားပေလိမ့်မည်။ လီရှင်းယု ကဲ့သို့ စစ်ဆင်ရေးအဖွဲ့မှဦးခေါင်းကို ပစ်သတ်ခံရမည် သို့မဟုတ် စမ်းသပ်မှု ဘာသာရပ်အဖြစ် သီးခြားခန်းတွင် ပိတ်လှောင်ခံ ထားရမည်ဖြစ်သည်။ ထိုသို့ မဖြစ်ချင်ပါက သူဘာလုပ်ရမည်နည်း။
ကျီကျောက်ယန် မှာ မျက်ရည်များကြောင့် အမြင်အာရုံများ ဝေဝါးလာသဖြင့် လှေကားထစ်ကို လှမ်းတက်စဉ် ခြေချော်ကာ ပြုတ်ကျသွားလေသည်။ ထိုအခိုက်အတန့်သည် မိခင်ဖြစ်သူ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်ရသည်ထက် ပို၍စိတ်ပျက်စရာအကောင်းဆုံး အချိန်ဟု ဆိုနိုင်သည်။
ကျီကျောက်ယန် လှေကားများ တစ်လျှောက် လိမ့်ဆင်းလာရာ အထပ်တစ်ခု၏ စင်္ကြံနားတွင် ကိုယ်ကို လှိမ့်ချလိုက်ရာ ပုခုံးထက်မှ ဒဏ်ရာက ပို၍ပင် နာကျင်သွားရသည်။
နောက်ဆုံးတွင် သူ စင်္ကြံတွင် ထိုင်ချလိုက်ကာ ကလေးတစ်ယောက်ကဲ့သို့ စိတ်ပျက်လက်ပျက် အော်ငိုနေမိတော့သည်။
Xxxxxx