အပိုင်း ၃၃-၃၄
Viewers 6k

Chapter 33


ကျီကျောက်ယန် ငိုကြွေးနေချိန်တွင် တစ်စုံတစ်ယောက်က သူ့နောက်ကျောကို လာပုတ်လေသည်။


 "ပရော်ဖက်ဆာ ကျီ....ပရော်ဖက်ဆာ ကျီ... ဘာဖြစ်နေတာလဲ...." 


 


သူ မော့ကြည့်လိုက်သောအခါ  လျန့်ချောင် ဖြစ်နေသည်။ ယခု လျန့်ချောင် က စမ်းသပ်အဆောက်အဦးတွင်  ဘာကြောင့် ရောက်လာရသည်ကို မစဉ်းစားအားဘဲ နောက်ဆုံး ကောက်ရိုးမျှင်တစ်ခုကို လှမ်းဆုပ်လိုက်သည်။


ကျီကျောက်ယန် က လျန့်ချောင်  ၏လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။


"ပရော်ဖက်ဆာ လျန့်...ငါ့ကို ကယ်ပါဦး... ယန်ဟန်က ငါ့ကို ကိုက်လိုက်တယ်...ငါ ဇွန်ဘီ အကိုက်ခံလိုက်ရပြီ...” 


လျန့်ချောင် သည် သူ့မျက်နှာတွင် အံ့သြမှု တစ်စုံတစ်ရာ မပြဘဲ  ကြည့်ကာ ဒဏ်ရာမရှိသည့် ဘက်မှ  ပခုံးကို ပုတ်လိုက်သည်။ 


"ကျွန်တော် သိပါတယ်...ခင်ဗျားကို ကယ်တင်ဖို့ ကျွန်တော် ရောက်လာတာ.." 


လျန့်ချောင် က သူ့ကို နံရံထောင့်ကို  ခေါ်သွားလိုက်လေ၏။


"ပရော်ဖက်ဆာ ကျီ... ခင်ဗျားက R ဗိုင်းရပ်စ်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ပရော်ဖက်ဆာ တစ်ယောက်ပဲလေ... လူတစ်ယောက် ဇွန်ဘီ အကိုက်ခံရရင် သူသွားရမဲ့လမ်းက တစ်လမ်းတည်းပဲ...အဲ့ဒါက  ကိုယ့်ဘဝရဲ့ ကျန်နေတဲ့ အချိန်နာရီတွေကို ကောင်းကောင်းမွန်မွန် ခံစားပြီး ဇွန်ဘီအဖြစ် ပြောင်းသွားရမှာပဲ...ဒါပေမဲ့ ကောင်းကင်ကြီးဟာ  အဆုံးမရှိဘူး ဆိုသလိုပဲ.. ခင်ဗျားကို ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်..."


“ဘယ်လို… ဘယ်လိုမျိုးလဲ...”


 “မကြာခင်က ကျွန်တော် R ဗိုင်းရပ်စ်ကို ကုသပေးနိုင်တဲ့ ကာကွယ်ဆေးကို တီထွင်တယ်...အဲ့ဒီဆေးကို ကြွက်တွေမှာ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးပြီ... အကျိုးသက်ရောက်မှုကတော့ အရမ်း ထူးထူးခြားတယ်...ဒါပေမဲ့  အဲ့ဒါကို လူသားတွေနဲ့ တစ်ခါမှ မစမ်းသပ်ဖူးဘူး...ပရော်ဖက်ဆာကျီ စွန့်စားချင်ရဲ့လား...." 


"ဘာလဲ...မင်းက ငါ့ကို ဝက်တစ်ကောင်လို အသုံးချချင်နေတာလား..."


ကျီကျောက်ယန် ၏ ဖြူဖျော့သော မျက်နှာသည် ရုတ်တရက် ထိတ်လန့်တကြားဖြစ်သွားသည်။


လျန့်ချောင် က ပြုံးလိုက်ပြီး ဆက်ပြောသည်။ 


“ပရော်ဖက်ဆာ ကျီ စိတ်မပူပါနဲ့...ကျွန်တော်က ခင်ဗျားကို  အတင်းအကြပ် လုပ်ခိုင်းနေတာမဟုတ်ဘူး...ကျွန်တော်က လူသားဆန်ပါတယ်... " 


 လျန့်ချောင်က နာရီကိုကြည့်လိုက်သည်။


“ပရော်ဖက်ဆာ ကျီ...ခင်ဗျားကို ဇွန်ဘီကိုက်တာ တစ်နာရီလောက်ရှိပြီ... ဆေးမထိုးချင်ရင် ကျွန်တော်လည်း  ဒီမှာ ဆက်နေလို့ မရတော့ဘူး...ကျွန်တော့် အသက်ကိုလည်း ကာကွယ်ရဦးမယ်.... သာမာန်လူ တစ်ယောက်က ဇွန်ဘီ ကိုက်ခံရရင် နောက်တစ်နာရီ အကြာမှာ ဇွန်ဘီအဖြစ် ပြောင်းသွားနိုင်ပြီး ခင်ဗျား ကိုယ်ကျိုးနည်းလိမ့်မယ်...”


ကျီကျောက်ယန် သည် သူ့အသက်ရှင်သန်ရန် အနည်းငယ်မျှသော အခွင့်အရေးကို လက်လွှတ်မခံ နိုင်သောကြောင့် လျန့်ချောင်ကို တားလိုက်သည်။ 


"ပရော်ဖက်ဆာ လျန့် မသွားနဲ့... ငါ့ကိုကယ်ပါကွာ... ဘာပဲဖြစ်ဖြစ် အကိုက်ခံရတာထက် မဆိုးနိုင်ပါဘူး...” 


လျန့်ချောင် သည် ကျီကျောက်ယန် ၏ စကားကို နားထောင်ပြီး သူ၏ မျက်လုံးထဲတွင် အောင်မြင်သော အပြုံးတစ်ခု ထင်ဟပ်လာလေသည်။ သူက ဖြူဖျော့နေသော ကျီကျောက်ယန် ကို လှည့်ကြည့်လိုက်သည်။


"ဒါဆို သဘောတူပြီလား..."


 


"ငါ စဉ်းစားပြီးပါပြီ...ဒါ မင်းငါ့ကိုပေးခဲ့တဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ... ငါမစွန့်လွှတ်နိုင်ဘူး..."


 “အို... ပရော်ဖက်ဆာ ကျီလို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ကျမှ ဘာကြောင့် ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပါလိမ့်....” 


လျန့်ချောင်က ညီးညူသလို ရေရွတ်လိုက်သည်။ ထို့နောက် သူက အိတ်ကပ်ထဲမှ  ဆေးပုလင်း နှင့် တစ်ခါသုံးဆေးထိုးအပ်ကို ထုတ်ပြီး ကျီကျောက်ယန် ကို ဆေးထိုးရန် ပြင်ဆင်လိုက်သည်။


“ဒါက ကျွန်တော် တီထွင်ထားတဲ့ ကာကွယ်ဆေးပါ... စိတ်မပူပါနဲ့ ပရော်ဖက်ဆာ ကျီ... ဒီကာကွယ်ဆေးက ခင်ဗျားကို ကုသပေးနိုင်မှာ သေချာပါတယ်... ကြွက်ဖြူတွေမှာ စမ်းသပ်ခဲ့ပြီး ပြီ...အကျိုးသက်ရောက်မှုက တကယ်ကို ထူးခြားတယ်...”


ကျီကျောက်ယန် က စိတ်ချယုံကြည်စွာ ခေါင်းညိတ်လိုက်သည်။


"ဆေးထိုးလိုက်ပါ... ရပါတယ်..."


လျန့်ချောင် က ဆေးပုလင်းထဲမှ ဆေးကို  စုပ်ယူလိုက်သည်။


 "ဒါဆို ကျွန်တော် ထိုးလိုက်မယ်နော်..." 


လျန့်ချောင် သည် ကျီကျောက်ယန် ၏ ခန္ဓာကိုယ်ထဲသို့ ကာကွယ်ဆေးကို ထိုးသွင်းခဲ့ရာ ငါးမိနစ်အကြာတွင် ကျီကျောက်ယန် သတိလစ်သွားလေသည်။ ထို့နောက် လျန့်ချောင်က ကျီကျောက်ယန် ၏ ခြေထောက်ကို ကန်ကြည့်လိုက်ရာ ကျီကျောက်ယန်မှာ လူသေကဲ့သို့ လုံးဝ တုံ့ပြန်ခြင်းမရှိပေ။ လျန့်ချောင် သည် ကြမ်းပြင်ပေါ်ရှိ သူ့ကို ပြုံးကြည့်ကာ လက်အိတ်များနှင့် မျက်နှာဖုံးများကို အမြန် ဝတ်ဆင်လိုက်သည်။ 


ထို့နောက် သူသည် ကျီကျောက်ယန် ကို ကြိုတင်ပြင်ဆင်ထားသော အိတ်နက်ကြီး တစ်ခုထဲသို့ ထည့်ကာ ကားနောက်ဖုံးထဲသို့ ထားလိုက်ပြီး အချိန်ကိုကြည့်လိုက်သည်။ မနက်သုံးနာရီ ထိုးခါနီးနေပြီ ဖြစ်သည်။  ကျွန်းနှင့် ယွင်ကျင့် မြို့ကြားအသွားအပြန် ဆယ်နာရီကျော် ကြာမည်ဖြစ်၍နောက်နေ့တွင် သူ ကျွန်းသို့ အချိန်မီ ပြန်လာနိုင်မည် မဟုတ်ပေ။


နံနက် ၉ နာရီတွင် လျန့်ချောင် သည် ကျီကျောက်ယန် နှင့်အတူ ယွင်ကျင့် မြို့သို့ ဦးတည်ပြီး ပင်လယ်ပြင်တွင် စက်လှေ‌ဖြင့် ခုတ်မောင်းနေပြီဖြစ်သည်။


ယွင်ကျင့် မြို့ရှိ အထပ်မြင့် အဆောက်အအုံများ ပိုမိုရှင်းလင်းလာသဖြင့် လျန့်ချောင် သည် ဆေးပုလင်းနှင့် တစ်ခါသုံးဆေးထိုးအပ်ကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ 


အမှန်မှာ ကျီကျောက်ယန် ကို မနေ့ညက သူထိုးပေးခဲ့သည့် ဆေးသည် ကာကွယ်ဆေး မဟုတ်ဘဲ မေ့ဆေးဖြစ်လေသည်။ ယခု သူ့လက်ထဲတွင် ရှိနေသည့် ဆေးမှာ  သူတီထွင်ထားသည့် R ဗိုင်းရပ်စ်ပိုး အသစ် ဖြစ်သည်။ ဤဆေးကို ထိုးလိုက်လျှင် နောက်ဆက်တွဲ ပြဿနာကို သူ သေချာမသိသောကြောင့် ယွင်ကျင့် မြို့သို့ရောက်ခါနီးမှ ကျီကျောက်ယန် ကို ထိုးပေးမည် ဖြစ်သည်။


လျန့်ချောင် သည် ကျီကျောက်ယန် ၏ ခန္ဓာကိုယ်ထဲသို့ ဆေးထိုးသွင်းလိုက်သောအခါ အိပ်နေသော ကျီကျောက်ယန် မှာ အနည်းငယ် လှုပ်သွားသည်။ 


ကျီကျောက်ယန်မှာ နဖူးမှ ချွေးစီးများပင် ထွက်လာရတော့သည်။ကျီကျောက်ယန် မှာ အကြိမ်အနည်းငယ် လှုပ်သွားပြီး ရပ်သွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


ယွင်ကျင့် မြို့အနီးသို့ရောက်သောအခါ လျန့်ချောင် သည် မှန်ပြောင်းကို အကြိမ်ကြိမ်ကြည့်ကာ လှေကို ဇွန်ဘီများ ရှိမရှိကို စစ်ဆေးလိုက်သည်။ထို့နောက် လှေဆိပ်တွင် ကပ်လိုက်ပြီး   ကျီကျောက်ယန် ကို ကမ်းပေါ်သို့ သယ်သွားကာ အိတ်ကို ဖြည်၍ လှည့်ထွက်ပြေးခဲ့သည်။


 


လှေပေါ်တက်ပြီးနောက် လျန့်ချောင် သည် ချက်ချင်းပင် စက်နှိုး၍ အတင်းမောင်းထွက်လာတော့သည်။


အမှန်အတိုင်း ပြောရလျှင် လျန့်ချောင်သည်  ယွင်ကျင့် မြို့သို့ ရောက်သောအခါ အနည်းငယ် ကြောက်သွားမိသည်။ ယွင်ကျင့်မြို့ ရှိ အဆောက်အအုံများမှာ တဖြည်းဖြည်းပျက်စီးလာသည်ကို မြင်လိုက်ရသဖြင့် သူ့နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့လေသည်။


Xxxxxxxx


Chapter 34


ဟန်ခိုင် သည် ကြမ်းပြင်ပေါ်တွင် မလှုပ်နိုင် ဖြစ်နေရာမှ ယန်ဟန့် နာမည်ကို  နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်သော်လည်း  သူမက မထလာပေ။ ဟန်ခိုင် နာရီကို တစ်ချက်ကြည့်လိုက်သည်။ 


အို..မနက် ၁နာရီ ၃၀ မိနစ်...


မနက် ၁ နာရီတွင် ယန်ဟန် အိပ်ပျော်လေ့ရှိသည်ကို သူ ပေါ့လျော့စွာ မေ့လျော့သွားမိသည်။  ထို့ကြောင့် သူက လီနန်ရှန့် ထံသို့ CDC ၏ ဓာတ်ခွဲခန်း အမှတ် -၇၁၂ သို့ လာရန် ပြောထားခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် လှေကားထစ် ပေါ်တက်နေသည့် တစ်စုံတစ်ယောက်၏ ခြေသံကိုသူ ကြားလိုက်ရပြီး ခြေသံသည် ပို၍ နီးကပ်လာသည်။


ဟန်ခိုင်  မြေပြင်ပေါ်တွင် သွေးများဖြင့် လဲလျောင်း နေသည်ကိုမြင်လျှင် လီနန်ရှန့် က စိုးရိမ်တကြီး ပြေးလာလေ၏။


"အားခိုင်...ဘာဖြစ်လို့လဲ.. ဘာလို့ သေနတ်ဒဏ်ရာ ရထားတာလဲ...ဘယ် သောက်ရူးက အစ်ကို့ကို ပစ်လိုက်တာလဲ..." 


"ကျီကျောက်ယန် ငါ့ကို ပစ်လိုက်တာ..."


 "ကျီကျောက်ယန်..." 


လီနန်ရှန့် သည် ဤကိစ္စမှာ ထင်မထားသည်ထက် ပို၍ ရှုပ်ထွေးလာနိုင်ကြောင်း ‌သတိပြုမိသွားသည်။ ဟန်ခိုင် ၏ မျက်နှာမှာ ဖြူဖျော့နေသဖြင့် သူ့အင်္ကျီကို ကိုက်ဖြတ်ကာ ဒဏ်ရာကို ပတ်တီးစီးတော့မည် ဖြစ်သော်လည်း ဟန်ခိုင် က အမြန်တားလိုက်သည်။


 " ဓာတ်ခွဲခန်း ၇၁၂ မှာ ပတ်တီးတွေ ရှိနိုင်တယ်...သွားပြီးတော့ အထဲမှာ ရှာကြည့်.."


လီနန်ရှန့် က ခေါင်းညိတ်လိုက်ပြီး ဓာတ်ခွဲခန်း အမှတ် ၇၁၂ သို့ အမြန်ပြေးသွားလိုက်ပြီး မကြာမီ ပတ်တီးလိပ်ဖြင့် ထွက်လာလေသည်။


လီနန်ရှန့် က ဟန်ခိုင် ကို ပတ်တီးစီးပေးနေရင်း အလျင်စလို ပြောလိုက်သည်။


“အားခိုင်..တောင့်ထား... ကျွန်တော် အစ်ကို့ကို အရေးပေါ်ခန်းကို ခေါ်သွားမယ်..." 


"မဟုတ်ဘူး... မင်း ယန်ဟန်ကို ကျွန်းကနေ အရင်ပြန်လွှတ်လိုက်..." 


"ဪ ‌အရေးထဲမှာ ဇွန်ဘီအကြောင်း စဉ်းစားရမဲ့ အချိန်လား... အစ်ကို့ရဲ့ သေနတ်ဒဏ်ရာက အရမ်းပြင်းတယ်... အရိုးကို ထိသွားသလားတောင် မသိဘူး... ” 


လီနန်ရှန့် ၏ စကားတွင် သိသာထင်ရှားစွာ  ဒေါသသံစွက်လာသည်။


 “ဒါပေမယ့်…”


 


ဟန်ခိုင် စကားမဆုံးခင် လီနန်ရှန့် က သူ့ကို ဖြောင်းဖျလိုက်သည်။


 "စိတ်မပူပါနဲ့...ကျွန်တော် အစ်ကို့ကို အရင် အရေးပေါ်အခန်းကို လိုက်ပို့ပေးမယ်..." 


လီနန်ရှန့် ၏ လေသံက ငြင်းဆန်၍ မရနိုင်လောက်အောင် ဒေါသထွက်နေလေသည်။


လီနန်ရှန့် က ဟန်ခိုင် ကို ကောက်ပွေ့လိုက်ရာ ဘေးတွင် လဲလျောင်းနေသည့် ယန်ဟန်ကို သတိပြုမိသွားသည်။


 "ဒီ ဇွန်ဘီက ဘာလို့ ကြမ်းပြင်ပေါ်မှာ လဲနေတာလဲ... သူမသေသွားပြီလား..." 


“အဲ့ဒါ အိပ်ပျော်နေတာ...”


 "အိပ်ပျော်နေတာ... ဇွန်ဘီတွေက အိပ်တတ်လို့လား..." 


ထို့နောက် လီနန်ရှန့် ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်သည်။


 "ဪ သူမက အိပ်တတ်တယ်...မေ့သွားလို့..."


လီနန်ရှန့် သည် အိပ်နေသော ဇွန်ဘီတစ်ကောင်ကို ပထမဆုံးအကြိမ်တွေ့ခြင်းဖြစ်၍ သူမကို ကြည့်နေလိုက်သေးသည်။ 


‌ထို့နောက် လီနန်ရှန့်က သက်ပြင်းတစ်ချက်ချရင်း ပြောလေ၏။


"ဒီလို အံ့စရာတွေလည်း ရှိပါသေးလား...”


 အောက်ထပ်သို့ ရောက်သောအခါ လီနန်ရှန့် က ဟန်ခိုင် ကို ကားပေါ်တင်လိုက်ပြီး ကားနောက်ဖုံးမှ အနက်ရောင် အဝတ်စကြီးတစ်ထည်ကို ထုတ်ယူလိုက်ပြီး ဇွန်ဘီကို ခေါ်လာရန် စမ်းသပ် အဆောက်အဦးသို့ ပြေးသွားပြန်သည်။ 


လီနန်ရှန့် သည် ၇ထပ်သို့ တက်လာသောအခါ ယန်ဟန်မှာ မူလပုံစံအတိုင်း မလှုပ်မယှက် လဲလျောင်းနေမြဲ ဖြစ်သည်။ လီနန်ရှန့် က ယန်ဟန်ကို ခဏမျှ စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။ 


" ဒီဇွန်ဘီ အိပ်ပျော်နေတုန်းတော့ ငါ့ဘက် လှည့်မလာ လောက်ပါဘူးနော်...."


ထို့နောက် လီနန်ရှန့်... ယန်ဟန်ကို အနက်ရောင် အ၀တ်စကြီးဖြင့် လျင်မြန်စွာ ထုပ်ပိုးလိုက်ပြီး သူမကို ပခုံးပေါ်ထမ်းလိုက်ပြီး အောက်ထပ်သို့ဆင်းကာ ကားနောက်ဖုံးထဲသို့ ပစ်ချလိုက်ပြီး ကားမောင်းသည့်ခုံတွင် ဝင်ထိုင်လိုက်သည်။


ကားမောင်းနေရင်းက လီနန်ရှန့်မှာ နောက်ကြည့်မှန်မှတဆင့် ဟန်ခိုင် ၏ မျက်နှာကို အရိပ်အခြည် ကြည့်နေသည်။


 "အားခိုင်... ဘယ်လိုနေသေးလဲ..." 


"မင်းက ဘာလို့ ယန်ဟန်ကို ကားနောက်ဖုံးထဲ ပစ်ချတာလဲ..." 


ဟန်ခိုင် ၏ လေသံမှာ အပြစ်တင်သယောင် ဖြစ်နေသည်။


 "အစ်ကို့ရဲ့ ဒဏ်ရာကို မေးနေတာလေ... ​​ဘာလို့ ဇွန်ဘီ အကြောင်း ပါလာရတာလဲ..."


လီနန်ရှန့် ၏ လေသံမှာလည်း အနည်းငယ် စိတ်ဆိုးသွားပုံပေါက်နေသည်။ ဟန်ခိုင် က ပြုံးလိုက်ပြီး ညီဖြစ်သူနှင့် ထိုအကြောင်းကို ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။


 "နန်ရှန့်... ငါ မင်းကို အရမ်းအရေးကြီးတဲ့ ကိစ္စ ပြောမယ်..."


လီနန်ရှန့် က နောက်ကြည့်မှန်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။


 "ဘာကိုလဲ..." 


 "ကျီကျောက်ယန် ကို ယန်ဟန် က ကိုက်လိုက်တယ်..."


 " ဘာ... ကျွန်တော့်ကို စောစောက မပြောတာလဲ...အခု သူ လျှောက်သွားပြီး  လူတွေကို ကိုက်လိုက်ရင် '‌၅.၁၇ ဖြစ်ရပ်' လို ထပ်ဖြစ်လာလိမ့်မယ်..."


 “အဲဒါကို ငါ စိတ်မပူပါဘူး... ကျီကျောက်ယန် ရဲ့အဖေ ကျီဟုန် ကို ကြောက်ရတယ်... ကျီကျောက်ယန် ရဲ့ အဖေကလည်း လူကောင်း မဟုတ်ဘူး... မင်းကို ဒုက္ခပေးမှာ စိုးရိမ်တယ်..." 


“သူက CDC ရဲ့ ဒါရိုက်တာပါ... လက်နက်ကိုင် တပ်ဖွဲ့ရဲ့ အကြီးအကဲလည်း မဟုတ်ပါဘူး... သူက ဘယ်လိုလုပ် ဒုက္ခပေးနိုင်ပါ့မလဲ...အားခိုင်  စကား မပြောဘဲ သက်သာသလိုနေနော်..."


ဟန်ခိုင် က ခေါင်းညိတ်ပြလိုက်သည်။


 "မင်း ငါ့ကို အရေးပေါ်ခန်းထဲ ခေါ်သွားပြီးရင် ယန်ဟန်ကို ကျွန်းကနေ အမြန်ဆုံး ခေါ်ထုတ်သွား..."


 "ကျွန်တော် သိတယ်...စိတ်ချသာနေ..." 


ထို့နောက် လီနန်ရှန့် က ဟန်ခိုင် ကို အရေးပေါ်ခန်းသို့ ပို့လိုက်ပြီး ကားဖြင့် သင်္ဘောဆိပ်သို့ ချက်ချင်း မောင်းသွားလေသည်။ သူကြိုတင်ပြင်ဆင်ထားသည့် ကနူးလှေနှင့်အတူ ယန်ဟန်ကို ကားနောက်ခန်းထဲမှ  ပွေ့ထုတ်ကာ  ဖြင့် လှေပေါ်သို့ တင်လိုက်ပြီး ကားကို လော့ချလိုက်သည်။ 


ထို့နောက် လီနန်ရှန့် သည် လှေပေါ်သို့တက်ကာ စက်နှိုးလိုက်ပြီး  ယွင်ကျင့် မြို့သို့ ဦးတည် မောင်းနှင်လိုက်တော့သည်။


ညခင်း ပင်လယ်လေမှာ မျက်နှာကို ဓားသွားနှင့် ဆွဲခြစ်နေသကဲ့သို့ အေးလွန်းလှသည်။ ယနေ့ညတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် အိပ်ချင်စိတ်ပင် မရှိပေ။  နံနက် ၄ နာရီ ထိုးသောအခါ အနက်ရောင် အ၀တ်ကြီးဖြင့် ပတ်ထားသည့် ယန်ဟန် သည် အိပ်ရာမှ နိုးလာသည်။ ကံကောင်းစွာနှင့် သူမသည် အလွန်သန်မာသဖြင့် လီနန်ရှန့် ကူစရာမလိုဘဲ အနက်ရောင် အ၀တ်စကြီးကို လွယ်လင့်တကူ ဆုတ်ဖြဲပစ်လိုက်သည်။ လီနန်ရှန့် သည် အနက်ရောင် အ၀တ်ထုပ်ထဲမှ ထွက်လာသော ယန်ဟန် ကို လှေပေါ်တွင် ထိုင်ကာ စိုက်ကြည့်နေမိသည်။ 


အိပ်မှုန်စုန်မွှား ဖြစ်နေသော ယန်ဟန်က သူမ လှေပေါ်တွင် လူစိမ်းတစ်ယောက်နှင့် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လီနန်ရှန့် အား လက်ဟန်ပြကာ ဘယ်သူလဲ၊ဘာကြောင့် သူမကို လှေပေါ်တင်ထားတာလဲ ဟု မေးမြန်းနေသည်။


လီနန်ရှန့် သည် ယန်ဟန်၏ လက်ဟန်အမူအရာများကို နားမလည်သဖြင့် သူမကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။ 


“အိုး... ငါ မေ့‌တော့မလို့..အားခိုင် က မင်းကို ၃နာရီပဲအိပ်တတ်ပြီး မနက် ၄ နာရီမှာ နိုးမယ်လို့ ပြောခဲ့သားပဲ... ယွင်ကျင့်မြို့ကိုရောက်ဖို့ ခုနစ်နာရီ ရှစ်နာရီ လောက်ကြာတယ်..အားခိုင် ဒဏ်ရာက ဘာဖြစ်သွားပြီလဲမသိဘူး...ငါ သူ့ကို အရမ်း စိတ်ပူလို့ ပြန်သွားကြည့်ရမယ်..." 


လီနန်ရှန့် သည် ပြောပြောဆိုဆို စက်လှေကို စက်သတ်လိုက်ပြီး လှေဝမ်းတွင်းသို့ဝင်သွားကာ ကနူးလှေငယ်တစ်စင်းနှင့် လှော်တက်တစ်စုံကို  ယန်ဟန်အား ပေးလိုက်သည်။


 "မင်း ကျွန်းကို တစ်ယောက်တည်းလာတာဆိုတော့ မင်း ဒီတိုင်းလှော်ပြီးသာ ပြန်ပေတော့... အားခိုင် ဒဏ်ရာရထားတယ်...သူ့ကို ပြုစုဖို့ အမြန်  ပြန်သွားရမယ်... မင်း ဒီလှေကိုလှော်ပြီး ယွင်ကျင့်မြို့ကို ပြန်သွားတော့..."


Xxxxx