အပိုင်း ၃၅-၃၆
Viewers 6k

Chapter 35


ယန်ဟန်က လှေနှင့် လှော်တက်များကို မယူဘဲ လီနန်ရှန့် ကို လက်ဟန်ပြပြီး ဘယ်သူလဲ ဟု မေးလိုက်သည်။  လီနန်ရှန့် သည် သူမ၏ လက်ဟန် အမူအရာများကို နားမလည်ဘဲ ကနူးလှေနှင့် လှော်တက်များကို သူမဆီသို့ တွန်းပို့လိုက်ပြီး ကမန်းကတန်းပြောလိုက်သည်။


“ငါပြန်တော့မယ်...အားခိုင်ရဲ့ ခြေထောက်ကို ကျည်ဆံထိထားတာ စိုးရိမ်ရတယ်...." 


ယန်ဟန်သည်  လီနန်ရှန့် မှာ ဟန်ခိုင် ကဲ့သို့ သူမ၏ လက်ဟန်ပြ စကားကို နားမလည်ကြောင်း သိလိုက်ရသောကြောင့် ကနူးလှေကို ရေထဲထားလိုက်ပြီး စက်လှေပေါ်မှ ဆင်းကာ နောက်ပြန်လှည့်မကြည့်ဘဲ ယွင်ကျင့် မြို့ဆီသို့ လှော်ခတ်သွားလေသည်။ 


လီနန်ရှန့် သည် ယန်ဟန်က ယွင်ကျင့်မြို့ဆီသို့ လှော်ခတ်သွားသည်ကို မြင်လိုက်လျှင် စက်လှေကို ချက်ချင်းပြန်လှည့်၍ ကျွန်းဆီသို့ ပြန်လာခဲ့လိုက်သည်။ 


လီနန်ရှန့် နံနက် ၆ နာရီကျော်တွင် ကျွန်းပေါ်သို့ ရောက်ရှိလာပြီး အရေးပေါ်ဆောင်သို့ ကားမောင်းသွားကာ ဟန်ခိုင်ကို ခွဲစိတ်ပေးသည့် ဆရာဝန်ကို အမြန်ရှာလိုက်သည်။ 


ဆရာဝန်က ဆေးမှတ်တမ်းကို ပြန်လှန်လိုက်ပြီး လူနာ၏ အခြေအနေကို ပြောပြလိုက်သည်။


 


“ကျည်ဆန်ကို ထုတ်လိုက်ပေမယ့် အာရုံကြောကို နည်းနည်းထိထားတယ်... ဒါကြောင့် အနာကျက်ပြီးသွားရင်လည်း  နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိလာနိုင်တယ်..."


 "ဟင်.. ဘယ်လိုနောက်ဆက်တွဲမျိုးလဲ ဆရာ..." 


လီနန်ရှန့် က စိုးရိမ်တကြီးနှင့် ဆရာဝန်ရဲ့ လက်အိတ် ဝတ်ထား‌သော လက်ကို ကိုင်လှုပ်၍ မေးလိုက်သည်။ 


 “လမ်းလျှောက်ရတာ ခက်တာမျိုးပေါ့...ဒါပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး...”


 


လီနန်ရှန့်က သူ့လက်ကို မလွှတ်သေးသဖြင့်  ဆရာဝန်က တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


 "မေးစရာရှိသေးလား...ကျွန်တော် အလုပ်ဆက်လုပ်တော့မယ်..."


" အိုး..တောင်းပန်ပါတယ်...” 


လီနန်ရှန့် က ရှက်ရယ်,ရယ်လိုက်ပြီး လက်ကို လွှတ်ပေးလိုက်သည်။


 "ဒေါက်တာ ကျွန်‌တော့်အစ်ကိုက ဘယ်အခန်းမှာလဲ...." 


“ဒီတံခါးကနေ ထွက်သွားလိုက် ပြီးရင် အတွင်း လူနာဌာနကို သွားပြီး  သူနာပြုဆရာမကို မေးလိုက်ပါ..."


လီနန်ရှန့် က ‌ဆရာဝန်ကို ကျေးဇူးတင်ကြောင်းပြောပြီး အတွင်းလူနာဌာနသို့ အမြန်လျှောက်သွားလိုက်သည်။ ဟန်ခိုင် ကုသမှုခံယူနေသည့် ဌာနသို့ ရောက်သောအခါ  ဟန်ခိုင် သည်  ထုံဆေးပျယ် သေးဟန်မတူဘဲ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ထို့နောက်  လီနန်ရှန့် ကုတင်အစွန်းတွင် စောင့်နေရင်း လျှင်မြန်စွာပင် အိပ်ပျော်သွားခဲ့သည်။ 


မနက် ၇နာရီခွဲတွင် ကျီဟုန်ယီ သည် ပုံမှန်အတိုင်း အိပ်ရာထလိုက်ပြီး ဧည့်ခန်းသို့ သွားလိုက်ရာ စားပွဲပေါ်တွင် မနက်စာ ပြင်မထားသည်ကို တွေ့လိုက်ရသည်။ ဤအချိန်ဆိုလျှင် သူ မနက်စာစားရန်အတွက် သားဖြစ်သူက  အသားညှပ်ပေါင်မုန့် နှင့် လက်ဖက်ရည်ပူပူကို အချိန်မီ ပြင်ဆင်ပေး လေ့ရှိသည်။ 


 "ရှောင်ယန် ဘယ်အချိန်ရှိပြီလဲ... မထသေးဘူးလား..." 


ကျီဟုန်ယီ က ကျီကျောက်ယန် ၏ အခန်းကို မျက်နှာမူပြီး လှမ်းအော်လိုက်သော်လည်း တုံ့ပြန်သံမကြားရချေ။ 


 "ဒီကလေး...ဒီ​နေ့ကျမှ ဘာလို့​ အသေ​ကောင်​လို အိပ်​​နေရတာလဲ..."


ကျီဟုန်ယီ က ထပ်မခေါ်တော့ဘဲ ရေချိုးခန်းသို့ သွားလိုက်သည်။သူရေချိုးပြီးသော်လည်း ကျီကျောက်ယန် ပေါ်မလာသေးသဖြင့် ဒေါသထွက်သွားရသည်။


ထို့နောက် ကျီဟုန်ယီ သည် သားဖြစ်သူ၏ အခန်းသို့သွားကာ တံခါးကို ခေါက်မည် ပြုသော်လည်း တံခါးက အလိုလို ပွင့်သွားပြီး ကျီကျောက်ယန်မှာ  အခန်းထဲတွင် ရှိမနေဘဲ ကုတင်ပေါ်က စောင်မှာလည်း အပြန့်အတိုင်းရှိနေသည်။


 "ဘယ်ကို သွားလိုက်တာလဲ..."


ကျီဟုန်ယီ သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ထို့‌နောက် ဧည့်ခန်းသို့သွား၍ ရေတစ်ခွက်သောက်ကာ သူ့လက်ဆွဲအိတ်ကို ယူလာပြီး ဖိနပ်လဲစီးရန် စင်္ကြံသို့ လျှောက်သွားလိုက်သည်။ ဖိနပ်ကို လဲစီးနေစဉ် ကျီကျောက်ယန် မနေ့က စီးထားသည့် သားရေဖိနပ်မှာ ဖိနပ်စင်ပေါ်တွင် ရှိမနေဘဲ အိမ်စီးဖိနပ်သာ ရှိနေလေသည်။


"ဒီကလေးကလည်း အပြင်ထွက်တာ ငါ့ကို ပြောမသွားဘူး..."


ကျီဟုန်ယီ  CDC သို့ အသွားတွင်  ကျီကျောက်ယန် ထံ မက်ဆေ့ခ်ျ ပို့သော်လည်း စာမပြန်ပေ။


 


ထို့နောက်  ကျီကျောက်ယန် ၏ ဖုန်းကိုခေါ်ကြည့်ရာတွင်လည်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေလေသည်။


ဘာလဲဟ...


ကျီဟုန်ယီ အနည်းငယ် ထူးဆန်းနေသသည်ဟု ခံစားရသည်။ ထို့နောက် ရုံးခန်းထဲရောက်သောအခါ   ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းကို ဖုန်းခေါ်လိုက်သည်။ သို့ရာတွင် ဖုန်းကိုင်သူမှာ အမျိုးသမီး သုတေသီ တစ်ဦးဖြစ်သည်။


" ကျီကျောက်ယန် ဓာတ်ခွဲခန်းမှာရှိလား..."


" ပရော်ဖက်ဆာ ကျီ ဓာတ်ခွဲခန်းထဲမှာ မရှိပါဘူးရှင်..."


 "ဒါဆို ဒီနေ့ သူ့ကို တွေ့‌သေးလား..." 


"ကျွန်မ မတွေ့မိဘူးရှင့်..."


ကျီဟုန်ယီ ပို၍ပင် အံသြသွားရသည်။ ကျီကျောက်ယန်  ဓာတ်ခွဲခန်းတွင်ရှိမည်ဟု ယူဆထားသော်လည်း ယခုမူ  ဓာတ်ခွဲခန်းတွင် ရှိမနေပေ။ 


“ပရော်ဖက်ဆာ ကျီကို တွေ့လို့ရှိရင် သူ့ကို ငါ့ရုံးခန်းကို လွှတ်လိုက်... သူ့ကိုပြောစရာရှိတယ်..." 


 “ဟုတ်ကဲ့...”


ကျီဟုန်ယီ ဖုန်းကို ချလိုက်သည်နှင့် သူ့အတွင်းရေးမှူးက အမြန်ရောက်လာပြီး ပြောလိုက်သည်။


“ဒါရိုက်တာ... စမ်းသပ် အဆောက်အဦးရဲ့ ၇ထပ်မှာ သွေးအိုင်တစ်ခု ရှိနေတယ်လို့ ပရော်ဖက်ဆာ တွေနဲ့ သုတေသီတွေက ကျွန်တော့်ကို လှမ်းပြောပါတယ်..." 


“သွေးအိုင်ကို ဘယ်တုန်းက တွေ့တာလဲ...” 


“ခုနစ်ထပ်က သုတေသီတစ်ယောက်က ဒီမနက် ၆နာရီခွဲ လောက်မှာ တွေ့တာပါ...” 


"သွေးအိုင်က ဘယ်တုန်းက ဖြစ်တာ လဲ..." 


“မနေ့ညက ထွက်သွားတဲ့ နောက်ဆုံး သုတေသီကို ကျွန်တော် မေးထားပါတယ်...သူထွက်သွားတုန်းက ခုနစ်ထပ်မှာ သွေးအိုင် မတွေ့ဘူးလို့ ပြောပါတယ်... တခြား သုတေသီတွေကိုလည်း မေးပြီးပါပြီ...သူတို့ကလည်း  မနေ့က နေ့လည် ပြန်သွားတုန်းက စင်္ကြံမှာ သွေးတွေ မတွေ့ဘူးလို့ပဲ ပြောပါတယ်...” 


“ညဘက် ကင်းလှည့်တဲ့ လုံခြုံရေး ဝန်ထမ်းတွေကရော ဘာတဲ့လဲ...မင်းသူတို့ကို မေးလိုက်လား..."


“မနေ့ညက တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းက ရှောင်ကျိုး ပါ...ရှောင်ကျိုး က အရမ်းမှောင်နေချိန် မနက် ၃ နာရီ လောက်မှာ စင်္ကြံမှာ ကင်းလှည့်နေတာကြောင့် သွေးအိုင်ကို သတိမထားမိခဲ့တာပါ...” 


"ဒါဆို စောင့်ကြည့် ကင်မရာက‌နေစစ်ဆေးဖို့ လက်နက်ကိုင် တပ်ဖွဲ့ဌာနကို သွားပြီးတော့ ဗီဒီယိုကနေ အရင်ကြည့်..." 


“ဟုတ်ကဲ့...” 


အတွင်းရေးမှူး လျူ ထွက်သွားပြီးနောက် ကျီဟုန်ယီ သည် စိတ်မသက်မသာ ခံစားနေရသဖြင့် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းသို့ ထပ်မံ ဖုန်းဆက်လိုက်သည်။ ယခုတစ်ကြိမ် ဖုန်းကိုင်သူမှာ အခြားသုတေသီ တစ်ဦးဖြစ်ပြီး ပရော်ဖက်ဆာ ကျီကို မတွေ့ကြောင်း ပြန်ဖြေလေသည်။


 'ကိုးနာရီထိုးခါနီးနေပြီ... ရှောင်ယန် ဓါတ်ခွဲခန်းကို ဘာလို့မလာသေးတာလဲ.. မက်ဆေ့ချ်လည်း မပြန်ဘူး...  ဖုန်းလည်း ဆက်မရဘူး...'


အတွင်းရေးမှူး လျူ ပြန်လာလျှင် ကျီကျောက်ယန် ကို ရှာခိုင်းရန်  ဆုံးဖြတ်လိုက်ပြီး ရုံးခန်းရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရသည်မှာ ပင်အပ်ထုပ်ပေါ် တက်ထိုင်နေရသကဲ့သို့ ခိုးလို့ခုလု ဖြစ်နေရသည်။


ထို့နောက် ကျီဟုန်ယီက ကွန်ပြူတာကို ပိတ်လိုက်ပြီး စမ်းသပ် အဆောက်အအုံ၏ ၇ ထပ်သို့ သွားလိုက်သည်။


Xxxxxx


Chapter 36


ကျီဟုန်ယီ သည် စမ်းသပ်အဆောက်အဦး၏ ၇ထပ်သို့ ရောက်သောအခါ စင်္ကြံတွင် စကားပြောနေသည့် လူတစ်စုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ကျီဟုန်ယီ တဖြည်းဖြည်း သူတို့အနားသို့ ရောက်လာသောအခါ  သုတေသီ တစ်ယောက်က ‌မြင်သွားသည်။


"ဒါရိုက်တာ ကျီ..." 


သွေးအိုင်ဘေးတွင် စကားပြောနေကြသော လူတစ်စုသည် ကျီဟုန်ယီ ကို အထိတ်တလန့်  "ဒါရိုက်တာ ကျီ" ဟု  ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။


ကျီဟုန်ယီ က ခေါင်းညိတ်ပြလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ သွေးစွန်းကွက်များကို ကြည့်လိုက်၍ မေးသည်။


 "ဘာဖြစ်နေကြတာလဲ..."  


“ကျွန်တော်တို့လည်း မသိပါဘူး... မနေ့နေ့လည်က ကျွန်တော်တို့ ပြန်သွားတုန်းက မရှိဘဲနဲ့ မနက်ကျမှ ခြောက်‌နေတဲ့ သွေးအိုင်ကို တွေ့ရတာ...” 


ကျီဟုန်ယီ ခေါင်းညိတ်လိုက်သည်။


“ပရော်ဖက်ဆာ ကျီ ကို တွေ့မိကြလား...” 


သူတို့အားလုံး တူညီစွာပင် ခေါင်းခါပြလိုက်သည်။


ကျီဟုန်ယီ ၏ မျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး ကျီကျောက်ယန် ၏ ရုံးခန်းဆီ လျှောက်သွားရာ တံခါးမှာ သော့ခတ်ထား၍ ပြူတင်းပေါက်မှ ‌ကြည့်လိုက်ရာတွင်လည်း အထဲမှာ မည်သူမျှ ရှိမနေပေ။ ကျီဟုန်ယီ သည် ၇ထပ်တွင် ခဏကြာ လမ်းလျှောက်ပြီး ကျီကျောက်ယန် ကို စောင့်မနေတော့ဘဲ သူ့ရုံးခန်းကို ပြန်လာခဲ့သည်။ 


အတွင်းရေးမှူး လျူ သည် နေ့လယ်တွင် လက်နက်ကိုင် တပ်ဖွဲ့ ဌာနမှ ပြန်ရောက်လာသောအခါ ကျီဟုန်ယီကသွေးအိုင် အကြောင်းကို မေးမြန်းလိုက်သည်။ အတွင်း‌ရေးမှူး လျူ ၏ အဖြေက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ 


အတွင်းရေးမှူး လျူ က ၇ ထပ်ရှိ စင်္ကြံမှ စောင့်ကြည့်ဗီဒီယိုသည် တစ်နာရီခန့် အချိန်ပိုင်းမှာ ပျောက်ဆုံးနေပြီး ပျောက်ဆုံးနေသည့် ထိုတစ်နာရီကိုလည်း ကူးယူထားပြီး ဖြစ်ကြောင်း ပြောလေသည်။ 


အတွင်းရေးမှူး လျူ ကူးယူထားသော စောင့်ကြည့် ဗီဒီယိုသည် ညနေ ၁၀ နာရီမှ စ၍ပါရှိသည်။ ထိုအချိန်က ၇ထပ်ရှိ သုတေသီ အနည်းငယ်သာ စမ်းသပ်မှုများ ပြုလုပ်နေကြသေးသည်။ ညနေ ၁၂ နာရီမထိုးမီ ၇ထပ်မှ သုတေသီများ အားလုံး ပြန်သွားကြလေသည်။


ရှေ့သို့ မြန်သည့်ခလုတ်ကို နှိပ်ရင်း အတွင်းရေးမှူး လျု က ကျီဟုန်ယီ အား ရှင်းပြလိုက်သည်။


 “၁၂ နာရီ ၄၃မိနစ် ကနေ ၁ နာရီ ၄၀ မိနစ်အထိ ဗီဒီယိုဖိုင်က ပျောက်နေတယ်... ၁၂ နာရီ ၄၃မိနစ် ကျတော့  စင်္ကြံမှာ သွေးအိုင်မရှိပေမယ့် ၁နာရီ ၄၁မိနစ် ကျတော့  စင်္ကြံမှာ သွေးအိုင်ရှိနေပါတယ်..."


အတွင်းရေးမှူး လျူ က ခလုတ်ကိုနှိပ်၍ ရပ်ထားလိုက်ပြီး ပုံထဲမှ သွေးများကို ထောက်ပြလိုက်သည်။ 


“ဒီနားကထောင့်မှာ သေနတ်တစ်လက်ကို တွေ့ရပါတယ်..”


 အတွင်းရေးမှူး လျူ က ဓာတ်ခွဲခန်းတံခါးပေါက်မှ ပြုတ်ကျလာသော သေနတ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ အတွင်းရေးမှူး လျူ က ခလုတ်ကို ဆက်နှိပ်ချင်သော်လည်း ကျီဟုန်ယီ က ကမန်းကတန်း လက်လှမ်းပြီး တားလိုက်သည်။


"သေနတ်ကို zoom ချဲ့ကြည့်လို့ရမလား..."


အတွင်းရေးမှူး လျူ က ခေါင်းညိတ်ပြပြီး သေနတ်ကို ချဲ့လိုက်သည်။


“စောင့်ကြည့်ဗီဒီယို ရဲ့ ပစ်ဇယ် ကန့်သတ်ချက်ကြောင့် သေနတ်ကို ခွဲခြားလို့တော့ မရပါဘူး... အသံတိတ်ပစ္စတို တစ်ခုလို့ပဲ ယူဆရပါတယ်...”


ကျီဟုန်ယီ က သူ့စကားကို နားမဝင်ဘဲ  zoom ချဲ့ထားသော သေနတ်ကိုသာ စူးစိုက်ကြည့်နေစဥ် အသက်ရှူမဝသလို ဖြစ်လာပြီး နှလုံးခုန်သံများမှာလည်း တစ်စတစ်စ မြန်လာလေသည်။‌


ဗီဒီယိုထဲမှ သေနတ်သည် ရှောင်ယန်ကို သူပေးထားသော သေနတ်နှင့် တူနေခြင်းကြောင့် ဖြစ်လေသည်။


ကျီဟုန်ယီ သည် သေနတ်ကို သေချာကြည့်နေကြောင်း အတွင်းရေးမှူး လျူ သတိပြုမိသောအခါ ပုံကို အကြီးကြီး ချဲ့ပေးလိုက်ပြီး  ကျီဟုန်ယီ ကို အနှောင့်အယှက် မဖြစ်အောင် စကားကို ရပ်ထားလိုက်သည်။


ကျီဟုန်ယီ သည် သေနတ်ကို ဆယ်စက္ကန့်ကျော်ကြာ စိုက်ကြည့်ပြီးနောက် 


မေးလိုက်သည်။


“ဒီသေနတ်က ဘယ်မှာရှိနေလဲ...”


“ဒီသေနတ်က ဘယ်မှာလဲတော့ ကျွန်တော် မသိပါဘူး... မနက် ၄ နာရီလောက်မှာ လူတစ်ယောက်က သေနတ်ကို ကောက်ယူသွားတယ်လို့ ‌ဗီဒီယိုထဲမှာ တွေ့ရပါတယ်...“ 


ကျီဟုန်ယီ က အတွင်းရေးမှူး လျူ ကို  ထပ်မမေးတော့ဘဲ စောင့်ကြည့်ဗီဒီယိုကို ဆက်လက် ပြသရန် အတွင်းရေးမှူး လျူ ကို လက်ပြလိုက်သည်။ အတွင်းရေးမှူးလျူ က ဖွင့်သည့် ခလုတ်ကို နှိပ်လိုက်လေသည်။


" ၁နာရီ ၄၁မိနစ် ကနေ မနက် ၃ နာရီ ၂၄မိနစ် အထိ စောင့်ကြည့်ဗီဒီယိုမှာ ဘယ်သူမှ မပေါ်လာဘဲ မနေ့ညက တာဝန်ကျတဲ့ ရှောင်ကျိုး ပဲ ပေါ်လာပါတယ်.... ကျွန်တော် ရှောင်ကျိုး ကို မေးကြည့်တော့ သူက ပုံမှန်ဆို မနက် ၃ နာရီ လောက်မှာ ကင်းလှည့်တတ်တယ် တဲ့...ရှောင်ကျိုး ထွက်သွားပြီးနောက်တော့ ဗီဒီယိုထဲမှာ ဘယ်သူမှ ထပ်မပေါ်လာပေမယ့် ၄နာရီ ၅၁ မှာတော့ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ၇ထပ်မှာ ပေါ်လာပြီး သူက ထောင့်နားက သေနတ်ကို ကောက်ယူလိုက်ပါတယ်....” 


အတွင်းရေးမှူး လျူ က အနက်ရောင် ဝတ်ထားသည့် အမျိုးသားက သေနတ်ကို ကောက်ယူနေစဉ် ဗီဒီယိုကို ရပ်လိုက်၍ဆက်ပြောပြန်သည်။ 


“ဒါရိုက်တာ ကျီ... အနက်ရောင် ၀တ်ထားတဲ့ ဒီလူက အဲဒီနေရာကို သိထားပုံရတယ်... သူက မတော်တဆတွေ့တာ မဟုတ်ဘဲ သေနတ်ဆီကို တန်းတန်း မတ်မတ် သွားလိုက်တာ.... ပြီးတော့ စင်္ကြံမှာ ကင်မရာ တပ်ဆင်ထားတာကို သူသိထားလို့  သူ့ကိုယ်သူ လုံခြုံအောင် ဝတ်ထားပါတယ်...”


ကျီဟုန်ယီ က ပြန်မပြောဘဲ play ခလုတ်ကို နှိပ်၍ ဆက်လက် ကြည့်ရှုလိုက်သည်။ ထို့နောက် ၇ထပ်ရှိ စင်္ကြံတွင် မည်သူမျှ ပေါ်မလာကြတော့ပေ။မနက် ၆ နာရီ ၃၀ မိနစ်တွင် ၇ထပ်ရှိသုတေသီ တစ်ဦးက စင်္ကြံရှိ သွေးအိုင်ကို တွေ့သွားလေသည်။


 "အတွင်းရေးမှူး လျူ...လက်နက်ကိုင် တပ်ဖွဲ့ဌာနက လူတွေက ပျောက်ဆုံးနေတဲ့ စောင့်ကြည့်ဗီဒီယို အပိုင်းကို ဘယ်လို ပြောထားလဲ..."


ဗီဒီယို၏ ပျောက်ဆုံးနေသည့်အပိုင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း ကျီဟုန်ယီ သိလေသည်။


 “သူတို့က ဘာမှ မပြောဘူး... ဘယ်လိုပျောက်သွားမှန်း မသိဘူးလို့ပဲ ပြောပါတယ်....” 


ကျီဟုန်ယီ က ဒေါသတကြီး စားပွဲကို ဘုန်းကနဲ ရိုက်လိုက်ပြီး ပြောလိုက်သည်။


“သူတို့ ဒီလိုပုံစံနဲ့ အလုပ်လုပ်နေကြတာလား...” 


“ဟုတ်ကဲ့... ကျွန်တော်လည်း တော်တော် အံသြသွားပါတယ်... ဘယ်လိုဖြစ်လို့ ပျောက်သွားတာလဲ မသိဘူး... ဘာပဲဖြစ်ဖြစ် အဲ့ဒီ ဗီဒီယိုအပိုင်းက တစ်ကယ်ကို သွေးအိုင်နဲ့ ဆက်စပ်နေနိုင်ပါတယ်......”


 "ဗီဒီယိုထဲက အနက်ရောင် ဝတ်ထားတဲ့သူက ဘယ်သူလဲဆိုတာ မင်းသိလား..." 


အတွင်းရေးမှူး လျူ  အနည်းငယ်ရှက်သွားသည်။


“ဒါရိုက်တာ ကျီ... စစ်ဆေးဖို့တော့ မလွယ်ပါဘူး..အနက်ရောင် အမျိုးသားက သေနတ်ကို ယူလိုက်ပြီးတော့ လုံခြုံရေးလမ်း ကနေ ထွက်သွားပါတယ်...သူ့မျက်နှာကို မမြင်လိုက်ရလို့ စစ်ဆေးရ ခက်နိုင်ပါတယ်...”


 "အို...ဟုတ်သားပဲ..." 


အတွင်းရေးမှူး လျူ က တစ်ခုခုကို တွေးနေပြီး အံဩတကြီး ရေရွတ်လိုက်သည်။


“CDC ရဲ့ ဂိတ်တံခါး နဲ့ ဧည့်ခန်းက စောင့်ကြည့်ဗီဒီယိုကို ယူထားပြီး ကြည့်လိုက်တာ....ပရော်ဖက်ဆာ ကျီကျောက်ယန် လည်း မနေ့ည ၁၂ နာရီ ၅၂မိနစ် မှာ ဓာတ်ခွဲခန်းကို လာတာကို တွေ့ခဲ့တယ်...” 


ကျီဟုန်ယီ ၏ အမူအရာမှာ ပြောင်းသွားပြီး ကမန်းကတန်း ပြောလိုက်သည်။


" အမြန်လုပ်...ငါကြည့်ချင်တယ်..." 


အတွင်းရေးမှူး လျူ သည် ဗီဒီယိုကို ပိတ်လိုက်ကာ အခြားဖိုင်တွဲကိုဖွင့်၍ ဗီဒီယိုတစ်ခုအား နှိပ်လိုက်သည်။


“ပရော်ဖက်ဆာကျီ က ၁၂နာရီ ၅၂မိနစ် မှာ CDC ဂိတ်ပေါက်မှာ ပေါ်လာပြီး သူအရမ်း စိတ်လှုပ်ရှားနေသလိုမျိုး  လမ်းကို မြန်မြန် လျှောက်လာတယ်...တံခါးမှာ တာဝန်ကျနေတဲ့ ရှောင်ကျိုး က ပရော်ဖက်ဆာကျီ ကို နှုတ်ဆက်တာတောင် ပြန်မနှုတ်ဆက်ပါဘူး...ပြီးတော့ ပရော်ဖက်ဆာ ကျီက ဓာတ်လှေကားထဲကို အမြန်ပြေးဝင်သွားပေမယ့် နောက်တော့ တံခါးအပြင်ကို ထွက်လာတာ ကို မတွေ့ရတော့တာ အရမ်းထူးဆန်းနေတယ်....”


ထို့နောက် အတွင်းရေးမှုး လျူက ရှေ့သို့ မြန်သည့် ခလုတ်ကို နှိပ်ပြလိုက်သည်။


Xxxxx