အပိုင်း ၃၇-၃၈
Viewers 5k

Chapter 37


"ရပ်...” 


ကျီဟုန်ယီ သည် အတွင်းရေးမှူး လျူ ကို ဗီဒီယိုအား ရပ်ရန် လက်ပြလိုက်သည်။ 


“‌ နောက်ကို နည်းနည်း ပြန်ရစ်...” 


 အတွင်းရေးမှူး လျူ  သည် ကျီဟုန်ယီ ၏ အရိပ်အခြည်ကို ကြည့်၍ ခလုတ်ကို  နှိပ်လိုက်သည်။


"နည်းနည်းနောက်ကို ပြန်ရစ်...နည်းနည်း...ရပ်တော့..."  


အတွင်းရေးမှူး လျူ သည် စောင့်ကြည့်ဗီဒီယိုအောက်မှ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။


 နံနက် ၃ နာရီ ၅၇ မိနစ်...


ပုံထဲတွင် ရှောင်ကျိုး သည် ဓာတ်မီးနှင့်  ကင်းလှည့် ပြန်လာပုံရလေသည်။


ကျီဟုန်ယီ က play ခလုတ်ကိုနှိပ်လိုက်ပြီး ပြောလိုက်သည်။


"မစ္စတာ လျူ... ရှောင်ကျိုး ကို သေသေချာချာကြည့်..." 


အတွင်းရေးမှူး လျူ သည် ဖန်သားပြင်ပေါ်ရှိ ရှောင်ကျိုး အား စိုက်ကြည့်ရာ ရှောင်ကျိုး သည် နံနက် ၄ နာရီ ၁၁ မိနစ်တွင် တာဝန်ကျနေရာတွင် ရှိမနေဘဲ  ၅နာရီ ၂၀မိနစ် မှသာ တာဝန်ကျနေရာသို့  ပြန်ပေါ်လာပြီး မနက်၆နာရီ အထိ ဆက်လက် ကင်းစောင့်နေလေသည်။


"အတွင်းရေးမှူး လျူ..  ရှောင်ကျိုး တစ်နာရီကျော်လောက် ပျောက်သွားတယ်လို့ မင်းပြောတယ်လေ...ဘာလို့ ပျောက်သွားတာလဲ..." 


“ဒါက…” 


အတွင်းရေးမှူး လျူ သည် ကျီဟုန်ယီ ၏မေးခွန်းကို ခဏတာ မဖြေနိုင်ပေ။ 


"အတွင်းရေးမှူး လျူ...သေနတ်ကို အနက်ရောင်ဝတ်ထားတဲ့ အမျိုးသားက ဘယ်အချိန်က ယူသွားတာလဲ..." 


“မနက် ၄နာရီ ၅၁မိနစ်...” 


အတွင်းရေးမှူး လျူ ရုတ်တရက် သဘော ပေါက်သွားရသည်။


 "အိုး...ဒါရိုက်တာ ကျီ... အနက်ရောင်ဝတ်ထားတဲ့ အမျိုးသားက ရှောင်ကျိုး ဒါမှမဟုတ် တခြားတစ်ယောက်လို့ သံသယရှိလို့လား..." 


" ဖြစ်နိုင်တယ်... မင်းကြည့်လိုက်.....၇ထပ်က စောင့်ကြည့်ဗီဒီယိုအရ ရှောင်ကျိုး ဟာ ၃နာရီ ၂၄မိနစ် နာရီမှာ ကင်းလှည့်နေတုန်းက ၇ထပ်က စင်္ကြံမှာ သွေးအိုင်ကို တွေ့ခဲ့နိုင်တယ်...ဘာလို့လည်းဆို‌တော့ အခြားအထပ်တွေမှာ ကင်းလှည့်ချိန်ထက် ၇ထပ်မှာ ကင်းလှည့်ချိန်က ပိုကြာနေတယ်လေ...လူတစ်ယောက်က သွေးအိုင်ကို တွေ့လိုက်ရတဲ့အခါ ကြောက်လန့်သွားတဲ့ အတွက် ထောင့်စွန်းက သေနတ်ကို တွေ့မှာမဟုတ်ဘူး... ဒါပေမဲ့ သူ့လက်ထဲက  ဓာတ်မီးကြောင့် မြင်သွားနိုင်တယ်..... သေနတ်ဆိုတာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲဖြစ်ဖြစ်... မှောင်ခိုဈေးကွက်မှာ ရောင်းဖို့ပဲ ဖြစ်ဖြစ်  အသုံးဝင်တယ်လေ...အဲ့တော့ သူယူသွားတာ ဖြစ်နိုင်တယ်...” 


အတွင်းရေးမှူး လျူ က ခေါင်းညိတ်လိုက်သည်။


"ဟုတ်ကဲ့...ကျွန်တော်  ရှောင်ကျိုးကို ချက်ချင်း စစ်မေးလိုက်ပါ့မယ်... "


“ကောင်းပြီ... ပျောက်နေတဲ့ ဗီဒီယိုက ဘာဖြစ်သွားလဲ ဆိုတာကို စုံစမ်းဖို့ လက်နက်ကိုင် တပ်ဖွဲ့ ဌာနကို ငါ သွားလိုက်ဦးမယ်...” 


"ဒါရိုက်တာ ကျီ...ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်..." 


 "ပြောပါ..." 


“ပရော်ဖက်ဆာ ကျီ က ၁၂နာရီ ၄၃မိနစ် နဲ့ ၁နာရီ ၄၀ မိနစ် ကြားမှာ CDC ကို ရောက်လာတယ်လေ... ပရော်ဖက်ဆာ ကျီ များ ၇ထပ်က သွေးအိုင်အကြောင်း သိနေမလားလို့..."


 "အတွင်းရေးမှူး လျူ...အမှန်အတိုင်းပြောရရင် ရှောင်ယန်ကို ငါ မနက်အစော အိပ်ရာထကတည်းက မတွေ့သေးဘူး...ငါ သူ့ကို လိုက်ရှာနေတာ..." 


"ဟင်... ဘာဖြစ်နေပါလိမ့်..."


" မင်း...ရှောင်ကျိုး ရဲ့ကိစ္စကို ကြည့်လုပ်လိုက်...သေနတ်ကို မှောင်ခိုဈေးကွက်မှာ မရောင်းစေနဲ့.." 


အတွင်းရေးမှူး လျူ သည် ကျီဟုန်ယီက စကားလမ်းကြောင်း လွှဲလိုက်သည်ကို သတိပြုမိကာ ခေါင်းညိတ်လိုက်ပြီး  အမြန် ပြေးထွက်သွားလေသည်။


ကျီဟုန်ယီ  ရုံးခန်းတွင် ခဏထိုင်ပြီးနောက် CDC မှ ထွက်လာခဲ့သည်။ 


လက်နက်ကိုင် တပ်ဖွဲ့ ဌာနကို မသွားမီ စောင့်ကြည့် ဗီဒီယိုထဲမှ သေနတ်မှာ သူ့သားဖြစ်သူကို ပေးခဲ့သည် သေနတ်ဟုတ်၊မဟုတ်ကို စစ်ဆေးရန် အိမ်ပြန်လာခဲ့သည်။ 


ကျီဟုန်ယီသည် အိမ်တံခါးကိုဖွင့်ကာ အိမ်စီးဖိနပ်ကို လဲရန် စင်္ကြံတွင်ရပ်နေစဉ် သားဖြစ်သူ၏ ဖိနပ်များကို ကြည့်လိုက်ပြီး သန့်ရှင်း သပ်ရပ်နေသော ထမင်းစားပွဲအား ကြည့်လိုက်ပြန်သည်။  


ထို့နောက် သူက စားပွဲပေါ်ရှိ တိုင်ကပ်နာရီကို ကြည့်လိုက်ရာ နေ့လည် ၁၂နာရီ ၄၀မိနစ် ရှိနေလေပြီ။


ယခုထက်တိုင် ကျီကျောက်ယန် ကို သူ မတွေ့ရသေးပေ။


ကျီဟုန်ယီမှာ တစ်မနက်လုံး စိတ်မသက်မသာ ဖြစ်နေသဖြင့် သားဖြစ်သူများ ဆိုးရွားသည့် ကိစ္စတစ်ခုခုများ ကြုံနေရသလား ဟု အမြဲတွေးနေမိလေသည်။ ထို့နောက် သူသည် ကျီကျောက်ယန် ၏ အခန်းထဲသို့ ဝင်ကာ သေနတ်ကို ရှာရာ မတွေ့သဖြင့် သုံးကြိမ်တိုင်တိုင် ရှာဖွေနေခဲ့သည်။


 ကျီဟုန်ယီ သေနတ် ရှာမတွေ့သဖြင့် ကျီကျောက်ယန် ၏ ကုတင်ခေါင်းရင်းတွင် စိုးရိမ်တကြီး ထိုင်လိုက်ကာ အိပ်ခန်းတံခါးကို စိုက်ကြည့်နေမိသည်။ 


 ' စောင့်ကြည့် ဗီဒီယိုထဲက သေနတ်ဟာ ရှောင်ယန် ရဲ့  သေနတ်ဆိုရင် ရှောင်ယန် က ဘာဖြစ်လို့ သေနတ်ကို စင်္ကြံမှာ ထားခဲ့ပြီး ထွက်သွားရတာလဲ....'


ကျီဟုန်ယီ ​နောက်​ထပ်​ ဆက်မတွေးရဲတော့ဘဲ စားပွဲပေါ်ရှိ သားဖြစ်သူ၏ လက်ပ်တော့ကို ကြည့်လိုက်လေသည်။ထို့နောက် လက်တော့ပ်ကို စကားဝှက် သုံးခုဖြင့် တစ်လှည့်စီ လော့ခ်ဖွင့် ကြည့်လိုက်သည်။ 


ကျီဟုန်ယီသည် သားဖြစ်သူ အကြောင်းကို ကောင်းကောင်းသိလေသည်။ ရှောင်ယန် ၏ စကားဝှက်များအားလုံးသည် ဖခင်ဖြစ်သူမွေးနေ့ ၊ မိခင်ဖြစ်သူမွေးနေ့ သို့မဟုတ် သူ့မွေးနေ့ဖြစ်လေသည်။ လက်ပ်တော့တွင် အိုင်ကွန် အနည်းငယ်သာ ပါရှိသဖြင့် အလွန်ရိုးရှင်းနေသည်။ ကျီဟုန်ယီ သည် ဒက်စ်တော့ရှိ ၇၁၂ ဟူသော အိုင်ကွန်တစ်ခု ကို သတိပြုမိသွားသည်။ 


ကျီဟုန်ယီက သိချင်စိတ်ဖြင့် ၎င်းကို  ကလစ်နှိပ်လိုက်ရာ စောင့်ကြည့် ဗီဒီယို  တစ်ခု ဖြစ်‌နေသည်ကို တွေ့လိုက်ရသည်။


စောင့်ကြည့် ဗီဒီယိုသည် CDC ၏ ဓာတ်ခွဲခန်းတစ်ခုနှင့် အလွန်တူနေသည်။ ဓာတ်ခွဲခန်းရှိ လှောင်အိမ်ထဲတွင် ဇွန်ဘီ အမျိုးသမီး တစ်ဦးရှိနေပြီး ရှောင်ယန် သည် ထိုဇွန်ဘီ အမျိုးသမီး၏ အသားစများကို 


ယူရန် ဓာတ်ခွဲခန်းသို့ မကြာခဏလာလေ့ရှိသည်။


ကျီဟုန်ယီ သည် ရှောင်ယန် ဖမ်းထားသော မျိုးပြောင်းဇွန်ဘီ ဖြစ်နိုင်ကြောင်း  တွေးမိလိုက်သည်။ ထို့နောက် သူသည် ဗီဒီယိုကို ပိတ်လိုက်ပြီး မနေ့ညက စောင့်ကြည့်ဗီဒီယိုကို နှိပ်လိုက်သည်။ 


ဇွန်ဘီ အမျိုးသမီးက မလှုပ်ရှား၍ ရှေ့သို့ ရစ်သည့်ခလုတ်ကို ဆက်တိုက်နှိပ်နေရင်း ၁၂နာရီ ၄၆မိနစ်တွင် တစ်စုံ တစ်ယောက်သည် ဓာတ်မီးတစ်လက်ဖြင့် ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်ပြီး   ဇွန်ဘီလှောင်အိမ်ဆီသို့ လျှောက်သွားနေလေသည်။ 


ကျီဟုန်ယီ သည် ဖန်သားပြင်ကို ချဲ့ကြည့်ရာ ထိုလူသည် ဟန်ခိုင် ဖြစ်ကြောင်း သိရသည်။ 


ဗီဒီယိုထဲမှ ဇွန်ဘီအမျိုးသမီးသည် ဟန်ခိုင် ကို မြင်သည့်အခါ  လက်ဟန်ပြ အမူအရာဖြင့် ပြောဆိုနေလေသည်။


ကျီဟုန်ယီ သည် လက်ဟန်ပြဘာသာ စကားကို အနည်းငယ် တတ်ကျွမ်းသောကြောင့် သူမ၏ လက်ဟန်အမူအရာများသည် တရားဝင်လက်ဟန်ပြ ဘာသာစကား မဟုတ်ဘဲ နားလည်လွယ်စေရန် အလွယ် ပြုမူသော အမူအရာဖြစ်ကြောင်း သိလိုက်ရသည်။


ထို့နောက် ဟန်ခိုင် သည် စမ်းသပ်စင်၏ အံဆွဲထဲမှ သော့ဖြင့် ဇွန်ဘီ လှောင်အိမ်ကိုဖွင့်ကာ ဇွန်ဘီအမျိုးသမီးကို လွှတ်ပေးလိုက်လေသည်။


ထို့နောက် နှစ်ယောက်သား ဓာတ်ခွဲခန်းထဲမှ ထွက်သွားကြလေသည်။


ထိုအချိန်မှာ  ၁၂နာရီ ၅၅မိနစ် တိတိရှိပြီ ဖြစ်သည်။


Xxxxxxx


Chapter 38


ကျီဟုန်ယီ သည် စောင့်ကြည့် ဗီဒီယိုကို အကြိမ်ပေါင်းများစွာ အပြန်ပြန် အလှန်လှန် ကြည့်ပြီး‌သောအခါ သူ့ရင်ထဲတွင် ရှိနေသော သံသယများကို ဖြေရှင်းနိုင်ခဲ့သည်။


ကျီကျောက်ယန်၊ဟန်ခိုင် နှင့် ဇွန်ဘီအမျိုးသမီး ကြားတွင် တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာနေသည်။


ထို့နောက် ကျီဟုန်ယီ သည် ကွန်ပြူတာကို ပိတ်လိုက်ပြီး တံခါးကို အမြန်သော့ခတ်ကာ CDC သို့ သွားလိုက်သည်။ ဓာတ်ခွဲခန်း အမှတ်-၇၁၂၏ တံခါးမှာ ဝှက်ထားခြင်း ဖြစ်၍ သူကတံခါးကို သိနေသဖြင့် ဖွင့်၍ ဝင်သွားလိုက်သည်။


ဓာတ်ခွဲခန်းထဲတွင် ဇွန်ဘီလှောင်အိမ် ရှိနေသော်လည်း အတွင်း၌ ဇွန်ဘီ မရှိပေ။ ကျီဟုန်ယီ သည် ဓာတ်ခွဲခန်းပတ်ပတ်လည်ကို သေသေချာချာ ကြည့်ပြီးနောက် စမ်းသပ်စင်ဘက်သို့ လှည့်ကြည့်လိုက်ရာ စမ်းသပ်စင်၏ ဗီဒိုများမှာ တစ်ခုမှ သော့ခတ်မထားပေ။ 


ကျီဟုန်ယီ သည် ဗီဒိုများကို တစ်ခုပြီး တစ်ခု ဖွင့်လိုက်ရာ ကျီကျောက်ယန် ၏ စမ်းသပ်မှု မှတ်တမ်းများကို တွေ့ရသည်။ သူသည် ကျီကျောက်ယန် ၏ စမ်းသပ်မှတ်တမ်းများကို ကြည့်လိုက်ပြီး အချက်အလက် နှစ်ခုရရှိခဲ့သည်။ 


တစ်ခုမှာ ဇွန်ဘီ အမျိုးသမီး၏ အမည်သည် ယန်ဟန် ဖြစ်ပြီး နောက်တစ်မျိုးမှာ သူမ၏ခန္ဓာကိုယ်တွင် ပုံမှန်သက်ရှိဆဲလ်များ ရှိနေပြီး ယင်းသက်ရှိဆဲလ်များကို R ဗိုင်းရပ်စ်က မတိုက်ခိုက်နိုင်ပေ။ 


ထို့နောက် ကျီဟုန်ယီ သည် စမ်းသပ်မှု မှတ်တမ်းများကို အိတ်ထဲထည့်ကာ ဟန်ခိုင် ကိုရှာရန် ၅ထပ်သို့ သွားလေသည်။ သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသော အချက်မှာ ဟန်ခိုင် သည် သားဖြစ်သူ ပျောက်ဆုံး‌နေမှုနှင့် ပတ်သက်မှုတစ်ခုခု ရှိနိုင်သည့် အချက်ဖြစ်လေသည်။ 


ထို့နောက် ကျီဟုန်ယီ သည် ၅ ထပ်ရှိ ဟန်ခိုင် ၏ ဓာတ်ခွဲခန်းသို့ ရောက်လာပြီး တံခါးခေါက်လိုက်လျှင် အထဲမှ သုတေသီ အမျိုးသမီး၏ အသံကို ကြားရလေသည်။


“အထဲဝင်ခဲ့ပါ.. တံခါးက သော့မခတ်ထားဘူး... ” 


ကျီဟုန်ယီ က တံခါးကိုဖွင့်ပြီး ဝင်သွားလိုက်သည်။ 


သုတေသီ အမျိုးသမီးသည် ဧည့်သည်မှာ ကျီဟုန်ယီ ဟု မမျှော်လင့်ထားပေ။ သူမက ဒါရိုက်တာ ကျီ ကိုတွေ့သောအခါ မတ်တပ်ထရပ်လိုက်ပြီး ခက်လန့်လန့် ကြည့်နေလေ၏။


"ပရော်ဖက်ဆာ ဟန်..ဒီမှာရှိလား..."


"ပရော်ဖက်ဆာ ဟန်က ဒီနေ့ မလာပါဘူးရှင်..."


ကျန့်စစ်ချီ က အမှန်အတိုင်း ဖြေလိုက်သည်။


"သူ ခွင့်ယူထားလား..."


“မသိဘူးရှင့်... ခါတိုင်းတော့ ပရော်ဖက်ဆာ ဟန်က ကျွန်မတို့ကို ကြိုပြောထားတယ်..ဒါဆို ကျွန်မတို့က ခွင့်ပြန်တိုင်ပေးတယ်...ဒါပေမဲ့ ဒီတစ်ခါတော့ ကြိုမပြောသွားဘူး... ” 


“‌ဪ...” 


“အရေးတကြီးကိစ္စ တစ်ခုခု ရှိလို့နေမှာပေါ့.. ပရော်ဖက်ဆာ ဟန်က မင်းကို ဒီနေ့ ဘာလို့ မလာတာလဲ ဆိုတာရော စာပို့သေးလား..." 


ကျန့်စစ်ချီ က ခေါင်းခါပြလိုက်သည်။


“ကျွန်မက ပရော်ဖက်ဆာ ဟန်ကို ဖျားနေတာလား လို့ မက်ဆေ့ခ်ျ ပို့လိုက်သေးတယ်... ဒါပေမဲ့ သူက စာမပြန်ဘူးရှင့်... "


"ဟုတ်လား..." 


ကျီဟုန်ယီ က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ပြောလေသည်။


"ပရော်ဖက်ဆာ ဟန် ဓာတ်ခွဲခန်းကို ရောက်လာရင် ငါ့ရုံးခန်းကို လွှတ်လိုက်ပါ...အရေးကြီး ကိစ္စပြောစရာရှိတယ်..."


"ဟုတ်ကဲ့ ဒါရိုက်တာ...." 


ဟန်ခိုင် လည်း ပျောက်နေ၍ အဖြစ်အပျက် တစ်ခုလုံးမှာ ပိုပိုပြီး ရှုပ်ထွေးလာနေသည်။ 


ဟန်ခိုင် ၏ ဓာတ်ခွဲခန်းမှ ထွက်ခွာပြီးနောက် ကျီဟုန်ယီသည် အောက်ထပ်သို့ဆင်းကာ လက်နက်ကိုင် တပ်ဖွဲ့ ဌာနသို့ သွားလိုက်သည်။ လက်နက်ကိုင်တပ်ဖွဲ့ ဌာနသို့ သွားရာလမ်းတွင် သူ့ဝမ်းဗိုက်မှာ စူးအောင့်၍ အလွန်နာလာသည်။ 


နေ့လည် ၃ နာရီကျော်နေပြီ ဖြစ်သော်လည်း သူဘာမှ မစားရသေးသောကြောင့် ဖြစ်လေသည်။ ကျီဟုန်ယီတွင် ငယ်စဉ်ကတည်းက အစာအိမ် မကောင်းသူဖြစ်ပြီး အထူးသဖြင့် ယခု အသက် ၄၀ ကျော်လာပြီး နောက်ပိုင်းတွင် အစားကို အချိန်မှန်မစားသည့်အခါ ဗိုက်အောင့်လေ့ရှိသည်။


သို့သော်လည်း ယခုအချိန်တွင် ဝမ်းဗိုက်ကို ဂရုမပြုနိုင်သေးဘဲ ကျီကျောက်ယန် ဘေးကင်းရဲ့လား ဆိုသည်ကို သိချင်စိတ်သာ ကြီးစိုးနေ၏။


ကျီဟုန်ယီ သည် လက်နက်ကိုင် တပ်ဖွဲ့ ဌာန၏ စောင့်ကြည့်ရေး အခန်းသို့ ရောက်သောအခါ စောင့်ကြည့်ရေး အထူးအဖွဲ့ဝင်က သူ့ကို မျှော်နေပုံရပြီး သူတို့၏ ဌာနခွဲမှူးကို ဖုန်းခေါ်ပေးလိုက်သည်။


ဖုန်းခေါ်ဆိုပြီးနောက် ထိုလူငယ်က လက်ဖက်ရည်ဖြင့် ဧည့်ခံလေသည်။ 


"ကျွန်တော်တို့ ဌာနခွဲမှူးက မကြာခင် ဒီကိုလာမှာပါ... ဒါရိုက်တာ ကျီ ခဏစောင့်ပါဦး ခင်ဗျာ..."


စောင့်ကြည့်ရေး အထူးအဖွဲ့ဝင်၏ ပျာယာခတ်နေမှုကြောင့် ကျီဟုန်ယီ အနည်းငယ် စိတ်ရှုပ်သွားရသည်။ သူက လက်ဖက်ရည်ကို တစ်ငုံနှစ်ငုံသောက်ပြီးသည်နှင့် စောင့်ကြည့်ခန်း၏ ဌာနခွဲမှူး ရောက်လာလေသည်။


ဌာနခွဲမှူးက ကျီဟုန်ယီကို ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး လက်ဖက်ရည်ထပ်တိုက်ဖို့ ပြင်နေစဉ် ကျီဟုန်ယီ က ဟန့်တားလိုက်သည်။


“ငါ လက်ဖက်ရည် သောက်ဖို့ လာတာ မဟုတ်ဘူး..ဌာနခွဲမှူး ဖန်း ငှဲ့ပေးမနေပါနဲ့တော့..." 


သို့သော်လည်း ဌာနခွဲမှူးက လက်ဖက်ရည် တစ်ခွက် ထပ်ငှဲ့ပေးပြီး ကမ်းပေးလိုက်သည်။ 


"ဒါရိုက်တာ ကျီ က စောင့်ကြည့်ခန်းကို ဘာလို့လာတာလဲ ကျွန်တော်သိပါတယ်...အတွင်းရေးမှူး လျူ ဒီမနက်က လာသွားတယ်လေ.... အတွင်းရေးမှူး လျူ နဲ့ ဒါရိုက်တာ ကျီ က ခွဲခြားလို့မှ မရတာလေ.... ၇ထပ်ရဲ့ စောင့်ကြည့် ဗီဒီယို နဲ့ ပတ်သက်ပြီး‌တော့အတွင်းရေးမှူး လျူ က ပျောက်နေတဲ့ အပိုင်း အကြောင်း ဒါရိုက်တာကျီကို ပြောပြီး ဖြစ်ပါလိမ့်မယ်... ဘယ်သူက ယူသွားတာလဲ...ဘာအကြောင်းကြောင့် ယူတာလဲ ဆိုတာကတော့ ထုတ်ပြောဖို့အဆင်မပြေပါဘူး..… ဒါရိုက်တာ ကျီ ကလည်း နှစ်ပေါင်းများစွာ တာဝန်ထမ်း‌ဆောင်ခဲ့တယ် ဆိုတော့ နားလည်မယ်လို့ ထင်ပါတယ်...” 


ဌာနခွဲမှူး ဖန်း က ကျီဟုန်ယီ ၏ အပြောကိုပင် မစောင့်ဘဲ အလျင်စလို အားလုံးပြောချလိုက်သည်။ 


ကျီဟုန်ယီက လက်ဖက်ရည်ပူပူကို တစ်ကျိုက် ကျိုက်ပြီး ဌာနခွဲမှူး ဖန်း ပြောသည့် စကားများကို ချေဖျက်ပစ်လိုက်သည်။


လက်နက်ကိုင် တပ်ဖွဲ့ ဌာန၏ စောင့်ကြည့်ရေး အခန်းကို ဩဇာလွှမ်းမိုးနိုင်သည်အထိ အင်အားကြီးသော ပုဂ္ဂိုလ်မှာ ဟန်ခိုင် ဖြစ်နိုင်မည်လား။ 


ကျီဟုန်ယီ က အရှုံးမပေးသေးဘဲ ဌာနခွဲမှူးဖန်း ၏ နှုတ်မှ တစ်စုံတစ်ရာ ဖွင့်ဟလာရန် သူမျှော်လင့်နေသေးသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် စောင့်ကြည့်ဗီဒီယိုကို ယနေ့မနက်မှာ သိမ်းသွားသည့် လူတစ်ယောက်သည် မနေ့ညက အဖြစ်အပျက်နှင့် ပတ်သတ်နေသူသာ ဖြစ်ရပေမည်။ 


"ဌာနခွဲမှူး ဖန်း...ငါ မင်းကို အပြစ်မတင်ပါဘူး... ဟုတ်တယ်၊မဟုတ်ဘူး သာ ဖြေပါ... CDC က စောင့်ကြည့် ဗီဒီယိုကို တစ်ယောက်ယောက်ကများ ယူသွားတာလား..…”


"ဒါရိုက်တာ ကျီ ဘယ်လိုပဲပြောပြော ကျွန်တော် မပြောနိုင်ပါဘူး.....ပြောလို့လည်း မဖြစ်လို့ပါ..ဘာလို့ဆို ဗီဒီယိုကို ယူသွားတဲ့သူက ကျွန်တော်နဲ့ ဒါရိုက်တာကျီ တောင် မလှန်ဝံ့တဲ့ သူမျိုးမလို့ပါပဲ.."


ဤသို့ဖြင့် ကျီဟုန်ယီ သည် အသုံးဝင်သော မည်သည့်အချက်အလက်ကိုမျှ မရရှိခဲ့ပေ။


“ကျွန်တော် နဲ့ ဒါရိုက်တာကျီ တို့ ‌မလှန်ဝံ့တဲ့ သူမလို့ပဲ...” ဆိုသည့် စကားတစ်ခွန်းကိုသာ အဖန်ဖန် အလီလီ ပြန်ကြားယောင်နေမိသည်။


ထိုအမည်မသိလူက သူ စုံစမ်းနေသည့် ကိစ္စကို ဆက်မလုပ်ဝံ့အောင် သတိပေးဖို့ ဌာနခွဲမှူး ဖန်း ကို တမင်တကာ လွှတ်လိုက်လေသလား။


ကျွန်းပေါ်တွင် ကျီဟုန်ယီနှင့် ဌာနခွဲမှူး ဖန်း ကို လွှမ်းမိုးနိုင်သော လူမှာ များများ စားစား မရှိ‌ပေ။


သို့သော်လည်း သူတို့ကို မည်သူမျှ မလှန်ဝံ့ကြချေ။


Xxxxxx