အပိုင်း ၃၉-၄၀
Viewers 6k

Chapter 39


ကျီဟုန်ယီသည် စောင့်ကြည့်ရေး အခန်းမှ CDC သို့ ပြန်လာရာလမ်းတွင် ဗိုက်မှာပို၍ပင် အောင့်လာလေတော့သည်။ ထို့နောက် ရုံးခန်းသို့ ပြန်ရောက်သောအခါ ဗိုက်ကို ဖိထားရန် ကူရှင်တစ်ခုအား ရှာဖွေနေချိန်တွင်  အတွင်းရေးမှူး လျူ က တံခါးခေါက်ပြီး ဝင်လာလေသည်။ 


 "ကျွန်တော် ရှောင်ကျိုး နဲ့ စကားပြောပြီးပါပြီ...ဒါရိုက်တာ ထင်ထားသလိုပါပဲ... ရှောင်ကျိုး က သေနတ်ကိုမှောင်ခိုဈေးကွက်မှာ ရောင်းတော့မလို့ လုပ်နေတယ်...သူက မနေ့ည ကင်းလှည့်တုန်းက သွေးအိုင်နဲ့ သေနတ်တစ်လက် တွေ့တယ်...ဒါနဲ့  ကင်းလှည့်ပြီးမှ ရုပ်ကိုမမြင်ရ‌အောင် ဝတ်ပြီး ၇ထပ်ကို ပြန်သွားပြီး‌တော့ သေနတ်ကို သွားယူတာပါ...” 


ကျီဟုန်ယီ သေနတ်ကို မြင်လိုက်ရသောအခါတွင် သူမျက်နှာ ပျက်သွားရသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ပင် ရှောင်ယန် ကို ပေးထားသည့်သေနတ် ဖြစ်လေသည်။


ကျီဟုန်ယီ အတွင်းရေးမှူး လျူ ကို ခေါင်းညိတ်ပြပြီး ပြောလေ၏။ 


"ကျေးဇူးပဲကွာ..."


ကျီဟုန်ယီသည် နားထင်ကို လက်ဖြင့်  ထောက်ထားလိုက်ပြီး စိတ်အတော် ညစ်သွားရသည်။


“အတွင်းရေးမှူး လျူ... ရပါပြီ.... ငါအနားယူလိုက်ဦးမယ်....” 


ကျီဟုန်ယီ သည်နေထိုင်လာသည့် အနှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် “အကူအညီမဲ့ခြင်း” ဟူသည့် ခံစားချက်ကို မြည်းစမ်းခဲ့ရခြင်း ဖြစ်သည်။ 


ယခုမူ သားဖြစ်သူကို စောင့်ဆိုင်းရုံမှတစ်ပါး သူ ဘာတတ်နိုင်မည်နည်း။


အခင်းဖြစ်ပွားသည့် သုံးရက်မြောက်နေ့တွင်လည်း ကျီကျောက်ယန် ပေါ်မလာသေးပေ။ ကျီဟုန်ယီ မှာတော့ ရေငွေ့ကဲ့သို့ လူတစ်ယောက် ပျောက်သွားပုံကို နားမလည်နိုင် ဖြစ်နေရသည်။


လွန်ခဲ့သည့်ရက်က ရှောင်ယန် ပျောက်ဆုံးမှုအား လက်နက်ကိုင် တပ်ဖွဲ့ ဌာနသို့ သတင်းပို့ရန် အတွင်းရေးမှူးလျူအား မှာကြားထားသည်။အတွင်းရေးမှူး လျူ ကလည်း ကျွန်းအနှံ့ ရှာဖွေမှုပြုလုပ်ရန် လက်နက်ကိုင်တပ်ဖွဲ့ ဌာနမှ အဖွဲ့ဝင်များကို အကူအညီတောင်းထားကြောင်း ပြောသော်လည်း အချိန်တစ်ရက် ကုန်လွန်သွားခဲ့ပြီး သတင်းမှာ ယခုထိမရသေးပေ။ 


ကျီဟုန်ယီ သည် ကျီကျောက်ယန် ‌အကြောင်းကို တွေးနေစဉ် အလုပ်တာဝန် များကိုလည်း လစ်ဟင်း၍ မရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် အလုပ်ဆက်လုပ်နေရသည်။ ထိုစဉ် တံခါးခေါက်သံ ကြားရသဖြင့် သူ ဖြေရှင်းရမည့် အလုပ်အသစ်ဟု ထင်သွားကာ စိတ်တိုတိုနှင့် လှမ်းအော်လိုက်သည်။ 


“ဝင်ခဲ့...” 


တံခါးခေါက်သူသည် ကျီဟုန်ယီ၏ အော်သံကြောင့် ထိတ်လန့်သွားပုံရပြီး တံခါးကို ဖွင့်မဝင်လာသေးပေ။


 "ဘယ်သူလဲ..."


ကျီဟုန်ယီ က ထပ်အော်လိုက်ပြန်သည်။


ထိုအခါမှ ဟန်ခိုင်၏ ဓာတ်ခွဲခန်းမှ သုတေသီတစ်ဦးက တံခါးဖွင့်ပြီး ဝင်လာလေသည်။ 


ကျီဟုန်ယီ အနည်းငယ် အံ့သြသွားသည်။


"မင်းက ငါ့ဆီ လာတာလား..." 


ကျန့်စစ်ချီ သည်  ကျီဟုန်ယီ ဒေါသထွက်နေချိန်တွင် လာမိသဖြင့် နောင်တရမိသည်။ ယမန်နေ့က ကျီကျောက်ယန် ပျောက်ဆုံးနေကြောင်း သူမကြားသိရပြီး ကျီဟုန်ယီ သည် သားဖြစ်သူကို ရှာမတွေ့သည့် အတွက် ဒေါသထွက်နေမှန်း သူမ ရိပ်စားမိလေသည်။ ထို့အပြင် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ကျီဟုန်ယီ ၏ မျက်နှာရိပ် မျက်နှာကဲကိုသာ CDC တစ်ခုလုံး ကြည့်နေရလေသည်။


 "ဒါရိုက်တာ ကျီက ပရော်ဖက်ဆာ ဟန်နဲ့ အရေးတကြီး ပြောစရာရှိတယ်လို့ ပြောထားတယ် မဟုတ်လား... ပါမောက္ခဟန်က ဒီနှစ်ရက်အတွင်း CDC ကို မရောက်လာပါဘူး... ဒဏ်ရာရနေလို့ ဆေးရုံမှာ အနားယူရဦးမယ်လို့ ပြောပါတယ်...”


ကျန့်စစ်ချီ က ကျီဟုန်ယီကို ပြောလိုက်သည်။


 "ပရော်ဖက်ဆာ ဟန် ဒဏ်ရာရသွားတယ် ဟုတ်လား.... ဘယ်လိုဖြစ်တာလဲ..." 


" လှေကားကနေ ချော်ကျပြီး ကျတာလို့ ပြောပါတယ်...." 


"ခြေချော်ပြီး ကျတယ် ဟုတ်လား.." 


ကျန့်စစ်ချီက ခေါင်းညိတ်လိုက်သည်။


"ကောင်းပြီ... မင်းသွားနိုင်ပြီ..." 


ကျန့်စစ်ချီ ထွက်သွားပြီးနောက် ကျီဟုန်ယီ ကျွန်းပေါ်ရှိ ဆေးရုံသို့ သွားလိုက်သည်။ ကံကောင်းစွာနှင့် ကျွန်းပေါ်တွင် ဆေးရုံတစ်ရုံ သာရှိသဖြင့် ဟန်ခိုင် တက်သည့် ဆေးရုံကို တကူးတက ရှာဖွေနေစရာမလိုပေ။ 


ကျီဟုန်ယီ သည် ဆေးရုံ၏ လမ်းညွှန်ကောင်တာဆီသို့ သွားကာ ဟန်ခိုင် ၏ အခန်းနံပါတ်ကို သူနာပြုထံ မေးလိုက်သည်။ ထိုလူနာဆောင်တွင် ဟန်ခိုင် အပြင် အခြားလူနာသုံးဦး ရှိလေသည်။   


ထိုစဉ် ဟန်ခိုင် နိုးလာသည်။ 


“ပရော်ဖက်ဆာ ဟန်...” 


ကျီဟုန်ယီ က ဟန်ခိုင်ကို  ခေါ်လိုက်ရင်း သစ်သီးများကို အိပ်ယာ ခေါင်းရင်းတွင် တင်ထားလိုက်သည်။ 


ဟန်ခိုင် က ကျီဟုန်ယီ သူ့ကိုလာရှာလိမ့်မည် ဟု မျှော်လင့်ထားသည့်အတိုင်းပင် အံ့ဩသွားပုံ မရပေ။ 


 "ငါ့သား ကျီကျောက်ယန် ဘယ်မှာလဲ..."


ဟန်ခိုင် က ခေါင်းခါလိုက်ပြီး ပြောလေသည်။


 "ကျွန်တော် မသိပါဘူး..."


ကျီဟုန်ယီ  ဒေါသထွက်လာပြီး လေသံကို မြှင့်၍ မေးလိုက်သည်။


"မင်းခြေထောက်က ဘယ်လို ဒဏ်ရာရထားလဲဆိုတာ မင်းမသိဘူး ဟုတ်လား.." 


"ဦးလေးရဲ့သားက ကျွန်တော့်ကို သေနတ်နဲ့ ပစ်လိုက်တာ..." 


"ငါ့သားက မင်းကို ဘာလို့ သေနတ်နဲ့ ပစ်တာလဲ..." 


“…” 


"မင်း မဖြေနိုင်ဘူးလား..."


 


ကျီဟုန်ယီ က သူ့ကို အေးစက်စွာ ပြောလိုက်သည်။


"မင်းက သူဖမ်းထားတဲ့ ဇွန်ဘီကို လွှတ်လိုက်လို့ လို့ ငါ မင်း အစားဖြေပေးမယ်....ဟန်ခိုင် ငါ့သား ဘယ်ကိုသွားတာလဲ...." 


"ဦးလေးရဲ့ သားကို ဇွန်ဘီက ကိုက်လိုက်တယ်..."


ဟန်ခိုင် ၏ စကားသည် ကျီဟုန်ယီ ၏ ခေါင်းကို မိုးကြိုးနှင့် ပစ်လိုက်သလို ခံစားရပြီး သူ့ကိုယ်မှာ ချက်ချင်း ညွတ်ကျသွားလေသည်။ 


ထို့နောက် ကျီဟုန်ယီက သူ့ခန္ဓာကိုယ်ကို လက်နှင့်ထောက်၍ ထိန်းထားလိုက်ရင်း ဟန်ခိုင် ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံး များတွင် စိတ်ပျက် အားငယ်မှု၊ ဒေါသ နှင့် ဝမ်းနည်းမှုတို့ အားလုံး ရောထွေးနေကြပြီး ယူကျုံးမရ ပြောလိုက်သည်။


"အဲ့ဒီဇွန်ဘီကို မင်းကယ်ခဲ့တာလား...." 


“ဟုတ်ပါတယ်...”


ဟန်ခိုင် က ဖုံးကွယ်ထားစရာ အကြောင်းမရှိဟု ယူဆထားလေသည်။


ကျီဟုန်ယီ ကလည်း ၇ ထပ်ရှိ စင်္ကြံမှ စောင့်ကြည့်ဗီဒီယိုကို ကြည့်ရုံနှင့် ဟန်ခိုင် မှန်း သိသော်လည်း  သေချာစေရန်  ဆေးရုံအထိလာ၍ မေးခြင်းဖြစ်သည်။


ကျီဟုန်ယီ သည် ဆေးရုံကုတင်ပေါ်တွင် လှဲနေသော ဟန်ခိုင်ကို ကြည့်ရင်း အံကို တင်းတင်းကြိတ်ထားလေသည်။


"ဟန်ခိုင်... မင်း ငါ့သားကို သတ်လိုက်တာ...."


 "တောင်းပန်ပါတယ်...ဒီလိုဖြစ်သွား လိမ့်မယ်လို့ ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး...."


 "တောင်းပန်တယ် ဟုတ်လား... မမျှော်လင့်ထားဘူး ဟုတ်လား.... ငါ့သားအတွက် မင်း ပြန်ပေးဆပ်ရမယ်...." 


ထို့နောက် ကျီဟုန်ယီ သည် လူနာဆောင်ထဲမှ ဒယီးဒယိုင် လှမ်းထွက်သွားလေတော့သည်။


Chapter 40


ယန်ဟန်သည် ပင်လယ်ပြင်တွင် မည်မျှကြာအောင် လှော်ခတ်လာမှန်းမသိပေ။ သူမသည် အိပ်ပျော်ခါနီးတွင် ကနူးလှေပေါ်သို့ လှော်တက်ကို တင်ထားလိုက်ပြီး အိပ်စက်လိုက်သည်။ထို့နောက် သူမနိုးလာသောအခါမှ ယွင့်ကျင့် မြို့သို့ ဆက်လက် လှော်ခတ်လိုက်သည်။


ယွင်ကျင့်မြို့၏ ဆိပ်ကမ်းသို့ ကပ်လိုက်သည်နှင့် သူမ၏ အသိုက်ဆီသို့ သွားလိုက်သည်။


ယန်ဟန်သည် အသိုက်သို့သွားရာ လမ်းတွင် ယွင်ကျင့်မြို့၌ တစ်ခုခု ဖြစ်ပျက်နေသည်ကို သူမ တွေ့ရလေသည်။ အကြောင်းမှာ လမ်းမပေါ်တွင် ဇွန်ဘီများ မရှိသလောက် ဖြစ်နေပြီး တစ်မြို့လုံး တိတ်ဆိတ်နေကြသည်။


ယန်ဟန် ယွင်ကျင့်မြို့မှ ထွက်သွားစဉ်က ထူးခြားသော တစ်စုံတစ်ရာ ဖြစ်ပျက်သွားပုံရသည်။


 မြို့ထဲက ဇွန်ဘီတွေ ဘာလို့ပျောက်သွားကြတာလဲ....ပျက်ကပ်စိုက်နေတာလား...


ယန်ဟန်သည် ထိုသို့တွေးလိုက်‌ သောအခါ ရင်ထဲတွင် အမည်မသိဝေဒနာတစ်ခု ဖြစ်ပေါ်လာရသည်။


အကယ်၍ သူမသာ ဆိုးရွားသည့် အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပါက အဆောက်အဦး တစ်ခုခုတွင် သူမ ပုန်းအောင်း နေမည် ဖြစ်သည်။


ယန်ဟန်သည် ထိုအတွေးဖြင့်  အနီးရှိ ရုံးခန်း အဆောက်အဦးထဲသို့ ဝင်လိုက်ရာ ဇွန်ဘီအများအပြား ပုန်းနေသည်ကို တွေ့ရပြီး ထိုဇွန်ဘီများသည် ရုံးအဆောက်အဦး၏ အထပ်တိုင်းတွင် ရှိနေကြပြီး အပြင်မထွက်ရဲ ကြပုံပေါက်နေလေသည်။


ထိုစဉ် ရုံးအ‌ဆောက်အဦး၏ အပြင်ဘက်ရှိ လမ်းပေါ်မှ ထူးဆန်းသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသောအခါ သူမ အံ့ဩသွားမိသည်။ 


ယန်ဟန်က ပြတင်းပေါက်အနီးတွင် ကိုယ်ကို ဝပ်လိုက်ပြီး ဂရုတစိုက် နားထောင်ကြည့်သည်။ ထိုအသံကို ကြားသောအခါ ဇွန်ဘီများ၏  အမူအရာများသည် ထိတ်လန့်တုန်လှုပ် နေကြသည်။


ယန်ဟန်သည် ပြတင်းပေါက်နားတွင် လဲလျောင်းနေစဉ် ချောင်းကြည့်လိုက်ရာ မကြာမီ ကိုယ်ခန္ဓာ အရွယ်အစား ပိုကြီးသည့် ဇွန်ဘီ တစ်ကောင်ကို သူမ တွေ့လိုက်ရ၏။ ထိုဇွန်ဘိီကြီးသည် လမ်းတွင်တွေ့သမျှ ဇွန်ဘီများကို ရိုက်နှက်၍ တွန်းထုတ်ပစ်နေလေသည်။


အလွန်စိတ်တို ဒေါသထွက်နေသော ဇွန်ဘီကြီးသည် အခြား ဇွန်ဘီများကို အနိုင်ကျင့် ပြီးသော်လည်း မကျေမနပ်ဖြစ်နေပြီး အခြား ဇွန်ဘီများ ရှိ ၊ မရှိကိုလှည့်ပတ် ကြည့်ရှုနေပြန်သည်။ 


ထိုဇွန်ဘီကြီးက ရုံးခန်းအဆောက်အဦးကို ဝေ့ဝဲကြည့်လိုက်သောအခါ  ယန်ဟန် ခေါင်းကို အမြန်ငုံ့ချလိုက်သည်။ ခဏအကြာတွင် သူမသည် ထိုဇွန်ဘီကြီး ဘယ်ရောက် သွားသည်ကို ကြည့်ချင်၍ ခေါင်းကို အသာအယာ မော့ကြည့်် လိုက်သည်။


ကံကောင်းစွာနှင့် ထိုဇွန်ဘီကြီးသည် ရုံးခန်းအဆောက်အဦး ဘက်သို့မလာဘဲ  ဆန့်ကျင်ဘက်သို့ ပြေးသွားသည်ကို တွေ့ရသောအခါ ယန်ဟန် စိတ်သက်သာရာ ရသွားမိသည်။ 


ယန်ဟန် သည် တစ်ချက်ကြည့် လိုက်သည်နှင့် ထိုဇွန်ဘီကြီးကို မှတ်မိသွားရသည်။


ဇွန်ဘီကြီးမှာ သူမ ကျွန်းပေါ်တွင် ရှိစဉ်က သူမကို ဖမ်းထားပြီး ဇီဝဗေဒ စမ်းသပ်မှုများ ပြုလုပ်ခဲ့သော ကျီကျောက်ယန် ဖြစ်သည်။ သူတို့နှစ်ဦး  ထွက်ပြေးလာသည့် ညက ဟန်ခိုင်ဒဏ်ရာရသွား၍ သူမ ဒေါသအလွန် ထွက်သွားပြီး သူ့ကို ပြေးကိုက်ခဲ့လေသည်။


 'သူ ဘယ်လိုဖြစ်သွားတာလဲ...ဒီလိုကြီး ဖြစ်လောက်အောင် ငါမကိုက်ခဲ့ဘူးလားလို့...ပြီးတော့ သူက ယွင်ကျင့် မြို့ကို ဘာလို့ ရောက်လာတာလဲ... သူ ကျွန်းပေါ်မှာ ရှိနေရမှာ မဟုတ်လား...'


ကျီကျောက်ယန် ထွက်သွားပြီးနောက် ယန်ဟန်သည် အပြင်မထွက်ရဲဘဲ ရုံးအဆောက်အဦးထဲတွင် ခဏပုန်းနေလိုက်သေးသည်။ထို့နောက် သူမသည်  လှည့်ပတ်ကြည့်လိုက်ပြီး သူမ၏ အသိုက်ဆီသို့ ဆက်လျှောက်သွားလေသည်။ 


ယန်ဟန်သည် ကုန်တိုက်ထဲသို့ ဝင်သွားလိုက်ရာ လှေကားထစ်တွင် စောင့်နေသော ဇွန်ဘီဘုရင် ကို တွေ့လိုက်ရသည်။ သူမက လှေကားထိပ်သို့ လျှောက်သွားကာ ဇွန်ဘီ ဘုရင်နှင့် ဇွန်ဘီတို့၏ နည်းလမ်းဖြင့် ဆက်သွယ်ပြောဆိုကြ‌တော့သည်။


ဇွန်ဘီဘုရင် က ဟန်ယန်ကို မေးလိုက်သည်။ 


"နင် ဘယ်ရောက် နေတာလဲ... ငါနင့်ကို လိုက်ရှာနေတာ ကြာလှ‌ပြီ..." 


ယန်ဟန်က သူ့ကို အကြောင်းစုံ ပြောမ‌ နေတော့ဘဲ ခေါင်းကိုသာ ‌ယမ်းပြလိုက်သည်။


 


"ငါ့ကို ဒီမှာ ဘာလို့ ရှာနေတာလဲ..."


“အိုး...ဒီကုန်တိုက်မှာ နင့်ကို မကြာခဏ တွေ့ဖူးပေမယ့် နင် ရုတ်တရက် ပျောက်သွားတယ်လေ...ငါ နင့်ကို မတွေ့လို့  ဒီမှာ နေ့တိုင်း လာစောင့်နေတာ... နင် ဘယ်သွားနေတာလဲ..." 


“ နင့်ကို ပြောလို့မဖြစ်ဘူး...”


 “နင် ဘယ်မှ လျှောက်မသွားတာ ပိုကောင်းမယ်.... အခု အပြင်မှာ အရမ်းအန္တရာယ် များတယ်... အပြင်ထွက်ရင် လူစုကွဲသွားလိမ့်မယ်..."


 “ဟုတ်တယ်...အန္တရာယ်များတယ်...အခု ဘာတွေဖြစ်နေတာလဲ သိလား...."


 


“သူ‌ရောက်လာတာ ရက်နည်းနည်းလေးပဲ ရှိသေးတယ်...ဇွန်ဘီအသစ်... သူက အရမ်းသန်မာပြီးတော့ အမြဲစိတ်တိုဒေါသထွက်‌နေတာပဲ....တခြား ဇွန်ဘီတွေကို တွေ့ရင် ရန်စ,တယ်... သူက ဒီရက်ပိုင်း ဇွန်ဘီတွေ အများကြီး သတ်ပစ်ထားလို့ သူများတွေ အပြင် မထွက်ရဲကြဘူး ဖြစ်နေတာ...,” 


"ဟုတ်လား..." 


"ငါ သူနဲ့ တိုက်ချင်ပေမယ့် နင့်ကို မတွေ့လို့ မသွားဖြစ်ဘူး...အခု နင့်ကို ငါရှာတွေ့ပြီ...အဲ့တော့ ငါသူနဲ့ သွားတိုက်မယ်..."


"ဘာလို့ သူနဲ့ တိုက်ချင်ရတာလဲ...သူက အရမ်းစိတ်တိုပြီး သန်မာနေတော့ နင် သူ့ကို မနိုင်လောက်ဘူး..."


" ငါလည်း သူ့ကို မနိုင်လောက်ဘူးလို့ ထင်ပါတယ်..." 


"ဒါဆို နင် ဘာလို့ သူ့ကို တိုက်မှာလဲ....နင်သူ့ကို တိုက်လို့ မနိုင်ရင် နင်သေသွားလိမ့်မယ်.." 


"ငါ သူ့ကို ကြည့်မရလို့..." 


"ဒါဆို နင် သူနဲ့ ဘယ်တော့ တိုက်မှာလဲ..."


 "အခု နင်နဲ့စကားပြော ပြီးတာနဲ့ ငါသွားတိုက်တော့မယ်..."


“ဒါဆို  ငါ နင့်နောက်ကို လိုက်ပြီး တိုက်ပွဲကို ကြည့်ရအောင်လို့ အဝေးမှာ ပုန်းနေမယ်..."


"ကောင်းပြီ...သွားကြရအောင်..." 


ဇွန်ဘီဘုရင်သည် လှည့်ထွက်မည်ပြုစဥ် ယန်ဟန်က သူ့ကို တားလိုက်သည်။


"နေဦး... ငါ ယူစရာရှိသေးတယ်.. နင် ဒီမှာ စောင့်နေ..." 


ဇွန်ဘီဘုရင်သည် ယန်ဟန်၏ လက်ထဲတွင် သေနတ်ကြီးတစ်လက်နှင့် မြေအောက်ခန်းမှ ထွက်လာသည်အထိ အချိန်အတော်ကြာအောင် စောင့်နေလေသည်။


 "နင် ဒီပစ္စည်းကို ဘယ်ကရတာလဲ..." 


ဇွန်ဘီ ဘုရင်သည် ယန်ဟန်၏လက်ထဲမှ  အရာကို မည်သို့ခေါ်မှန်း မသိသဖြင့် "ဒီပစ္စည်း" ဟု သုံးနှုန်းလိုက်လေသည်။  


“ဟိုနား ဒီနား လျှောက်သွားတုန်းက တွေ့လို့ ကောက်ထားလိုက်တာ... လူတွေက ဒီပစ္စည်းနဲ့  ဇွန်ဘီတွေကို အနိုင်ယူကြတယ်....ဒီပစ္စည်းနဲ့ ပစ်လိုက်လို့ သူတို့ခေါင်းကို ထိသွားရင် ဇွန်ဘီ တွေ သေသွားကြတယ်... နင် သူ့ကို တစ်ယောက်တည်း မနိုင်ရင် ငါသူ့ကို ပစ်သတ်ပြီး နင့်ကို ကယ်မယ်လေ...."


 "ဒီပစ္စည်းကို ဘယ်လိုသုံးရမလဲ သိလား...." 


ယန်ဟန်က ခေါင်းခါလိုက်သည်။ 


“ငါ သုံးမကြည့်ရသေးဘူး... ဒါပေမယ့် တစ်ယောက်ယောက် သုံးတာ တွေ့ဖူးတယ်...လွယ်လွယ်လေးဖြစ်မှာပါ..." 


ဇွန်ဘီဘုရင်က ခေါင်းညိတ်လိုက်ပြီး ကုန်တိုက်၏ အပြင်ဘက်လမ်းမကြီးဆီသို့ လျှောက်သွား၍ လမ်းလယ်တွင် ရပ်ကာ ကျီကျောက်ယန် ကို စောင့်နေလိုက်သည်။ 


ထိုအချိန်တွင် ယန်ဟန် ကလည်း ရှော့ပင်းမောလ် တံခါးနောက်တွင် ပုန်းနေပြီး တိုက်ပွဲကို စောင့်ကြည့်ရန် အသင့်ပြင်ထားလိုက်သည်။


Xxxxx