Chapter 41
ဇွန်ဘီဘုရင် လမ်းလယ်တွင်ရပ်နေပြီးသိပ်မကြာမီ ကျီကျောက်ယန် က ဒေါသထွက်နေပုံဖြင့် ရောက်လာလေ၏။ ကျီကျောက်ယန် သည် ဇွန်ဘီ ဘုရင် ကိုမြင်သောအခါ ချက်ချင်းပင် တည့်တည့် ပြေးလာပြီး ရိုက်နှက်လိုက်သည်။
ယန်ဟန်က ရှော့ပင်းမောလ်၏ တံခါးနောက်တွင်ရပ်နေရင်း ချောင်းကြည့်နေရာ ဇွန်ဘီဘုရင် သည် ခွန်အား အရာတွင်သာမက ဖျတ်လတ်သည့် နေရာတွင်ပါ ကျီကျောက်ယန် နှင့် မယှဉ်နိုင်ကြောင်း တွေ့ရလေသည်။
ထို့နောက် ကျီကျောက်ယန် က ဇွန်ဘီဘုရင်ကို မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ဇွန်ဘီဘုရင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ရန် လက်သည်းများကို ဆန့်ထုတ်လိုက်သည်ကို ယန်ဟန် မြင်လိုက်ရသဖြင့် ကျီကျောက်ယန် ၏ ခေါင်းကို သေနတ်ဖြင့် ချိန်လိုက်ပြီး ပစ်လိုက်လေသည်။
သို့သော်လည်း ကျီကျောက်ယန်က ကျည်ဆန်ကို အသာကလေး တိမ်းရှောင်လိုက်သဖြင့် သူမ အံ့အားသင့် သွားရလေသည်။
ထို့နောက် ယန်ဟန် သည် ကျီကျောက်ယန်၏ ဦးခေါင်းကိုသာ ချိန်ရွယ်မနေတော့ဘဲ တရစပ် ပစ်ခတ်လေတော့သည်။ထိုအခါ ကျီကျောက်ယန် သည် ဇွန်ဘီဘုရင်၏ ဝမ်းဗိုက်ကို ထိုးမနေတော့ဘဲ ယန်ဟန် ဆီသို့ တစ်ဟုန်ထိုး ပြေးလာလေသည်။
ရုတ်တရက် ကျီကျောက်ယန် သည် ယန်ဟန် ဆီ ပြေးလာနေရာမှ ခြေလှမ်းမှာ ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ့အာရုံထဲတွင် ဖရိုဖရဲဖြစ်နေသော ပုံရိပ်များစွာသည် တဖျပ်ဖျပ် ပေါ်လာခြင်းကြောင့် ဖြစ်လေသည်။ သူ့အသိစိတ်ထဲတွင် ရှော့ပင်းမောလ်၏ တံခါးနောက်တွင် ပုန်းနေသော ထိုဇွန်ဘီမ,က သူ့ကို ကိုက်နေပုံကို မြင်ယောင်လာပြီး ဦးခေါင်းထဲတွင်လည်း နာကျင်သည့် ဝေဒနာမှာ လျှပ်တပြတ် ဖြတ်ဖြတ်သွားလေသည်။ထိုနာကျင်မှုသည် တဖြည်းဖြည်း အဆတစ်ရာမက ပို၍ နာကျင်လာပြီး ခေါင်းတစ်ခုလုံးပါ နာကျင်ကိုက်ခဲနေလေ၏။
နောက်ဆုံးတွင် ကျီကျောက်ယန် သည် သူ၏ခေါင်းကို လက်ဖြင့် တင်းတင်းကြပ်ကြပ် အုပ်ကိုင်လိုက်ပြီး စိတ်ထဲတွင်လည်း စိတ်ပျက် အားငယ်သည့် ခံစားချက်တို့ ရောပြွန်းနေကာ အသံနက်ကြီးဖြင့် အော်လိုက်လေသည်။
ယန်ဟန်သည် ကျီကျောက်ယန် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို မသိသော်လည်း ထွက်ပြေးရန် အချိန်ကောင်းဆိုသည်ကို တွေးဆမိလေသည်။ ထို့ကြောင့် သူမက မြေပြင်ပေါ်မှ ကုန်းထလာသည့် ဇွန်ဘီဘုရင် ကို လက်ယမ်းပြလိုက်၏။
ကျီကျောက်ယန် သည် မြေပြင်ပေါ်တွင် လူးလိမ့်နေရင်း နာကျင်စွာ အော်ငြီးနေရင်း ခဏအကြာတွင် သူ့ခေါင်းမှ နာကျင်မှုသည် အနည်းငယ် သက်သာလာသဖြင့် ကုန်တိုက် တံခါးနားကို မော့ကြည့်လိုက်ရာ ယန်ဟန်ကို ထပ်မတွေ့ရတော့ပေ။ ယခု သူ့စိတ်ထဲတွင် ထိုဇွန်ဘီမကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်သည့် အတွေးတစ်ခုသာ ကြီးစိုးနေလေ၏။
ကျီကျောက်ယန် သည် ခါတိုင်းထက်ပင် ပို၍ ဒေါသထွက်လာပြီး ကုန်တိုက်ထဲသို့ ပြေးဝင်သွားကာ ကုန်တိုက်ထဲတွင် ပုန်းအောင်းနေသော ဇွန်ဘီများကို ရန်ပြုရင်း ယန်ဟန်ကို ရှာဖွေနေသော်လည်း အရိပ်အယောင်ပင် မတွေ့ရသေးပေ။
“အမလေး... အန္တရာယ်များလိုက်တာ...သူ ငါ့ကို မိတော့မလို့... ငါတောင် ကောင်းကောင်း မပစ်ရသေးဘူး...သူက ငါ့ကို ရိပ်မိသွားတယ်...”
ယန်ဟန်သည် ဇွန်ဘီဘုရင် ကို ခေါ်လာ၍ ရှော့ပင်းမောလ်၏ မြေအောက်ကားပါကင်တွင် ပုန်းနေရင်း ငြီးတွားလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ငါ့ကိုကယ်ခဲ့တဲ့အတွက် နင့်ကို ကျေးဇူးတင်တယ်... မဟုတ်ရင် သူ ငါ့ကို ဆက်ပြီး နှိပ်စက်နေမှာပဲ..."
"နင် သူ့ကို ထပ်ပြီး တိုက်ဦးမှာလား...."
“ဟင့်အင်း...တော်ပြီ...ငါ သူ့ကို မနိုင်လောက်ဘူး...”
ယန်ဟန်သည် ဇွန်ဘီဘုရင်ကို မျက်စောင်း ထိုးချင်သော်လည်း သူမ၏ မျက်နှာမှာ တင်းမာလွန်းလှသည်။
"ဒါပေမယ့် ငါတို့ဘာ ဆက်လုပ်ကြမလဲ... ဆက်ပြီး ပုန်းနေလို့လည်း မရပြန်ဘူး...သူ့ကို နိုင်အောင်လည်း မတိုက်နိုင်ဘူး.."
ဇွန်ဘီဘုရင် က ခေါင်းကိုသာ ယမ်းပြလိုက်သည်။
ယန်ဟန်သည် ငုတ်တုတ်ထိုင်ချလိုက်ပြီး ခဏမျှ စဉ်းစားကြည့်ရာ နည်းလမ်းကောင်း ထွက်မလာပေ။ ကံကောင်းစွာနှင့် သူမသည် ပုန်းအောင်းနေရန် နည်းလမ်း တစ်ခုကို စဉ်းစားမိလေသည်။
ထို့နောက် ယန်ဟန်က မတ်တပ် ထရပ်လိုက်ပြီး ဇွန်ဘီဘုရင်ကို ပြောလိုက်သည်။
“အခြားနည်းလမ်းလည်း မရှိဘူးဆိုတော့ ငါတို့ အရင်ပုန်းရအောင်..."
"နင့်သဘောပဲ..."
“ငါတို့ အခု ကားပါကင်မှာ ပုန်းနေတုန်း အပြင်မှာဆို မှောင်နေလောက်ပြီ...အခုဘယ်အချိန် ရှိပြီလဲ မသိဘူး...အိပ်ဖို့နေရာရှာရမယ်..."
"အိပ်မယ် ဟုတ်လား.."
"အင်းလေ ငါအိပ်ချင်နေပြီ..."
"ဇွန်ဘီတွေ အိပ်လို့ ရလို့လား..."
"ထားလိုက်ပါ...ငါက သာမန် ဇွန်ဘီတွေနဲ့ မတူဘူး... ငါက အိပ်တတ်တယ်..."
“အိုး ပြီးရောလေ...”
"ဒါဆို အခန်းငယ်လေး တစ်ခန်းလောက် ကူရှာပေးပါဦး..."
“အင်း..”
ယန်ဟန် တို့နှစ်ဦးသည် အိပ်စရာ နေရာရှာလိုက်ရာ မကြာမီ မြေအောက်ထပ်တွင် အခန်းငယ်လေး တစ်ခန်းကို ယန်ဟန် တွေ့သွားသော်လည်း သော့ခတ်ထားလေသည်။ထို့နောက် သူမက သော့ကို အတင်း အားဖြင့် ဖျက်ပစ်လိုက်ရာ တံခါးမှာ ပွင့်သွားသော်လည်း ပိတ်မရပြန်ပေ။
ယန်ဟန်က ဇွန်ဘီဘုရင်ကို ပြောလိုက်လေ၏။
“ဒီတံခါးက ပျက်နေလို့ ပိတ်မရဘူး... ညကျရင် တံခါးကို လာကြည့်ပေး လို့ရမလား..."
ဇွန်ဘီဘုရင်က ခေါင်းညိတ်ပြီး ကတိပေးလိုက်သည်။
“အင်း...အင်း..”
ထို့နောက် ယန်ဟန်သည် အခန်းငယ်လေးထဲသို့ ဝင်သွားကာ တံခါးကိုပိတ်လိုက်ပြီး လေးလံသော ပစ္စည်းအချို့ကို တံခါးဝနားသို့ ရွှေ့ထား၍ ကာထားလိုက်သည်။
သို့နှင့် ယန်ဟန် နှင့် ဇွန်ဘီဘုရင် တို့သည် မြေအောက်ကားပါကင်တွင် ဆယ်ရက် ကျော်ကြာအောင် နေထိုင်ခဲ့ကြလေ၏။ အချိန်ကြာလာသောအခါ သူမ သည်းမခံနိုင်တော့ပေ။ နေရောင်မရှိသော မြေအောက်ခန်းတွင် နေ့တိုင်းပုန်းနေရ၍ အသက်ရှူကျပ်သလို ခံစားရလာသည်။
ယန်ဟန်က ဇွန်ဘီဘုရင်ကို အဖော်ညှိလိုက်သည်။
“လမ်းလျှောက်ထွက်ကြရအောင်...”
“မလုပ်နဲ့..အပြင်မှာ အရမ်းအန္တရာယ်များတယ်...”
"နင်က ဇွန်ဘီဘုရင်လေ ဘာလို့ဒီလောက် ကြောက်နေတာလဲ..."
ယန်ဟန်က မထီမဲ့မြင်ပြုသော မျက်နှာထား ထားချင်သော်လည်း မျက်နှာသေနှင့်သာ ပြောရလေ၏။
“မဟုတ်ဘူး...သိပ်အန္တရာယ်များတယ်.... အဲဒီဇွန်ဘီကြီးက ငါတို့ကို သတ်လိမ့်မယ်...”
ယန်ဟန်က ခဏ နှုတ်ဆိတ်နေပြီးမှ ဇွန်ဘီဘုရင် ကို ပြောလိုက်သည်။
"အဲဒီ အရူးကောင်ကို သတ်ဖို့ နည်းလမ်းကောင်းကို ငါ စဉ်းစားထားတယ်...နင်ငါ့နောက် လိုက်ခဲ့မလား..."
ဇွန်ဘီဘုရင်က နှုတ်ဆိတ်၍သာ နေလေ၏။
“ငါ အရင်က ဓာတုစက်ရုံကို ရောက်ဖူးတယ်...အဲဒီဓာတုစက်ရုံမှာ မီးလောင်လွယ်ပြီး ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတယ်....အဲ့ဒီ ဇွန်ဘီကြီးကို ဓာတုစက်ရုံဆီ မျှားခေါ်ပြီး မီးရှို့သတ်ရင် ဘယ်လိုလဲ...."
"ဒါဆိုရင် ငါတို့ပါ သေသွားမှာပေါ့...."
“အဲ့ဒီ ဇွန်ဘီကြီးကိုပဲ သတ်ပြီး ငါတို့ဘေးကင်းဖို့ကိုတော့ နည်းလမ်းရှာရဦးမှာပေါ့...”
" အဲ့ဒီ နည်းလမ်းက စဉ်းစားပြီးပြီလား..."
ယန်ဟန်က ခေါင်းခါလိုက်ပြီး ပြောလေသည်။
“မစဥ်းစားရသေးဘူး...ဒါပေမဲ့လည်း ဓာတုစက်ရုံကို အရင်သွားကြည့်ရအောင်...ဟိုရောက်ရင် အကြံရရင် ရလာမှာပေါ့...”
ဇွန်ဘီဘုရင်က ယန်ဟန်၏ အစွမ်းအစကို ယုံကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အေး သွားကြတာပေါ့...."
Xxxxxxx
Chapter 42
ယန်ဟန်သည် ဓာတုဗေဒ စက်ရုံကို ဟိုးယခင်က ရောက်ဖူးပြီး မနေ့ညက အိပ်ရာမဝင်မီ အကြံရသွားခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူမသည် ထိုဓာတုစက်ရုံ၏ တည်နေရာ အတိအကျကို မမှတ်မိတော့ဘဲ ယွင်ကျင့်မြို့၊ ကျွန်းဧရိယာရှိ စက်မှုဇုန်တွင်ရှိသည်ကိုသာ မှုန်ဝါးဝါး သတိရမိလေသည်။
ယန်ဟန် ကျွန်းဧရိယာထဲသို့ ဇွန်ဘီဘုရင် နှင့်အတူ သွားနေကြစဉ် ရုတ်တရက် နောင်တရသွားမိသည်။
သူမက လက်ထဲမှ သေနတ်ကို သတိဖြင့် ကိုင်ထားလိုက်ပြီး ဇွန်ဘီဘုရင်အား ပြောလိုက်သည်။
“ယွင်ကျင့် မြို့မှာရှိတဲ့ ဓာတုစက်ရုံတွေက ကျွန်းဧရိယာမှာရှိတဲ့ စက်မှုဇုန်ရဲ့ ဘေးမှာ ရှိတယ်...ဇွန်ဘီကြီးက ကျွန်းဧရိယာမှာ ရှိနေလောက်တယ်...အဲ့ဒါကြောင့် ကျွန်းကို မသွားရင် ပိုကောင်းမယ်...အန္တရာယ်များတယ်...."
ဇွန်ဘီဘုရင်ကလည်း ခေါင်းတညိတ်ညိတ်နှင့် တွေးနေပုံရသည်။
“အဲ့ဒီအစား ကျွန်းဧရိယာရဲ့ ဆန့်ကျင်ဘက်က ရှီကျိုး ခရိုင်ကို သွားကြရအောင်...ဇွန်ဘီကြီးက အစွမ်းထက်ပေမဲ့ ကျွန်းဧရိယာနဲ့ အလှမ်းဝေးနေတော့ တို့ဘက်ကို အာရုံမလှည့်နိုင်လောက်ဘူး....ပြီးတော့ ကျွန်းဧရိယာက ဇွန်ဘီတွေကိုပဲ သူတိုက်ပါစေဦး..."
"ဟုတ်ပြီ....နင့်သဘောကို ငါနာခံမှာပါ..."
ယန်ဟန်က ထိုစကားကြောင့် သူ့ကို ပြုံးပြချင်သော်လည်း သူမ၏ မျက်နှာမှာ လှုပ်ရှား၍မရသဖြင့် စိတ်ထဲတွင်သာ ပြုံးပြလိုက်သည်။
ထိုစဉ် ယန်ဟန်သည် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သတိပြုမိပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အခြေအနေမကောင်းကြောင်း တွေ့လိုက်ရလေ၏။
"ဒီနားက ဇွန်ဘီတွေ ငါတို့နားကို တဖြည်းဖြည်း ဝိုင်းလာသလိုပဲ...."
ယန်ဟန်က ဇွန်ဘီဘုရင်ကို ပြောလိုက်သည်။
“ဟုတ်တယ်... သူတို့ကို ကြည့်ရတာ တစ်ယောက်ယောက်ရဲ့ အမိန့်ကို နာခံနေပုံရတယ်....တဖြည်းဖြည်း ငါတို့နားကို ဝိုင်းလာကြပြီး အရေအတွက်ကလည်း များများလာတယ်...”
" အခြေအနေကတော့ မကောင်းဘူး..."
ယန်ဟန်က တရွေ့ရွေ့ချဉ်းကပ်လာနေသော ဇွန်ဘီများကို သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။
“ဒါက ကျွန်းဧရိယာလေ...ဒီဇွန်ဘီတွေကို ကျီကျောက်ယန် က မထိန်းချုပ်နိုင်ဘဲနဲ့ ဘယ်လိုဖြစ်ရတာလဲ..."
ယန်ဟန်သည် ယခင်က အခြားဇွန်ဘီများကို အမိန့်ပေး ခိုင်းစေခဲ့သော ဇွန်ဘီဘုရင်၏ ပုံစံကို သူမ မြင်ဖူးခဲ့သည်။
ဇွန်ဘီများသည် ခြင်္သေ့ သို့မဟုတ် ဝံပုလွေ အုပ်စုများကဲ့သို့ပင် အားနည်းသော အကောင်များသည် အားကြီးသော အကောင်ကို ခေါင်းဆောင်မြှောက်ထားပြီး သူ့အမိန့်ကိုသာ နာခံကြလေသည်။
ကျီကျောက်ယန် က ဇွန်ဘီများစွာကို အနိုင်ယူခဲ့သောကြောင့် အခြားဇွန်ဘီများက သူ့အား ဇွန်ဘီဘုရင်အသစ် ဟု လက်ခံထားပြီး နာခံနေကြပုံပေါ်သည်။
"အဲ့ဒါ ကျီကျောက်ယန် ကများ ထိန်းချုပ်ထားတာလား..."
ယန်ဟန်က ဇွန်ဘီဘုရင်ကို စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ကျီကျောက်ယန် က ဘယ်သူလဲ...."
“ငါ နင့်ကို ရှင်းပြဖို့ အချိန်မရှိတော့ဘူး...ကျီကျောက်ယန် က နင်နဲ့ တိုက်ခဲ့တဲ့ အကောင်ပဲ... မြန်မြန် ပြေးရအောင်...မဟုတ်ရင် ငါတို့ကို ဒီဇွန်ဘီတွေ ဝိုင်းထားကြတော့မယ်...."
ဇွန်ဘီဘုရင် က တည်ငြိမ်စွာ ပြောလိုက်သည်။
"မကြောက်ပါနဲ့...ဒီဇွန်ဘီတွေကို ငါ နိုင်ပါတယ်..."
“နင် ရူးနေလား... ဒီဇွန်ဘီတွေကို နင် တိုက်နိုင်ပေမဲ့ ကျီကျောက်ယန် နဲ့ဆို နင်မနိုင်ပါဘူး... သူတို့တွေကို ကျီကျောက်ယန် က တကယ် ထိန်းချုပ်ထားတာဆိုရင် မကြာခင် သူရောက်လာလိမ့်မယ်...”
ယန်ဟန် ထိုသို့ ပြောပြီး မကြာမီ ဇွန်ဘီဘုရင်သည် ဝိုင်းအုံလာနေသော ဇွန်ဘီအုပ်စု ဆီသို့ ပြေးသွားကာ ၎င်းတို့ကိုတစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်လိုက်ပြီး သူမအတွက် လမ်းရှင်းပေးလိုက်သည်။
သို့ရာတွင် ကျီကျောက်ယန် က ဇွန်ဘီအုပ်စု၏ အပြင်ဘက်တွင် ရပ်စောင့်နေသဖြင့် အချိန်နှောင်းသွားပြီ ဖြစ်သည်။
ဇွန်ဘီဘုရင်သည် ကျီကျောက်ယန် ကိုမြင်သောအခါ ယန်ဟန်ကို အမြန်ပြေးခိုင်းလိုက်ပြီး ကျီကျောက်ယန် ကို သူတိုက်မည် ဟု ပြောလိုက်လေ၏။
"ဒါပေမယ့် နင်သူ့ကို နိုင်မှာ မဟုတ်ဘူးနော့်..."
"နင်သာ အမြန်ပြေး...မဟုတ်ရင် နင့်ကို ဇွန်ဘီတွေက ကိုက်ဖြတ်ပစ်လိမ့်မယ်..."
ယန်ဟန်သည် သူမဆီသို့ ဝိုင်းအုံလာနေသော ဇွန်ဘီများကို သေနတ်ဖြင့် ချိန်ရွယ်လိုက်ပြီး တံတွေးကို မြိုချလိုက်မိ၏။ ဤအခြေအနေကို သူမ မထိန်းနိုင်သော်လည်း ဇွန်ဘီဘုရင်ကို ကျွန်းဧရိယာသို့ သူမက ခေါ်လာခဲ့သောကြောင့် သူမ တစ်ကိုယ်တည်း ကိုယ်လွတ် ရုန်းမပြေးချင်ပေ။
"နင် မြန်မြန်ပြေးတော့...အရင်တစ်ခေါက်က နင် ငါ့ကို ကယ်ခဲ့တာ အခု ငါနင့်ကို ကယ်မယ်... "
“ဒါပေမယ့်…ဒါပေ...”
ယန်ဟန် ဆက်မပြောမီ ကျီကျောက်ယန် က သူမဆီ ပြေးလာနေလေ၏။ သူမ အလွန်ထိတ်လန့်သွားပြီး ကျီကျောက်ယန် ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လိုက်သော်လည်း သူ၏ အရှိန်သည် သူမတူအောင် မြန်ဆန်လွန်းသဖြင့် လက်ကိုသာ တစ်ချက် ထိမှန်သွားလေ၏။
သို့သော် ပစ်ခတ်မှု၏ သက်ရောက်မှုမှာ အံ့မခန်းပင်။
ကျီကျောက်ယန် ၏ ညာလက်မောင်းတွင် အပေါက်ကြီး တစ်ခု ထုတ်ချင်းပေါက်သွားပြီး လက်မှာ တစ်ဝက်ပြတ်လုနီးနီး ဖြစ်သွားလေသည်။
'ဟင်.. ဒါ ဘယ်လိုသေနတ်လဲဟ... အရမ်း စွမ်းတာပဲ...'
ယန်ဟန်က သူမလက်ထဲက သေနတ်ကို အံ့သြစွာ ကြည့်လိုက်သည်။
ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဇွန်ဘီဘုရင်က ကျီကျောက်ယန် ဆီ အမြန်ပြေးသွားလိုက်သည်။
ထို့နောက် ဒဏ်ရာရထားသည့် ကျီကျောက်ယန် က အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ရာ ဇွန်ဘီအုပ်စုသည် သွေးရူးသွေးတန်း ဖြစ်သွားကြသဖြင့် ယန်ဟန်က သေနတ်ဖြင့် ပစ်လိုက်ရာ ရှေ့ဆုံးတန်းမှ ဇွန်ဘီအများအပြားမှာ ခေါင်းကို ကျည်ထိသွားကြလေ၏။
' ဘုရား ဘုရား... ဒီသေနတ်က အမိုက်စားပဲ...'
ယန်ဟန်သည် သေနတ်ဖြင့် တစ်ချက်သာ ပစ်ရသေးသော်လည်း ဇွန်ဘီများမှာ အတုန်းအရုံး သေသွားကြသဖြင့် သူမ ထွက်ပြေးနိုင်ခဲ့လေသည်။
ထို့နောက် သူမသည် ဗီလာတစ်ခု၏ မြေအောက်ခန်းထဲတွင် ပုန်းနေသော်လည်း ဇွန်ဘီဘုရင်ကိုမူ နောက်ထပ် မတွေ့ရတော့ပေ။
ဇွန်ဘီဘုရင် သည် ကျီကျောက်ယန် ၏ ပြတ်လုဆဲဆဲ လက်ကို ဖြုတ်ပစ်နိုင်ခဲ့သော်လည်း ကျီကျောက်ယန်က လက်တစ်ဖက်တည်းနှင့်ပင် သူ့ကို အနိုင်တိုက်ဆဲ ဖြစ်လေသည်။
ကျီကျောက်ယန် သည် ဇွန်ဘီဘုရင်၏ ဗိုက်တစ်ခြမ်းကို လက်သည်းဖြင့် ထိုးဖောက်ပစ်လိုက်လေသည်။
ဗိုက်တခြမ်း ပေါက်သွားသော ဇွန်ဘီဘုရင်သည် သေရတော့မည်ကို သိနေသဖြင့် ဇွန်ဘီအုပ်စုကို လှည့်ကြည့်လိုက်သည်။ ဇွန်ဘီအုပ်စုမှာ ကြီးမားလွန်းပြီး ဝိုင်းနေကြသဖြင့် သူမြင်ချင်သော ယန်ဟန်ကို မတွေ့ရပေ။
'သူမ လွတ်ပါ့မလား မသိဘူး...'
ဤသည်မှာ သူ၏ ဇွန်ဘီ အသိစိတ်ဖြင့် နောက်ဆုံးတွေးခဲ့သော အတွေးဖြစ်လေသည်။
ထို့နောက် ကျီကျောက်ယန် က သူ၏ ဝမ်းဗိုက် တစ်ဖက်ကို ထပ်မံ ထိုးဖောက်လိုက်ရာ ဇွန်ဘီဘုရင် ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နှစ်ပိုင်းပြတ်သွားလေသည်။
ဤအခိုက်အတန့်တွင် ဇွန်ဘီဘုရင် ၏ စိတ်အစဥ်သည် ရုတ်တရက်ဆိုသလို ကြည်လင်လာပြီး သူ့နာမည်ကိုပါ အမှတ်ရသွားလေသည်။ထို့နောက် သူ့စိတ်ထဲတွင် လူသားတစ်ယောက် ဖြစ်ခဲ့စဉ်က မှတ်ဉာဏ်တို့မှာ တရေးရေး ထင်ပေါ်လာ ကြလေတော့သည်။
စင်စစ် ဇွန်ဘီများသည် သေခါနီး အချိန်ရောက်သောအခါ သူတို့ဘဝတစ်လျှောက်ရှိ အမှတ်တရများကို မှတ်မိနိုင်ကြလေသည်။
Xxxxxx