Chapter 43
သူ၏ အမည်မှာ ကျန်းလန် ဖြစ်ပြီး ယွင်ကျင့် တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသား တစ်ယောက် ဖြစ်၍ ယန်ဟန်မှာ သူ၏ ဆရာမ ဖြစ်လေသည်။
ကျန်းလန်သည် တတိယနှစ် တစ်လျှောက်လုံး သူ၏ ဘွဲ့ယူရာတွင် အထောက်အကူပြုမည့် စမ်းသပ်မှုမှာ များစွာတိုးတက်မှု မရှိခဲ့ပေ။ တတိယနှစ်၏ စာသင်နှစ်မှာ ကုန်ဆုံးတော့မည် ဖြစ်သဖြင့် အချို့ ဘွဲ့လွန်ကျောင်းသား များသည် စာတမ်းများကို ပြန်လည် ပြင်ဆင်နေကြပြီး အစမ်းစာမေးပွဲအတွက် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ သို့သော် ကျန်းလန် ၏ စမ်းသပ်မှု စာတမ်းမှာ သုံးပုံနှစ်ပုံသာ ပြီးသေးသည်။
ကျန်းလန် ပြုလုပ်ထားသည့်စမ်းသပ်မှု၏ ရလဒ်များမှာ ထွက်မလာကြသေး၍ စာတမ်းကိုလည်း လက်စ,မသတ်နိုင်သေးပေ။ ဘွဲ့ယူရာတွင် နှောင့်နှေးသွားပါက အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားနိုင်သည်ကို ကျန်းလန် သဘောပေါက်သော်လည်း သူ နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့သော လက်တွေ့စမ်းသပ်မှု၏ ရလဒ်မှာ ယခုထိ မထွက်သေးပေ။ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ကြာမှ ဘွဲ့ရသော ဘွဲ့လွန်ကျောင်းသားများကို သူ မတွေ့ဖူးသဖြင့် ဘွဲ့မရတော့မည်ကို လွန်စွာ စိုးရိမ်နေခဲ့သည်။
တစ်နေ့ ဓာတ်ခွဲခန်းထဲတွင် တစ်ညလုံး စမ်းသပ်မှုများ လုပ်ဆောင်နေစဉ် ကျန်းလန် သည် စာခိုးချမည့် အကြံကို တွေးမိသွားလေသည်။ ထိုအတွေးသည် နက်နဲစွာ ထိုးဖောက်သွားသည့် သံမဏိ တစ်ချောင်းကဲ့သို့ သူ့စိတ်ထဲမှ ထုတ်မရတော့ပေ။
နောက်ပိုင်းတွင် ကျန်းလန် သည် ထိုအကြံကို အကောင်အထည်ဖော်ခဲ့ပြီး ပရော်ဖက်ဆာ ယန် ကိုပင် လှည့်စားနိုင်ခဲ့သည်။သူ ဝမ်းသာ၍ပင် မဆုံးသေးမီ အခန်းဖော် ကျိုးမင်ချန့် က သူစာခိုးချခဲ့သည့် အကြောင်းကို သိသွားလေသည်။
ထိုနေ့က ကျန်းလန် သည် ကျောင်းကင်တင်းမှ ညစာစားလာပြီး အဆောင်သို့ ပြန်လာခဲ့သည်။ အခန်းထဲတွင် ကျိုးမင်ချန့် တစ်ဦးတည်းသာ ရှိနေပြီး ကျန်အခန်းဖော် နှစ်ယောက်မှာ အင်တာဗျူးဖြေပြီး အလုပ်သွားလျှောက် ကြလေသည်။
လွန်ခဲ့သည့် တစ်လက ကျန်းလန် ကဲ့သို့ ကျိုးမင်ချန့် သည်လည်း စာတမ်းနှင့် ပတ်သတ်၍ အကြီးအကျယ် အကြပ်ရိုက်ခဲ့ရသည်။ ယခု ကျန်းလန် က စာတမ်နှင့် ပတ်သတ်၍ ဖြေရှင်းနိုင်ခဲ့သော်လည်း ကျိုးမင်ချန့် မှာမူ အခက်အခဲ ဖြစ်နေဆဲပင်။
ကျန်းလန် အခန်းထဲသို့ ရောက်သည်နှင့် ကျိုးမင်ချန့် က ပြုံးပြလိုက်သည်။ သူ၏ အပြုံးသည် ကျန်းလန် ကို စိတ်မသက်မသာ ဖြစ်စေသည်။
"ညီလေး...ငါဘာလို့များ ဒီလောက်ကောင်းတဲ့ နည်းလမ်းကို မစဉ်းစားမိခဲ့ပါလိမ့်..."
ကျိုးမင်ချန့် က သူ့ပခုံးကို ပုတ်၍ ပြုံးကာ ပြောလိုက်သည်။
ကျန်းလန် က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ...."
“ ဟန်ဆောင်မနေနဲ့တော့... မင်း ဘာလုပ်ခဲ့လဲဆိုတာ ငါသိတယ်..."
ကျန်းလန် လိပ်ပြာမလုံ ဖြစ်သွားရသည်။
“ဘာကိစ်စလဲ...”
ကျိုးမင်ချန့် က သူ့ကို ပြုံး၍ ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"တခြား ဘာရှိရဦးမှာလဲ..စာခိုးချထားတဲ့ကိစ္စလေ...”
"ဘာလဲ... ဘာ...ဘာစာခိုးချတဲ့ကိစ္စလဲ... လူကို မစွပ်စွဲနဲ့...”
"ကြည့်စမ်း...မင်းကြည့်ရတာ တော်တော် စိုးရိမ်နေပုံပဲ ..."
ကျန်းလန် က ကျိုးမင်ချန့် ကို ဖယ်လိုက်ပြီး အိပ်ရာပေါ် တက်ရန် ပြင်လိုက်သည်။ ကျိုးမင်ချန့် က သူ့အင်္ကျီကို လက်တစ်ဖက်နှင့် ဆွဲထားလေသည်။
"ဟေး...ဖုံးမနေနဲ့တော့...ငါ့ စကား မဆုံးသေးဘူး.. မင်းသာ ဘွဲ့ရသွားရင် ငါတစ်ယောက်တည်း အခန်းထဲမှာ ကျန်ခဲ့လိမ့်မယ်....အဲ့တော့ ငါ့ရဲ့ ဘွဲ့လွန်စာတမ်းကို ပြီးအောင် ကူညီပေး... ညီအစ်ကို အချင်းချင်း မရက်စက်ပါနဲ့ကွာ နော်...."
ကျန်းလန် က ကျိုးမင်ချန့် ၏လက်ကို ပုတ်ထုတ်လိုက်သည်။
"ဘယ်သူက မင်းနဲ့ ညီအစ်ကိုတော်လို့လဲ....ပြီးတော့ ငါကဘာကို ကူညီရမှာလဲ..."
ကျိုးမင်ချန့် က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"မင်း အဲ့လိုပြောမယ်လို့ ငါမျှော်လင့်ထားပြီးသားပါ...ဒါကြောင့် ငါအားလုံး အသင့်ပြင်ထားပြီးပြီ..."
ထို့နောက် ကျိုးမင်ချန့် က ကျန်လန် ကိုယ်တိုင် ပရင့်ထုတ်ထားသော စာရွက်အထူကြီး တစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ်ပစ်ချလိုက်သည်။
“မင်း စာခိုးချထားတဲ့ သက်သေတွေအားလုံး ငါတွေ့ပြီးပြီ.... အေး...မင်းငါ့ကို မကူညီရင် ငါ့အဆိုးမဆိုနဲ့...မင်း ဘွဲ့ရမှာ မဟုတ်တော့ဘူး...အထုတ်ခံရမှာပဲ...."
"ကျိုးမင်ချန့်...မင်း ရူးနေလား..."
ကျန်းလန် က ဒေါသထွက်လာပြီး ကျိုးမင်ချန့် ကို ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး သူက အပေါ်မှ တက်ဖိထားကာ လက်သီးနှင့် ထိုးလိုက်သည်။ ထိုအချိန်တွင် ကျန်းလန် သည် အမှန်တကယ်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ အသိစိတ် ပါ လွတ်သွားတော့သည်။
ကျန်းလန်သည် ဘွဲ့လွန်စာတမ်း အတွက် မနားမနေ စာလုပ်နေရသဖြင့် ပင်ပန်းနေခဲ့သည်။ နောက်ပိုင်းတွင် ဘွဲ့ရရန် ဟူသော အကြောင်းပြချက်ဖြင့် စာတမ်းများကို လိမ်လည်၍ ပြုစုခဲ့လေသည်။ ရိုလာကိုစတာ စီးနေရသကဲ့သို့ သူ၏ စိုးရိမ်ပူပန်မှုများသည် နောက်ဆုံးတွင် ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း မမျှော်လင့်စွာပင် ကျိုးမင်ချန့် က သိသွားပြီးခြိမ်းခြောက် နေပြန်သည်။
ကျိုးမင်ချန့် လည်း ဒေါသထွက်သွားသည်။ သူက ကျန်းလန် ကို လက်သီးဖြင့် ပြန်၍ ထိုးကြိတ်လိုက်ပြီး ဆဲဆိုလိုက်သည်။
“မင်းလို သောက်ရူးက ငါ့ကို ရိုက်ရဲတယ်...ဟုတ်လား...”
ဤသို့ဖြင့် နှစ်ယောက်သား အပြင်းအထန် ရန်ဖြစ်ခဲ့ကြလေသည်။
လူတစ်ယောက်သည် စိတ်ထွေပြားပြီး ဒေါသစိတ်များ ဖုံးလွှမ်းသွားပါက အမှားအမှန်ကို ခွဲခြားသိနိုင်စွမ်းလည်း မရှိကြတော့ပေ။
ကျန်းလန် စိတ်ဆိုးသွားပြီး သူ့လက်သီးဒဏ်ကြောင့် လဲကျသွားသည့် ကျိုးမင်ချန့် ကို ဆက်တိုက် လက်သီးဖြင့် ထိုးနေလေတော့သည်။ ထိုး၍ အားရသွားသည့်အခါမှ ကြမ်းပြင်ပေါ်တွင် အသက်မဲ့ ရုပ်သေးရုပ် ကဲ့သို့ မလှုပ်မယှက် ဖြစ်နေသော ကျိုးမင်ချန့် ကို သူ တွေ့လိုက်ရသည်။
"ဟေ့ကောင် ကျိုးမင်ချန့်...."
ကျန်းလန် က ကျိုးမင်ချန့် ၏ မျက်နှာကို ပုတ်၍ ခေါ်လိုက်သော်လည်း နိုးမလာပေ။
ထိုအခါ ကျန်းလန် စိတ်ထဲတွင် ကြောက်စရာကောင်းသည့် အတွေးတစ်ခု ပေါ်လာလေသည်။
' ကျိုးမင်ချန့် သေသွားပြီလား...'
ကျန်းလန်က ကျိုးမင်ချန့် ၏ နှလုံးခုန်သံကို နားထောင်လိုက်ရာ နှလုံး ခုန်သံမှာ မကြားရတော့ပေ။
ကျန်းလန် သည် ကြမ်းပြင်ပေါ်တွင် စိတ်ပျက် လက်ပျက် ဆောင့်ကြောင့် ထိုင်ချလိုက် သည်။ သူ့နားထဲတွင် ဗုံကြီးတီးနေသကဲ့သို့ တုန်ခါနေကြပြီး အသိစိတ်လွတ်၍ ရူးမတတ် ဖြစ်သွားရသည်။
'သွားပြီ...ငါ လူသတ်လိုက်ပြီ...'
ကျန်းလန် သည် သစ်သားတုံးကဲ့သို့ မလှုပ်မယှက် ကြမ်းပြင်ပေါ်တွင် ထိုင်နေမိသည်။
အတန်ကြာသောအခါ အခန်းထဲတွင်
အနံဆိုးကြီး နံလာသဖြင့် လှည့်ပတ်ကြည့်လိုက်ရာ ကျိုးမင်ချန့် ၏ ဘောင်းဘီမှာ စိုနေသည်ကို တွေ့လိုက်ရလေသည်။ လူများ သေဆုံးသွားသည့်အခါ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ပြေလျော့သွားသဖြင့် ကျိုးမင်ချန့် သည်လည်း ဆီးအိတ်အတွင်းရှိ ဆီးကို မထိန်းနိုင်တော့ပေ။
အခန်းထဲတွင် ဆီးနံ့ နှင့် အညစ်အကြေးနံ့များ လှိုင်နေသဖြင့် ကျန်းလန် စိတ်မသက်မသာ ဖြစ်ရလေသည်။ ကျန်းလန် က ဖုန်းကို ထုတ်၍ နာရီကြည့်လိုက်ရာ ည ၁၀ နာရီ ၄၂ မိနစ်ရှိပြီ ဖြစ်သည်။
ကျန်းလန်သည် ကြမ်းပြင်ပေါ်တွင် အတန်ကြာထိုင်ပြီးနောက် သူ့စိတ်အစဉ်မှာ တဖြည်းဖြည်း သတိဝင်လာလေသည်။ ယခုအချိန်သည် နွေရာသီဖြစ်၍ ကျိုးမင်ချန့် ၏ အလောင်းသည် နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း လူသေနံ့ထွက်လာမည် ဖြစ်သည်။ကျောင်းသားအဆောင်တွင် အခန်းများမှာ အလွန်နီးကပ်နေသဖြင့် အလောင်းနံ့ ထွက်လာသည်နှင့် ဖုံးကွယ်၍ ရမည်မဟုတ်ပေ။
ကျန်းလန်သည် သူ ယခင်ကကြည့်ဖူးသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကားကို ရုတ်တရက် သတိရသွားသည်။ ထိုရုပ်ရှင်ထဲတွင် အလောင်းကို ဖျောက်သည့်အခါ အပိုင်းပိုင်း ခုတ်ထစ်လိုက်ပြီး ညသန်းခေါင်တွင် မီးရှို့ခြင်း သို့မဟုတ် မြစ်ထဲသို့ ပစ်ချခြင်း စသည်တို့ ပြုလုပ်ခဲ့ကြသည်။
ခုတ်ထစ်ရမယ်လား...
ကျန်းလန် ဆက်မတွေးဝံ့တော့ပေ။
ဤနည်းဖြင့် သူသည် နံနက် ၄ နာရီအထိ ငုတ်တုတ်ထိုင် နေမိသည်။
ထို့နောက် ကျန်းလန် သည် တောင့်တင်းနေသော ခြေထောက်များကို ဟိုဒီလှုပ်ရှားလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်ရင်း တွေးနေမိပြန်သည်။
' ငါဘာလုပ်ရမလဲ...ဘာလုပ်ရမလဲ... ထောင်ကျခံရမလား... မဟုတ်ဘူး... ထောင်ကျသွားရင် ငါ့ဘဝက ပြီးသွားမှာပေါ့...ဘာလို့ ငါ့မှာမှ ဒီလိုတွေ ဖြစ်ရတာလဲကွာ...'
ကျန်းလန် သည် ချောမွေ့စွာ ဘွဲ့ရပြီး လစာကောင်းသည့် အလုပ်တစ်ခုကို လုပ်ခွင့်ရချင် မိလေသည်။ကျောင်းသားတစ်ယောက် အတွက် ရိုးရှင်းလှသည့် ဆန္ဒလေးသည် သူ့အတွက် အဘယ်ကြောင့် မပြည့်ရသနည်း။
မနက်စောစောတွင် ကျန်းလန်သည် မျက်နှာသစ်မနေတော့ဘဲ ဆရာမဖြစ်သူ ပရော်ဖက်ဆာ ယန် နှင့် တွေ့ဆုံရန် စမ်းသပ် အဆောက်အဦးသို့ သွားလိုက်လေသည်။
ကျန်းလန်သည် သူကျူးလွန်ခဲ့သော လူသတ်မှု၏ အကြောင်းရင်းကို မိဘများထံ ပြောပြရန် ခွန်အားမရှိပေ။ မနေ့ညက အခန်းထဲတွင် ထိုင်၍ တစ်ညလုံး တွေးနေခဲ့ပြီး မနက်စောစောတွင် ပါမောက္ခယန်နှင့် တွေ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
ကျန်းလန် သည် ထောင်ကျခံရန်အဆင်သင့်ဖြစ် နေသော်လည်း တာဝန်ရှိသူများက မဖမ်းခင် ပရော်ဖက်ဆာ ယန်ကို ပြောပြချင်သေးသည်။
ပရော်ဖက်ဆာ ယန် သည် ထက်မြက်သူတစ်ယောက်ပီပီ ဤပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည့်မိလေသည်။ ကျိုးမင်ချန့် ကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်း မဟုတ်ဘဲ စိတ်ခံစားချက်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွား၍ သူ သတ်ပစ်ခဲ့ခြင်းသာ ဖြစ်လေသည်။
ကျန်းလန် ဓာတ်ခွဲခန်းသို့ လျှောက်သွားလိုက်သည်။ ဓာတ်ခွဲခန်းတွင် pH. D တက်နေသော စီနီယာ အစ်မတစ်ဦးသာ ရှိနေလေသည်။
"အစ်မ...ပရော်ဖက်ဆာ ယန် ဘယ်မှာလဲ..."
ကျန်းလန် သည် တစ်ညလုံး မအိပ်ခဲ့ရသဖြင့် သူ့အသံမှာ အတော်ပင် တုန်ယင်နေလေသည်။
ထိုအစ်မသည် စမ်းသပ်မှု အပေါ် အာရုံစိုက်နေစဉ် ကျန်းလန်၏ အသံကို ကြားလိုက်သောအခါ သူမ ထိတ်လန့်သွားရသည်။
"မောင်လေး ဘာဖြစ်နေတာလဲ...မင်းကြည့်ရတာ နေမကောင်းဘူးနဲ့ တူတယ်...”
ကျန်းလန် က လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး သူ့မျက်နှာကို အနည်းငယ် ပြေပြစ်သွားအောင် ပြုံးလိုက်သည်။
"အိုး... မနေ့က တစ်ညလုံး စာတမ်းကို အာရုံစိုက်နေတာနဲ့ မအိပ်ဖြစ်လိုက်ဘူး..."
"စာတမ်းက အရေးကြီးပေမယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာပေါ့...”
“ပရော်ဖက်ဆာ ယန် ဘယ်မှာလဲဟင်..သူမနဲ့ အရေးတကြီး ကိစ္စပြောစရာ ရှိလို့ပါ..."
“ပရော်ဖက်ဆာ ယန် က ဒီဘက်ဘေးက ဓာတ်ခွဲခန်းငယ်လေးထဲမှာ... သူမ စမ်းသပ်မှု အသစ် နဲ့ အလုပ်ရှုပ်နေတယ်... လောလောဆယ်တော့ သူမကို မတွေ့သေးတာ ကောင်းမယ်..."
ကျန်းလန် က ခေါင်းညိတ်ပြပြီး ဘေးအခန်းသို့ လျှောက်သွားလိုက်သည်။
ယန်ဟန်သည် သူမ၏ ဓာတ်ခွဲခန်းငယ်ကို လော့ခ်ချထားလေသည်။ ကျန်းလန် သည် မှန်ပြတင်းပေါက်မှနေ၍ ကြည့်လိုက်ရာ လက်နက်တစ်ခုကို ကိုင်ထားပြီး ကြွက်ဖြူကို ဆေးထိုးနေသည့် ယန်ဟန်ကို တွေ့လိုက်ရသည်။
ကျန်းလန် တံခါးခေါက်မည် ပြုစဉ် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
ကြွက်ဖြူကို ဆေးထိုးနေစဉ် အဘယ်ကြောင့် လက်နက်တစ်ခုကို ကိုင်ထားရသနည်း ဆိုသည်ကို တွေးမရဖြစ်နေမိသည်။
Xxxxxx
Chapter 44
ယန်ဟန်သည် ကာကွယ်ဆေးထိုးထားသော ကြွက်များကို လှောင်အိမ်ထဲတွင် ထည့်ထားလိုက်ပြီး တစ်မိနစ်မပြည့်မီ ကြွက်များမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားပြီး လဲသွားလေသည်။ ခဏအကြာတွင် ယန်ဟန်သည် စမ်းသပ်မှု မှတ်စုစာအုပ်တွင် ရလဒ်များကို မှတ်နေစဉ် လှောင်အိမ်အပြင်ဘက်ရှိ ကြွက်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။
ကျန်းလန် နှင့် ဓာတ်ခွဲခန်းရှိ ကြွက်များမှာ အလှမ်းဝေးနေသောကြောင့် သူသည်ကြွက်ဖြူ၏ ပြောင်းလဲမှုများကို သဲသဲကွဲကွဲ မမြင်ရပေ။ နောက် ဆယ်မိနစ်ခန့်အကြာတွင် လဲနေသော ကြွက်တစ်ကောင်သည် ရုတ်တရက် ရန်လိုလာကာ ယန်ဟန်ကို သံလှောင်အိမ်အား တဝုန်ဝုန်း တိုက်နေပြီး ယန်ဟန်ကို ကိုက်မည်ပြုလိုက်သည်။
ထို့နောက် ယန်ဟန်သည် သံလှောင်အိမ်အား အနက်ရောင် အ၀တ်စဖြင့် ဖုံးအုပ်လိုက်ရာ သံလှောင်အိမ်ထဲမှ ကြွက်မှ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ထို့နောက် သူမက စမ်းသပ်မှု မှတ်စုစာအုပ်ကို ကောက်ကိုင်လိုက်သောအခါ စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာလေသည်။
ရုတ်တရက် ဖုန်းခေါ်သံကြောင့် ကျန်းလန် လည်း အနည်းငယ်လန့်သွားပြီး အမြန်လှည့်ထွက်ကာ အခြားဓာတ်ခွဲခန်းဘက်သို့ လျှောက်သွားလိုက်သည်။
ထို့နောက် ယန်ဟန်က ဖုန်းကိုင်လိုက်ပြီး ဓာတ်ခွဲခန်း တံခါးကို သော့မခတ်ဘဲ ထွက်သွားလေသည်။
ကျန်းလန် သည် ယန်ဟန် ထွက်သွားသည်ကို အခွင့်ကောင်းယူကာ ဓာတ်ခွဲခန်းထဲသို့ အမြန်ဝင်လိုက်ပြီး ကြွက်ဖြူလှောင်အိမ်ကို ဖုံးအုပ်ထားသည့် အနက်ရောင် အဝတ်စကို ဖယ်ရှားလိုက်သည်။
ကြွက်ဖြူလေးသည် အလင်းရောင်ကိုမြင်သောအခါ ချက်ချင်းပင် ဒေါသထွက်လာပြီး သံလှောင်အိမ်အား ကိုယ်လုံးနှင့် ပစ်ပစ်ဆောင့်နေတော့သည်။ ကျန်းလန် အံ့အားသင့်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၍ ခက်လှမ်းလှမ်းမှပင် ကြွက်ဖြူကို ဂရုတစိုက် စောင့်ကြည့်နေလေတော့သည်။
များမကြာမီ ကြွက်ဖြူ၏ အမွှေးအမျှင်များမှာ ကျွတ်ထွက်သွား၍ တစ်ကိုယ်လုံး သွေးထွက်နေသော ဒဏ်ရာများ ဖြစ်လာပြီး မျက်လုံးမှာလည်း နီရဲနေလေသည်။ ဤကြွက်ဖြူ ကလေးသည် သူမြင်ဖူးသော ဇွန်ဘီရုပ်ရှင်များမှ ဇွန်ဘီများနှင့် အလွန်တူနေသည်။
ကျန်းလန် သည် ယန်ဟန် ဘယ်အချိန် ပြန်လာမည်ကို မသိသောကြောင့် ကြွက်ဖြူကို ဆက်မကြည့်တော့ဘဲ အနက်ရောင် အဝတ်စကို ပြန်အုပ်ထားလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် တင်ထားသော စမ်းသပ်မှု မှတ်စုစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။
စမ်းသပ်မှု မှတ်စုစာအုပ်မှာ အလွန်ထူသောကြောင့် ကျန်းလန်က ရှေ့မှ အချက်အလက်များကို လှန်မကြညတော့ဘဲ နောက်ဆုံး စာမျက်နှာတွင် ရေးထားသော နိဂုံးကိုသာ ဖတ်ကြည့်လိုက်သည်။
R ဗိုင်းရပ်စ် ထိုးသွင်းထားသည့် ကြွက်သည် မိနစ်အနည်း ငယ်အတွင်း အောက်ပါ အပြောင်းအလဲများ ရှိလာသည်-အမွှေးများ ကျွတ်ထွက်ခြင်း၊ သူငယ်အိမ်များမှာ တိမ်ဖုံးနေသကဲ့သို့ အဖြူနှစ်ရောင် ပေါက်လာခြင်း၊ ခန္ဓာကိုယ်တွင်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော သွေးထွက်နေသည့် ဒဏ်ရာများ ဖြစ်လာခြင်း၊ နေရောင်အထိမခံနိုင်ဘဲ နေရောင် မရှိတော့ပါက ရန်လိုမှုများ သိသိ သာသာ လျော့ကျသွားခြင်း။
R ဗိုင်းရပ်စ်ဆိုပါလား....
ကျန်းလန် သည် ကျန်စာမျက်နှာများကိုလှန်လှောကြည့် လိုက်သော်လည်း R ဗိုင်းရပ်စ် ထုတ်ဖော်ပုံကို မတွေ့ရပေ။
ကျန်းလန် သည် ပိုးမွေးရန် အသုံးပြုသည့် ဖန်ပြားကလေးများနှင့် ဘက်တီးရီးယားများကို သိုလှောင်ရန် အသုံးပြုသည့် ရေခဲသေတ္တာကို သွားကြည့်လိုက်သည်။ ရေခဲသေတ္တာထဲတွင်အေးခဲနေသည့် စမ်းသပ်ပြွန် တစ်ခုကို သူ တွေ့လိုက်ရ၏။ ထိုစမ်းသပ်ပြွန်တွင် R ဟု ရေးထားသော တံဆိပ်တစ်ခု ကပ်ထားလေသည်။
ဤဖန်ပြွန်ထဲတွင် R ဗိုင်းရပ်စ် ထည့်ထားခြင်း ဖြစ်နိုင်သည်။
ကျန်းလန် သည် စမ်းသပ်ပြွန်ကို သတင်းစာဖြင့် ထုပ်၍ ယူလာပြီး ဓာတ်ခွဲခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ သူ အဆောင်သို့ သွားရာလမ်းတွင် အခန်းဖော်သူငယ်ချင်း ထန်ယန် ထံမှ မက်ဆေ့ချ် တစ်စောင် ဝင်လာလေ၏။
"ကျန်းလန် မင်း ကျောင်းမှာလား... ကျိုးမင်ချန့် က ငါတို့ အခန်းထဲမှာ သေနေတယ်ကွ... ငါ ရဲကို ခေါ်လိုက်ပြီ... အခု ရဲတွေက ငါတို့ အဆောင်ထဲမှာ သက်သေတွေ လိုက်ရှာနေတယ်...မင်း အခု အဆောင်ကိုလာပြီး ရဲတွေကို သိသမျှ ပြောပြလိုက်ဦး..."
ကျန်းလန် က ခြေလှမ်းကိုရပ်လိုက်ပြီး ဖုန်းစခရင်ပေါ်ရှိ မက်ဆေ့ချ်ကို စိုက်ကြည့်နေမိသည်။
ထန်ယန် ၏ “ရဲတွေ ရောက်နေကြပြီ...”
ဆိုသည့် စကားက သူ၏ နောက်ဆုံးအခွင့်အရေးများနှင့် မျှော်လင့်ချက်များကို လုံးဝ ဖြတ်တောက် ပစ်လိုက်လေသည်။ ကျန်းလန်က ကျောင်းမှ ဆရာများနှင့် ကျောင်းသားများရှေ့တွင် ရဲများက သူ့ကို လက်ထိပ်ခတ်ပြီး ရဲကားထဲ ခေါ်သွားသည့် ပုံစံကို မြင်ယောင်ကြည့်မိသည်။ ထိုမြင်ကွင်းကို ရုပ်ရှင် နှင့် တီဗီစီးရီးများတွင် အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ကြည့်ဖူးသော်လည်း ထိုမြင်ကွင်းက သူ့အတွက် ဖြစ်လာလိမ့်မည် ဟု ဘယ်သောအခါကမှ မတွေးမိခဲ့ပေ။
အကယ်၍ သားဖြစ်သူက လူသတ်ပြီး ထောင်ကျသွားမှန်းကို မိဘများ သိသွားပါက ယူကျုံးမရ ဖြစ်ကြပေလိမ့်မည်။ ထို့အပြင် မိဘနှစ်ပါးစလုံးသည် အသက် ၅၀ကျော်ပြီဖြစ်၍ တစ်ဦးတည်းသော သားဖြစ်သည့် လျန့်ကျန်းကိုသာ မှီခိုရမည် ဖြစ်သည်။ ယခု သူသည် ကျေးဇူး မသိတတ်သည့် သားတစ်ယောက် ဖြစ်လေပြီ။
ကျန်းလန်က ဝမ်းနည်းစွာ ငိုကြွေးနေရင်း လက်ထဲက စမ်းသပ်ဖန်ပြွန်ကို ကြည့်၍ စိတ်ထဲတွင် မေးခွန်းများစွာ ပြည့်နှက် လာကြတော့သည်။
' ပရော်ဖက်ဆာ ယန် က ရုပ်ရှင်တွေထဲကလို ဇီဝဓာတု စမ်းသပ်မှုတွေကို လုပ်ထားတာလား...ဒီ R ဗိုင်းရပ်စ်က ရုပ်ရှင်ထဲကလို ကမ္ဘာကြီးကို အဆုံးသတ်သွားမှာလား... ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လိုဖြစ်လာမှာလဲ...ရုပ်ရှင်ထဲကအတိုင်း ဖုတ်ကောင်တွေ ဝိုင်းဝိုင်းလည်နေမှာလား..."
အကယ်၍ ယခုချက်ချင်း ကမ္ဘာကြီး ဆုံးခန်းတိုင် သွားပါက ယခု သူကျူးလွန်ထားသည့် လူသတ်မှုသည် ပြဿနာဖြစ်မည် မဟုတ်တော့ပေ။
လူတော်တော် များများက ထိုကဲ့သို့ အတွေးမျိုး တွေးဖူးကြပေမည်။
လူတစ်ချို့သည် စိတ်ဆင်းရဲစရာ အကြောင်းကိစ္စများ ကြုံတွေ့ရသည့်အခါ ရူးကြောင်ကြောင် အတွေးများ တွေးမိတတ်ကြသည်။
'အခုနေများ ကမ္ဘာကြီး အဆုံးသတ်သွားရင် ငါလုပ်မိတဲ့ ပြဿနာက ဘာမှ မဟုတ်တော့ဘူး...အဲ့ဒီအခါကျရင် လူတိုင်း၊လူတိုင်း အတူတူ ဖြစ်သွားကြမှာပဲ..."
သူတို့က ထိုအကြောင်းကို တွေးရုံသာတွေးပြီး အကောင်အထည် မဖော်ခဲ့ကြသော်လည်း ကျန်းလန် ကမူ သူ၏ အတွေးများကို လက်တွေ့ အကောင်အထည် ဖော်ခဲ့လေသည်။
အခြေအနေ ပေးနေသမျှ လူတိုင်းလူတိုင်း ဒုစရိုက်မှုကို ကျူးလွန်နေကြမည် ဆိုသော ဆိုရိုးစကားသည် မှန်ကန်လှပေသည်။
ကမ္ဘာကြီး၏ အဆုံးသတ်ကို စိတ်လှုပ်ရှားစွာ တွေးနေရင်း ကျန်းလန် သည် လက်ထဲမှ စမ်းသပ်ဖန်ပြွန်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေတော့သည်။
ထိုနေ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ဖြစ်ပြီး ထိုအချိန်မှစ၍ ဇွန်ဘီဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
R ဗိုင်းရပ်စ်သည် ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းဖြင့် ၃ရက်အတွင်း တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး တစ်လအတွင်း တစ်ကမ္ဘာလုံး ပျံ့နှံ့သွားခဲ့လေသည်။
Xxxxxxxx