Chapter 45
ယန်ဟန်သည် ဇွန်ဘီဘုရင် သေ ၊မသေကို မသိရသဖြင့် သူ့ကိုရှာရန် ကျွန်းဧရိယာသို့ မသွားဝံ့သောကြောင့် သူမတို့အတူ ပုန်းအောင်းခဲ့သော မြေအောက် ကားပါကင်သို့ ပြန်သွား၍ စောင့်နေခဲ့သည်။ သူမသည် မြေအောက်ကားပါကင်တွင် နှစ်ရက် ၊ သုံးရက်ကြာအောင် စောင့်ခဲ့သော်လည်း ဇွန်ဘီဘုရင်မှာ ပေါ်မလာသေးပေ။
ယန်ဟန် သည် ဖြစ်နိုင်ခြေများကို တွေးနေရင်း မြေအောက် ကားပါကင်၏ အခန်းငယ်လေးတွင် အထီးကျန်စွာဖြင့် ကြောင်စီစီ ထိုင်နေမိသည်။ ယန်ဟန်သည် သူမကိုယ်သူမ ဇွန်ဘီဘုရင်ကို သွယ်ဝိုက်၍ သတ်ခဲ့သည် ဟု အပြစ်တင်နေမိသည်။
ယန်ဟန်သည် မြေအောက်ကားပါကင်တွင် ပုန်းအောင်းနေသည့် ၄ရက်မြောက်နေ့တွင် ယွင်ကျင့်မြို့မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။ သူမသည် ဇွန်ဘီတစ်ကောင်ဖြစ်ပြီး နေကိုပင် မမြင်ရသော ပိုးကောင် တစ်ကောင်မဟုတ်ပေ။ထို့ကြောင့် သူမ မည်သည့်အကြောင်းနှင့်မျှ ပုန်းအောင်း၍ မနေချင်တော့ပေ။
မြေအောက်ခန်းတွင် ပုန်းအောင်းနေရာမှ ထွက်လာနိုင်ရန်မှာ ကျီကျောက်ယန်ကို သတ်ပစ်ခြင်း သို့မဟုတ် ကျွန်းသို့ ထွက်ပြေးခြင်း စသည့်နည်းလမ်း နှစ်မျိုးသာ ရှိလေသည်။
ပထမနည်းသည် မဖြစ်နိုင်သည့် ကိစ္စဖြစ်ပြီး ဒုတိယနည်းမှာ အန္တရာယ်ရှိသည်။ ယွင်ကျင့် မြို့မှ ထွက်ခွာရန် နည်းလမ်း နှစ်သွယ်ရှိပြီး တစ်နည်းမှာ အနောက်တောင်ဘက်ရှိ အခြားမြို့များသို့သွားရန်ဖြစ်ပြီး နောက်တစ်နည်းမှာ ကျွန်းသို့ လှေလှော်၍ သွားရန်ဖြစ်သည်။ ယန်ဟန်က အတန်ကြာ စဉ်းစားပြီးသည်နှင့် ကျွန်းကိုသွားရန်သာ ဆုံးဖြတ်လိုက်လေသည်။
ကျွန်းကို သွားရန် သင်္ဘောဆိပ်ကို အရင် သွားရပေမည်။ ယွင်ကျင့် မြို့ရှိ သင်္ဘောဆိပ်များမှာ အခြေခံအားဖြင့် ခရိုင်နှစ်ခုတွင် သာရှိပြီး တစ်ခုမှာ ကျွန်းဧရိယာပြီး ကျန်တစ်ခုမှာ လင်းကျိုး ဒေသဖြစ်သည်။ ကျွန်းဧရိယာကို သွား၍ မဖြစ်နိုင်သောကြောင့် ယန်ဟန်သည် လင်းကျိုး ဒေသသို့သာ သွားရမည် ဖြစ်လေသည်။
သို့သော် လင်းကျိုး ဒေသသည် ကျွန်းဧရိယာနှင့် လွန်စွာနီးကပ်နေပြီး ယွင်ကျင့်မြို့ရှိ သင်္ဘောဆိပ် များနှင့်လည်း မဝေးလှပေ။ထို့ကြောင့် လင်းကျိုး ခရိုင်ကို သွားခြင်းသည် ကျွန်းဧရိယာကို သွားခြင်းနှင့် မထူးခြားနားပင် ဖြစ်သည်။
ယန်ဟန်သည် ကျီကျောက်ယန် က သူမဆီသို့ ပြေးလာနေသော အမြန်နှုန်းကို ကောင်းကောင်း မှတ်မိသေးသည်။ ထို့အပြင် ကျီကျောက်ယန် ၏ ပုံစံအရ သူမကို မသတ်ဘဲ လွှတ်ထားမည်မဟုတ်ကြောင်း ထင်ရှားလေသည်။
မြေအောက်ကားပါကင်ရှိ အခန်းငယ်လေးတွင် ထိုင်ရင်း လင်းကျိုး ဒေသရှိ သင်္ဘောဆိပ်သို့သွားမည့် လမ်းကြောင်းကို အသေအချာ တွက်ချက်လိုက်သည်။ နောက်ဆုံးတွင် သူမ ကျွန်းဧရိယာနှင့် အဝေးဆုံးသင်္ဘောဆိပ်ကိုသာ ရွေးချယ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမသည် ကျွန်းဧရိယာနှင့် ဝေးပြီး ကျီကျောက်ယန် အန္တရာယ်မပြုနိုင်မည့် ယွင်ကျင့် မြို့ရှိ သင်္ဘောဆိပ်ကို အသေအချာ ရွေးရပေမည်။
ထိုအကြောင်းကို ပြောရလျှင် သူမ ဇွန်ဘီဖြစ်လာသည့် အချိန်ကတည်းက ယွင်ကျင့် မြို့အနှံ့ လှည့်လည် သွားလာခဲ့သည်။ ထို့ကြောင့် ယွင်ကျင့် မြို့၏မြေမျက်နှာသွင်ပြင်နှင့် အလွန်ရင်းနှီးပြီး လမ်းပျောက်မည်ကို မပူရပေ။
သို့သော်လည်း ယွင်ကျင့်မြို့၏ လမ်းများကိုသာ သိပြီး ကျေးလက်ဒေသ များကိုမူ မသိပေ။
ထို့ကြောင့် ကျွန်းပေါ်တွင် လမ်းပျောက်သွားပြီး ဟန်ခိုင် ကို ရှာမတွေ့ပါက အခြေအနေဆိုး သွားနိုင်သည်။
ယခု သူမက ရှင်းဖျင်း ဒေသတွင် ရှိနေခြင်း ဖြစ်သည်။ ဘေးကင်းလုံခြုံရန်အတွက် သူမသည် ယွင်ကျင့်မြို့နှင့် အဝေးဆုံးလမ်းကို အသုံးပြုကာ လင်းကျိုး ခရိုင်ရှိ သင်္ဘောဆိပ်သို့ သွားရန် ဆုံးဖြတ်ထားလေသည်။ ရှင်းဖျင်း ခရိုင်မှ စထွက်ပြီး ယီနင်း ခရိုင်နှင့် ရှီကျိုး ခရိုင်ကို ဖြတ်ပြီးမှ လင်းကျိုးခရိုင် သို့ရောက်မည် ဖြစ်လေသည်။ မူလက သူမသည် ယွင်ကျင့် မြို့ကို တစ်ပတ်ပတ်ရန် စီစဉ်ထားသော်လည်း အသက်အန္တရာယ်နှင့် ဘေးကင်းရေးအတွက် ထိုသို့ မပြုလုပ်ဝံ့တော့ပေ။
ယန်ဟန် သွားမည့်လမ်းကြောင်းကို အစီအစဉ် ဆွဲပြီးသောအခါ အလျင်စလို မထွက်သေးဘဲ နောက်ထပ် အစီအစဉ်များ အကြောင်း တွေးနေသေးသည်။
ဉာဏ်ရည် ထက်မြက်သူများသည် အလုပ်တစ်ခု လုပ်သည့်အခါ အဆင်ပြေအောင် ပြင်ဆင်ရုံနှင့် မပြီးသေးပေ။ကောက်ကျစ်တတ်သည့် ယုန်များကိုလည်း လက်ဦးမှု ရယူထားရပေမည်
လင်းကျိုး ဒေသရှိ သင်္ဘောဆိပ်ကိုရောက်သည့်အခါ ကျီကျောက်ယန် ကိုတွေ့ပါက သူမ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤကိစ္စသည် သူမအတွက် အလွန်အရေးကြီးပြီး သေချာပေါက် အသက်ရှင်ရမည့် နည်းလမ်းကို ကြံစည်ရပေမည်။
သို့သော်လည်း ဤအသက်ရှင်နည်း ဗျူဟာမှာ အဖြေရှာရန် မလွယ်ကူပေ။အကယ်၍ လွယ်ကူခဲ့ပါက ဇွန်ဘီဘုရင်လည်း သေရမည်မဟုတ်ပေ။
သူမ မြေအောက်ကားပါကင်တွင် ရက်အတော်ကြာနေခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေရှာမရခဲ့ပေ။
ကျီကျောက်ယန် သည် ကောင်းစွာ တိုက်ခိုက်နိုင်ပြီး ဇွန်ဘီများကို ထိန်းချုပ်နိုင်သဖြင့် သူမ အသက်ရှင်သန်ရန် မည်သည်တို့ လိုအပ်သည်ကို မတွေးတတ်တော့ပေ။
နောက်ဆုံးတွင် ယန်ဟန် အချိန်ဆွဲမနေတော့ဘဲ မြေအောက်ခန်းထဲမှ ထွက်လာရန် ဆုံးဖြတ်လိုက်လေတော့သည်။အလင်းရောင်မရှိသည့် မြေအောက်ခန်းထဲတွင် နေ၍ အတွေးများသာ တွေးမနေချင်တော့ပေ။
ထို့နောက် ယန်ဟန်သည် ကုန်တိုက်တွင် သူမကို လုံခြုံအောင် ဖုံးပေးနိုင်သည့် အင်္ကျီတစ်ထည်ကို ရှာလာခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ထိုအင်္ကျီကို ဝတ်၍ ထွက်လာလေသည်။သူမ လမ်းပျောက်မည်စိုး၍ မြေပုံအကြမ်း တစ်ခုကိုလည်း အထူးပြုလုပ်ခဲ့သည်။ သို့ရာတွင် အခြားသော ဇွန်ဘီများရှေ့တွင် မြေပုံကို ပြောင်ပြောင် တင်းတင်း မကြည့်ဝံ့ဘဲ ပုန်းကွယ်ပြီး တိတ်တဆိတ်သာ ကြည့်ရလေသည်။
ယန်ဟန် ၏ စိတ်အစဥ်တို့သည် ပတ်ဝန်းကျင်ပေါ် မူတည်၍ အကြံဉာဏ်ကောင်းများ ထုတ်နေပြီး သူမ၏ အမူအရာများမှာ အရာရာတိုင်းတွင် ပို၍ သတိထား ပြုမူလာသည်။
သူမ၏ ဟန်ပန် အမူအရာတို့မှာ ဇွန်ဘီများနှင့် မတူဘဲ လူသားများနှင့် တူနေသည်ကို ယခုထိ သူမကိုယ်တိုင် သတိမထားမိသေးပေ။
ယန်ဟန်က နေ့ခင်းဘက်တွင် အမြန် ပြေး၍ ခရီးဆက်ပြီး မှောင်လာသည်နှင့် တပြိုင်နက် အိပ်ရန် နေရာရှာရသည်။ နေ့ရက်များသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး လမ်းပေါ်တွင် အချိန် မည်မျှကြာအောင် နေထိုင်သည်ကို သူမ မရေတွက်နိုင်တော့ပေ။
ပင်လယ်ကမ်းစပ်နှင့် နီးလာသဖြင့် ကမ်းခြေ၏ အအေးဓာတ်ကို လေထုနှင့် ထိတွေ့နေသော သူမ၏ အရေပြားမှ တဆင့်သာ ခံစားမိလေသည်။
ယန်ဟန် နေ့စဥ် နေ့တိုင်း တတ်နိုင်သမျှ မြန်မြန်ပြေးလေသည်။ အချိန်ကြန့်ကြာ သွားသည်နှင့် ရှုပ်ထွေးလာနိုင်သဖြင့် အချိန်မဆွဲဝံ့ပေ။
'ကျီကျောက်ယန် က သူ့ပိုင်နက်ကို တဖြည်းဖြည်း တိုးချဲ့မှာလား... ပြီးတော့ သူ့ရဲ့ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်စွမ်းက ပိုအားကောင်း လာမှာလား.. သူကျွန်းဧရိယာမှာမနေဘဲ ဒီက ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ရင် ငါဘယ်လိုလုပ်ရပါ့မလဲ...'
ယန်ဟန် သည် အထက်ပါ အကြောင်းအရာများကို နေ့တိုင်း တွေးမိလေသည်။ လမ်းပေါ်တွင် ဖြစ်သလို နေထိုင်ရစဉ် သူမသည် ကျီကျောက်ယန်၏ နောက်ထပ်အစီအစဉ်ကို စဉ်းစားနေခဲ့သော်လည်း ရေရေရာရာ မတွေးနိုင်ပေ။
Xxxxxxxx
Chapter 46
ယန်ဟန်သည် ရှီကျိုး ဒေသသို့ သွားသည့် ဒုတိယမြောက်ညတွင် လူစိမ်းတစ်ယောက်နှင့် တွေ့ခဲ့ရသည်။
ထိုနေ့က သူမသည် ခါတိုင်းကဲ့သို့ ညဘက်တွင် အိပ်စရာနေရာ ရှာနေစဉ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို သူမထက်ပင် လုံခြုံစွာ ၀တ်ဆင်ထားသော ထူးဆန်းသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ဇွန်ဘီဗိုင်းရပ်စ်သည် သုံးနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး ယွင်ကျင့် မြို့၌ အသက်ရှင်ကျန်ရစ်သူတိုင်း ကျွန်းသို့ ထွက်ပြေးသင့်လေသည်။ သို့သော် ရှီကျိုး ဒေသတွင် သက်ရှိလူသားတစ်ဦးက မည်သို့
နေနိုင်သနည်း။
ယင်းက ယန်ဟန်၏ စိတ်ကို ချက်ချင်း နှိုးဆွလိုက်ပြီး အမှောင်ထဲတွင် လမ်းလျှောက်နေသည့် ထိုလူကို သူမ တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။
ယန်ဟန်က သူ့နောက်ကို အတန်ကြာလိုက်ချောင်းကြည့်ရာ သူသည် အကြောင်းမရှိ လျှောက်သွားနေခြင်းမဟုတ်ဘဲ အစားအစာ ရှာနေကြောင်း သိလိုက်ရသည်။ ထိုလူက စူပါမားကတ်တစ်ခုသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ ကမန်းကတန်း လိုက်သွားလေသည်။ ယန်ဟန်က မှန်ပြတင်းပေါက်မှ ကြည့်လိုက်ရာ စူပါမားကတ်အတွင်းတွင် ငြိမ်သက်နေကြသော ဇွန်ဘီအချို့ကို တွေ့လိုက်ရသည်။
ထိုလူကလည်း ဇွန်ဘီများကို တွေ့ပုံရသည်။
မြင်ရဲ့သားနဲ့ ဘာလို့ ဝင်သွားရတာလဲ...
ယန်ဟန် သည် မှန်ပြတင်းပေါက် အပြင်ဘက်တွင် ရပ်နေကာ ထိုလူ၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေရင်း မကြာမီပင် သူမ စိတ်ကို ပို၍ပင် ရှုပ်ထွေးသွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။
ထိုလူသည် စင်ပေါ်ရှိ သက်တမ်းမကုန်သေးသော ဆီသွတ်ဗူးများကို အေးဆေးစွာ ရွေးချယ်နေကာ ကျောပိုးအိတ်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်နေသော်လည်း သူ့ဘေးတွင် ရပ်နေသော ဇွန်ဘီများသည် မလှုပ်မယှက်သာ ဖြစ်နေသေးသည်။
'ဒီလူက ဇွန်ဘီတွေကို မမြင်တာလား...ဒါမှမဟုတ် စူပါမားကတ်ထဲက ဇွန်ဘီတွေက မျက်စိကန်းနေတာလား...သူတို့ဘေးက သက်ရှိလူတစ်ယောက်ကို မတွေ့ရဘူးလား...'
ယန်ဟန် စိတ်ရှုပ်ရှုပ် တွေးနေမိလေသည်။
ထိုလူသည် သူ့ကျောပိုးအိတ်ထဲသို့ ပစ္စည်းများကို ဖြည်းဖြည်းချင်း အေးအေး ဆေးဆေးထည့်ကာ စူပါမားကတ်မှ ထွက်လာသည်။ ယန်ဟန်သည် ဤလူ၏ အကြောင်းကို သိချင်သဖြင့် သူ့နောက်ကို တိတ်တဆိတ် လိုက်သွားပြန်သည်။
တကယ်တမ်းတွင် လူတစ်ယောက်က သူ့နောက်ကို လိုက်နေခြင်းကို သတိထားမိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။သို့သော် တစ်မြို့လုံးတွင် ဇွန်ဘီများရှိနေသဖြင့် နောက်ကလိုက်လာသူနှင့် ရန်ဖြစ်လိုက်ပါက အခြေအနေ ပိုဆိုးသွားနိုင်လေသည်။
ထို့ကြောင့် နောက်မှလိုက်လာသော လူအား လမ်းကြို ၊လမ်းကြား များမှတစ်ဆင့် ဝေးလံခေါင်သီသော နေရာတစ်ခုသို့ ခေါ်သွား၍ ရပ်လိုက်ပြီး နောက်ကိုလှည့်ကာ ထိုလူအား သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။
"မင်း ငါ့နောက်ကို လိုက်နေတာကြာပြီ... မင်း ငါ့ဆီက ဘာလိုချင်လို့လဲ... ငါကြိုပြောထားမယ်... ငါ့မှာလည်း စားစရာ အများကြီး မရှိလို့ မင်းကို မပေးနိုင်ဘူး...."
ထိုလူက အေးစက်စွာ ပြောလိုက်လေသည်။
ယန်ဟန်၏ မှန်းဆချက် မှန်သွားလေပြီ။ အနက်ရောင် ၀တ်ထားသူသည် အမှန်ပင် လူတစ်ယောက် ဖြစ်သည်။ ယန်ဟန်က သူ့ကို ပြန်မဖြေသဖြင့် ထိုလူက သူ့အသံကို အနည်းငယ် ထပ်မြှင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်ပြန်သည်။
“မင်း အ,နေတာလား...”
ယန်ဟန်က အသံမထွက်ဘဲ အတန်ကြာအောင် လက်ဟန်ဖြင့် ပြောဆိုနေလေသည်။ ထိုလူက စိတ်ရှုပ်ထွေးစွာ ပြောလိုက်၏။
“မင်းအဲ့ဒါ ဘာလုပ်တာလဲ...မင်းလုပ်နေတာက တရားဝင် လက်ဟန်ပြဘာသာ စကားလည်း မဟုတ်ဘူး...”
ထိုသူနှင့် ဆက်သွယ်ရန် နည်းလမ်း မရှိတော့သဖြင့် ယန်ဟန် က သူမ မည်သူမည်ဝါ ဖြစ်ကြောင်း ပြောပြရန် ဇွန်ဘီ တစ်ကောင်အတိုင်း အော်ပြလိုက်လေသည်။
ယန်ဟန်၏ အော်သံကို ကြားသောအခါ ထိုလူသည် သေနတ်ကို ပို၍ သတိကြီးစွာ ကိုင်ထားလိုက်ပြီး တုန်တုန်ယင်ယင် ပြောလေသည်။
"မင်းက ဇွန်ဘီလား..."
ယန်ဟန်က ခေါင်းညိတ်ပြလိုက်သည်။
သူမ ခေါင်းညိတ်လိုက်သည်ကို ကြည့်ပြီး ထိုလူမှာ အံ့သြတကြီး ဖြစ်သွားရလေသည်။
'ဒီဇွန်ဘီက လူတွေကို နားလည်နိုင်တာ ဖြစ်နိုင်ပါ့မလား....'
ထိုလူသည် ခဏတာ အံ့အားသင့်သွားပြီး မကြာမီ သူ့အသံက အနည်းငယ် တည်ငြိမ်စ ပြုလာလေသည်။
" ဟင်..စိတ်ဝင်စားစရာပဲ..."
ဇွန်ဘီ တစ်ကောင်က သူ့နောက်ကို တိတ်တဆိတ် လိုက်နေသော်လည်း သူ့ကို မကိုက်သည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
“မင်းလို ဇွန်ဘီ တစ်ကောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ... ဒီနေ့ ဒီသခင်လေးက စိတ်ကောင်းဝင်နေတော့ ငါမင်းကို မသတ်တော့ဘူး ...မင်းသွားလို့ရပြီ..."
ထိုလူသည် ယန်ဟန် ထွက်အသွားကို စောင့်ဆိုင်းနေသော်လည်း ယန်ဟန်က သူ့ကို မလှုပ်မယှက် ကြည့်နေဆဲပင်။
"ဟေ့ မင်းက ဘာလိုချင်လို့လဲ... ငါ မင်းကို ပြောပြီးပြီ မဟုတ်ဘူးလား..."
ယန်ဟန်က သူ့ကို လက်ဟန် ခြေဟန်ဖြင့် ပြောပြမေစဉ် ထိုလူက ဖြတ်ပြောလိုက်သည်။
“အဲ့လို အမူအရာတွေ မလုပ်နဲ့...ငါ နားမလည်ဘူး...”
ယန်ဟန်က သူ့ကို ရန်ပြုမည့်သူ မဟုတ်ကြောင်း သိသောကြောင့် သူမကို ကြောက်မနေတော့ပေ။
သူက အချိန်ကိုကြည့်လိုက်ရာ မနက် ၁ နာရီ မထိုးမီ တစ်မိနစ်သာ လိုတော့သဖြင့် ဤဇွန်ဘီမနှင့် အချိန်ကုန် မခံနိုင်တော့ဘဲ အိမ်ကိုသာ အမြန်ပြန်ချင် နေလေသည်။
“ဒါဆိုလည်း ဒီမှာနေချင် နေပေါ့... ငါအရင်သွားတော့မယ်..."
ထိုလူ၏ အသံဆုံးသွားသည်နှင့် တပြိုင်နက် ယန်ဟန်သည် ဗုန်းကနဲ မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားလေတော့သည်။
'ငါ့စကားတစ်ခွန်းက ဒီဇွန်ဘီမကိုတောင် လဲကျသွားစေရလား..."
"ဟေ့.. မင်းဘာဖြစ်တာလဲ..."
ထိုလူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယန်ဟန် ကို ခြေထောက်ဖြင့် ကန်ကြည့်လိုက်ရာ ယန်ဟန်သည် လူသေကောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်နေကြောင်း သူမြင်လိုက်ရသည်။
သူက နှုတ်ခမ်းမဲ့လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူပြန်လာလေသည်။ ထို့နောက် မြေပြင်ပေါ်တွင် လဲနေသော ယန်ဟန်ကို ဂရုတစိုက် ကြည့်လိုက်ရာ သူမသည် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် သတိလစ်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီဇွန်ဘီက မေ့လဲသွားတာလား...
ထူးဆန်းလိုက်တာ...
ထိုလူသည် ယန်ဟန် ဘေးတွင် ခဏရပ်ပြီးနောက် လှည့်ထွက်သွားသည်။ ဆယ်မိနစ်ခန့် အကြာတွင် အနက်ရောင်ကားတစ်စီးသည် ယန်ဟန် လဲနေရာ အနီးတွင် ရပ်လိုက်သည်။
ထိုလူက ကားပေါ်မှ ဆင်းပြီး ယန်ဟန် ကိုမ,၍ နောက်ဖုံးထဲသို့ ထည့်လိုက်ကာ ကားမောင်း ထွက်သွားခဲ့လေတော့သည်။
Xxxxxx