အပိုင်း ၄၇-၄၈
Viewers 6k

Chapter 47


နံနက်၄နာရီတွင် ယန်ဟန်နိုးလာပြီး ခန္ဓာကိုယ် တစ်ခုလုံး ချမ်းစိမ့်စိမ့် ဖြစ်နေကာ ရိုးတွင်းခြင်ဆီများအထိ အအေးဓာတ်က ဝင်ရောက်လာသည်ဟုပင် ခံစားရသည်။ သူမက တုန်တုန် ယင်ယင်နှင့် ထထိုင်လိုက်သည်။


အမှန်မှာ ယန်ဟန် သည် အေးစက်နေသည့် ကြမ်းပြင်ပေါ်တွင် အိပ်နေခြင်းကြောင့် ဖြစ်လေသည်။ သူမ သည်‌ သွေးပူသွားစေရန် အကြောဆန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ 


ယန်ဟန်သည် သူမနှင့် မရင်းနှီးသောအိမ်တစ်ခုတွင် ရှိနေသည်။ ဗီဒိုများတွင် စားစရာများ အပြည့်ရှိနေကြပြီး ဆိုဖာဘေးတွင် တီဗွီတစ်လုံး ရှိ၍ တီဗွီဘေးမှ စာအုပ်စင်ကြီးကလည်း စာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ အိမ်၏ တံခါးများနှင့် ပြတင်းပေါက်များကို သံပြားအလွှာများစွာဖြင့် ခိုင်ခံ့စွာ ကာရံထားလေသည်။


... 


ယန်ဟန် ပြတင်းပေါက်မှ သံချပ်များ မည်မျှ ခိုင်ခံ့သည်ကို ကြည့်ရန်ငုံ့ကြည့်လိုက် သောအခါ ရုတ်တရက် ကြမ်းပြင်မှ အသံထွက်လာသည်။ သူမသည် အသံကြားရာ နေရာသို့ သတိရှိစွာ စိုက်ကြည့်လိုက်သည်။


မကြာမီ လူတစ်ယောက်သည် စားပွဲတင်မီးအိမ်ကို ကိုင်ထား၍ မြေအောက်ခန်းမှ ထွက်လာလေသည်။ စားပွဲတင် မီးအိမ်၏ အလင်းရောင်သည် အနည်းငယ်မှိန် နေသော်လည်း ထိုလူ၏ ချောမောသည့် မျက်နှာကို ထင်ရှားစွာ မြင်လိုက်ရသည်။


 "စိတ်ဝင်စားစရာပဲ... မင်းက အိပ်တတ်တယ်လား..." 


ထိုလူ၏ အသံကို ယန်ဟန် ကြားလိုက်သောအခါ ညကတွေ့ခဲ့သော ထူးဆန်းသောလူ ဖြစ်ကြောင်း သူမချက်ချင်း သိလိုက်သည်။ သူမက စာအုပ်စင်ဆီသို့ သွားကာ စာအုပ်တစ်အုပ်ကိုယူ၍ ထိုစာအုပ်ထဲမှ စာလုံးများကို လက်ညိုးနှင့် ထောက်ပြလိုက်လေသည်။ 


 “မင်းဘာလုပ်ချင်တာလဲ...” 


ယန်ဟန်က စာလုံးများကို နောက်တစ်ကြိမ် လက်ညှိုးထိုးပြပြီး “စာရေးပြမယ်” ဟူသော စကားလုံးကို လေထဲတွင် ရေးပြလိုက်သည်။


ထိုလူက မျက်ခုံးပင့်ကာ မေးလိုက်သည်။


 “မင်းက စာရေးချင်တာလား...”


ယန်ဟန်က အားတက်သရော ခေါင်းညိတ်လိုက်သည်။


 “ခဏနေဦး... စာရွက်နဲ့ ဘောပင် ရှာပေးမယ်....” 


ထို့နောက် ထိုလူသည် မီးအိမ်ကိုယူကာ အောက်ထပ်သို့ သွားလိုက်သည်။ ခဏအကြာတွင် ထိုလူသည် စာရွက်နှင့် ဘောပင်ကို ယူလာပြီး ယန်ဟန်အား ပေးကာ စားပွဲပေါ်တွင် မီးအိမ်ကို တင်ကာ လက်ပိုက်ထားကာ သူမကို အေးအေး ဆေးဆေး ကြည့်နေလေသည်။


ယန်ဟန်က စာရွက်ကို စားပွဲပေါ်တင်ပြီး ရေးရန် ဘောပင်ကို ကိုင်လိုက်သည်။ သူမ စာမရေးသည်မှာ နှစ်အတော်ကြာနေပြီဖြစ်၍ လက်ချောင်းများက တောင့်နင်းနေပြီး စာလုံးများကလည်း တွန့်လိမ် နေလေတော့သည်။ 


သူမက စာရေးပြီးသောအခါ စာရွက်ကို ထိုလူအား ပေးလိုက်သည်။ 


 "ကျွန်မ နာမည်က ယန်ဟန်...ရှင့်နာမည် ဘယ်လိုခေါ်လဲ..." 


ဇွန်ဘီ တစ်ကောင်က သူ့နာမည်ကို မေးနေသဖြင့် "လင်းဟယ်" ဟုဖြေလိုက်ရင်း  ပြုံးချင်ချင် ဖြစ်သွားရလေသည်။ 


ယန်ဟန် က သူ့လက်ထဲက စာရွက်ကို ဆွဲယူလိုက်ပြီး ဆက်ရေးလိုက်ပြန်သည်။


 “စူပါမားကတ်မှာ ဇွန်ဘီတွေက ရှင့်ကို ဘာလို့ မကိုက်တာလဲ...” 


စာရေးပြီးသည်နှင့် ယန်ဟန်က သူ့ကို စာရွက်ကို ပေးလိုက်ပြန်သည်။


 စာရွက်ပေါ်က မေးခွန်းကို ကြည့်လိုက်လျှင် လင်းဟယ် ၏ မျက်ခုံးတို့ တွန့်ကွေးသွားရသည်။ဤကဲ့သို့ ပြောဆို နေရခြင်းသည် ပင်ပန်းလာသဖြင့် သူက ပြောလိုက်သည်။


“ဆက်မရေးနဲ့တော့... အားလုံးကို တစ်ခါတည်း ဖြေပေးမယ်...ပထမဆုံးအနေနဲ့ ငါက ယွင်ကျင့် မြို့မှာ တစ်ယောက်တည်း နေလာတာ သုံးနှစ်ကျော်ပြီ... ဇွန်ဘီတွေရဲ့ အပြုအမူကို ငါလေ့လာဖူးတယ်... သူတို့ဟာ အပေါ်ယံမှာ ရက်စက်ပုံ ရပေမယ့် အားနည်းချက် ရှိကြတယ်... ပထမအချက်က သူတို့က အရမ်းတုံးပြီး  IQ ကလည်း တော်တော့်ကို နိမ့်တယ်လေ... ဒုတိယအချက်က‌တော့ ဇွန်ဘီတွေဟာ နေ့ဘက်ထက် ညဘက်မှာ လှုပ်ရှားမှုတွေ နှေးကွေးသွားကြတယ်... စူပါမားကတ်ရဲ့ မှန်ပြတင်းပေါက် အပြင်ဘက်ကနေ မင်းလည်း  သူတို့ကို တွေ့လိုက်မှာပါ... လှုပ်ရှားမှု မရှိဘဲ ငြိမ်နေကြတယ်လေ... ဗိုင်းရပ်စ် ဝင်လာတော့ ဇွန်ဘီတွေရဲ့ အမြင်နဲ့ အကြားအာရုံဟာ သာမန် လူတွေထက် တော်တော်‌ အားနည်းနေတာ ဖြစ်လိမ့်မယ်... သူတို့ရဲ့ အကြားအာရုံ နဲ့ အမြင်က အသက် ၇၀ ၊၈၀ ရှိတဲ့  အဘိုးကြီး၊အဘွားကြီးတစ်ယောက်နဲ့ တူတယ်လို့ ငါထင်တယ်...ဒါကြောင့် လမိုက်ညမှာ အပြင်ထွက်တာက အလုံခြုံဆုံးပဲ... ပြီးတော့ ငါက အနက်ရောင် အဝတ်အစားတွေ ဝတ်ထားတယ်‌လေ...“ 


 "ဒါဆို ဒီလောက် မှောင်နေတဲ့ ညကြီးမှာ ရှင် ဘယ်လိုလုပ် လမ်းလျှောက်နိုင်တာလဲ..."


လင်းဟယ် က ညံ့ဖျင်းသည့် ကလေးတစ်ယောက်ကို ကြည့်နေသလိုမျိုး သူမကို စိုက်ကြည့်လိုက်သည်။


 "ညကြည့် မျက်မှန် ဆိုတာကို သိလား......အဲ့ဒါကို သုံးတယ်လေ...ကဲ... မေးစရာတွေရှိရင် မေးဦး...” 


"တတိယ အချက် ဇွန်ဘီတွေက အကြားအာရုံ နဲ့ အမြင်အာရုံ မကောင်းပေမဲ့  အနံ့ခံအာရုံက အရမ်းကောင်းတယ်...အဲ့တော့ အမှောင်ထဲက ဇွန်ဘီ‌တွေက ရှင့်ကို မမြင်နိုင် မကြားနိုင် ဘူးဆိုတာ လက်ခံလို့ရပေမဲ့ အနံ့မခံနိုင်ဘူး ဆိုတာကိုတော့ သိပ်မရှင်းဘူး..."


" လူနံ့ကို ဘယ်လို ဖယ်ရှားမလဲ ဆိုတာကတော့ ငါ့ဘဝရဲ့ လျှို့ဝှက်ချက်ပဲ...ပြောပြလို့ မရဘူး...” 


ထိုသို့ပြောပြီးနောက် လင်းဟယ် သည် ဘေးနားရှိ လက်ဖက်ရည်ကို  သောက်လိုက်သည်။ သူ တခြားသူများနှင့် စကား မပြောဖြစ်ခဲ့သည်မှာ အတန် ကြာပြီ ဖြစ်သည်။


အကယ်၍ လူတစ်ယောက်သည် တစ်ယောက်တည်း နေထိုင်ရသည့်အခါ ပျင်းရိ ငြီးငွေ့ဖွယ် အချိန်များကို ကုန်ဆုံးရန် နည်းလမ်းအမျိုးမျိုးရှိသည်။ စာအုပ်ဖတ်ခြင်း၊တီဗီကြည့်ခြင်း၊  ဂိမ်းကစားခြင်း၊ အခန်းထဲတွင် သူတို့ကိုယ်သူတို့ စကားပြောကြခြင်း စသည်တို့ကို ပြုလုပ်၍ ရနိုင်ပေသည်။


လင်းဟယ် က သည် ရေနွေးအနည်းငယ်သောက်ပြီးနောက် စကားဆက်လိုက်သည်။


“မေးစရာရှိရင် ဆက်မေး...”


ယန်ဟန်က မေးစရာ မရှိသဖြင့် ခေါင်းယမ်းလိုက်သည်။ 


"ဒါဆို မင်းရဲ့မေးခွန်းတွေ အားလုံးကို ငါဖြေပြီးသွားပြီ...အခု ငါ့မေးခွန်းတွေကို မင်းဖြေဖို့ အလှည့်ရောက်ပြီ... "


ယန်ဟန် ခေါင်းညိတ်လိုက်သည်။


 "မင်းက အိပ်​​တတ်တယ် ဟုတ်လား..."


ယန်ဟန် အိပ်ပျော်နေသည်ကို သူ့မျက်လုံးနှင့်  မြင်လိုက်သော်လည်း ထိုကိစ္စကို သူ မယုံနိုင် ဖြစ်နေသေးသည်။ 


ယန်ဟန်က ခေါင်းညိတ်လိုက်သည်။ 


"ဒါဆို မင်း အိပ်ပျော်သွားတဲ့အခါ လုံးဝ သတိမရှိတော့ဘူးပေါ့..." 


ယန်ဟန်က ထပ်မံ ခေါင်းညိတ်ပြန်သည်။ 


“ခေါင်းငြိမ့်ရုံနဲ့ မရဘူး...မင်းရဲ့မေးခွန်းတွေကို ငါအကုန်ဖြေတယ်... ဒါကြောင့် မင်းက ခေါင်းကိုပဲ ကျေကျေနပ်နပ်ကြီး ညိတ်ပြနေတာ သိပ်အဆင်မပြေဘူး..." 


ယန်ဟန်သည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်တွင် ရေးချလိုက်သည်။ စာမှာ ရှည်လွန်းသဖြင့် လင်းဟယ် ထံသို့ ပေးရန် အချိန်အတော်ကြာလေသည်။ 


“ဟုတ်တယ်...အိပ်လို့ရတယ်... ဒါတင်မကဘူး... ကျွန်မရဲ့ အိပ်ချိန်က မနက်တစ်နာရီကနေ မနက်လေးနာရီ အထိ... မနက်တစ်နာရီ လောက်မှာ ရုတ်တရက် အိပ်ပျော်သွားပြီး သတိလစ်သွားသလို ဖြစ်သွားတယ်....မယုံနိုင်စရာပဲနော်... တစ်ခါတစ်လေ အိပ်မက် မက်တတ်တယ်... အဲ့ဒီအိပ်မက်ကလည်း သာမန်အိပ်မက် မဟုတ်ဘူး...အနာဂတ်မှာ ဘာဖြစ်လာမယ် ဆိုတာကို ကြိုပြီးတော့ သိနိုင်တဲ့ အိပ်မက်ပဲ...ကျွန်မ မက်လိုက်တဲ့ အဖြစ်အပျက်တိုင်း အကုန်မှန်တယ်...”


" အိပ်မက်တွေကို ကြိုမြင်နေတာလား..." 


လင်းဟယ်  သိချင်စိတ်တို့ ဖြစ်လာရသည်။


 "မင်း ဘယ်လို အိပ်မက်တွေ ကြိုသိထားလဲ..." 


 ယန်ဟန်က ဘောပင်ကို ကောက်ကိုင်လိုက်ပြန်သည်။


 “အများကြီးပဲ...တစ်ခုပြီးတစ်ခု ချရေးမယ်ဆိုရင်  ကျွန်မ လက်တွေ ကျိုးရချည်ရဲ့...” 


လင်းဟယ် က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွန့်ကာ ပြောလေ၏။


 “ကောင်းပါပြီ...ဒါနဲ့ မင်းဘာလို့ ဒီလို ဖြစ်လာတာလဲသိလား...." 


“ကျွန်မ မှတ်မိကတည်းက ဒီလိုဖြစ်နေတာပဲ...ကျွန်မက အိပ်လည်း အိပ်တတ်တယ်... အိပ်မက်တွေလည်း မက်တယ်...ကျွန်မရဲ့ လူ့ဘဝတုန်းက အဖြစ်တွေအားလုံး​ကို မေ့​သွား​ပြီ...အခုတော့ ဘဝသစ်ကို စတင် နေရသလိုပါပဲ...." 


"ဒီလိုကိုး...” 


လင်းဟယ် က ကြမ်းပြင်ကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ 


သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ဘဲ  ခဏ ငြိမ်သွားကြသည်။


ယန်ဟန် က တစ်ခုခုကို တွေးနေပုံရပြီး စာရွက်တစ်ရွက်ကို ကောက်ယူ၍ ရေးလိုက်ပြန်သည်။


 "ရှင် ဘာလို့ ကျွန်းကို မသွားတာလဲ..."


Xxxxxx


Chapter 48


လင်းဟယ် သည် စာရွက်ကိုယူကာ ကြည့်လိုက်သည်။ စာလုံးများက စောစောကထက် ပို၍ လှလာလေသည်။ 


"မင်း အများကြီးသိထားတာပဲ.… ကျွန်းကိုတောင် သိတယ်ဆိုတော့..." 


လင်းဟယ် က သူမကို ပြုံးပြုံးလေး ကြည့်နေသည်။ 


ယန်ဟန် သည် သူမ၏ ထူးထူးဆန်းဆန်း အတွေ့အကြုံများကို လင်းဟယ်အား ရှင်းပြရန် လိုအပ်သည်ဟု ခံစားမိသောကြောင့် နောက်စာရွက် တစ်ရွက်ကို ယူကာ အမြန်ရေးတော့သည်။ 


“လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိခဲ့တာပဲ... ဧပြီလတုန်းက အိပ်မက်တစ်ခုကြောင့် လူတစ်ယောက်ကို ကယ်တင်ခဲ့တယ်...ကျွန်မ နာမည်ကိုတောင် ကျွန်မ မမှတ်မိဘူး....ဒါပေမဲ့ သူက ကျွန်မနာမည် ယန်ဟန် ဆိုတာကို ပြောပြတယ်လေ...သူ့နာမည်က ဟန်ခိုင် တဲ့... ဇွန်ဘီ ဗိုင်းရပ်စ် မစတင်ခင်က ကျွန်မ သူနဲ့ အတူ ယွင်ကျင့် တက္ကသိုလ်မှာ ပရော်ဖက်ဆာ အဖြစ် အလုပ်လုပ်ခဲ့ကြတယ်...နောက်ပိုင်းမှာ လူတစ်ယောက်က သူ့ကို နာကျင်စေတယ်လို့ ကျွန်မ အိပ်မက်မက်တယ်.... ကျွန်မ သူ့ကိုရှာဖို့ ကျွန်းဆီ လှေလှော်ပြီး သွားလိုက်တယ်... ကျွန်းပေါ်က ဇီဝဗေဒ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်တဲ့ ကျီကျောက်ယန် က ကျွန်မကို စမ်းသပ်ဖို့ ဖမ်းထားချင်နေလို့ ကျွန်းကနေ ထွက်ပြေးခဲ့တယ်..အဲ့ဒီညမှာပဲ ကျွန်မ သူ့ကိုကိုက်ပစ်လိုက်တယ်...ပြဿနာက ကျွန်မ ကိုက်လိုက်တဲ့ ကျီကျောက်ယန် က ယွင်ကျင့် မြို့ကို ရောက်လာပြီး အရမ်း သန်မာတဲ့ ဇွန်ဘီဘုရင်အဖြစ် ပြောင်းလဲသွားတာပါပဲ... အခု သူ ကျွန်မကို တစ်မြို့လုံးအနှံ့ လိုက်ဖမ်းနေတယ်... ကျွန်မ ယွင်ကျင့်မြို့ မှာ နေလို့မရတော့ဘူး...အခု ကျွန်မက လင်းကျိုး ဒေသမှာရှိတဲ့ သင်္ဘောဆိပ်ကို အမြန်သွားပြီး ကျွန်းကို ဆက်သွားရမှာ..." 


ယန်ဟန် ရေးသားသော “ဇွန်ဘီ တစ်ကောင်၏ စွန့်စားခန်း” ကို လင်းဟယ် ဖတ်လိုက်သောအခါ သူသည် စိတ်ကူးယဉ်ဝတ္ထုကို ဖတ်နေသကဲ့သို့ ခံစားရသည်။


" မင်း ကျွန်းကို မသွားပါနဲ့လား.... ပထမအချက် လင်းကျိုး ဒေသက သင်္ဘောဆိပ်က မလုံခြုံဘူး... ကျီကျောက်ယန် က မင်းကို အဲဒီမှာ စောင့်နေရင် မင်းသေမှာပဲ... ဒုတိယအချက် အနေနဲ့ မင်း ကျွန်းကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားရင် မင်းအဖြစ်က ပိုဆိုးလိမ့်မယ် ထင်တယ်...တိတ်ကျကျ ပြောရရင် မျိုးပြောင်း ဇွန်ဘီတွေဟာ တကယ်ရှားပါးတယ်... ငါသာ ဇီဝဗေဒ ပညာရှင်ဆိုရင် မင်းကို ငါလည်း လွှတ်ပေးမှာမဟုတ်ဘူး.... ဒါကြောင့် တခြားမြို့ကို သွားတာ ပိုကောင်းလိမ့်မယ်.... ရှီကျိုးဒေသမှာ အဝေးပြေးလမ်းမကြီး ရှိတယ်... ကမ္ဘာကြီးက အကျယ်ကြီးပါကွာ... မင်း ယွင်ကျင့် မြို့နဲ့ ဝေးဝေးနေသရွေ့ ကျီကျောက်ယန် က ဘယ်လောက်ပဲ တော်နေပါစေ မင်းကို ဖမ်းနိုင်မှာ မဟုတ်ဘူး...." 


ယန်ဟန်သည် ခေါင်းယမ်းလိုက်ပြီး စာရွက်ပေါ်တွင် ရေးလိုက်ပြန်သည်။


“ကျွန်းကို သွားတာက ကျွန်မ ထွက်ပြေးချင်တာချည်း သက်သက်မဟုတ်ဘဲ အကြောင်းတစ်ခု ရှိသေးတယ်...." 


လင်းဟယ် သည် ယန်ဟန်ကို  နားမလည်စွာ ကြည့်လိုက်လေသည်။


 “အင်း... ဘာပဲဖြစ်ဖြစ် မင်းသွားရင် သေသွားနိုင်တယ်‌‌နော့်...” 


 "ရှင်က အရမ်းတော်ရဲ့သားနဲ့  ကျွန်းကို အန္တရာယ် ကင်းကင်း ရောက်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျွန်မကို ဘာလို့ ‌မပြောပြတာလဲ..."


လင်းဟယ်က ခဏမျှ စဉ်းစားပြီး မေးလိုက်လေသည်။


“ကျီကျောက်ယန် က ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ပြောပြ....”


 “သူက ကျည်ဆန်တွေကို ရှောင်နိုင်တယ်... ပြီးတော့ ဒေါသကြီးတယ်..သန်မာတယ်...သူက တခြား ဇွန်ဘီတွေကို လည်း ထိန်းချုပ်နိုင်တယ်...” 


"ဒီလိုလား...ဘာပဲဖြစ်ဖြစ် တကယ်လို့ မင်းသူနဲ့တွေ့ရင် မင်းသေသွားမှာ သေချာတယ်...”


 "ဟိတ်.. ရှင်က ကျွန်မကို ကူညီဖို့ နည်းလမ်း စဉ်းစားနေတာလား...ခြောက်လှန့်နေတာလား..."


ယန်ဟန်က သူမရှေ့က ရေးထားသည့် စာရွက်များကို ကိုင်ပြီး ရန်ထောင်လိုက်သည်။


လင်းဟယ် က သူမကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ 


" ငါ ယွင်ကျင့် မြို့မှာ ဘာလို့ သုံးနှစ်လောက် အသက်ရှင်နေနိုင်တာလဲ မင်းသိလား... " 


ယန်ဟန်က ခေါင်းမညိတ်ဘဲ သူ့ကိုသာကြည့်နေသည်။


 


"ဉာဏ်ထက်တဲ့သူတွေက အခြေအနေတစ်ခုကို ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ သိကြတယ်လေ...ငါက ဇွန်ဘီတွေလက်ထဲ ဘာလို့ မမိတာလဲ သိလား... ငါသူတို့ဆီက ပုန်းနေလို့ပေါ့... ရှေးလူကြီး တွေကလည်း အချိန်နဲ့တပြေးညီ ပြုမူနေထိုင်တတ်တဲ့ သူကို  သူရဲကောင်း တစ်ယောက်လို့ ဆိုထားတယ်မလား... ဇွန်ဘီနဲ့တွေ့ရင်တော့ မင်းလုံးဝကို လွတ်မှာမဟုတ်ဘူး... ဘာလို့အသေခံနေမှာလဲ..." 


“မျှော်လင့်ချက် မရှိတော့ဘူးလား” 


 


"မျှော်​လင့်​ချက်​​လား..." 


လင်းဟယ် က ရေရွတ်ရင်း ကြမ်းပြင်ကို စိုက်ကြည့်နေသည်။


 “ငါ စဉ်းစားကြည့်ဦးမယ်...” 


"ကျေးဇူးတင်ပါတယ်..."


လင်းဟယ် က သမ်းလိုက်ရင်း ပြောလေသည်။


"ငါ ပင်ပန်းထားတော့ အနားယူလိုက်ဦးမယ်..အခန်းထဲမှာပဲ နေနော်... အပြင်မှာဆို မလုံခြုံဘူး..." 


 " ရှင် ကျွန်မ မေးခွန်းကို အခုထိ မဖြေသေးဘူး... ရှင် ဘာလို့ကျွန်းကိုမသွားတာလဲ..." 


"ယွင်ကျင့် မြို့ မှာ စားစရာ အလုံအလောက် ရှိတယ်...ပြီးတော့ ငါဒီမှာပျော်တယ်... ကျွန်းကိုဘာလို့သွားရမှာလဲ..."


"ဒါပေမယ့် ကျွန်းက အရမ်းလုံခြုံပြီး ဇွန်ဘီတွေကလည်း ကျွန်းကို မသွားနိုင်ဘူးလေ..." 


လင်းဟယ် က ခပ်ဖွဖွ ပြုံးလိုက်သည်။ 


ယန်ဟန် သည် သူ၏ ချောမောပြေပြစ်သော ရုပ်ရည်ကို ‌ငေးကြည့်နေမိလေသည်။


" အခု ကမ္ဘာပေါ်မှာ လုံခြုံတဲ့နေရာဆိုတာ မရှိတော့ဘူး အရူးရဲ့.. ကျွန်းက သေးသေးလေး...ကြာရင် ကျွန်းပေါ်က ရိက္ခာတွေလည်း တစ်နေ့ကျ ကုန်သွားမှာပဲ... ပြီးတော့ ပင်လယ်ရေကလည်း နှစ်တိုင်း ဆောင်းရာသီဆိုရင် ခဲသွားတယ်‌လေ...နွေဦးပေါက်မှ မခဲ‌တော့တာ....ဒီတစ်လကျော်အတွင်း ဇွန်ဘီတွေ လမ်းလျှောက်ပြီး မလာနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်လို့လဲ..."


 “ဒါပေမယ့် လူတွေ ကျွန်းပေါ်မှာ သုံးနှစ်လောက် နေခဲ့ပြီးပြီလေ... ဘာမှမဖြစ်ဘူး...” 


“ ရှင်းပြဖို့တော့ သိပ်မလွယ်ဘူး...အဲဒီဇွန်ဘီတွေက ညံ့ဖျင်းတယ်... သူတို့မှာ မင်းပြောတဲ့ ကျီကျောက်ယန် လိုမျိုး ဉာဏ်ရည် ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေသေးရင် ကျွန်းလည်း လုံခြုံနေမှာ မဟုတ်ဘူး...” 


လင်းဟယ် က အချိန်ခဏအတွင်း အကြိမ်ပေါင်းများစွာ သမ်းဝေနေသဖြင့် ယန်ဟန်က ဆက်မမေးတော့ပေ။ 


Xxxxx