အပိုင်း ၄၉-၅၀
Viewers 5k

Chapter 49


လင်းဟယ် ထွက်သွားပြီးနောက် ယန်ဟန်သည် ကျွန်းသို့သွားမည့် ကိစ္စကို ဝေခွဲမရ ဖြစ်နေမိလေသည်။


 


သူမ အဘယ်‌ကြောင့် ကျွန်းကို သွားချင်ရသနည်း။ 


အကြောင်းရင်းများစွာရှိသည့်အနက် အရေးကြီးဆုံး အချက်မှာ ဟန်ခိုင် နှင့်သက်ဆိုင်လေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အိပ်မက်တစ်ခုကိုသာ ဆက်တိုက် မက်နေခဲ့လေသည်။ 


အိပ်မက်၏ အကြောင်းအရာမှာ တူညီနေ‌၏။ ဟန်ခိုင် ကို ခွေးခြေခုံ‌‌တွင် ချည်နှောင်ထားပြီး လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက ဇွန်ဘီဗိုင်းရပ်စ်ကို ထိုးသွင်းလိုက်လေသည်။


ယန်ဟန် အိပ်မက်များစွာကို မက်ပြီးသည့်နောက် အိမ်မက်များ၏ သဘောတရားကို သိလာပြီ ဖြစ်‌သည်။  အကယ်၍ သူမသည် ရက်ပေါင်းများစွာ တူညီသော အိမ်မက်ကိုသာ ထပ်ခါတလဲလဲ မက်နေပါက၊ ထိုအိပ်မက်အတိုင်း ဖြစ်လာမည့်ရက်သည် နီးကပ်လာပြီဟု ဆိုလိုခြင်း ဖြစ်သည်။ 


 


သူမ တခြားမြို့ကိုမသွားချင်သောကြောင့်မဟုတ်ပေ။ တခြားမြို့ကိုသွားပါက အတိတ်တုန်းက ယန်ဟန် အဖြစ်မှ ရှောင်လွှဲနိုင်သောကြောင့်ဖြစ်သည်။


မွန်းတည့်ချိန် ဆယ့်နှစ်နာရီတွင် လင်းဟယ် နိုးလာပြီး မြေအောက်ခန်းမှ ဆီသွတ်ဗူးနှစ်လုံးကို ယူ၍ ထွက်လာလေသည်။ထို့နောက် သူက ဗူးများကိုဖွင့်လိုက်ပြီး ယန်ဟန်ကို ဗိုက်ဆာလား ဟု  မေးမြန်းလိုက်သည်။ 


ယန်ဟန်က ခေါင်းခါလိုက်သည်။ 


လင်းဟယ် က စည်သွပ်ဘူးထဲမှ အစားအစာကို စားကြည့်လိုက်ရာ အရသာမှာ ဆိုးပုံရပြီး သူ့မျက်နှာမှာ ရှုံ့မဲ့သွားလေတော့သည်။ 


 “အို...ဒါနဲ့ မင်းတို့ ဇွန်ဘီတွေက လူ့အသားကို စားတယ်နော်..."


 ယန်ဟန်က ခေါင်းယမ်းကာ စာရွက်ပေါ် ချရေးလိုက်ပြန်သည်။


“ဟင့်အင်း...ကျွန်မ လူသား မစားတာအတော်ကြာနေပြီ...” 


"ဗိုက်မဆာဘူးလား..." 


“တခါတလေ ဗိုက်ဆာလာတတ်တယ်... ကျွန်းကို အရင်တစ်ခါ သွားတုန်းက လူတွေကို ကိုက်ပစ်ချင်ပေမယ့် ထိန်းထားနိုင်ခဲ့တယ်လေ..."


ထိုစကားကို ကြားပြီးနောက် လင်းဟယ် သည် အလွန် ထိတ်လန့်သည့် အမူအရာဖြင့် မေးကြည့်လိုက်သည်။  


"ဒါဆို မင်းငါ့ကို မကိုက်ချင်ဘူးလား"  


ယန်ဟန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ လင်းဟယ် က သူ့ပါးစပ်ထဲကို စည်သွပ်ဘူးတစ်ဘူးကို ထည့်လိုက်ပြီး ပြောလိုက်သည်။


 “ဟင့်အင်း မဖြစ်နိုင်ဘူး...” 


ယန်ဟန်က သူ့ကို လျစ်လျူရှုကာ  စာရွက်ပေါ်တွင် ရေးလိုက်သည်။


 “ကျွန်မ ဒီမှာ ဆက်မနေလို့ မဖြစ်တော့ဘူး...သွားရတော့မယ်... ဒီမှာ ဆက်နေလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ဖြစ်လာမှာ စိုးတယ်...” 


ယန်ဟန်၏ စာကိုဖတ်ပြီးနောက် လင်းဟယ် သည် ချက်ချက်းပင် လေးနက်သည့်အသွင် ဖြစ်သွားလေသည်။ 


 “မင်းဘယ်အချိန် ထွက်သွားမှာလဲ...”  


“မှောင်လာတဲ့အထိ စောင့်ရမှာပေါ့... နေ့ခင်းဘက်ဆို အပြင်မှာ သွားလာနေတဲ့ ဇွန်ဘီတွေ အများကြီးရှိတယ်... ရှင့်အိမ်ကိုတောင် ရှာတွေ့ရင် တွေ့သွားနိုင်တယ်... ” 


လင်းဟယ် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူမကို တားမြစ်သည့်စကားတစ်ခွန်းမှ မပြောပေ။ နောက်ဆုံးတွင် သူနှင့် စကားပြောမည့်သူကို ရှာတွေ့ခဲ့သော်လည်း ထိုသူကအချိန်ခဏအတွင်း ထွက်သွားတော့မည် ဖြစ်လေသည်။


ထို့နောက်  လင်းဟယ်က အရသာဆိုးရွားသည့် ဆီသွတ်ဗူးကို အမြန် စားသောက်လိုက်သည်။


 "စိတ်မပူနဲ့...ခဏစောင့်..ငါမင်းကိုပေးစရာရှိတယ်...." 


ထိုသို့ပြောပြီးနောက် လင်းဟယ် သည် စည်သွပ်ဘူးများကို ချထားလိုက်ပြီး အောက်ထပ်သို့ ဆင်းသွား၍ နာရီဝက်ခန့် အကြာတွင် အိတ်ကြီးတစ်လုံးနှင့် မြေအောက်ခန်းမှ ထွက်လာလေသည်။  


ထို့နောက် လင်းဟယ် က အိတ်ကို ဖွင့်ပြီး ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။


 “မင်းက နည်းလမ်းတစ်ခု ရှာခိုင်းတယ်...ငါ တစ်ညလုံး စဥ်းစားပေမယ့် အကြံလည်း ထွက်မလာဘူး... ငါတကယ် စိတ်မကောင်းပါဘူး...ဒါ‌ပေမဲ့ မင်းထွက်သွားတဲ့အခါ ငါ့ပစ္စည်းတွေကို ပေးလိုက်မယ်.. ဒါတွေက မင်းပြောတဲ့ 'မျှော်လင့်ချက်' နဲ့ နည်းနည်းလေး ဆင်တူမယ်ထင်တယ်..." 


လင်းဟယ် က ခရီးသွားမည် ဖြစ်သော မြေးဖြစ်သူအား အဘွားဖြစ်သူက တတွတ်တွတ် မှာကြားနေသကဲ့သို့ ပစ္စည်းများကို ထုတ်ပြနေလေသည်။


 “ဒီဗုံးတွေက သေးပေမဲ့ အစွမ်းထက်တယ်... အချိန်ခဏလေးအတွင်း အဲ့ဒီဇွန်ဘီကောင်တွေ  ချက်ချင်း အသားကင် ဖြစ်သွားလိမ့်မယ်.. ဘယ်လိုသုံးရမယ်ဆိုတာ သိတယ်မဟုတ်လား...” 


ယန်ဟန် ခေါင်းညိတ်လိုက်သည်။ 


“ဒီဟာက သေနတ်နှစ်လက်...ဒါက ချေမှုန်း သေနတ်... ဒီဟာတွေက ကျည်ဆန်တွေ... ဒီမှာက အနက်ရောင်ဝတ်စုံတစ်စုံ.... မင်း သင်္ဘောဆိပ်ကို သွားမယ်ဆိုရင် ညဘက်ကျမှ အေးအေး ဆေးဆေးသွား... မင်းကလည်း ဇွန်ဘီဆိုတော့ အားသာချက်တွေ ရှိပါတယ်..."


လင်းဟယ် က တစ်ခုခုကို ရုတ်တရက် သတိရသွားပုံရပြီး အိတ်ကပ်ထဲက နာရီကို ထုတ်လိုက်သည်။


"ဒါက စက်လက်ပတ်နာရီမို့ အချိန်ကို တိတိကျကျ သိနိုင်တယ်... မင်းက ညကြည့်မျက်မှန် မလိုဘူး....  မနေ့ညက မင်းရဲ့ ပုံစံကို ကြည့်ရတာ သာမန် ဇွန်ဘီတွေရဲ့ အမြင်အာရုံတောင် မင်းနဲ့ မယှဉ်နိုင်လောက်ဘူး...”


ယန်ဟန် က ခေါင်းညိတ်ပြပြီး စာရွက်ပေါ်တွင် ရေးလိုက်ပြန်သည်။


"ကျွန်မက သာမန် ဇွန်ဘီတွေနဲ့ သာမန်လူတွေထက် အမြင်အာရုံ၊အကြားအာရုံ ၊တုံ့ပြန်မှု၊ အရှိန်နဲ့ ခွန်အား အဲ့ဒါတွေ အရမ်း‌အားကောင်းတယ်လေ... ကြည့်ရတာ  ဗီဇပြောင်းသွားတဲ့ အတွက် အားသာချက်တွေ ထင်ပါရဲ့...”


 "မင်အတွက်တော့ တစ်ကယ်ကောင်းတဲ့ အားသာချက်ပဲ..." 


ထို့နောက် လင်းဟယ် က အသက်ကယ်အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်ပြန်သည်။


 “ဒါက အသက်ကယ်အင်္ကျီ... ပင်လယ်ထဲ မတော်တဆ မင်း ပြုတ်ကျသွားရင် ဒါက မင်းကို ကယ်ပေးလိမ့်မယ်.. ဇွန်ဘီတွေက ရေမကူးတတ်ဘူး မဟုတ်လား...”


ယန်ဟန်က ခေါင်းခါလိုက်သည်။


 "ဒါက မီးခိုးဗုံး...ဇွန်ဘီဘုရင်ရဲ့ အမြင်အာရုံဟာ သာမန်ဇွန်ဘီတွေရဲ့ အမြင်အာရုံထက် အများကြီး ပိုကောင်းနိုင်တယ်...ဒါပေမဲ့ သူ့မျက်လုံးက ဘယ်လောက်ပဲ ကောင်းနေပါစေ...,မီးခိုးတွေ ရှေ့မှာတော့ သူဘယ်လိုမှ မမြင်နိုင်လောက်ဘူး.. ဘာပဲဖြစ်ဖြစ် ဒီမီးခိုးဗုံးက မင်းအန္တရာယ်တစ်ခုခု ကြုံရရင် ဖြေရှင်းပေးလိမ့်မယ်...” 


လင်းဟယ် ၏ ရှင်းပြချက်ကို နားထောင်ရင်း ယန်ဟန်က ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူမသာ လူသားဖြစ်နေလျှင် ယခုပင် မျက်ရည်များ ကျလာလိမ့်မည် ဖြစ်သည်။ အနည်းဆုံး သူမ၏ မျက်နှာ အမူအရာသည် ယခုကဲ့သို့ တင်းမာနေမည် မဟုတ်ပေ။


လင်းဟယ်် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ယန်ဟန်ကို မော့ကြည့်လိုက်သည်။ ယန်ဟန်၏မျက်နှာသည် ခါတိုင်းကဲ့သို့ တင်းမာနေသော်လည်း သူမ၏ မျက်နှာမှ တစ်ဆင့် ကျေးဇူးတင်နေသည့် အရိပ်အယောင်ကို ဘာကြောင့် ခံစားနေရသည်ကို သူ,မသိပေ။


ထို့နောက် အတန်ကြာမှ ပေါ့ပေါ့ပါးပါး  ဖြစ်သွားဟန်ဆောင်ကာ ထရပ်လိုက်သည်။


 “ဟားဟား... ငါဘယ်သူနဲ့မှ စကားမပြောဖြစ်တာ သုံးနှစ်နီးပါးရှိပြီ... ဒီနေ့ မင်းနဲ့ စကား ကောင်းကောင်း ပြောဖြစ်ခဲ့တယ်.. ငါတို့က အခု သူငယ်ချင်းတွေနော်...အခုလောလောဆယ်ကတော့ ငါတို့အတွက် အရေးကြီးဆုံး အရာက အသက်ရှင်ဖို့ပဲ...တကယ်လို့ မင်း အသက်မရှင် နေဘူးဆိုရင် မင်းဘဝမှာ နောက်ကျရင် တွေ့လာနိုင်တဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေက်ို ကြုံရမှာ မဟုတ်ဘူး..ငါ့ကိုပဲ ကြည့်လေ ငါသာ အသက်မရှင်ခဲ့ရင် မင်းကို ဘယ်တွေ့နိုင်ပါ့မလဲ...." 


လင်းဟယ် သည် သူစကားများသည် အဆီအငေါ် မတည့်သဖြင့် စကားစ ဖြတ်ပစ်လိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် အသက်ရှင်စမ်းပါ..."


ယန်ဟန်က လေးလေးနက်နက်ကြီး ခေါင်းညိတ်လိုက်သည်။


Xxxxx


Chapter 50


ယန်ဟန် လင်းဟယ်၏ အိမ်မှ ထွက်ခွာလာပြီး တတိယမြောက်ညတွင် လင်းကျိုး ဒေသရှိ သင်္ဘောဆိပ်သို့ ရောက်လာခဲ့သည်။ သူမ အမှောင်ထဲတွင် ပုန်းပြီး စောင့်ကြည့်နေရာ သင်္ဘောဆိပ်တွင်ဇွန်ဘီများစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။သူမ က အနီးကပ် အသေအချာ ကြည့်လိုက်ရာ ကံကောင်းစွာပင် ကျီကျောက်ယန် ကို မတွေ့ရပေ။


ယန်ဟန် သက်ပြင်းချလိုက်သည်။ ကျီကျောက်ယန် က ပို၍ အစွမ်းထက်သည်ဆိုလျှင်တောင် သူသည် ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်သဖြင့် ကျွန်းဧရိယာနှင့် လင်းကျိုးဒေသကို တစ်ပြိုင်တည်း ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။


အလွန်ဆုံးမှ ကျီကျောက်ယန်သည် ဇွန်ဘီများကို သူ၏ မျက်စိ နှင့် နားများသဖွယ် သင်္ဘောဆိပ်တွင် ထောက်လှမ်းခိုင်းထားပြီး သူမကို တွေ့သည့်အခါ အချက်ပြခိုင်းထားခြင်း ဖြစ်ပေလိမ့်မည်။


ယန်ဟန် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယခုညတွင် တိမ်များ ထူထပ်ပြီး လရောင် မရှိသောကြောင့် ဘုရားသခင်က သူမကို မျက်နှာသာ ပေးသည်ဟု ဆိုရပေမည်။သူမ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ထားပြီး လမဲ့ညတွင် လျှောက်လှမ်းလာခဲ့သည်။


သင်္ဘောဆိပ်ကို စောင့်ကြပ်နေသော ဇွန်ဘီများသည် သူမကို မမြင်နိုင်လောက်ဟု ခန့်မှန်းရပေသည်။ အနံ့နှင့် ပတ်သတ်၍လည်း သူမသည် ဇွန်ဘီ တစ်ကောင်ဖြစ်၍ စိတ်ပူစရာ မလိုပေ။


ညချမ်း၏ ပင်လယ်လေညင်းသည် တဖြူးဖြူး တိုက်ခတ်နေသဖြင့် သင်္ဘောဆိပ် တစ်ခုလုံး လှိုင်းပုတ်သံများဖြင့် ဆူညံ‌နေတော့သည်။ ထို့ကြောင့် သင်္ဘောဆိပ်နားသို့ ညင်သာစွာ ချဉ်းကပ်မည် ဆိုပါက ခြေသံကို လုံးလုံး ဖုံးကွယ်သွားနိုင်သည်။


မည်သို့ပင်ဆိုစေ ယန်ဟန်သည် နောက်ထပ် တစ်မိနစ် ၊နှစ်မိနစ်ခန့် ဆက်လက် စောင့်ကြည့်ခဲ့ရာ ဇွန်ဘီဘုရင် သည် အမှန်တကယ် အနီးနားတွင် မရှိသည်ကို တွေ့ရှိသဖြင့် သင်္ဘောဆိပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။


ယန်ဟန်သည် သင်္ဘောဆိပ်တွင် လှေတစ်စင်းရှာရန် ဇွန်ဘီ အုပ်စုကြားထဲတွင် ခက်ခက်ခဲခဲ လျှောက်လာခဲ့ရသည်။ ဇွန်ဘီများသည် အလွန် ပြည့်ကြပ်နေသဖြင့် အကယ်၍ ဇွန်ဘီတစ်ကောင်ကသာ သူမကို ရိပ်မိသွားပါက သူမ ချက်ချင်းပင် သေဆုံးသွားလိမ့်မည်ဟု ယူဆရလေသည်။ 


ထို့ကြောင့် ယန်ဟန် သည် ခြေလှမ်းတိုင်းကို ဂရုတစိုက် လျှောက်လာပြီး အသက်ပင် ဝဝမရှူရဲပေ။ အတန်ကြာသောအခါ သူမသည် ဇွန်ဘီအုပ်စု၏ သုံးပုံနှစ်ပုံကျော်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့သဖြင့် အပျော်ကြီးပျော်သွားသည်။ 


ယန်ဟန်သည် သက်ပြင်း တစ်ချက်ချကာ ဆက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် သူမဘေးရှိ ဇွန်ဘီတစ်ကောင်က သူမဆီ တိုးလာ၍ အနံ့ခံလိုက်လေသည်။


ယန်ဟန် ထိတ်လန့်သွားသော်လည်း အနည်းငယ် နောက်ကျ သွားလေသည်။ ထိုဇွန်ဘီသည် လွယ်လွယ်နှင့် အရှုံးမပေးဘဲ သူမနားသို့ ဆက်လက် တိုးကပ်လာပြီး အနံ့ခံနေလေသည်။ 


ယန်ဟန်က ရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွား လိုက်ရာ သူမ၏ အနံ့အသက် ပျောက်သွားသဖြင့် ထိုဇွန်ဘီသည် နေရာတွင်ရပ်ပြီး စူးရဲစွာ အော်ဟစ်လိုက်လေသည်။ ထိုဇွန်ဘီ၏ အသံကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ ကျန်ဇွန်ဘီများသည်လည်း အတူတကွ အော်ဟစ်လိုက်ကြသည်။


ယန်ဟန်က သွားပြီ ဟု တွေးမိလိုက်သည်။ ဤဖုတ်ကောင်များသည် ကျီကျောက်ယန် ထံသို့ အချက်ပြ နေခြင်းဖြစ်‌လေသည်။ထို့နောက် သူမသည် ခြေလှမ်းကျယ် ကြီးလှမ်းကာ လှေကားဆီသို့ ပြေးသွားလိုက်သည်။


ယန်ဟန်ပြေးလာသည်နှင့်အမျှ သူမ၏ အသက်ရှူသံများသည်လည်း ဖရိုဖရဲဖြစ်လာသည်။ သူမခြေလှမ်းအနည်းငယ်သာ လှမ်းရချိန်တွင် ပတ်ဝန်းကျင်ရှိ အနံ့ခံနေသောဇွန်ဘီများသည် သူမဆီသို့ စတင်စုရုံးလာကြသည်။


ယန်ဟန် စိတ်ရှုပ်နေပြီး ပြဿနာကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။ ဤဇွန်ဘီများက အဘယ်ကြောင့် သူမကို ရိပ်မိသွားရသနည်း ဆိုသည့် အချက်ကို ပြေးနေရင်း တွေးမိလေသည်။ယခု သင်္ဘောဆိပ်သည် သူမနှင့် ဆယ်မီတာအကွာတွင်ရှိနေပြီး ဇွန်ဘီများကလည်း သူမရှေ့တွင်စုရုံး၍ ပိတ်ထားလိုက်ကြသည်။ 


ထို့နောက် ယန်ဟန်က သေနတ်ကို ထုတ်ပြီး သူမရှေ့မှ ဇွန်ဘီများကို ပစ်သတ်လိုက်လေသည်။ သေနတ်၏ ပြင်းအားမှာ အလွန်ကြီးမား‌လှပြီး ထိုသေနတ်သံက ဇွန်ဘီများကို ခြောက်လှန့်နိုင်သည်ကို တွေ့ရသောအခါ သူမ ဝမ်းသာသွားမိလေသည်။ ဇွန်ဘီများမှာ သူမအနားသို့ သိပ်မတိုးဝံ့သည်ကို မြင်လိုက်ရသောအခါ  ယန်ဟန်သည် ဗုံးတစ်လုံးကို ထုတ်ကာ ဇွန်ဘီအုပ်စုဆီသို့ ပစ်လိုက်ရာ ချက်ချင်းပင် အသားကင်နံ့မှာ လေထုထဲတွင် ဖုံးလွှမ်းသွားလေသည်။ ဇွန်ဘီအုပ်စုထဲမှ အကောင်ရေ များစွာသည် အတုန်းအရုန်း လဲကျသွားကြလေပြီ။


ယန်ဟန်သည် ထိုမြင်ကွင်းကို ကြည့်မနေတော့ဘဲ သင်္ဘောဆိပ်သို့ အမြန်ပြေးသွားလိုက်သည်။ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများမှာလည်း ဗုံးကြောင့် ထိတ်လန့်သွားပုံရပြီး သူမကို ရန်မပြုကြဘဲ အသာ ရပ်နေကြ၏။


အချိန် ကောင်းကို လက်လွတ်မခံဘဲ ယန်ဟန်သည် လှေငယ်ကလေးဆီသို့  အမြန် ပြေးသွားလိုက်သည်။ 


သင်္ဘောဆိပ်သည် ယန်ဟန်နှင့် နီးနေပြီး ဖြစ်သော်လည်း ကျီကျောက်ယန် သည် ဇွန်ဘီအုပ်စုထဲမှ အမြန်ထွက်လာသောကြောင့် သူမ ခြေတစ်လှမ်းနောက်ကျ သွားလေသည်။ 


ကျီကျောက်ယန် သည် ယန်ဟန် ထွက်ပြေးနေသည်ကို မြင်လိုက်သောအခါ ဒေါသထွက်လာပြီး သူမနားသို့ တဟုန်ထိုး ပြေးလာလေသည်။


ချက်ချင်းပင် ယန်ဟန် က  အိတ်ကပ်ထဲမှ မီးခိုးဗုံး တစ်ခုကို အမြန်ထုတ်ကာ ကျီကျောက်ယန် ဆီသို့ ပစ်ပေါက်လိုက်သည်။ တခဏချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံး မီးခိုးထု ကြီးထဲတွင် ပိတ်လှောင်သွားကြတော့သည်။ 


သူမသည် ကျီကျောက်ယန် ရှိနေမည့်နေရာကို ခန့်မှန်းပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်လိုက်သည်။ကျီကျောက်ယန် ကို ထိမှန်ခြင်း ရှိ၊ မရှိ မသိရသဖြင့် ပစ်ပြီးသည်နှင့် သင်္ဘောဆိပ် ဆီ ထွက်ပြေးလိုက်သည်။ 


ယန်ဟန်သည် အမောတကော ပြေးနေစဉ် နားထဲတွင် အားပြင်းသော ခြေသံများ ကြားလာရပြီး ထိုခြေသံများမှာ သူမနှင့် နီးကပ်လာ နေသည်ကို သိလိုက်သည်။ ကျီကျောက်ယန် သည် သူမပစ်လိုက်‌သော သေနတ်သံနောက်သို့ မှန်းဆ၍ လိုက်လာပုံရသည်။


ထိုစဉ် မီးခိုးငွေ့များကြားတွင် ယန်ဟန်သည် သူမ၏ ကျောပိုးအိတ်ကို အားဖြင့် ဆောင့်ဆွဲခံလိုက်ရလေသည်။ သူမက စဉ်းစားမနေတော့ဘဲ ကျောပိုးအိတ်ကို ချွတ်ချပစ်လိုက်သည်။ 


ထိုအချိန်တွင် ပင်လယ်လေပြင်းကြောင့် မီးခိုးငွေ့များမှာလည်း လျင်မြန်စွာ ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ 


ထိုစဉ် ယန်ဟန် သည် သူမရှေ့တွင် ရပ်နေသည့် ရှည်မျောမျော လူရိပ်ကြီးကို မှုန်ဝါးဝါး မြင်လိုက်ရသောအခါ ဇဝေဇဝါ ဖြစ်သွားရသည်။


ကျီကျောက်ယန် လည်း မဟုတ်ဘူး...ဘယ်သူပါလိမ့်...


ထိုလူသည် သူမကို မြင်သွားပုံရပြီး သူမဆီသို့ အရှိန်ပြင်းပြင်းနှင့် ပြေးလာလေသည်။ ကျီကျောက်ယန် ကလည်း နောက်မှ လိုက်လာသဖြင့် ယန်ဟန်သည် ညှပ်ပူးညှပ်ပိတ် ဖြစ်သွားကာ ချက်ချင်းပင် ပင်လယ်‌ထဲသို့ ခုန်ဆင်းပစ်လိုက်သည်။


ပင်လယ်ရေ၏ အအေးဓာတ်သည် ပုရွက်ဆိတ်များကဲ့သို့ ယန်ဟန် ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ဖြတ်ပြေးသွားကြပြီး ကိုယ်တွင်းအင်္ဂါများအထိပါ ခိုက်ခိုက်တုန်အောင် အေးနေတော့သည်။ 


အချိန်ကြာလာသည်နှင့်အမျှ ယန်ဟန်၏ ခန္ဓာကိုယ်သည် အေးသည်ထက် အေးလာကာ အသိစိတ်များပါ မှုန်ဝါးလာကြတော့သည်။ သူမ၏ ခန္ဓာကိုယ်သည် ပင်လယ်အောက်ခြေသို့ တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို ခံစားလိုက်ရသည်။ ဇွန်ဘီများသည် ရေမကူးနိုင်ကြသောကြောင့် သူမ ယခုသေသွားနိုင်လေသည်။ဤသည်မှာ သူမ၏ နောက်ဆုံးအသိစိတ် ဖြစ်ချေတော့သည်။


Xxxxxx