Chapter 51
ဟန်ခိုင် ၏ ခြေထောက် ဒဏ်ရာက သုံးလကျော်အကြာတွင် သက်သာလာခဲ့သည်။သို့ရာတွင် သေနတ်ဒဏ်ရာ ဖြစ်သောကြောင့် လမ်းလျှောက်သည့်အခါ အလိုက်သင့် မလှမ်းနိုင်ဖြစ်နေတတ်ပြီး အနည်းငယ် ကွေးနေလေသည်။
ဟန်ခိုင် သည် အိမ်တွင် အတန်ကြာအောင် နားနေရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မှိုတက်သွားမတတ် ခံစားရလေသည်။ ထို့ကြောင့် ဓာတ်ခွဲခန်းသို့ ပြန်အလုပ်ဆင်းရန် CDC သို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့သဖြင့် လာမည့် တနင်္လာနေ့တွင် အလုပ်ပြန်ဆင်းရမည် ဖြစ်လေသည်။
ကျီဟုန်ယီ သည် ဓာတ်ခွဲခန်းတွင် လူအင်အားနည်းပါးနေပြီး တတ်နိုင်သမျှ အမြန်ဆုံး အလုပ်ပြန်ဝင်စေချင်သော်လည်း ကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဟု ဟန်ခိုင်၏ အီးမေးလ်ကို စာပြန်ခဲ့သည်။
ဟန်ခိုင်၏ ဓာတ်ခွဲခန်းက ခေတ္တရပ်နားထားရသဖြင့် အလုပ်များ ပုံနေတော့သည်။ သူ အလုပ်ပြန်ဆင်းသည့် ပထမဆုံး သုံးရက်တွင် ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ဖြုန်းနေခဲ့ရပြီး ည ဆယ်နာရီအထိ အလုပ် ဆက်တိုက် လုပ်နေရလေသည်။
ဟန်ခိုင် သူ၏ ဓာတ်ခွဲခန်းမှ သုတေသီတစ်ဦး၏ စမ်းသပ်မှုဆိုင်ရာ ဒေတာများကို ရှာဖွေနေချိန်တွင် ရုတ်တရက် ဖုန်းထဲသို့ မက်ဆေ့ခ်ျဝင်လာလေသည်။ ကျီဟုန်ယီ က သူ့ရုံးခန်းသို့ ခေါ်လိုက်ခြင်း ဖြစ်သည်။
ဟန်ခိုင် က အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီ ၁၂ မိနစ် ရှိနေပြီဖြစ်၍ သုတေသီများနှင့် ပရော်ဖက်ဆာ တို့မှာ အိမ်ပြန်သွားကြလေသည်။ ကျီဟုန်ယီ ပေးပို့လိုက်သည့် မက်ဆေ့ခ်ျကို ကြောင်စီစီ စိုက်ကြည့်ရင်း ဆေးရုံတွင် ကျီဟုန်ယီ ပြောခဲ့သည့် နောက်ဆုံး စကားတစ်ခွန်းကို ဟန်ခိုင် သတိရသွားမိလေ၏။
"မင်း အဲ့ဒီအတွက် ပြန်ပေးဆပ်ရမယ်...."
ယန်ဟန် ကြိုပြောထားတဲ့ နေ့ဟာ နောက်ဆုံးတော့ ရောက်လာပြီပေါ့...
ဟန်ခိုင် က ယန်ဟန် ၏ အိပ်မက်ထဲမှ ဇွန်ဘီဗိုင်းရပ်စ်ကို ထိုးသွင်းခဲ့သည့် လူလတ်ပိုင်း အရွယ်မှာ ကျီဟုန်ယီ ဖြစ်နိုင်သည်ဟု တွေးမိသွားရသည်။ သူကကျီကျောက်ယန် ကို သွယ်ဝိုက်၍ သတ်ရာရောက်ခဲ့သဖြင့် ကျီဟုန်ယီ က လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ပေ။
ကျီဟုန်ယီ သည် ယနေ့အတွက် စိတ်မရှည်စွာ စောင့်ဆိုင်းခဲ့ရသည်မှာ သုံးလကျော်ရှိပြီမို့ သူ အလုပ်ပြန်ဝင်သည့် ၃ရက်မြောက်နေ့တွင် ပြင်ဆင်ထားသည့် အစီအစဉ်ကို အကောင်အထည် ဖော်လိမ့်မည် ဟု ဟန်ခိုင် ထင်မိသည်။
ဟန်ခိုင် စမ်းသပ်မှုမှတ်တမ်းများ၏ နောက်ဆုံးစာမျက်နှာအချို့ကို ဖတ်ကာ စမ်းသပ်မှု ပြုလုပ်နေစဉ်အတွင်း ဖြစ်လာနိုင်သည့် သွေဖည်မှုများနှင့် အမှားများကို ချရေးပြီးနောက် ဓာတ်ခွဲခန်း တံခါးကို သော့ခတ်ကာ ကျီဟုန်ယီ၏ ရုံးခန်းသို့ ထွက်လာခဲ့လေသည်။
ကျီဟုန်ယီ ၏ ရုံးခန်းသည် အဆောက်အဦး၏ ၉ထပ်တွင်ရှိသည်။ ၉ထပ်ရှိ အခန်းအများစုမှာ CDC၏ အထက်လူကြီးများ၏ ရုံးခန်းများ ဖြစ်ကြသည်။ ဟန်ခိုင် သည် ည ၁၀နာရီခွဲတွင် ကိုးထပ်သို့ ရောက်သောအခါ အချို့ရုံးခန်းမီးများ မှာ ပိတ်ထားပြီး စင်္ကြံရှိ မီးများသာ လင်းထိန်နေသဖြင့် အထက်လူကြီးများသည် အလုပ်မှ အချိန်မှန် အိမ်ပြန်ကြပုံရသည်။
ဟန်ခိုင် သည် အတွင်းဘက်သို့ ဆက်လျှောက်သွားရာ စင်္ကြံအဆုံးတွင် မီးများ ပိတ်ထားပြီး တံခါးမှာ ပွင့်လျက်သား ဖြစ်နေသော ကျီဟုန်ယီ ၏ ရုံးခန်းကို တွေ့လိုက်ရလေသည်။
ဟန်ခိုင်က အခန်းအပြင်တွင် ရပ်၍ တံခါးကို ခေါက်လိုက်သော်လည်း အခန်းထဲက မည်သည့်အသံမျှ မကြားရချေ။ ဟန်ခိုင် သည် အချိန်အတော်ကြာအောင် စောင့်ပြီးနောက် တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
ရုံးခန်းထဲတွင် ကျီဟုန်ယီ ၏ ကွန်ပြူတာမှာ ဖွင့်ထားသော်လည်း ကွန်ပြူတာမှ အလင်းသည် အလွန်မှိန်နေသဖြင့် ရုံးခန်းကြီးသည် မှောင်မဲနေဆဲ ဖြစ်၏။ ဟန်ခိုင်သည် မီးဖွင့်ရန်အလို့ငှာ တံခါးဘေးရှိ နံရံကို လက်ဖြင့်စမ်း၍ မီးခလုတ်ကို ရှာနေစဉ် သူ့ခေါင်းကို တစ်စုံတစ်ခုဖြင့် အားပြင်းစွာ အရိုက်ခံလိုက်ရသဖြင့် သတိလစ်သွားလေတော့သည်။
ဟန်ခိုင် နိုးလာသောအခါတွင် သူသည် ခွေးခြေခုံတစ်ခုပေါ်တွင် ကြိုးချည်ခံထားရပြီး မလှုပ်ရှားနိုင်တော့ပေ။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ ကျီဟုန်ယီ ၏ ရုံးခန်းထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သတိမလစ်ခင်က အခြေအနေနှင့် ကွာခြားချက်မှာ ယခုမူ အခန်းမီးများဖွင့်ထားပြီး တံခါးကို သော့ခတ်ထားခြင်းဖြစ်လေသည်။ ဟန်ခိုင် သည် သူ့ရှေ့တွင် ရပ်နေသော ကျီဟုန်ယီ ကို ကြောက်ရွံခြင်း အလျင်းမရှိဘဲ မော့ကြည့်လိုက်လေသည်။။
ကျီဟုန်ယီ သည် Rဗိုင်းရပ်စ်ကာကွယ်ရေး ဝတ်စုံကို ၀တ်ဆင်ထားလေသည်။ ဟန်ခိုင် က ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဒါရိုက်တာကျီ ...ဒီလောက်ကြီးဝတ်ထားဖို့ လိုလို့လား...ကျွန်းပေါ်က လူတွေဟာ R ဗိုင်းရပ်စ်ကို အနည်းနဲ့ အများ ခုခံအားများတဲ့အတွက် ခင်ဗျား စိုးရိမ်နေစရာမလိုပါဘူး...”
ကျီဟုန်ယီ က အံ့အားသင့်စွာ မေးလိုက်လေသည်။
“မင်း ဘာကို ဆိုလိုတာလဲ...”
“ကျွန်တော် ဘာကိုဆိုလိုတာလဲ ဟုတ်လား...အဲ့ဒါထက် ကျွန်တော့်ကိုကြိုးတုပ်ထားတဲ့ ဒါရိုက်တာ ကျီကိုပဲ မေးပါရစေဦး...ဒါက ဘာကိုဆိုလိုတာလဲ..."
"ဟန်ခိုင် မင်းက ဒီကမ္ဘာမှာ ငါ့ရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာကို သတ်ပစ်ခဲ့တယ်... မင်းကို ငါလွှတ်ထားမယ်လို့ မင်းထင်နေတာလား... မင်းက ငါ့သားကို ဇွန်ဘီဖြစ်အောင် လုပ်ခဲ့တယ်လေ...အခု သူ ဘယ်မှာရှိမှန်း ငါမသိသေးဘူး...ဒီ ၃လအတွင်းမှာ ငါ့နှလုံးသားကြီးတစ်ခုလုံး ဒယ်အိုးထဲမှာ အကြော်ခံနေရသလိုပဲ...ဒီလောက် ရက်စက်တဲ့ အဖြစ်ဆိုးကြီးကို ငါတစ်ယောက်တည်း ဘယ်လိုမှ မခံစားနိုင်တော့ဘူး...အဲ့တော့ ငါလည်း မင်းကို အဲ့ဒီအရသာကို မြည်းစမ်းခိုင်းပြီး ဇွန်ဘီအဖြစ် ပြောင်းပေးမယ်...မနက်ဖြန် မင်း ဇွန်ဘီဖြစ်လာရင် မင်းကို စစ်ဆင်ရေးအဖွဲ့ ကလူတွေကို ဖမ်းခိုင်းပြီး မင်းကို သီးခြားခန်းထဲက ဇွန်ဘီလှောင်အိမ်ထဲမှာ ထည့်ထားပြီး ဖြည်းဖြည်းချင်းနှိပ်စက်ပြမယ်...မင်းဘယ်တော့မှပျော်ပျော်ကြီး မသေရဘူး...မဟုတ်ရင် ငါ့ရင်ထဲက ဒေါသတွေကို ငါ ဘယ်လို ဖြေဖျောက်ရတော့မှာလဲ..."
ကျီဟုန်ယီ ၏ စကားကို ကြားပြီးသော်လည်း ဟန်ခိုင် ၏မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှု တစ်စုံတစ်ရာ မပြသေးပေ။
ဟန်ခိုင် ၏ ဂရုမစိုက်သည့် တုံ့ပြန်မှုကိုကြည့်၍ ကျီဟုန်ယီ အနည်းငယ်နောက်တွန့်သွားသော်လည်း ခပ်ပေါ့ပေါ့သာ တွေးမိလိုက်သည်။
'ဒီကောင် သေရမှာ မကြောက်တာ ဖြစ်နိုင်ပါ့မလား...'
"ဘာလို့ မင်းက မကြောက်တာလဲ..."
"ကျွန်တော် ကြောက်ကြောက်၊ မကြောက်ကြောက် ဒါရိုက်တာကျီ ဂရုစိုက်စရာ မလိုဘူး မဟုတ်လား..."
ပြစ်မှုကျူးလွန်သူများသည် သားကောင်က ကြောက်ရွံ့မှသာ သူတို့စိတ်ပျော်နိုင်ကြပေသည်။
ကျီဟုန်ယီ က ဒေါသထွက်စွာဖြင့် သူ့ကို စိုက်ကြည့်နေ၏။
ယနေ့အစီအစဥ်အတွက် ကျီဟုန်ယီသည် အချိန်တစ်လ နီးပါးယူကာ စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။ ဟန်ခိုင် ဇွန်ဘီဖြစ်လာသည့် မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်တိုင်း စိတ်လှုပ်ရှားစွာ ရယ်မော ပျော်ရွှင်နေခဲ့သည်။ ထိတ်လန့်တကြားဖြင့် သနားညှာတာပေးရန် ပြောဆိုနေရင်း ကြမ်းပြင်ပေါ်တွင် ဝပ်တွားကာ တောင်းပန်နေသည့် ဟန်ခိုင် ၏ ပုံစံကို မြင်ယောင်ခဲ့ဖူးလေသည်။ ဟန်ခိုင် က သားဖြစ်သူကို သတ်ပစ်ခဲ့သည့်အတွက် နောင်တရစေချင်သဖြင့် ယနေ့ကို စောင့်နေခဲ့ခြင်း ဖြစ်လေသည်။
ယခုမူ ကြိုးဖြင့်တုပ်ထားခံရသော ဟန်ခိုင် သည် ဒူးထောက်ကာ သနားခံဖို့ မဆိုထားဘိ ကြောက်လန့်ပုံပင် မပေါ်ပေ။
ကျီဟုန်ယီ သည် နံရံတွင် ချိတ်ထားသည့် တိုင်ကပ်နာရီကို မော့ကြည့်လိုက်ရာ မနက် ၁ နာရီထိုးခါနီးပြီ ဖြစ်၍ ကြိုတင်ပြင်ဆင်ထားသော Rဗိုင်းရပ်စ်နှင့် ဆေးထိုးအပ်ကို ထုတ်ကာ ဟန်ခိုင် ၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်လေသည်။ ကျီဟုန်ယီ သည် ဟန်ခိုင်အား ဗိုင်းရပ်စ်ကို အမှန်တကယ် ထိုးလိုက်သောအခါတွင် ကြောက်လိမ့်မည်ဟု ထင်ထားသော်လည်း လူသေ တစ်ယောက်ကဲ့သို့ ငြိမ်နေလေ၏။
ကျီဟုန်ယီ က ဟန်ခိုင် ကို ဇွန်ဘီဗိုင်းရပ်စ် ထိုးသွင်းပြီးနောက် ကပျာကယာ ပစ္စည်းများကို ယပျာကယာ သိမ်းနေလေသည်။ ဟန်ခိုင် သည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
"ဟန်ခိုင်... မင်းဘဝရဲ့ လက်ကျန်အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေကွာ..."
ထို့နောက် ကျီဟုန်ယီ သည် ရုံးခန်းအတွင်းရှိ မီးကိုပိတ်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ ကာကွယ်ရေး ဝတ်စုံကို ချွတ်၍ အိတ်ဖြင့်ထုပ်ကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။
ကျီဟုန်ယီ ထွက်သွားပြီးနောက် ဟန်ခိုင် သည် သူ့အား ချည်နှောင်ထားသည့် ကြိုးများပြေသွားရန် အားဖြင့် ဆောင့် ရုန်းသော်လည်း တင်းကျပ်လွန်းသဖြင့် လုံးဝ မလှုပ်ရှားနိုင်ပေ။
ဟန်ခိုင် သည် ကုလားထိုင်ပေါ်တွင် ရုန်းကန်နေရာမှ မောပန်းနွမ်းနယ်လာသဖြင့် ခဏမျှ အနားယူလိုက်လေသည်။
Xxxxxxx
Chapter 52
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေကြပြီး တိုင်ကပ်နာရီမှ ချောက်ချက်သံနှင့် ဟန်ခိုင် ၏ အသက်ရှုသံများသာ ကြီးစိုးနေကြလေသည်။ ကျီဟုန်ယီ က မနက်တစ်နာရီခန့်တွင် အခန်းထဲမှ ထွက်သွားလေသည်။
ထိုင်ခုံမှာထိုင်နေရင်း ဟန်ခိုင် က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ကို ရှင်းရှင်း လင်းလင်း ခံစားမိလေသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ဤထူးဆန်းသည့် ခံစားချက်ကို အလားတူ ခံစားခဲ့ဖူးလေသည်။ ထို့နောက် တစ်ကိုယ်လုံး ပူလောင်လာပြီးလည်ချောင်းများ ယားယံလာကာ ချောင်းတဟွတ်ဟွတ်ဖြင့် နဖူးမှ ချွေးသီးချွေးပေါက်များ ထွက်လာလေတော့သည်။သူသည် မျက်လုံးများဖွင့်ထားသော်လည်း သူ့စိတ်အစဉ်တို့သည် အထိန်းအကွပ်မရှိ ရှုပ်ထွေးလာကြသည်။ ဟိုးယခင်က မတွေးဝံ့စရာ အဖြစ်အပျက်များသည် သူ့စိတ်ထဲတွင် အစီအရီပေါ်လာကြလေသည်။
ဇူလိုင်လ ၁၄၊ ၂၀၂၂ တွင် ဟန်ခိုင် သည် အလုပ်များ ပြီးသွားပြီဖြစ်၍ ရှန်ရှန် စိတ်ပြေအောင် ချော့မော့ရမည့် အချိန် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့နှစ်ဦး၏ ချစ်သက်တမ်း ခုနစ်နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ခဲ့သော်လည်း အလုပ်များနေသဖြင့် သူမမှတ်မိခဲ့ပေ။
ယခု အလုပ်အားခါမှ နှစ်ပတ်လည်နေ့ကို ဟန်ခိုင် ရုတ်တရက် သတိရသွားသည်။ ရှန်ရှန် သည် သူ့ကို စိတ်ဆိုးနေသဖြင့် အားလပ်ရက်တွင် သူမအတွက် အထူးပွဲလေးတစ်ခုကို သူ့၏အိမ်၌ ပြင်ဆင်ခဲ့သည်။
ဟန်ခိုင် နာရီကို ထပ်ခါထပ်ခါ ကြည့်လိုက်သည်။ ညနေ ၆နာရီ ၁၁ မိနစ် ရှိပြီ ဖြစ်၍ ရှန်ရှန် အလုပ်မှ ဆင်းပြီး မြေအောက်ရထား ဘူတာရုံတွင် ရထားစောင့်နေပေလိမ့်မည်။ထို့နောက် သူက ဧည့်ခန်း စားပွဲပေါ်တွင် ဂရုတစိုက် စီစဉ်ထားသော ဖယောင်းတိုင်မီးများဖြင့် အလှဆင်ထားသည့် ညစာ,စားပွဲကို ပြုံးကြည့်လိုက်သည်။
ဟန်ခိုင် သည် ဧည့်ခန်းထဲတွင် ကဏှာမငြိမ်စွာ လမ်းလျှောက်နေရင်း သူ၏ လက်ထပ်ခွင့်တောင်းမည့် အစီအစဉ်သည် ပြီးပြည့်စုံခြင်းမရှိ ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူက စိန်လက်စွပ်ဘူးကို အမြန်ဖွင့်လိုက်ပြီး မှန်ရှေ့တွင် လေ့ကျင့်နေလေသည်။
“ရှန်ရှန်...ကိုယ်တို့ရဲ့ ၇နှစ်မြောက် နှစ်ပတ်လည်နေ့ကို မေ့သွားတာ ကိုယ်တောင်းပန်ပါတယ်.....ရှန်ရှန် .... ကိုယ်တို့ ချစ်ခဲ့ကြတာ ခုနစ်နှစ်ရှိပြီနော်...အဲ့ဒါကြောင့် ကိုယ့်ကိုလက်ထပ်လိုက်ပါ...."
ထို့နောက် ဟန်ခိုင် က ခေါင်းခါလိုက်သည်။
"ဟင့်အင်း...ခြောက်ကပ်နေတာပဲ... အသက်ကို မပါဘူး.."
တစ်ကယ်တမ်းတွင် သိပ္ပံကျောင်းသားတစ်ယောက်၏ ဦးနှောက်မှာ စိတ်ကူးယဉ်ဆန်သည့် စကားအသုံးအနှုန်းများကို မပြောတတ်တော့ဘဲ လက်တွေ့ကျကျသာ ပြောဆိုတတ်လေသည်။ထို့နောက် သူက ခဏစဉ်းစားလိုက်ပြီး မှန်ရှေ့တွင် လေးနက်သောအမူအရာဖြင့် ထပ်မံလေ့ကျင့်လိုက်ပြန်သည်။
“ရှန်ရှန်.....ဒီဘဝမှာ မင်းနဲ့တွေ့ရတာ ကိုယ်အရမ်း ကံကောင်းတယ် သိလား... မင်းကိုယ့်ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကိုယ်က မင်းကို ချစ်ပြီး တစ်သက်လုံး ကာကွယ်ပေးမယ်...ရှန်ရှန်... ကိုယ့်ကို လက်ထပ်ပါ..."
ဟန်ခိုင် မကျေမနပ် ခေါင်းခါလိုက်ပြီး ကမောက်ကမ ဖြစ်လွန်းသည် ဟု ခံစားရလေသည်။
ထို့နောက် သူက နာရီကိုကြည့်လိုက်ရု ညနေ ၆ နာရီ ၃၀ ရှိပြီ ဖြစ်သည်။ ဟန်ခိုင် သည် ဝင်လာမည့် ဧည့်သည်အား စောင့်မျှော်နေသော ဟိုတယ် တံခါးမှူးကဲ့သို့ တံခါးဝတွင် ရပ်နေလိုက်သည်။
ဟယ်ယွင်ရှန် အခန်းတံခါးကို ဖွင့်လိုက်သောအခါ ဟန်ခိုင် က သစ်တုံးကြီးကဲ့သို့ တံခါးဝနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ အလိုမကျဟန်ဖြင့် ပြောလိုက်လေသည်။
“တံခါးနားမှာ ဘာလို့ သစ်တုံးကြီးလို ရပ်နေရတာလဲ...အရူးကြီး ကျနေတာပဲ..."
ဟန်ခိုင် က ပြန်မဖြေဘဲ ပြုံးစိစိလုပ်နေသဖြင့် သူမက အိမ်စီးဖိနပ် လဲစီးရန် ပြင်လိုက်သည်။ ထိုအခါမှ ဟန်ခိုင်က ပြုံးလိုင်ပြီး သူမလက်ထဲက အိတ်ကို လှမ်းယူလိုက်သည်။
“အို...နေက အနောက်ကနေ ထွက်လာတော့မှာပဲ...ကိုယ့်ရည်းစားရဲ့ အိတ်ကို အလိုက်တသိယူပေးတာ ကျေးဇူးတင်ပါတယ်ရှင်...”
ဟယ်ယွင်ရှန် က ထိုသို့ပြောသောအခါ ဟန်ခိုင် သည် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ ယခင်က သူသည် ဤကဲ့သို့ အသေးအမွှား ကိစ္စများကိုပင် လစ် လျူရှုခဲ့သူ ဖြစ်သည်။
ဟယ်ယွင်ရှန် သည် ဖိနပ်ကို လဲစီးပြီးသည်နှင့် ဧည့်ခန်းထဲသို့ ၀င်သွားရာ ထမင်းစားပွဲပေါ်တွင် ဟန်ခိုင် ကိုယ်တိုင် ဂရုတစိုက်အလှဆင်ထားသည့် ညစာစားပွဲအား မြင်သွားသည်။ထိုအခါ သူမက အနားတွင် ငြိမ်ငြိမ်ကလေး ရပ်နေသော ဟန်ခိုင် ကို ငေါ့လိုက်သည်။
"ဘာလဲ ....ဒီနေ့ အားရောအားရဲ့လား..."
လွန်ခဲ့သည့် ရက်အနည်းငယ်က ဟန်ခိုင် သည် ခုနှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ကို မေ့သွားသောကြောင့် သူမသည် ၂ရက်ကြာအောင် စိတ်ကောက်နေခဲ့သည်။ သို့ရာတွင် ဟန်ခိုင် က သူမကို ဘာကြောင့် ရုတ်တရက်ကြီး စိတ်ကောက်သွားတာလဲ ဟု မေးလိုက်သောအခါ သူမ ပို၍ပင် ဒေါသထွက်လာပြီး သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ စိတ်ကောက်နေလိုက်သည်။ ယခု ဟန်ခိုင် က ထိုကိစ္စကို တောင်းပန်သည့်အနေဖြင့် ညစာစားပွဲကို အထူးပြင်ဆင်ထားခြင်း ဖြစ်နိုင်သည်။
"Surprise လေ... နောက်မှပြောပြမယ်..."
ဟန်ခိုင် က ထိုင်ခုံကို ညွှန်ပြလိုက်ပြီး ညင်သာသိမ်မွေ့စွာဖြင့် သူမကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
ဟယ်ယွင်ရှန် က သဘောကျစွာ ရယ်မောလိုက်သည်။
"ကောင်းပြီလေ...အခုတော့ ရှင့်ကို ခွင့်လွှတ်ရတော့မှာပေါ့..."
ဟန်ခိုင် က ရှက်ပြုံးပြုံးလိုက်ပြီး ပြောလေသည်။
"ကိုယ်တို့ရဲ့ နှစ်ပတ်လည်နေ့ကို မေ့သွားတာ ကိုယ့်အမှားပါ...အဲ့ဒီအတွက် မစ္စရှန်ရှန် ကို အနူးအညွတ်တောင်းပန်ပါတယ်... နောက်တစ်ခါ လုံးဝ မဖြစ်စေရပါဘူး... ကိုယ်ကတိပေးတယ်..."
"နောက်တစ်ကြိမ် အဲ့လိုမေ့နေရင် ဘယ်လိုလုပ်ရမှာလဲ...."
ဟယ်ယွင်ရှန် သည် ဟန်ခိုင် ၏ ချစ်စဖွယ် အပြောလေးကို ကြည့်ရင်း စ,နောက်လိုက်သည်။
“ဒါဆို ကျွန်တော်က မစ္စရှန်ရှန် အတွက် မြင်းတစ်ကောင် အဖြစ် ပြောင်းသွားလိုက်ပါ့မယ်...”
"တစ်ကယ်လား..."
"တစ်ကယ်...တစ်ကယ်..."
"အရင်ကလည်း ဒီလိုပြောတာပါပဲ..."
ဟယ်ယွင်ရှန် က သူ့ကို ပြုံးကြည့်ကာ စားပွဲပေါ်ရှိ ညစာစားပွဲကို ကြည်နူးစွာ သေချာကြည့်နေသေးသည်။
ထို့နောက် ညစာစားနေစဉ် ဟန်ခိုင် က ပြင်ဆင်ထားသည့် စိန်လက်စွပ်ဘူးကို ထုတ်ယူလိုက်ပြီး ဖွင့်လိုက်၍ ဒူးထောက်ထိုင်လိုက်ပြီး လက်ထပ်ခွင့်တောင်းလိုက်လေသည်။
“ရှန်းရှန်း... ကိုယ် မင်းကို ချစ်တယ်... မင်းပြုံးနေတဲ့ပုံလေး...အိပ်နေတဲ့ပုံစံလေး....အိပ်ငိုက်နေတဲ့ ပုံစံလေး..အိုကွာ အားလုံးကို ချစ်တယ်... ကိုယ် မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကိုချစ်တယ်...ရှန်ရှန်... ကိုယ်မင်းကို ပြုစုစောင့်ရှောက်ရင်း ကိုယ့်ဘဝတစ်လျှောက်လုံး ဖြတ်သန်းချင်တယ်... ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ..."
အချိန်အတော်ကြာအောင် ပြင်ဆင်ထားသည့် လက်ထပ်ခွင့်တောင်းခြင်းသည် ချောမွေ့စွာ ပြီးဆုံးသွားလေသည်။
Xxxxx