Chapter 53
ဟယ်ယွင်ရှန်က ဒူးထောက်၍ လက်ထပ်ခွင့် တောင်းနေသော ဟန်ခိုင် ကို ကြည့်ကာ ပါးစပ်ကိုလက်နှစ်ဖက်ဖြင့် အုပ်ထားပြီး မျက်ရည်များ ရစ်ဝဲလာရသည်။ ယနေ့ကို သူမ စောင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။
“ကျွန်မ…ကျွန်မ အဟွတ်… အဟွတ်...”
ဟယ်ယွင်ရှန် ရုတ်တရက် ချောင်းအပြင်းအထန် ဆိုးနေတော့သည်။ ဟန်ခိုင် က ဒူးထောက်နေရာမှ မတ်တပ်ထရပ်လိုက်သည်။
"ရှန်ရှန်....မင်း ဘာဖြစ်နေတာလဲ..နေမကောင်းဘူးလား...."
"ဘာဖြစ်တာလဲ မသိဘူး....လည်ချောင်းထဲမှာ တစ်ခုခုဆို့နေသလိုပဲ..."
ထို့နောက် သူမက လည်ချောင်းရှင်းရန် ချောင်းတစ်ချက် ဟန့်လိုက်ရာ ပို၍ပင် ချောင်းဆိုးလာပြန်သည်။
"မဖြစ်တော့ဘူး...ကိုယ် မင်းကို ဆေးရုံလိုက်ပို့မယ်..."
ဟယ်ယွင်ရှန် က ဟန်ခိုင် ၏လက်ကို အမြန်ဆွဲထားလိုက်ပြီး ပြောလေသည်။
“ရပါတယ်... မလိုပါဘူး... အရမ်းစိတ်လှုပ်ရှားသွားလို့ နေမှာပါ... ရေနွေးတစ်ခွက်လောက် သောက်လိုက်ရင် ပျောက်သွားမှာ... "
“ဒါဆို ဒီမှာ ငြိမ်ငြိမ်လေး ထိုင်နေနော်...ရေနွေးပူပူလေး တစ်ခွက် ယူလာပေးမယ်..."
ဟယ်ယွင်ရှန် က ခေါင်းညိတ်လိုက်ပြီး စိန်လက်စွပ်ကို ဝတ်ကြည့်လိုက်သည်။ထို့နောက် ချက်ချင်းပင် ချောင်းပြန်ဆိုးလာ၍ သူမ မျက်နှာမှာ နီမြန်းလာပြီး လေပြွန်အက်ကွဲသွားသကဲ့သို့ ခံစားရလေသည်။ သေချာသည်မှာ ယခုရောဂါလက္ခဏာများသည် သာမာန် အအေးမိခြင်းမဟုတ်ကြောင်း သူမသိနေလေသည်။
“ဟန်…ဟန်…”
သူမသည် ဟန်ခိုင် ၏ နာမည်ကို ခေါ်ချင်သော်လည်း အသံကြိုးများကို တစ်စုံတစ်ခုက ပိတ်ဆို့ထားသကဲ့သို့ အသံမထွက်နိုင် ဖြစ်နေ၏။
ဟန်ခိုင် သည် ရေနွေးအိုးတည်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ရေနွေးအိုးထဲရှိ ရေပွက်ပွက်ဆူနေသည့်အချိန်တွင် မီးဖိုချောင် ပြတင်းပေါက်မှ အပြင်ဘက်လမ်းမကို သူ့အကျင့်အတိုင်း ငေးမောကြည့်နေ၏။
သူသည် ရိုးရှင့်လွယ်ကူသည့် အလုပ်တစ်ခုခုကို လုပ်နေသည့်အခါ အခြားတစ်နေရာကို ငေးကြည့်နေရင်း တစ်စုံတစ်ရာကို တွေးတောနေတတ်၏။
ဥပမာအားဖြင့် သူသည် ဖန်ခွက်ကို စိုက်ကြည့်ကာ သူတို့၏ မင်္ဂလာပွဲကို စိတ်ကူးယဥ် ကြည့်မိသည်။
'ဘယ်တော့ လက်ထပ်ကြရင် ကောင်းမလဲ.... ဟန်းနီးမွန်းကျရင် ဘယ်ကိုသွားရမလဲ...'
ဟန်ခိုင် သည် တွေးနေရာမှ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်ရသည်။ တကယ်တမ်းတွင် ထိုအဖြစ်အပျက် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း သူ မတွေ့ခြင်းသာ ဖြစ်လေသည်။
' ဒီလူတွေ လမ်းပေါ်မှာ ဘာလုပ်နေပါလိမ့်..အုပ်စုဖွဲ့ ရန်ဖြစ်နေတာလား...'
ဟန်ခိုင်က သိချင်စိတ်ဖြင့် ခေါင်းထောင်ကြည့်လိုက်ရာ လမ်းမပေါ်တွင် သွေးအိုင်၊သွေးကွက်များ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ ဆက်ကြည့်ချင်သော်လည်း ရေနွေးအိုးက ရေဆူနေပြီဖြစ်၍ ဖန်ခွက်တစ်ခုထဲသို့ ငှဲ့လိုက်သည်။ ထို့နောက် ရေနွေးခွက်ကို ကိုင်ကာ ဧည့်ခန်းဆီသို့ အမြန်သွားလိုက်ရာ စားပွဲပေါ်တွင် မှောက်အိပ်နေသော ရှန်ရှန် ကို တွေ့လိုက်ရသည်။ ရှန်ရှန် အလုပ်ပင်ပန်းနေသည် ဟုထင်သဖြင့် သူမကို မနှောင့်ယှက်တော့ဘဲ ရေနွေးခွက်ကို စားပွဲပေါ်တင်ပြီး လသာဆောင်သို့ အမြန်ထွက်ကြည့်လိုက်သည်။
ထို့နောက် ဟန်ခိုင်က လသာဆောင်တွင် လှဲအိပ်လိုက်ပြီး လမ်းမပေါ်ရှိ လူများကို ဆက်လက် ကြည့်ရှုလိုက်သည်။တဖြည်းဖြည်း လမ်းမပေါ်တွင် လူပိုများလာကြပြီး တချို့က သွေးများဖြင့် မြင်မကောင်းအောင် ပေကျံနေကာ မြေပြင်ပေါ်သို့ ခေါက်ကနဲ လဲကျသွားကြလေသည်။ ဟန်ခိုင် က ထိုအဖြစ်များကို “အုပ်စုလိုက် ရန်ပွဲ” ဟုသာ တွေးလိုက်ပြီး ရဲများ ရောက်မလာကြ၍ အံဩနေမိသည်။
' ယွင်ကျင့် မြို့က တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူးလား...'
ဟန်ခိုင် သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရဲကို ခေါ်မည်ပြုစဉ် ဧည့်ခန်းထဲမှ ဖြန်းကနဲ မှန်ကွဲသံကြီး ရုတ်တရက် ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်ရာ ရှန်ရှန် ကို တွေ့လိုက်ရသည်။
ရှန်ရှန် ၏ မျက်လုံးများမှာ အဖြူရောင်ပေါက်နေပြီး မျက်နှာလည်း ဖြူဖျော့နေကာ ပါးစပ်မှလည်း သွေးများ တွင်တွင် စီးကျနေတော့သည်။
"ရှန်ရှန်...မင်း ဘာဖြစ်နေတာလဲ..."
ဟယ်ယွင်ရှန် က အော်ဟစ်လိုက်ပြီး ဟန်ခိုင် ဆီ သားရဲတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ပြေးလာလေသည်။ ဟန်ခိုင် အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ရှန်ရှန်က သူ့ကိုခုန်အုပ်ကာ ပုခုံးကို ကိုက်လိုက်ပြီဖြစ်သည်။
ဟန်ခိုင် သည် ရှန်ရှန်၏ ပါးစပ်မှ သွေးများနှင့် သူ၏ပုခုံးသား အနည်းငယ်ကို ကြည့်လိုက်သောအခါ အသားနာသည်ထက် အလွန်အမင်း တုန်လှုပ်သွားလေတော့သည်။ ယခုအချိန်တွင် သူ့အပေါ်ကို အုပ်မိုးထားသော ရှန်ရှန် သည် လူသားတစ်ဦးနှင့် မတူပေ။ ရှန်ရှန် က ထပ်ကိုက်တော့မည်ကို မြင်လိုက်ရသောအခါ လက်တစ်ဖက်ဖြင့် အနားရှိ ပစ္စည်းတစ်ခုခုကို စမ်းလိုက်ရာ ဘေ့စ်ဘောရိုက်တံကို တွေ့သွားလေသည်။
ဟန်ခိုင်က သိပ်မစဉ်းစားဘဲ ဘေ့စ်ဘောရိုက်တံကို ကောက်ကိုင်လိုက်ပြီး ရှန်ရှန် ၏ခေါင်းကို ရိုက်ချလိုက်လေသည်။ ရှန်ရှန် သည် နာကျင်မှုကို ခံစားရပုံ မပေါ်ဘဲ ဟန်ခိုင် ၏ အသားကို ကိုက်ဖို့သာ အတင်းကြိုးစားနေတော့သည်။ ထို့နောက် သူသည် ရှိသမျှခွန်အားဖြင့် ရှန်ရှန် ကို တစ်ချက်တည်း ဆောင့်ကန်လိုက်ရာ သူမမှာ နောက်သို့ပက်လက် လှန်လဲကျသွားသည်။ သို့သော်လည်း သူမက ချက်ချင်း ကုန်းရုန်းထ၍ ပြေးလာပြန်သည်။
ဟန်ခိုင် က ရှန်ရှန် ၏ ပါးစပ်ထဲကို ဘေ့စ်ဘော ရိုက်တံဖြင့် ဆို့ထားလိုက်သောအခါ သူမ၏ သွားများသည် ဘေ့စ်ဘော ရိုက်တံထဲသို့ စူးနစ်သွားပြီး ပါးစပ်မှာ လှုပ်မရတော့ချေ။ ထို့နောက် ဟန်ခိုင် ပခုံး ဒဏ်ရာမှ သွေးများထွက်လာပြီး အလွန်အမင်း နာကျင်ကိုက်ခဲ လာသဖြင့် ဧည့်ခန်းထဲသို့ ပြေးသွားလိုက်၏။ ရှန်ရှန်က မီးဖိုခန်းထဲတွင်သာ ဆေးသေတ္တာ ထားတတ်သည်ကို သတိရသွားသဖြင့် သွေးစီးကျနေသော ဒဏ်ရာကြီးဖြင့် မီးဖိုခန်းထဲသို့ လျှောက်သွားလိုက်သည်။ သူ ဆေးသေတ္တာကို ရှာနေစဉ် ဘေ့စ်ဘော ရိုက်တံက ထောင်ကနဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အသံကို ဝရံတာမှ ကြားလိုက်ရလေသည်။
ဟန်ခိုင် သည် ထိတ်လန့် ကြောက်ရွံ့သွားပြီး မီးဖိုချောင်သုံးဓားကို ဖျပ်ကနဲ ကောက်ကိုင်လိုက်သည်။နောက်နှစ်စက္ကန့်အတွင်းမှာပင် ရှန်ရှန် သည် ပါးစပ်တွင် သွေးအပြည့်ဖြင့် မီးဖိုခန်းထဲသို့ ရောက်လာလေသည်။
Xxxxx
Chapter 54
ဟန်ခိုင် သည် မီးဖိုခန်းထဲသို့ ရောက်လာသော ရှန်ရှန် ကို ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။ ထို့နောက် အားကနဲ အော်လိုက်ပြီး မီးဖိုချောင်သုံးဓားဖြင့် ရှန်ရှန်ကို ခုတ်ပစ်လိုက်လေသည်။ ထိုအချိန်တွင် သူကိုယ်သူ ရူးသွားသလို ခံစားရပြီး ဓားဖြင့် ရှန်ရှန်ကို အချက်ပေါင်းများစွာ ခုတ်ပစ်လိုက်လေတော့သည်။
ရှန်ရှန် ၏ အသားစများ၊ ဦးခေါင်းခွံ၊ ဦးနှောက်များနှင့် သွေးများမှာ ကြမ်းပြင်ပေါ် နေရာအနှံ့ ဖိတ်စင်သွားလေသည်။ဟန်ခိုင် မီးဖိုချောင်ကြမ်းပြင်ပေါ်မှ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြင်လိုက်ရသောအခါ ဗီရိုကိုကိုင်ကာ အားယူထလိုက်ပြီး စားထားသမျှ ညစာအားလုံးကို အန်ထုတ်ပစ်လိုက်လေသည်။ ညစာများ ကုန်သွားသောအခါတွင် အအန်မရပ်သေးဘဲ ချဉ်စုတ်စုတ် အရည်များကို ထိုးအန်လိုက်သေးသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ရှန်ရှန် ၏ သွေးများဖြင့် ပေကျံနေကာ သန့်ရှင်းသော နေရာဟူ၍ မရှိတော့ပေ။
သူ အိပ်ခန်းထဲသို့ သွားရန်ပြင်လိုက်စဉ် သူ၏ အေးစက်နေသော မျက်နှာမှာ တစ်စုံတစ်ခုကြောင့် အနည်းငယ် နွေးထွေးသွားလေသည်။
သူ စမ်းကြည့်လိုက်ရာ စီးကျနေသော မျက်ရည်ပူများ ဖြစ်လေတော့သည်။
ထို့နောက် အိပ်ခန်းထဲသို့ဝင်၍ တံခါးကိုလော့ခ်ချ မနေတော့ဘဲ ခုတင်ပေါ်ပစ်လှဲ၍ သေခြင်းတရားကို စောင့်မျှော်နေလိုက်သည်။
ဟန်ခိုင် တဖြည်းဖြည်း တွေးလာမိသည်မှာ လမ်းမပေါ်ရှိ "ရန်ဖြစ်နေသော လူများ" နှင့် ရှန်ရှန် တို့သည် ပုံမှန်လူများ မဟုတ်နိုင်တော့ပေ။
ဇွန်ဘီတွေလား...
ထိုစကားလုံးက သူ့စိတ်ထဲတွင် ဖျပ်ကနဲ ပေါ်လာလေ၏။
သူ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကျက်ကို ကြောင်စိီစီ စိုက်ကြည့်နေမိသည်။ သူ့ပခုံးမှ ဒဏ်ရာက နာကျင်ကိုက်ခဲလာပြီး ဦးခေါင်းကြီးပါ ပေါက်ထွက်၍ ဦးနှောက်များ ထွက်လာလုမတတ် ခံစားနေရလေသည်။ ထို့နောက် ငေးမောကာ လှဲနေရင်း အိပ်ပျော်သွားလေသည်။
ဟန်ခိုင် နိုးလာသောအခါ သူ့ပခုံး၏ နာကျင်မှုက ပို၍ ဆိုးလာသည်။ သူက အိပ်နေရာမှ ထထိုင်လိုက်ပြီး အချိန်ကို ကြည့်လိုက်ရာ မနက် ၅ နာရီ ၂၁ မိနစ်ဖြစ်၍ အကိုက်ခံရအပြီး ၉ နာရီရှိသွားပြီဖြစ်သည်။
ထို့နောက် မီးဖွင့်ပြီး ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်ရာ မီးဖိုခန်းထဲမှ အနံ့ဆိုးများသည် ဧည့်ခန်းထဲအထိပါ နံစော်နေတော့သည်။
ဟန်ခိုင် က ရေချိုးခန်းထဲသို့ ဝင်သွားပြီး မှန်ထဲမှ သူ့မျက်နှာက သိသိသာသာဖြူဖျော့နေပြီး တစ်ကိုယ်လုံးလည်း သွေးများဖြင့် ပေကျံနေကာ ပခုံးမှ ဒဏ်ရာကလည်း ရောင်ရမ်းနေလေသည်။ထို့နောက် မှန်နားကို တိုးကာ မျက်လုံးများကို အသေအချာကြည့်လိုက်သောအခါ မျက်လုံးသူငယ်အိမ်မှာအဖြူရောင်ပေါက်မနေဘဲ အကောင်းပကတိ ဖြစ်ပြီး သွားကြားမှလည်း သွေးများ စီးမထွက်လာကြပေ။ ထို့အပြင်ပါးစပ်မှ သွားရည်တမြားမြားလည်း ထွက်မနေဘဲ မည်သူ့ကိုမှ ကိုက်ချင်စိတ်လည်း မရှိပေ။သူ၏ စိတ်အစဉ်သည် ဖရိုဖရဲဖြစ်နေသော်လည်း ကိုယ့်ကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း သိနေဆဲပင်။
သူ့ ဒဏ်ရာက နာကျင်လွန်းသဖြင့် ပတ်တီးစီးထားချင်သော်လည်း မီးဖိုခန်းထဲကို နောက်တစ်ကြိမ် ထပ်ဝင်ရန် သတ္တိမရှိတော့ပေ။ထို့နောက် အခန်းထဲ ပြန်ဝင်သွားရင်း အိမ်တွင် ရှန်ရှန် ပြုလုပ်ထားသည့် ဆေးသေတ္တာ တစ်လုံးထက်မက ရှိနေသည်ကို သတိရသွားလေသည်။ သို့ရာတွင် သူက ဤကဲ့သို့ အသေးအဖွဲ ကိစ္စများကို ဂရုမထားတတ်သူပီပီ မည်သည့်နေရာတွင် ရှိနေမှန်း မသိပေ။
ထို့နောက် ဟန်ခိုင် သည် နာကျင်မှုကို အောင့်အီးသည်းခံ၍ ဗီရိုကိုဖွင့်လိုက်ပြီး လျှော်ဖွပ်ထားသော အဝတ်အစား နှစ်ထည်ကို ယူလိုက်သည်။ ထို့နောက် ကုတင်ဘေးမှ စားပွဲနားတွင် လှည့်ပတ်၍ ဆေးသေတ္တာကို လျှောက်ရှာနေလိုက်သေးသည်။ အတန်ကြာရှာပြီးမှ ဗီရိုထောင့်မှ ဆေးသေတ္တာကို တွေ့သွားလေသည်။
ဆေးသေတ္တာထဲတွင် ဆေးဝါးမျိုးစုံ ရှိနေလေသည်။ ဟန်ခိုင် သည် ဒဏ်ရာကို အရက်ပျံဖြင့် သေချာ ဆေးကြောသန့်စင်ပြီး ရောင်ရမ်းမှုကို သက်သာစေသော ဆေးအချို့ ထည့်လိုက်ပြီး ပတ်တီးစည်းထားလိုက်သည်။
ထို့နောက် သူ ရှန်ရှန် ၏ အလောင်းနှင့်အတူ အိမ်ထဲတွင် ၂ရက် နှင့် ၂ညတာ နေထိုင်ခဲ့သည်။ ထိုနှစ်ရက်လုံးလုံး အိပ်ခန်း၏ မှန်ပြတင်းပေါက်မှ တစ်ဆင့် လမ်းမပေါ်ရှိ အလောင်းကောင်များက ဇွန်ဘီအဖြစ်ပြောင်းသွားကြသည်ကို စောင့်ကြည့်နေခဲ့လေသည်။
ဟန်ခိုင် စိတ်တည်ငြိမ် သွားသောအခါ ဤအဖြစ်အပျက်၏ အကြောင်းတရားနှင့် အကျိုးဆက်များကို ဆင်ခြင်ကြည့်လိုက်သည်။ သူသည် သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်များစွာကို ကြည့်ဖူးပြီး ပရော်ဖက်ဆာ တစ်ယောက်လည်းဖြစ်သည်။ ဗိုင်းရပ်စ် တစ်မျိုးတည်းကသာ အချိန်တိုအတွင်း ဇွန်ဘီ အမြောက်အများကို ဖြစ်ပွားစေနိုင်ကြောင်း သူသိထားလေသည်။
ရှန်ရှန် ၏ လက္ခဏာရပ်များကို ကြည့်ခြင်းအားဖြင့် ရောဂါပိုးကူးစက်ခြင်းမှ ဇွန်ဘီ အဖြစ်သို့ ပြောင်းသွားသည့် အချိန်မှာ အလွန်တိုတောင်းလေသည်။ ထို့ကြောင့် သူသည် လေမှတဆင့်ကူးစက်ခြင်းသာမက တိုက်ရိုက်ထိတွေ့သည့် အခါတွင်လည်း ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိကြောင်း အကြမ်းဖျင်း ဆုံးဖြတ်ရပေမည်။
ယခု သူက ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိသောကြောင့် အခြား ခုခံနိုင်စွမ်း ရှိသူများလည်း အမြောက်အမြား ရှိနိုင်ပေသည်။ ယခု သူ့အတွက် အရေးကြီးဆုံးအရာမှာ အသက်ရှင် ကျန်ရစ်နေသူများကို ရှာဖွေပြီး လုံခြုံသော စခန်းတစ်ခုကို အတူတကွ တည်ဆောက်ရန်ဖြစ်သည်။
ဟန်ခိုင် သည် ပြန်မရနိုင်သော အမှတ်တရများထဲတွင် နှစ်မြုပ်နေစဥ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို လှုပ်ခါလိုက်သောအခါမှ သတိပြန်ဝင်လာတော့သည်။ ပဲစေ့အရွယ်ချွေးသီးချွေးပေါက်များက နဖူးမှ စီးကျလာပြီး မျက်လုံးထဲသို့ စီးဝင်လာသည်။ ထို့ကြောင့် မျက်လုံးမဖွင့်နိုင်လောက်အောင် စပ်ဖျင်းသွားသော်လည်းမျက်တောင်ကို တဖျပ်ဖျပ်ခတ်ပြီးမျက်လုံးဖွင့်ရန် ကြိုးစားလိုက်သည်။
ဟန်ခိုင်သည် မမြင်နိုင်လောက်အောင် မှုန်ဝါးနေသော မြင်ကွင်းထဲတွင် ယန်ဟန် ကိုတဖြည်းဖြည်း မြင်လာရလေသည်။
.......
ယန်ဟန် တုန်လှုပ်သွားမိသည်။
'ကျွန်းကို ငါ ဘယ်အချိန်က ရောက်သွားတာလဲ...ငါ ပင်လယ်ထဲမှာ နစ်သွားတာ မဟုတ်ဘူးလား... ငါအခု ဘယ် ရောက်နေတာလဲ...ဒီနေရာကို သိနေသလိုပဲ...'
ယန်ဟန်က ရှည်လျားသော စင်္ကြံလမ်းအတိုင်း တစ္ဆေတစ်ကောင်ကဲ့သို့ တရွေ့ရွေ့ လျှောက်သွားနေ၏။ လမ်းဘေးဝဲယာရှိ အခန်းများသည် CDC ၏ ဓာတ်ခွဲခန်းများ ဖြစ်လေသည်။
သူမ အဘယ်ကြောင့် ရုတ်တရက် CDC သို့ရောက်လာရသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
ထို့နောက် စင်္ကြံအဆုံးအထိ လျှောက်သွားပြီး အခန်းနံပါတ် ၉၀၂ ကို လှမ်းကြည့်လိုက်သည်။
ဒီအခန်းက ဘယ်သူ့အခန်းပါလိမ့်...
အခန်းသည် တံခါးပိတ်ထားသော်လည်း အခန်းတွင်းရှိလူများကို တံခါးကို ဖောက်ထွင်း၍ သူမမြင်နေရသည်မှာ ထူးဆန်းပေသည်။
ဟန်ခိုင် ပါလား...
ဟန်ခိုင် ကို ထိုင်ခုံတွင် ကြိုးနှင့် ချည်တုပ်ထားပြီး သူ့ဘေးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေလေသည်။ ထိုအမျိုးသားသည် ဟန်ခိုင် အား ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲပစ်ကာ သူ့သားအတွက် လက်စားချေမည် ဖြစ်ကြောင်း ပြောဆိုနေလေသည်။
သား ဆိုပါလား..
သူ့သားက ဘယ်သူများလဲ...
Xxxxxxxxx