Chapter 55
ယန်ဟန်က တံခါးအပြင်ဘက်တွင် ရပ်နေသဖြင့် သူတို့ ပြောဆိုနေကြသည်ကို ရှင်းရှင်းလင်းလင်း မကြားရပေ။ လူလတ်ပိုင်း အမျိုးသားသည် စကားအနည်းငယ် ပြောပြီးနောက် ဆေးထိုးအပ်ကိုထုတ်ကာ ဇွန်ဘီဗိုင်းရပ်စ်ပိုးကို ဟန်ခိုင်အား ထိုးသွင်းလိုက်လေသည်။
ယန်ဟန် သည် ထိုလူကြီးကို တားမြစ်ရန် အခန်းထဲသို့ အပြေးအလွှား ဝင်သွားချင်သော်လည်း သူမ ကိုယ်သည် လှုပ်မရသဖြင့် နေရာမှ မရွေ့နိုင် ဖြစ်နေသည်။ သူမက အခန်းထဲမှ တိုင်ကပ်နာရီကို ကြည့်လိုက်ရာ ၁၂နာရီ ၅၁မိနစ် ရှိပြီ ဖြစ်သည်။ ထိုလူကြီးသည် ဟန်ခိုင် ၏ ခန္ဓာကိုယ်ထဲသို့ ဗိုင်းရပ်စ်ကို ထိုးသွင်းပြီးနောက် စကားအနည်းငယ်ပြောကာ တံခါးကိုပိတ်၍ ထွက်သွားလေသည်။
တံခါးပိတ်သွားသည်နှင့် ယန်ဟန် သည် အိမ်မက်မှ လန့်နိုးလာပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူမသည် ပင်လယ်ထဲသို့ မနစ်မြုပ်သွားဘဲ ရေပေါ်တွင် ပေါလောပေါ်နေသည်ကို အံ့ဩစွာ တွေ့ရလေသည်။ သူမသည် မည်မျှကြာအောင် အေးခဲလွန်းလှသော ပင်လယ်ရေထဲတွင် မျောနေမှန်းမသိဘဲ ယခု နိုးလာသည့်အခါနေ့ခင်းကြောင်တောင် ဖြစ်နေသည်။
ယန်ဟန် က သူမကိုယ်သူမ ကြည့်လိုက်ရာ အနက်ရောင် အဝတ်အစားတို့မှာ တချို့နေရာများတွင် ပြဲနေသဖြင့် အသက်ကယ်အင်္ကျီကို မြင်ရလေသည်။ လင်းဟယ် က အမှန်တစ်ကယ်ပင် သူမအတွက် ကံကောင်းစေသော ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လေသည်။ အကယ်၍ လင်းဟယ် ပေးခဲ့သော ပစ္စည်းများမရှိလျှင် သူမ ယွင်ကျင့် မြို့မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူမ ပင်လယ်ထဲတွင် ခဏမျှ ကူးခတ်ပြီးသောအခါ အဝေးမှ ကျွန်းတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။ ပင်လယ်ပြင်ကြီးသည် နေရာတိုင်းတွင် ရေချည်းသာ ရှိနေသဖြင့် မည်သည့်လမ်းမှ ကျွန်းဆီသို့ သွားရမည်ကို သူမ မသိတော့ပေ။
သို့သော်လည်း ယန်ဟန်သည် မှန်းဆ၍ မှုန်ပျပျသာ မြင်ရသော ကျွန်းငယ်လေးဆီသို့ ကူးခတ်သွားလိုက်သည်။
တစ်နေ့လုံး ကူးခတ်လာရာ တဖြည်းဖြည်း နှင့် နေဝင်ပြီး မှောင်လာလေ၏။ ကံကောင်းစွာနှင့် ညဘက်တွင် ကျွန်းပေါ်တွင် အလင်းရောင်များ ရှိနေသဖြင့် သူမလမ်းပျောက် မသွားပေ။ ကျွန်းနှင့် နီးကပ်လာသည်နှင့်အမျှ ယန်ဟန်သည် ကျွန်းကို တဖြည်းဖြည်းမြင်လာသည်။
ကျွန်းအစွန်းတွင် ကင်းစောင့်နေကြသည့် လူအနည်းငယ်သာ ရှိပြီး အချို့လူများသည် ခုံပေါ်တွင် အိပ်ပျော်သွားကြလေသည်။ ယန်ဟန် သည် ကျွန်းပေါ်သို့ ရောက်ရောက်ချင်း အိပ်ငိုက်စပြုလာသည်။
မနက် ၁ နာရီလား...
သို့ရာတွင် ယန်ဟန်သည် ကိုယ့်ကိုယ်ကိုယ် ရွှင်လန်းအောင် အားတင်းထား၍ အိပ်မငိုက်အောင် သတိထားနေလိုက်သည်။
သူမသည် အိမ်မက်ထဲမှ အတိုင်း CDC အဆောက်အဦးကို အမြန်လိုက်ရှာခဲ့သည်။ အဆောက်အဦး အ၀င်ဝတွင် လုံခြုံရေး တာဝန်ကျနေသည့် လုံခြုံရေးအစောင့်တစ်ဦး ထိုင်နေလေသည်။ ဂိတ်ပေါက်ဝကို မရပ်တန့်ဘဲ ကမူးရှူးထိုး ဝင်သွားပါက သံသယရှိသွားနိုင်သည်။ သူမ ကိုယ်ရှိန်သပ်လိုက်၍ ဘေးဘီကို ကြည့်လိုက်ရာ အဆောက်အဦး၏ နောက်ဘက်တွင် လုံခြုံရေးလမ်းကြောင်း တစ်ခုကို တွေ့သွားသည်။ သို့သော်လည်း ထိုလမ်းကလေးမှာ သော့ခတ်ထားလေသည်။
သူမ တံခါးသော့ကို ချက်ချင်း ဖျက်ပစ်လိုက်သည်။ သော့ခလောက်သည် သူမအတွက် ကိတ်မုန့် စားရသလောက်ပင် မခက်ခဲပေ။
ထို့နောက် ယန်ဟန် ၉ထပ်သို့သွားကာ အခန်း ၉၀၂ သို့ ရောက်လျှင်တံခါးလက်ကိုင်ကို ခါတိုင်းကဲ့သို့ လိမ်ချိုးလိုက်ရာ စက္ကန့်အနည်းငယ်အကြာတွင် သော့မှာ ပျက်သွားလေသည်။
သူမ တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်သောအခါ ဟန်ခိုင် ကို ကုလားထိုင်တွင် ကြိုးချည်ထားသည်ကို တွေ့လိုက်ရသည်။ ဟန်ခိုင် သည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ချွေးပြိုက်ပြိုက်ကျနေကာ တစ်ကိုယ်လုံးလည်း အဖျားကြီးနေသကဲ့သို့ တုန်ယင်နေလေသည်။
ယန်ဟန်က ဟန်ခိုင် ကို ပြင်းပြင်းထန်ထန် တွန်းလိုက်သော်လည်း ဟန်ခိုင်က တုတ်တုတ်မျှ မလှုပ်ပေ။ ထို့နောက် သူမက သူ့ကို နောက်တစ်ကြိမ် ထပ်တွန်းလိုက်ပြီး နဖူးကို လက်နှင့် စမ်းကြည့်လိုက်သည်။
အို..ကိုယ်တွေ ပူနေပါလား..
ယန်ဟန်၏ လက်များသည် အလွန်အေးစက်နေပြီး ထိုအအေးဒဏ်ကြောင့် ဟန်ခိုင် ၏ အိပ်မက်ဆိုးများမှာ ရုတ်ခြည်း အဆုံးသတ်သွားခဲ့လေသည်။
ဟန်ခိုင် က မျက်လုံးကို ကြိုးစားဖွင့်လိုက်ပြီး ယန်ဟန်ကို မြင်သောအခါ အသံပြာကြီးဖြင့် အံ့ဩစွာ ပြောလိုက်လေသည်။
“ယန်ဟန်...ငါ အိပ်မက်မက်နေတာလား...မင်း...မင်းဘာလို့ ဒီကိုရောက်နေရတာလဲ..."
ဟန်ခိုင် နိုးလာသည်ကိုမြင်လျှင် ယန်ဟန် သည် ယခုရက်ပိုင်းအတွင်း သူမ၏ အဖြစ်သနစ်များကို ပြောပြချင်သော်လည်း သူမလက်ဟန်ဖြင့် ပြောလိုက်ပါက ဟန်ခိုင် ၏ ယခုအခြေအနေဖြင့် နားလည်မည် မဟုတ်ပေ။
ယန်ဟန် သည် ဟန်ခိုင် ကို ချည်နှောင်ထားသည့် ကြိုးကို ဆွဲဖြတ်ပစ်လိုက်သည်။ ကြိုးဖြင့် ကြာမြင့်စွာ တုပ်ခံထားရသည့်အတွက် ဟန်ခိုင် ၏ ခြေထောက်များမှာ ထုံကျင်နေကြပြီး ကြိုးပြတ်သွားသည့်အခါ ကိုယ်မှာ ဒယီးဒယိုင် ဖြစ်သွားရသည်။
ဟန်ခိုင် ကို ယန်ဟန်က အမြန်ထိန်းထားလိုက်ရာ သူမ၏ လက်များသည် အလွန်အေးစက်ရုံသာမက အဝတ်အစားများမှာလည်း ရေများစိုရွှဲနေသည်ကို ဟန်ခိုင် သတိပြုမိသွားသည်။ ဟန်ခိုင် သည် သူမအား ခပ်ယဲ့ယဲ့ မော့ကြည့်လိုက်လျှင် ယန်ဟန် သည် များစွာ ပြောင်းလဲသွားသဖြင့် အံ့အားသင့်သွားရသည်။ ပထမဦးစွာသူမ၏ မျက်နှာပေါ်ရှိ အသားပုပ်များမှာ ပျောက်ကင်းသွားကြပြီး ဆိုးရွားသော အနံ့အသက်များမှာလည်း လျော့နည်းသွားကြလေသည်။ ဒုတိယအနေနှင့် သူမ၏ မျက်လုံးများသည် ယခင်ကထက် ပို၍ ကြည်လင်လာလေသည်။
"ဘာလို့ ရေတွေစိုနေတာလဲ...."
ဟန်ခိုင် က အမောတကော မေးလိုက်လေသည်။ ယန်ဟန်က သူ့ကို အောက်ထပ်သို့ တွဲခေါ်လာပေးရင်း နှုတ်ခမ်းပေါ် လက်ညှိုးတင်ထားလိုက်ရင်း တိတ်တိတ်နေရန် ပြောလိုက်လေသည်။
ယန်ဟန် က ဟန်ခိုင် ကို တွဲ၍ သူ့အိမ်သို့ လိုက်ပို့လိုက်သည်။ ဟန်ခိုင် သည် အိပ်ရာပေါ်ရောက်သည်နှင့် ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ယန်ယန် မှာလည်း ဟန်ခိုင် အိပ်ပျော်သွားသည်နှင့် မျက်တောင်ကို နှစ်ကြိမ်သာ ခတ်လိုက်ပြီး ဘုန်းကနဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ကျီဟုန်ယီ သည် သားဖြစ်သူ အတွက် ကလဲ့စားချေခြင်းမှာ တစ်ဝက်အထိ အောင်မြင်ခဲ့ပြီ ဖြစ်၍ စိတ်ချမ်းသာလျက် ရှိပေသည်။ ထို့နောက် သူ အိမ်ပြန်ရောက်သောအခါ အိပ်ခန်းထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လိုက်ပြီး အနားယူရန် ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။။သို့ရာတွင် သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် တော်တော် နှင့် အိပ်မပျော်နိုင်ဘဲ ရှိလေသည်။
ကျီဟုန်ယီ သည် မနက်ခြောက်နာရီတွင် အိပ်ရာထလိုက်ပြီး ရေအမြန်ချိုးလိုက်သည်။ထို့နောက် မနက်စာပင် မစားတော့ဘဲ ဟန်ခိုင် ဇွန်ဘီဖြစ်သွားသည်ကို မြင်ချင်လှသဖြင့် လက်ဆွဲအိတ်ကို ကပျာကယာ ယူလိုက်ပြီး CDC သို့ ထွက်လာခဲ့သည်။
ကျီဟုန်ယီ သည် CDC တံခါးဝသို့ လှမ်းဝင်ကာ တာဝန်ကျ လုံခြုံရေး အစောင့်ကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
လုံခြုံရေးအစောင့်မှာ အံဩသွားရသည်။ ဒါရိုက်တာ ကျီ ၏ သားသည် မတော်တဆမှု တစ်ခုကြောင့် ပျောက်ဆုံးနေသဖြင့် ဒါရိုက်တာ ကျီသည် လအတော်ကြာ မျက်နှာမသာမယာဖြင့် အလုပ်လာလေ့ရှိသည်။ ယနေ့တွင်မူ အနောက်မှ နေထွက်လာမတတ် ဒါရိုက်တာ ကျီ က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်နေ၍ ထူးဆန်းနေလေသည်။
ထိုလုံခြုံရေးအစောင့်ကလည်း စက္ကန့်အနည်းငယ်ကြာ တွေးနေပြီးနောက် ကျီဟုန်ယီ အား ပြန်ပြုံးပြလိုက်လေသည်။
ကျီဟုန်ယီ က ခေါင်းညိတ်ပြလိုက်၍ ဓာတ်လှေကားထဲသို့ ၀င်ကာ အထက်နံပါတ်ကို နှိပ်ပြီး နံပါတ်များကို စိုက်ကြည့်နေသည်။
ထို့နောက် ၉ထပ်သို့ ရောက်သည်နှင့်အခန်း ၉၀၂ ဆီသို့ဦးတည်လိုက်သည်။
Chapter 56
ကျိီဟုန်ယီ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဇွန်ဘီဖြစ်သွားသော ဟန်ခိုင် က သူ့ကို အန္တရာယ်ပြုမည် စိုး၍ တံခါးနှင့် တစ်မီတာခွဲခန့် အကွာတွင် ရပ်လိုက်ပြီး ရုံးခန်းထဲမှ အသံကို နားစွင့်နေလိုက်သည်။ အချိန်အတန်ကြာနားထောင်လိုက်ပြီး အထဲမှ အသံမကြားရ၍ တံခါးအနားသို့ ရဲရင့်စွာ ချဉ်းကပ်လိုက်သည်။
ကျီဟုန်ယီ သည် တံခါးကို ဆွဲဖွင့်မည်ပြုလိုက်ရာ အတင်းအားဖြင့် ဖျက်ထားပုံရသော တံခါးသော့ကို တွေ့လိုက်ရလေသည်။
ဟန်ခိုင် ဇွန်ဘီဖြစ်လာပြီးနောက် ကြိုးကိုဖြည်ကာ တံခါးကို ဖျက်၍ ထွက်ပြေးသွားတာ များလား....
ထို့နောက် ကျီဟုန်ယီ သည် ရုံးခန်းထဲသို့ အသာအယာ လှမ်းဝင်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ပြေကျနေသော ကြိုးကို တွေ့လိုက်ရသည်။ ဟန်ခိုင်က ဇွန်ဘီဖြစ်သွားပြီးနောက် ကြိုးကို ဖြတ်ပစ်မည်စိုး၍ အထူဆုံးနှင့် အခိုင်ခံ့ဆုံးကြိုးကို သူ အသေအချာ ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ သူက အနီးအနားကို လျှောက်ကြည့်လိုက်ရာ ကြိုးနှင့် မနီးမဝေးတွင် ရေစိုကွက်တစ်ခုကို တွေ့လိုက်ရလေသည်။
'ဒီနားမှာ ဘယ်ကရေတွေရောက်လာတာလဲ...'
ကျီဟုန်ယီ က ရေစိုကွက်ကို အနီးကပ်ငုံ့ကြည့်လိုက်ရာ ရေစိုကွက်၏ ဘေးစပ်ရေခြောက်နေသည့်နေရာများတွင် ဆားပွင့်အမှုန်လေးများကို တွေ့လိုက်ရလေသည်။
ပင်လယ်ရေတွေပါလား...
ကျီဟုန်ယီ သည် ကြမ်းပြင်ပေါ်ရှိ ရေများကို ယူရန် ပိုက်တစ်ချောင်းကို ရှာနေစဉ် စင်္ကြံမှ ခြေသံကြားလိုက်ရသည်။သူ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ရာ ၇နာရီခွဲပြီ ဖြစ်၍ အတွင်းရေးမှုး လျူ ဖြစ်နိုင်လေသည်။ ထို့နောက် ကြိုးခွေကို အမြန်လုံးထွေးလိုက်ပြီး အံဆွဲထဲသို့ ထည့်ထားလိုက်သည်။
အတွင်းရေးမှူး လျူ သည် ဒါရိုက်တာ ကျီ ၏ ရုံးခန်းတံခါးတစ်ဝက် ပွင့်နေသည်ကို တွေ့သောအခါ စိုးရိမ်သွားမိသည်။ သူခိုးဝင်နေသည်ဟု ထင်မိပြီး တံခါးကိုအမြန်ဖွင့်ကာ အခန်းထဲသို့ ကြည့်လိုက်သည်။
ကျီဟုန်ယီ ကိုတွေ့သွားသောအခါ အံ့ဩသွားပြီး အတွင်းရေးမှူး လျူ က အံ့အားသင့်စွာ ပြောလိုက်လေသည်။
"ဒါရိုက်တာ ကျီ..ဒီနေ့ဘာလို့ အလုပ်ကိုစောစောလာတာလဲ..."
“မနေ့ညက အိပ်မပျော်တာနဲ့ မထူးပါဘူးဆိုပြီး အလုပ်ကို စောစောလာခဲ့တာ....”
"ဒါရိုက်တာ ကျီ... ရုံးခန်းရဲ့ သော့က ဘာလို့ ပျက်နေတာလဲ..."
အတွင်းရေးမှူး လျူ က ရုံးခန်းတံခါးသော့ကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။
“ဟုတ်တယ်...အဲဒါကို သိချင်နေတာ... မနက်မိုးလင်းတော့ ဒီကိုရောက်လာတော့ အဲ့ဒီလိုတွေ့ရတာပဲ... ကံကောင်းချင်တော့ ရုံးမှာရှိတဲ့ အရေးကြီးစာရွက်စာတမ်းတွေ မပျောက်သွားဘူး... အတွင်းရေးမှူး လျူ ကျေးဇူးပြုပြီး သော့ပြင်သမားကို ခေါ်လိုက်ပါ....”
“ဟုတ်ကဲ့..ဒါရိုက်တာ ကျီ...ကျွန်တော် လက်နက်ကိုင် တပ်ဖွဲ့ဌာနကို သွားပြီး ၉ထပ်က စောင့်ကြည့်ဗီဒီယိုကို သွားယူလိုက်ရမလား..."
"အင်း...မနေ့က အလုပ်ဆင်းတုန်းက သော့က အကောင်းကြီး ရှိသေးတာ... မနေ့ညကမှ သော့ ပျက်သွားတာ ဖြစ်နိုင်တယ်....မင်း သွားပြီး စောင့်ကြည့် ဗီဒီယိုကို သွားယူလိုက်ပါ..”
ကျီဟုန်ယီ က စိုးရိမ်ခြင်းမရှိဘဲ ထိုသို့ ပြောနိုင်သည်မှာ သူက ကြိုတင်ပြင်ဆင်မှုများလုပ်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အမှန်တစ်ကယ်တွင် မနေ့ညက ၉ထပ်ရှိ ကင်မရာကို စင်္ကြံကို မရိုက်မိစေရန် သူကိုယ်တိုင် တစ်ဖက်သို့ လှည့်ထားပြီး ဖြစ်၏။
"စကားမစပ်...အတွင်းရေးမှူး လျူ... အောက်ထပ်က ဓာတ်ခွဲခန်းကိုသွားပြီး စမ်းသပ်ပြွန်တစ်ခုနဲ့ ပိုက်တစ်ချောင်း သွားယူပေးပါ..."
ကျီဟုန်ယီ က ကြမ်းပြင်ပေါ်ရှိ ရေကွက်များကို ကြည့်ပြီး ပြောလိုက်သည်။ အတွင်းရေးမှူး လျူ က ခေါင်းညိတ်ပြပြီး အောက်ထပ်သို့ ချက်ချင်း ဆင်းသွားကာ ခဏအကြာတွင် စမ်းသပ်ပြွန်နှင့် ပလတ်စတစ်အိတ်ထဲတွင် ပိုက်တစ်ချောင်းကို ထည့်ယူကာ တက်လာသည်။
ထို့နောက် ကျီဟုန်ယီ သည် ပိုက်ကိုသုံး၍ ရေများကို စုပ်ယူလိုက်ပြီး စမ်းသပ်ပြွန်ထဲ ထည့်ကာ စမ်းသပ်ပြွန်ကို သေချာပိတ်၍ ပလပ်စတစ်အိတ်ထဲထည့်လိုက်သည်။
"ဒါရိုက်တာ ကျီ.... ရုံးခန်းထဲမှာ ရေ တွေ ဘယ်လိုလုပ် ရှိနေရတာလဲ..."
"ငါလည်း အခုမှ တွေ့ရတာ...နောက်မှ ဓာတ်ခွဲခန်းကို ယူသွားပြီး ဒီရေကို စစ်ဆေးရမယ်... "
"ဒါဆို ဒါရိုက်တာ ကျီ...ကျွန်တော် သော့ပြင်သမားကို အရင်သွားခေါ်လိုက်ဦးမယ်..."
"ဟုတ်ပြီ...."
အတွင်းရေးမှူး လျူ ထွက်သွားပြီးနောက် ကျီဟုန်ယီသည် ၇ထပ်ရှိ ဓာတ်ခွဲခန်းသို့ သွားကာ အခန်း ၇၀၆ မှ သုတေသီတစ်ဦးအား ပလတ်စတစ်အိတ်အတွင်းမှ စမ်းသပ်ဖန်ပြွန်ကို ပေး၍ ရေကို စမ်းသပ်ခိုင်းလိုက်သည်။
ထို့နောက် ဓာတ်လှေကားဖြင့် ၅ထပ်သို့ တက်လာပြီး ဟန်ခိုင် ၏ဓာတ်ခွဲခန်းသို့ သွားလိုက်သည်။ မဖြစ်နိုင်မှန်းသိသော်လည်း ဟန်ခိုင် ဓာတ်ခွဲခန်းတွင် ရှိမနေကြောင်း သူမျက်စိနှင့်ကိုယ်တိုင် အတည်ပြုချင် သေးသည်။ ဟန်ခိုင် ၏ ဓာတ်ခွဲခန်းသို့ သူရောက်လာသောအခါ ဓာတ်ခွဲခန်းတွင် အမျိုးသမီး သုတေသီတစ်ဦးသာ ရှိသည်ကို တွေ့ရလေသည်။
"ပရော်ဖက်ဆာ ဟန် ဒီမှာရှိလား...."
ဒါရိုက်တာ ကျီ ကိုတွေ့လိုက်ရသည့်အခါ ကျန့်စစ်ချီ က သူမ လက်ထဲမှ စမ်းသပ်မှုကို ခေတ္တ ရပ်နားထားလိုက်သည်။
"ပါမောက္ခ ဟန် ရောက်လာပြီရှင့်..."
ကျီဟုန်ယီ သည် ကျန့်စစ်ချီ ၏အဖြေကိုကြားသောအခါ ထိတ်လန့်သွားပြီး “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟု နှုတ်ခမ်းလှုပ်ရုံသာ ရေရွတ်လိုက်သည်။
ကျန့်စစ်ချီ က ကျီဟုန်ယီ ပြောသည်ကို မကြားလိုက်ရသဖြင့် မေးလိုက်သည်။
"ဒါရိုက်တာ ကျီ ဘာပြောလိုက်တာလဲရှင့်...ကျွန်မ နားမရှင်းလို့..."
"ပရော်ဖက်ဆာ ဟန်... ဒီနေ့ အလုပ်လာတယ် ဟုတ်လား..."
'ပရော်ဖက်ဆာ ဟန် က အလုပ်လာခွင့်မရှိတဲ့ သူကြီးကျနေတာပဲ...:
ကျန့်စစ်ချီ က တွေးလိုက်သည်။
"ဟုတ်ကဲ့... သူ အခုရောက်နေပါပြီ...."
"မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ...."
ထို့နောက် အနီးနားရှိ ဓာတ်ခွဲခန်းငယ်ဆီသို့ လျှောက်သွားပြီး မှန်ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ လူကောင်းတစ်ယောက်ကဲ့သို့ ထိုင်နေသော ဟန်ခိုင် ကို တွေ့လိုက်ရသည်။ ထို့နောက် သူက တံခါးမခေါက်ဘဲ တံခါးကိုဖွင့်ပြီး အထဲဝင်သွားလိုက်သည််။
"မင်းဘာလို့ ဒီကိုရောက်နေတာလဲ....မင်း ဘယ်လိုဖြစ်ပြီး အကောင်းပကတိဖြစ်နေတာလဲ..."
ဟန်ခိုင် ၏ မျက်နှာက ဖြူဖျော့နေပြီး လူမမာတစ်ယောက်လို ဖြစ်နေ၏။
"ဒါရိုက်တာ ကျီရဲ့မေးခွန်းကို ကျွန်တော် နားမလည်ဘူး... ဒါ ကျွန်တော့် ဓာတ်ခွဲခန်းပဲ...ကျွန်တော် ဒီမှာရှိနေရမယ် မဟုတ်လား..."
Xxxxxxx