Chapter 57
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်း ဘယ်လိုလုပ် ဒီလို နေကောင်းနေ,နိုင်မှာလဲ...."
ကျီဟုန်ယီ ၏ မျက်လုံးများသည် ဒေါသေကြာင့် နီရဲလာသည်။
ဟန်ခိုင် က တည်ငြိမ်စွာ ပြုံး၍ပြောလိုက်သည်။
"ဒါရိုက်တာ ကျီ ရဲ့မေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမှန်း မသိဘူး....ပြီးခဲ့တဲ့ သုံးလေးလကကျွန်တော် လှေကားက မတော်တဆ ချော်လဲပြီး ခြေထောက်ကျိုးသွားတယ်....အခု လှေကားအတက်အဆင်းလုပ်တဲ့အခါ အရမ်းသတိထား နေရတယ်လေ..အဲ့တော့ လှေကားထစ်ကို အချိန်တိုအတွင်း အမြန်ဆင်းနိုင်ဖို့ လှိမ့်ပြီးဆင်းတာကို ကျွန်တော် မရှက်ပါဘူး....”
ဟန်ခိုင် ၏ မျက်နှာသည် တည်ငြိမ်နေပြီး ဒေါသအငွေ့အသက်တို့လည်း မလျင်းရှိမနေပေ။အကယ်၍ မနေ့ညက အဖြစ်အပျက်များကို ကျီိဟုန်ယီ သာ ရှင်းရှင်းလင်းလင်း မှတ်မိမနေပါက အိမ်မက်ဟုသာ ထင်နိုင်ဖွယ်ရှိလေသည်။
ကျီဟုန်ယီ သည် ဟန်ခိုင် ကို သေသေချချာ ကြည့်၍ အကဲခတ်နေလေသည်။ ဟန်ခိုင် ၏မျက်နှာသည် ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများသည် အပြင်းအထန် နေမကောင်းဖြစ်ပြီးမှ ပြန်လည်ကောင်းမွန်လာသကဲ့သို့ သွေးများ ဆုတ်လျော့နေလေသည်။ မနေ့ညက ဟန်ခိုင်၏မျက်နှာသည် ဤမျှလောက် အခြေအနေမဆိုးသေးပေ။ ဇွန်ဘီဗိုင်းရပ်စ်က သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့နှံသွားသည်မှာ ထင်ရှားလေသည်။
'ဒါဆို သူဘယ်လိုလုပ်ပြီး နေကောင်းနေနိုင်တာလဲ... အဲဒါဖြစ်နိုင်ပါ့မလား… မဟုတ်ဘူး... လုံးဝမဖြစ်နိုင်ဘူး...'
"ဒါရိုက်တာ ကျီ ကျွန်တော့်ကို ဘာကိစ္စများပြောချင်လို့လဲ.."
ဟန်ခိုင် က ပြုံးပြီး မေးလိုက်သည်။
"မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိလား...”
"မနေ့ည ...မနေ့ညက ဖြစ်ပျက်ခဲ့တာတွေတော့ အများကြီးပဲ...ဒါရိုက်တာ ကျီ က ဘယ်ဟာကို ပြောချင်တာလဲ..."
ကျီဟုန်ယီ သည် ဟန်ခိုင်က သူ့ကို လှည့်စား၍ အိပ်ကပ်ထဲတွင် အသံဖမ်းယူနိုင်သည့် ဘောပင်ကဲ့သို့ ပစ္စည်းမျိုး ရှိနေနိုင်သဖြင့် ဇွန်ဘီဗိုင်းရပ်စ် အကြောင်း ထုတ်မပြောဝံ့ပေ။
"ဒါဆို အရေးအကြီးဆုံးလို့ မင်းထင်တဲ့ အဖြစ်ကို ပြော..."
“အရေးကြီးဆုံးက အင်း....လှေကားက ဆင်းခါနီးမှာ ကျွန်တော် ထပ်ပြီး ပြုတ်ကျတော့မလို ဖြစ်သေးတယ်... အေးဗျာ...ခြေထောက်က ပြန်ကောင်းလာပေမယ့် လမ်းလျှောက်တဲ့အခါ နည်းနည်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသေးတယ်...မနေ့ညကတောင် လှေကားထစ်ကို ဆင်းနေရင်း ပြုတ်ကျတော့မလို ဖြစ်သွားလို့ လက်တန်းကို လက်နဲ့ မနည်း ဖမ်းဆွဲထားရတယ်...”
ကျီဟုန်ယီ သူ့ရှေ့တွင် ရပ်နေသော ဟန်ခိုင် ကို ကြည့်ကာ ဒေါသများ အလိပ်လိုက် အလိပ်လိုက် ထွက်လာရလေသည်။
"ဟန်ခိုင်...မင်း ဟန်ဆောင်မနေနဲ့တော့... မင်းဘာလို့ သောက်ရူးတစ်ယောက်လို အရည်မရ အဖတ်မရတွေ ပြောနေရတာလဲ..."
ကျီဟုန်ယီ စိတ်ဆိုးသွားကာ ဆဲဆိုလိုက်လေသည်။ ယခင်က သူသည် CDC ၏ ဒါရိုက်တာ တစ်ယောက် အနေဖြင့် ဂုဏ်သိက္ခာကို တတ်နိုင်သမျှ ထိန်းသိမ်းဖို့ ကြိုးစားခဲ့သည်။ယခုမူ သူ၏ သည်းခံနိုင်စွမ်းတို့ ပျောက်ရှသွားရလေပြီ။
ဟန်ခိုင် က စိတ်ရှုပ်သွားပုံဖြင့် ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်သည်။
"ဒါရိုက်တာ ကျီကို ကျွန်တော် ဘာမဟုတ်တာ ပြောနေလို့လဲ... ဒါရိုက်တာ ကျီ ကသာ ကျွန်တော့်ကို အပြစ်ရှာချင်နေတာ... ဒါရိုက်တာ ကျီ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်တကယ် နားမလည်လို့ ကျွန်တော် နားဝင်အောင် ရှင်းရှင်းလေး ပြောပေးပါလား...."
ဟန်ခိုင် သည် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ကျီဟုန်ယီ နားလည်လိုက်သည်။ထို့နောက် ကျီဟုန်ယီ က သူ့ကို အဖက်လုပ်ပြောမနေတော့ဘဲ ဟန်ခိုင်၏ ဓာတ်ခွဲခန်းထဲမှ ထွက်လာပြီး တံခါးကို ဝုန်းကနဲ ဆောင့်ပိတ်ပစ်လိုက်သည်။
ထို့နောက် ၉ထပ်ရှိ ရုံးခန်းသို့ ပြန်လာခဲ့သည်။ အတွင်းရေးမှူး လျူ က ရုံးခန်းတံခါးသော့ကို ပြုပြင်ရန် သော့ပြင်သမားကို ခေါ်လာခဲ့ပြီ ဖြစ်သည်။ ကျီဟုန်ယီက သော့ပြင်သမား၏ လက်ထဲမှ သော့အပျက်လေးကို ကြည့်ပြီး မေးလိုက်သည်။
“သော့က ဘယ်လိုဖြစ်ပြီးတော့ ပျက်သွားတာလဲ....”
"ဒါရိုက်တာ ကျီ...ကျွန်တော်လည်း သိပ်သေချာမသိပေမယ့် ကျွန်တော့်ရဲ့ အရင်က အတွေ့အကြုံတွေအရတော့ ကိရိယာတစ်ခုခုနဲ့ သော့ကိုဖျက်လိုက်တာ မဟုတ်လောက်ပါဘူး... သော့ကို အတင်း အားနဲ့ဖျက်လိုက်ပုံပါပဲ....”
အတွင်းရေးမှူး လျူ က အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။
"အို ဘုရား ဘုရား...သော့ကို ရွှံ့နဲ့ လုပ်ထားတာလည်း မဟုတ်ဘူး...ဘယ်လိုများ အားနဲ့ ဖျက်လိုက်ပါလိမ့်နော်..."
ကျီဟုန်ယီ သည် ကြမ်းပြင်ပေါ်ရှိ သော့ခလောက်၊ အံဆွဲထဲမှ ကြိုးနှင့် အကောင်း ပကတိ ဖြစ်နေသော ဟန်ခိုင် -တို့ကို တွေးကာ မစဉ်းစားနိုင်အောင် ဖြစ်နေရသည်။
ဟန်ခိုင် သည် ဇွန်ဘီမဖြစ်သွားခဲ့ပါက သူ ကြိုးကို မည်သို့ဖြည်လိုက်သနည်း၊ သူ့ရုံးခန်းရှိ သော့ကိုလည်း မည်သို့ ဖျက်လိုက်သနည်း။
ကျီဟုန်ယီ သည် ကိုးထပ်ရှိ ကင်မရာကို တစ်ဖက်သို့ လှည့်ထားမိသောကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။သို့မဟုတ်ပါက မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်နိုင်လိမ့်မည် ဖြစ်သည်။
“ဒါရိုက်တာ ကျီ... ဒါရိုက်တာ ကျီ…”
အတွင်းရေးမှူး လျူ က ကြမ်းပြင်ကို ငေးမောကြည့်နေသော ကျီဟုန်ယီ ကို ခေါ်လိုက်သည်။
"ဟင်...ဘာဖြစ်လို့လဲ..."
"ဒါရိုက်တာ ကျီ...ကျွန်တော် လက်နက်ကိုင် တပ်ဖွဲ့ဌာနကို သွားခဲ့တယ်... ဒါပေမယ့် ၉ထပ်က ကင်မရာကို တစ်ယောက်ယောက်က တစ်ဖက်ကို လှည့်ထားတယ်..."
"ကင်မရာကို ဘယ်သူက တစ်ဖက်လှည့်ထားတယ်ဆိုတာကို စောင့်ကြည့်ဗီဒီယိုမှာ မြင်နေရတာလား..."
“ကင်မရာကို လှည့်ထားတဲ့လူက ကင်မရာရဲ့ ထောင့်စွန်းမှာပဲ ရပ်နေလို့ သူ့ကို ဗီဒီယိုထဲမှာ မတွေ့ရပါဘူး....”
ကျီဟုန်ယီ သက်ပြင်းချလိုက်သည်။
“ CDC က မတည်မငြိမ်ဖြစ်နေတာ လအတော်ကြာပြီ... ဒီဘက်မှာရော ဟိုဘက်မှာရော ပြဿနာတွေချည်းပဲ... ”
ထိုသို့ပြောပြီးနောက် ချက်ချင်းပင် သူ့စိတ်ထဲတွက် ပဟေဠိများ ဖြစ်ပေါ်လာရတော့သည်။
ဖြစ်နိုင်ခြေ အခြေအနေ သုံးခုရှိကြောင်း ကျီဟုန်ယီက အကြမ်းဖျင်း ခွဲခြားလိုက်သည်။
ပထမအချက်- ဟန်ခိုင် သည် ဗိုင်းရပ်စ်၏ ဓာတ်စမ်းပစ္စည်းများကို ကြိုတင်ပြောင်းလဲထားသည်။
ဒုတိယ- ဟန်ခိုင် တွင် ဇွန်ဘီ ဗိုင်းရပ်စ် ကာကွယ်ဆေး ရှိနေနိုင်သည်။
တတိယ- ဟန်ခိုင် ၏ ခန္ဓာကိုယ်သည် R ဗိုင်းရပ်စ်ကို ခုခံနိုင်သည်။
အခြေအနေ တစ်ခုစီ၏ ဖြစ်နိုင်ခြေသည် အလွန်နည်းပါးနေသည်။ကျီဟုန်ယီ က ဟန်ခိုင် အား ဇွန်ဘီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသည်ကို သူကိုယ်တိုင်ကလွဲ၍ မည်သူမှ မသိပေ။ ထို့အပြင် သူသည် ဗိုင်းရပ်စ်ကို လုံခြုံစွာ ဝှက်ထားသောကြောင့် ဟန်ခိုင် ခိုးယူသွားသည်မှာလည်း မဖြစ်နိုင်ပေ။
ဟန်ခိုင် မှာ ဖုတ်ကောင်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရှိနေတာများလား...
ဤသည်မှာလည်း မဖြစ်နိုင်ပြန်ပေ။အကယ်၍ ဟန်ခိုင် သာ ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့လျှင် အပတ်စဥ် အစီရင်ခံစာတွင် ကျိန်းသေ ရေးသားတင်ပြမည် ဖြစ်သည်။
ဟန်ခိုင် သာ ဇွန်ဘီ ဗိုင်းရပ်စ်ကို ခုခံနိုင်ပါက သူ၏ ခန္ဓာကိုယ်ထဲတွင် Antigenများ ရှိနေသည်ဟု ဆိုလိုသည်။
ထိုအခြေအနေတွင် ကာကွယ်ဆေးထုတ်လုပ်ရန် အလွန်လွယ်ကူသည် မဟုတ်ပါလော။ထို့သို့ ဟန်ခိုင်ကသာ ဗိုင်းရပ်စ်ကို ခုခံနိုင်နေပါက ကာကွယ်ဆေးကို စောစီးစွာ ထုတ်ဖော်နိုင်ပေလိမ့်မည်။
'ဘာလို့ သုံးနှစ်တောင် စောင့်နေမှာလဲ...'
ကျီဟုန်ယီ သည် မနေ့ညက ဟန်ခိုင် ကို ဗိုင်းရပ်စ် ထိုးသွင်းနေစဉ် သူ(ဟန်ခိုင်)၏ တည်ငြိမ် အေးဆေးသည့် အမူအရာကို ပြန်တွေးရင်း ပဟေဠိဖြစ်နေတော့သည်။
Xxxxxx
Chapter 58
ဟန်ခိုင် သည် ယနေ့ အမှန်တစ်ကယ် ပင်ပန်းနေသော်လည်း ဓာတ်ခွဲခန်းသို့ သွားမည်ဟု ဆုံးဖြတ်ထားလေ သည်။ ကျီဟုန်ယီ က သူ၏ ဓာတ်ခွဲခန်းသို့ ကျိန်းသေ ရောက်လာမည် ဖြစ်၍ပင်
ဟန်ခိုင် ဓာတ်ခွဲခန်းငယ်လေးတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်က အလွန်ပင် အားနည်းနေကြောင်း ခံစားရလေသည်။ သူ၏ ခန္ဓာကိုယ်က R ဗိုင်းရပ်စ်ကို ခုခံနိုင်သော်လည်း ကျီကျောက်ယန် ထိုးသွင်းခဲ့သည့် R ဗိုင်းရပ်စ် မှာ အလွန်သန့်စင်ထားသည့် အမျိုးအစားဖြစ်၍ အတော်ပင် အားပြင်းလေသည်။
သူ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ယခင်နေ့ကတည်းက ဖတ်မပြီးသေးသော စမ်းသပ်မှတ်စုစာအုပ်ကို ကိုင်ထားသည်။ စာရွက်ပေါ်ရှိ စကားလုံးများသည် အသက်ဝင်နေပုံရပြီး အဆက်မပြတ်တုန်ခါနေကာ သူ့ကို ပို၍ပင် မူးဝေစေသည်။ထို့နောက် စားပွဲပေါ်တွင် အချိန်အတော်ကြာအောင် မှောက်အိပ်နေပြီးနောက် သူ့အခြေအနေက ပို၍ပင် ဆိုးလာလေသည်။
ထို့ကြောင် ဟန်ခိုင် က ဘေးရှိဓာတ်ခွဲခန်းကိုသွား၍ ကျန့်စစ်ချီ ကို ပြောပြီး အနားယူရန် အိမ်ပြန်လာခဲ့လေသည်။ ယနေ့မနက်တွင် ကျီဟုန်ယီ က ပထမအကြိမ် ဓာတ်ခွဲခန်းထဲသို့ လာပြီးဖြစ်သောကြောင့် ဒုတိယအကြိမ် လာမည်မဟုတ်တော့ပေ။
ဟန်ခိုင် သည် အိမ်ပြန်ရောက်သောအခါ လသာဆောင်တွင် ယန်ဟန်ကို မတွေ့ရပေ။
ယနေ့မနက် သူ အိပ်ရာနိုးလာသောအခါ ယန်ဟန် သူ့အခန်းရှိ ကြမ်းပြင်ပေါ်တွင် အိပ်စက်နေသည်ကို တွေ့လိုက်ရသည်။ ယန်ဟန် သည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေကာ အိပ်ပျော်နေသကဲ့သို့ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ ဟန်ခိုင် က သူမကို တွန်းကြည့်လိုက်သော်လည်း သူမက လုံးဝ မလှုပ်ပေ။ ဟန်ခိုင် သည် ယန်ဟန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် အချိန်ကို ကြည့်လိုက်သည်။
ခြောက်နာရီကျော်နေပြီ...
'ယန်ဟန်ရဲ့ အိပ်ချိန်က မနက် ၁ နာရီ ကနေ မနက် ၄ နာရီ အထိ မဟုတ်ဘူးလား...'
ဟန်ခိုင် သည် အိပ်ခန်းတံခါးကို တွန်းဖွင့်၍ ဝင်လိုက်သောအခါ ယန်ဟန်သည် မနက်ခင်းက ပုံစံအတိုင်း မလှုပ်မယှက် အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသည်။ ယန်ဟန်၏ အဝတ်အစားများမှ ကြမ်းပြင်ပေါ်တွင် ရေကွက်တစ်ခု စိမ့်ထွက်နေသေးသည်။
'သူမ ဘယ်ကိုသွားထားတာလဲ...အဝတ်အစားတွေက ဘာလို့ စိုနေတာလဲ...'
ဟန်ခိုင် က ယန်ဟန်ကို ကြည့်ကာ မနေ့ညက အဖြစ်အပျက်ကို အမှတ်ရလိုက်သည်။ ကျီဟုန်ယီ က သူ့ကို ဗိုင်းရပ်စ်ပိုး ထိုးသွင်းပြီးနောက် အချိန်ကို ကြည့်လိုက်စဉ်က မနက် ၁ နာရီကျော်ဖြစ်သည်ကို သူ ရှင်းရှင်း လင်းလင်း သတိရသွားမိ၏။ ထိုအချိန်တွင် သူသည် ဗိုင်းရပ်စ်ကြောင့် စိတ်ရှုပ်ထွေးသွားရပြီး ဗလုံးဗထွေးသာ မှတ်မိနိုင်လေသည်။ ယခု သူစဉ်းစားကြည့်သောအခါ ယန်ဟန် ရောက်လာခြင်းမှာ အလွန်ထူးဆန်းနေပေသည်။
'ယန်ဟန် ဘယ်လိုရောက်လာတာလဲ...မနက် ၁နာရီ ကနေ ၄နာရီက သူမရဲ့ အိပ်ချိန်ပဲ...'
ယခင်က နံနက် ၁ နာရီတွင် ယန်ဟန် ရုတ်တရက် အိပ်ပျော်သွားပြီး ၄း၀၀ နာရီတွင် ဆတ်ကနဲ ထထိုင်ကာ နိုးလာတတ်သည်ကို ဟန်ခိုင် သတိရမိသည်။
'သူမရဲ့ ဇီဝဖြစ်စဉ်တွေ ဘာဖြစ်သွားတာလဲ...'
သူမ အိပ်ရာကနိုးလာသည့်အခါ ဤအကြောင်းကို မေးကြည့်မည်ဟု ဟန်ခိုင် ဆုံးဖြတ်လိုက်သည်။
........
ဒါ ဘယ်နေရာလဲ....
ယန်ဟန်သည် ကမ်းစပ်ကို မမြင်နိုင်လောက်အောင် ကျယ်ပြောလှသော ရေခဲပြင်ပေါ်တွင် ရပ်ကာ လှည့်ပတ်ကြည့်နေသည်။ သူမ နောက်ကို လှည့်ကြည့်လိုက်ရာ ကျွန်းကို တွေ့လိုက်ရသည်။
'ကျွန်း.. ဒါနဲ့ ငါ ပင်လယ်ပြင်ပေါ်မှာ ရပ်နေတာလား...'
ပင်လယ်ကြီးက အေးခဲသွားပြီ ဖြစ်သည်။ ယန်ဟန် သည် ဤမျှကြီးမားသော ရေခဲပြင်ကြီးကို ကြည့်နေစဉ် အရပ်ရှည်သော လူရိပ်ကြီးသည် သူမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေလေသည်။ ထိုလူကြီးက သူမနှင့် နီးကပ်လာသည်။
ယန်ဟန် သည် ထိုသူကို သေချာကြည့်လိုက်ရာ ကျီကျောက်ယန် မှန်း တဖြည်းဖြည်း သိလာရလေသည်။ သူမ အလွန် ထိတ်လန့်သွားပြီး ထွက်ပြေးချင်သော်လည်း ခြေထောက်များက ရေခဲပြင်ပေါ်တွင် ကပ်နေပြီး လှုပ်မရတော့ပေ။
ကျီကျောက်ယန် က သူမကို မမြင်ဘဲ ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်သွားနေသည်။ ကျီကျောက်ယန် နှင့် သူမတို့ ဆယ်မီတာကျော်သာ ဝေးသောအခါ သူ့ နောက်မှ အရိပ်များကို ရုတ်တရက်တွေ့လိုက်ရလေသည်။ ယန်ဟန်သည် ထိုအရိပ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလှင် အံသြသွားရသည်။သိန်းနှင့်ချီသော ဇွန်ဘီများသည် ကျီကျောက်ယန် နောက်သို့ လိုက်လာကြခြင်း ဖြစ်သည်။
ကျီကျောက်ယန် က သူမ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး နောက်မှ ဇွန်ဘီအုပ်စုသည်လည်း သူမ ခန္ဓာကိုယ်ကို ဖြတ်သွားကာ ကျွန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
ဇွန်ဘီ အုပ်စုကြီးကို ကြည့်လိုက်ရင်း ယန်ဟန် သည် လင်းဟယ် စကားကို ရုတ်တရက် သတိရသွားရသည်။
“ပင်လယ်ရေက နှစ်တိုင်း ဆောင်းရာသီဆိုရင် အေးခဲပြီး နွေဦးရာသီ ရောက်မှ မခဲတော့တာ... တစ်လကျော် အတွင်းမှာ ဇွန်ဘီတွေ ကျွန်းကို မသွားဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ...."
'ဟုတ်တယ်...ဇွန်ဘီတွေ ကျွန်းကို လာနိုင်တယ်လို့ လင်းဟယ် ပြောထားတာပဲ...'
သူမ ရေခဲပြင်ပေါ်တွင် ရပ်ကာ ဇွန်ဘီများ တဖြည်းဖြည်းဝေးသွားသည်ကို ကြည့်လိုက်သည်။
ယန်ဟန် အလွန်ကြောက်လန့်သွားပြီး ချွေးများပါထွက်နေကာကြမ်းပြင်ပေါ်တွင် ထထိုင်လိုက်သည်။
'အေးတယ်...အရမ်းအေးတာပဲ...'
သူမက ပုခုံးနှစ်ဖက်ကို လက်ဖြင့်ပွတ်သပ်နေရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်မိလေသည်။
'ဟေး ဒါဘယ်မှာလဲ...ငါဘာလို့ဒီမှာအိပ်နေတာလဲ...'
ယန်ဟန် သူမ ဤနေရာ၌ ဘာ့ကြောင့် ရှိနေသည်ကို မမှတ်မိတော့ဘဲ အေးစက်နေသော ကြမ်းပြင်တွင် ထိုင်ကာ ကြောင်စီစီဖြင့် တွေးနေရင်း အအေးဓာတ်ကိုပါ မေ့သွားခဲ့သည်။
ဟန်ခိုင် လသာဆောင်တွင် အတန်ကြာ နေပြီနောက် အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူ တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော လူတစ်ဦးကို တွေ့လိုက်သောအခါ လန့်ဖျပ်သွားရသည်။ ယခုအချိန်က ညသန်းခေါင်မဟုတ်သော်လည်း မှောင်နေလေပြီ။
ထို့နောက် ဟန်ခိုင် က အိပ်ခန်းထဲမှ မီးကို အမြန်ဖွင့်လိုက်ရာ ယန်ဟန်ကို မြင်လိုက်ရလျှင် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
ယန်ဟန်သည် ဟန်ခိုင် ၏မျက်နှာကို မြင်လိုက်သည်နှင့် သူမစိတ်များ ကြည်လင်လာပြီး အရာအားလုံးကို သူမ မှတ်မိလာသည်။
'သြော်...ငါ ကျွန်းကို ရောက်လာပါလား...'
" မင်းအိပ်တာကလည်း ကြာလိုက်တာ..."
ဟန်ခိုင် သည် ယန်ဟန်၏ မျက်နှာကို စိုက်ကြည့်ရင်းပြောလိုက်ရာ သူမ မျက်နှာ ပြောင်းလဲသွားသည်ကို တွေ့ရလျှင် အံ့အားသင့်သွားရသည်။ သူမ၏မျက်နှာပေါ်ရှိ အသားပုပ်များသည် သိသိသာသာ လျော့ကျသွားပုံရပြီး ဇွန်ဘီများ၏ အနံ့အသက်မှာလည်း ပို၍ လျော့နည်းသွားကာ မျက်လုံးများမှာ ယခင်ကကဲ့သို့ တိမ်ဖုံးမနေတော့ဘဲ သာမန်လူများကဲ့သို့ အညိုဖျော့ဖျော့နှင့် နီးစပ်လာသည်။
'သူမက ဗိုင်းရပ်စ်ကို ကုသနိုင်တာလား...'
Xxxxxxx