part-70
ဆရာမနှင့်နေ့လည်စာအတူစားပြီးနောက် ယနေ့အတွက် အဂ်လိပ်စကားပြောသင်ခန်းစာက ပြီးဆုံးသွားလေပြီ။
ထို့နောက်ယွမ်ရှကနာရီအနည်းငယ်စာကြာမည့် သူမ၏မုန့်ဖုတ်သင်တန်းဆီသို့အပြေးအလွှားသွားလိုက်သည်။တခါတရံတွင် သူမအချိန်ဇယားထဲမှအားလပ်ချိန်တချို့ရှိနေလျှင် သူမက ဝမ်လေးကိုမူကြိုကျောင်းမှသွားကြိုလေ့ရှိသည်။ ယနေ့သည်ထိုကဲ့သို့သောနေ့တရက်ဖြစ်သည်။
ဝမ်လေးကကျောင်းဆင်းချိန်၌ သူ့၏အမေကိုတွေ့လိုက်ရသောကြောင့် ဝမ်းသာအားရဖြင့်သူမလက်ထဲသို့ပြေးဝင်လာလေသည်။ကံကောင်းထောက်မစွာပင်ကလေးလေးက အသက်သုံးနှစ်သာရှိနေသေးသည်။အကယ်၍သူသာယခုပုံစံအတိုင်းကိုယ်အလေးချိန်ဆက်တိုးလာမည်ဆိုပါက နောက်နှစ်အနည်းငယ်အကြာတွင်သူမဝမ်လေးကိုပေါ့ပေါ့ပါးပါးကောက်ချီနိုင်မည်မဟုတ်တော့ပေ။
ဝမ်လေးကအလွန်ပင် စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။
"မာမား ဒီနေ့သားကိုဘာလို့လာကြိုတာလဲ..."
ယွမ်ရှက ထိုပြည့်ပြည့်ဖြိုးဖြိုးကလေးပေါက်စကိုအောက်သို့ပြန်ချလိုက်ပြီးသူ့၏လက်ကိုဆွဲကာ ကားပါကင်ရှိရာဆီသို့လျှောက်လာလိုက်သည်။
"ဟမ် အဲ့ဒီ့တော့လာကြိုတာမပျော်ဘူးပေါ့ ဟုတ်လား..."
ပေါက်စီလုံးလေးက ကားဆီသို့သွားရာလမ်းတလျှောက်တွင်အဆက်မပြတ်စကားပြောလာပြီး ကားထဲသို့ဝင်လိုက်မှသာ တိတ်သွားလေသည်။ကလေးလေးက ကလေးထိုင်ခုံလေးတွင် နေရာယူပြီးသည်နှင့် သူ့အမေကိုမေးလိုက်သည်။
"မာမား ပေါင်ပေါင်တို့ ဒယ်ဒီ့ကိုအလုပ်ကနေသွားကြိုသင့်လား..."
ယွမ်ရှ ရုတ်တရက်မည်သို့တုံ့ပြန်ရမည်မသိဖြစ်သွားသည်။စုန့်ထင်ရှန်းပြောသည်ကမှန်ပေသည် ကလေးလေးကသုံးနှစ်သာရှိသေးသော်လဲ အလွန်ပင်ထက်မြတ်ပြီးသူ့ပတ်ဝန်းကျင်ရှိအဖြစ်အပျက်များကိုဝိုးတဝါးနားလည်နေပုံပေါ်လေသည်။
"ပါပါးက အရမ်းအလုပ်များနေတာလေ...တကယ်လို့မာမားတို့ သူ့ကိုကြိုမပြောပဲနဲ့သူအလုပ်မှာမရှိနေရင် ဘယ်လိုလုပ်ကြမလဲ..."
ဝမ်လေးက ထိုရှင်းပြမှုကိုလက်ခံလိုက်လေသည်။သူ့၏မှတ်ဉာဏ်ထဲ၌မနေ့က သူတို့မိသားစုသုံးယောက်ပီဇာသွားစားကြသည့် အံ့အားသင့်စရာအချိန်လေးများဖြင့်ပြည့်နေတုန်းဖြစ်သည်။ထို့ကြောင့် သူ့အမေကိုသူမေးလိုက်သည်။
"ပေါင်ပေါင်က ပါပါးကိုဖုန်းခေါ်ပြီးတော့ ဒီနေ့အိမ်ကိုစောစောပြန်လာဖို့ပြောလို့ရမလား...ဒါဆိုရင် သားတို့တူတူညစာစားလို့ရတယ်..."
ယွမ်ရှကူရာမဲ့စွာဖြင့် ရီမောရင်းပြန်ဖြေလိုက်သည်။
"ရတာပေါ့..."
ကလေးလေးက .တရုတ်စကားလုံးများကိုသေသေချာချာမသိသေးသော်လဲ စုန့်ထင်ရှန်းဆီသို့ဖုန်းခေါ်သည့်နံပါတ်များကိုအကြိမ်အနဲငယ်ကြည့်ပြီးသည့်နောက် ချောချောမွေ့မွေ့လုပ်ဆောင်နိုင်နေပေပြီ။ဖုန်းဝင်သွားသည်နှင့် လျှင်မြန်စွာဖုန်းကိုင်လိုက်ပြီး ခပ်နိမ့်နိမ့်ယောက်ျားသံတသံထွက်ပေါ်လာလေသည်။
"ပောင်ပောင် ဘာဖြစ်လို့လဲ..."
"ပါပါး... မာမားက ဒီနေ့စောစောပြန်လာခဲ့တဲ့...သားတို့ညစာစားဖို့စောင့်နေမယ်..."
ယွမ်ရှ"..."
စုန့်ထင်ရှန်းကအလုပ်တွေရှိနေတုန်းဖြစ်သည်။ထိုစကားလုံးများကိုကြားလိုက်ရသည့်ခဏ၌ သူအံ့အားတသင့်ဖြင့်အေးခဲသွားလေသည်။ခဏမျှကြာမှသူ ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ...အခုပေါင်ပေါင်က မာမားနဲ့တူတူရှိနေတာလား..."
"ဟုတ်ကဲ့ မာမားကသားကိုမူကြိုကနေလာကြိုတာ..."
"မာမား ဘာစားချင်လဲလို့ သားမေးလိုက် ပါပါးအလုပ်ကပြန်လာရင်ဝယ်လာခဲ့မယ်..."
ဝမ်လေး၏ဖုန်းနာရီကနားကြပ်ဖြင့်ပြောဆိုရသည်မဟုတ်သောကြောင့် စုန့်ထင်ရှန်းသည်ဝမ်လေးပြောတာကိုကြားရလျှင် ယွမ်ရှပြောတာကိုလဲ ကြားနိုင်ပေလိမ့်မည်
။
ယွမ်ရှက သူမဘာမှမလိုချင်ကြောင်းခေါင်းခါပြရန်ပြင်လိုက်သော်လဲ ဝမ်လေး၏ ပါပီ မျက်လုံး လေးများကိုမြင်ပြီးနောက် မနက်ကစုန့်ထင်ရှန်းပြောခဲ့သည့်စကားများကိုပြန်သတိရသွားသည်။
ထို့ကြောင့် သူမဝမ်လေးကိုအသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ပါပါးကိုပြောလိုက် အမ်...အလုပ်ကနေပြန်လာရင် ဒူးရင်းသီးဝယ်ခဲ့ပါလို့ပြောလိုက်..."
ယွမ်ရှကဒူးရင်းသီးကြိုက်နှစ်သက်ပေသည်။သူမအကြိမ်အနည်းငယ်ခန့်ဝယ်စားပြီးနောက် အစားအစာများကိုလောဘကြီးတတ်သော အစားသရဲလေးဝမ်လေးကလဲ အနဲငယ်မြည်းစမ်းကြည့်ပြီးကြိုက်နှစ်သက်သွားလေသည်။ သို့သော်လဲ သူမက ထိုအသီးကိုဝယ်ခဲလှပေသည် သူမ၏လှပသောပုံရိပ်လေးမပျက်စီးစေရန်အတွက်အစားအစာများကိုတင်းကြပ်စွာထိန်းချုပ်ထားသင့်ပေသည်။
ထို့အပြင် ဒူးရင်းသီးများများစားခြင်းကလဲကလေးအတွက်မကောင်းပေ။ အထူးသဖြင့်ဝမ်လေးကဲ့သို့ အစားဆင်ခြင်ရန်ဆရာဝန်က ညွှန်ကြားထားသောကလေးမျိးဖြစ်သည်။
ဝမ်လေးက ရုတ်ချည်းပင်စိတ်လှုပ်ရှားတက်ကြွသွားပြီးကျယ်လောင်စွာပြောလိုက်သည်။
"ပါပါး မာမားကလေ အနံ့အရမ်းနံပြီးတော့ဖြူကောင်လိုအသီးမျိုးကို ဝယ်ခဲ့ဖို့ပြောတယ်..."
စုန့်ထင်ရှန်း"... "
"ဟုတ်ပါပြီ..."
မအေနှင့်သားအတွဲက ဒူးရင်းသီးစားရတော့မည်ဖြစ်သောကြောင့်ပျော်ရွှင်နေလေသည်။ဒူးရင်းသီးကိုရေခဲသေတ္တာထဲတွင် ခဏမျှအအေးခံပြီးစားလျှင် ရေခဲမုန့်ထက်ပင်ပိုကောင်းပေသည်။ဝမ်လေးကစားခွင့်ရမည့်အချိန်ကိုသာမျှော်လင့်တောင့်တနေပေသည်။
သူအိမ်ပြန်ရောက်ပြီးသည့်နောက် သူ့ပါပါးပြန်လာမည့်အချိန်ကိုမျှော်လင့်လျက်အိမ်တံခါးဝကိုသာခဏခဏကြည့်နေလေတော့သည်။
.......
စုန့်ထင်ရှန်း ကထိုမျှကျိုးကြောင်းမသင့်သည့်သူမျိုးတယောက်ဖြစ်မည်ကိုယွမ်ရှလုံးဝမမျှော်လင့်ထားခဲ့ပေ။
ဟုတ်ပါတယ် သူမက ပဲဒူးရင်းသီးဝယ်ခိုင်းလိုက်တဲ့လူပါ...ဒါပေမဲ့လဲ သာမာန်လူတယောက်က တခါထဲနဲ့ သုံးလုံးဝယ်ပါ့မလား...
ထိုဒူးရင်းသီးများက ခွဲလဲမခွဲရသေးပေ။ယွမ်ရှ၏ရှုံချအပြစ်တင်သလိုအကြည့်များကြောင့် စုန့်ထင်ရှန်း သူ့ကိုသူအတွက်ရှင်းပြသင့်သည်ဟုခံစားမိသွားသည်။
"ဒီဆိုင်ရှင်ပြောတာတော့ ဒီဒူးရင်းသီးတွေကအရမ်းပဲရှားပါးတယ်တဲ့..."
ထိုစကားများကိုကြားသည်နှင့် အိမ်အကူအန်တီကရီမောလေတော့သည်။
"ဆရာက ဘယ်လိုစျေးဝယ်ရမယ်ဆိုတာကိုတကယ်မသိဘူးပဲ..."
ဒူးရင်းသီးကြီးကြီးသုံးလုံးကို ကားဂိုထောင်ကနေအိမ်အထိသယ်လာရသည့်အတွက်စုန့်ထင်ရှန်းလက်များပင်နီရဲနေလေသည်။ထို့အပြင်ယွမ်ရှ၏အကြည့်နှင့် အိမ်အကူအန်တီ၏ရီမောသံကြောင့်သူအဆင်မပြေသလိုခံစားလိုက်ရသည်။
ယွမ်ရှက အိမ်အကူအန်တီ၏စကားကိုခေါင်းညိမ့်သဘောတူလိုက်သည်။
"ဟုတ်တယ်...သူတကယ်ပဲဘယ်လိုစျေးဝယ်ရမလဲမသိဘူး...စောစောကသာသိမယ်ဆိုရင် အိမ်အပြန်လမ်းမှာသူ့ကိုလက်ဝတ်ရတနာတွေဝယ်ခဲ့ဖို့ပြောလိုက်တာပေါ့..."