အခန်း
၁၀ ပြစ်ဒဏ်မှလွတ်မြောက်ရန် သတ်သေသွားခြင်း
နောက်တစ်နေ့...
ယင်းထျန်းရုံးတော်....
ကြီးမားပြီး တောက်ပသော ရုံးတော်ဧည့်ခန်းမ၏ အလယ်တည့်တည့်တွင်
တောက်ပသော ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်။ ၎င်းကို နက်မှောင်သောပုံစံများဖြင့်
ကျောက်စိမ်းကိုသုံးကာ ထွင်းထုထားသည်။ အနီရောင် သစ်သားဘောင်၏ နောက်ခံတွင်
ရွှေရောင်အက္ခရာ အများအပြားကြောင့် တောက်ပနေပြီး အလွန်ဖမ်းစားနိုင်သည်။ လူတန်းနှစ်တန်းအနေဖြင့်ရပ်နေသော
အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ခွန်အားပြည့်ဝနေပုံပေါ်သည့် ရုံးတော်ရဲမက်များက
လက်ထဲတွင် တုတ်ရှည်များကို ကိုင်ဆောင်ကာ ဘယ်ညာ ခွဲရပ်နေသည်။
နားထောင်ခွင့်ရခဲ့သည့် ရွာသူရွာသားများက ခန်းမ၏အဆုံးအပြင်ဘက်
အနီးအနားတွင်သာ ရပ်နေနိုင်ကြသော်လည်း ထိုရွာသားများက သူတို့၏ အရပ်ရှည်ရှည် ကိုယ်ခန္ဓာများကို
ဖြောင့်တန်းနေအောင် မတ်တပ်ရပ်နေကြပြီး သူတို့၏ကိုယ်ခန္ဓာကို တတ်နိုင်သမျှ ဆန့်တန်းထားကာ
သူတို့၏ခေါင်းများကို တတ်နိုင်သမျှ ငုံချထားကြသည်။ သူတို့က သူတို့၏အသက်ရှူသံကိုပင်
ထိန်းထားပြီး အသံအကျယ်ကြီး မထွက်ရဲကြပေ။
လူတစ်ယောက်ကလွဲရင်ပေါ့လေ...
လို့ရှီးယန်က လက်နှစ်ဖက်ပိုက်ကာ တံခါးဘောင်ကို
နောက်ကျောမှီလျက် တံခါးခုံပေါ်တွင် ထိုင်နေသော တစ်ခုတည်းသော ရုပ်ပုံကို
တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ ကြမ်းတမ်းသိမ်ဖျင်းသော အပြုအမူက အစိုးရရုံးတော်၏
ဧည့်ခန်းမနှင့် မလိုက်ဖက်ပေ။ ဦးထုပ်အစုတ်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသောကြောင့်
သူ့အမူအရာကို မမြင်နိုင် သော်လည်း ထိုလူ့မျက်နှာတွင် ဒေါသများ ပြည့်နက်နေမည်ကို သူ
မှန်းဆနိုင်သည်။
ထိုအတွေးက လို့ရှီးယန်ကို အကြောင်းပြချက်မရှိ
ပျော်ရွှင်သွားစေခဲ့သည်။
သူ ပျော်နေပေမယ့် တခြားလူကတော့ ဒေါသထွက်နေခဲ့သည်။
ခုက မွန်းတည့်ဆယ့်နှစ်နာရီ မဟုတ်လား? ဒီလူမိုက်တွေက
မနေ့ညက တညလုံး မအိပ်ကြပဲ ဘာတွေ ရှုပ်ယှက်ခတ်နေလဲ မသိတော့ဘူး။ ဒီမနက်စောစောမှာလည်း ဒီပါရမီရှင်တွေက ကောင်းကင်မှာ
အလင်းရောင်မှိန်မှိန်လေးသာရှိသေးတဲ့ အချိန်မှာ သူမကို ရုံးတော်တံခါးဆီ ဆွဲခေါ်လာပြီး
ရုံးတော်ရှေ့မှာ အခုအချိန်အထိ မိုက်မဲစွာ စောင့်ဆိုင်းနေကြပြန်တယ်။
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ
အဝတ်အစားများက ထူထဲကြမ်းတမ်းလွန်းသောကြောင့် သူမ၏နောက်ကျောတွင် ချွေးများ စိုရွှဲနေသည်မှာ
ကြာလှပြီ ဖြစ်သည်။ အသက်ရှုမဝနိုင်သည့် ဦးထုပ်ကြီးကိုလည်း ဖုံးအုပ်ထားရသောကြောင့် သူမ၏နဖူးနှင့်မျက်နှာတွင်
ချွေးများဖြင့် ရွှဲစိုနေသည်။ သူမက လို့ရှီးယန်ကို စိုက်ကြည့်လိုက်ပြီး သူက တရားရေးကိစ္စမစခင်
လန်းဆန်းအေးမြနေပုံရသည်။ ထိုမြင်ကွင်းက ကျွော့ချင်းကို အလွန်တရာ စိတ်တိုသွားစေပြန်သည်။
ယနေ့ လို့ရှီးယန်က မနေ့ညကနှင့် အလွန်ကွာခြားနေသည်။ သူက
ခရမ်းရောင်နှင့် ရွှေဖြူရောင်ရောစပ်ထားသော ကျောက်စိမ်းသရဖူ၊ နက်ပြာရောင်ပါသော ရွှေချည်ထိုးဝတ်ရုံကို
၀တ်ဆင်ထားသည်။ သူ့၏မျက်လုံးများက
တောက်ပနေပြီး အာဏာကြီးမားပြီး တခုခုကို ဆုံးဖြတ်ပေးရန် စောင့်ဆိုင်းနေသည့်လူတစ်ယောက်၏ရပ်တည်ချက်ကို
ဖော်ပြနေပုံရသည်။ သူ့၏ဘရိုကိတ် ပိုးသားစစ်စစ် ခါးပတ်ပေါ်တွင် ကျောက်စိမ်းအဝိုင်းပြားလေးတစ်ခု
ချိတ်ဆွဲထားသည်။ သူ့မျက်နှာတွင် ရှိနေသည့် တောက်ပသော အပြုံးများက မည်သည့်အချိန်တွင်မျှ
ပြောင်းလဲမသွားခဲ့သော်လည်း မည်သူကမျှ သူ့ရှေ့တွင် အမှားကျူးလွန်ဝံ့ကြမည့်ပုံ မပေါ်ပေ။
"ဒီလက်အောက်ငယ်သားက ဝန်ကြီးချုပ်ကို လေးလေးစားစား အရိုအသေပေး နှုတ်ဆက်ပါတယ်"
တရားစီရင်ရေးဌာနမှ လက်ထောက်ဝန်ကြီး ဝူကျစ်ကန်းက ဒူးတစ်ဝက်ထောက်အနေအထားဖြင့်
ဒူးထောက်နေပြီး စိတ်မသက်မသာ ခံစားနေရသည်။
ဝန်ထမ်းရေးရာဝန်ကြီးဌာနနှင့် တရားရေး၀န်ကြီးဌာန
နှစ်ခုစလုံးက ဝန်ကြီးချုပ်လို့၏ ကြီးကြပ်မှုအောက်တွင် ရှိနေသော်လည်း မှုခင်းများ
ပြန်လည်သုံးသပ်ခြင်းကို မှုခင်းနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံများက
ကိုင်တွယ်လေ့ရှိပြီး ဝန်ကြီးချုပ်လို့ကို တွေ့ရန် လုံးဝ မဖြစ်နိုင်ပေ။ အစိုးရရုံးတော်မှ
စတုတ္ထတန်း အရာရှိတစ်ယောက်ဖြစ်သော သူက ထိုလူကို မကြောက်ဘဲ မနေနိုင်ပေ။
လို့ရှီးယန်က သူ့ဘေးမှ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး လက်ကို အနည်းငယ်မြှောက်ပြကာ
ပေါ့ပေါ့ပါးပါးပြုံးနေရင်း စကားစလိုက်သည်။ "ယဉ်ကျေးနေစရာ မလိုပါဘူး၊
လုပ်ထုံးလုပ်နည်းတွေကို ရှောင်လို့ရတယ်"
ဝူကျစ်ကန်းက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သော်လည်း သူ ထိုင်ရန်
မဝံ့ရဲပေ။
ဝန်ကြီးချုပ်က
ဒီမှာရှိနေတုန်း သူက ပင်မထိုင်ခုံကို ဘယ်လို သတ္တိရှိရှိ ထိုင်နိုင်မှာလဲ?
ဝူကျစ်ကန်းက
စားပွဲခုံဘေးတွင် မတ်တပ်ရပ်လိုက်ရင်း “ဝန်ကြီးချုပ်... ဒီနေ့ ရောက်လာတာက ...”
လို့ရှီးယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးနေဆဲဖြစ်ကာ
"နျိုကျားရွာ မှာရှိတဲ့ ရာနဲ့ချီတဲ့ ရွာသားတွေက လင်းပါ့ခန်းက စစ်တပ်ရိက္ခာတွေကို
လျှို့ဝှက်လဲလှယ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ကို ကန့်ကွက်တဲ့အနေနဲ့ စာတစ်စောင် လက်မှတ် ရေးထိုးခဲ့ကြတယ်၊
မင်း ဘယ်လိုထင်လဲ?"
လို့ရှီးယန် ပေါ့ပေါ့ဆဆ မေးလိုက်သော်လည်း ဝူကျစ်ကန်း၏မျက်နှာက
ဖြူဖျော့လာကာ လက်သီးများကို ဆုပ်ထားလိုက်သည်။
" လို့လူကြီးမင်း၊
ဒီကိစ္စမှာ သက်သေအထောက်အထားတွေ အားလုံးရှိတယ်ဆိုတာ လူတိုင်းက ရှင်းရှင်းလင်းလင်း
သိပါတယ်။ လင်းပါ့ခန်းကိုယ်တိုင်က ဝန်ခံထားပြီး မတရားတဲ့ အမှုလည်း မရှိပါဘူး!"
"တရားမျှတမှု လုံးဝမရှိဘူးလား?" လို့ရှီးယန်က
ဧည့်ခန်းဘေးက အမျိုးသမီးကို ကြည့်လိုက်ပြီး "လင်းအမျိုးသမီး၊ မင်းမှာ ပြောစရာရှိလား?"
ကျွော့ချင်းက သူမမျက်လုံးကို အနည်းငယ် မော့ကြည့်လိုက်တော့
အသက်ငါးဆယ်ခန့်ရှိ အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို
တွေ့လိုက်ရသည်။ သူမ၏ အသံက အနည်းငယ် တုန်လှုပ်နေသော်လည်း သူမက ကျယ်လောင်စွာ
ပြန်ပြောလိုက်သည်။
"ဝန်ကြီးချုပ်ဆီကို ပြန်ကြားချင်တာက ဒီအရပ်သူအမျိုးသမီးက
အစိုးရရုံးတော်က ပြစ်ဒဏ်ချမှတ်ပြီးနောက် သုံးရက်မြောက်နေ့ဖြစ်တဲ့ ဒီလ
ဆယ့်ရှစ်ရက်နေ့က ကျွန်တော်မျိုးမရဲ့ခင်ပွန်းထံ လာရောက်ခဲ့ပါတယ်။ ကျွန်တော်မျိုးမရဲ့ခင်ပွန်းက စစ်တပ်ရဲ့ရိက္ခာတွေကို
သူ မခိုးဘူးလို့ပြောပါတယ်၊ မှားယွင်းစွပ်စွဲခံရတာလို့လည်း ပြောခဲ့ပါတယ်”
အမျိုးသမီးရဲ့စကားမဆုံးခင်မှာ ဝူကျစ်ကန်းက
မထိန်းနိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့် "ရယ်စရာကောင်းလိုက်တာ၊ ဘယ်လောက်တောင်
မိုက်မဲလိုက်သလဲ? စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ သူကိုယ်တိုင်ရေးထိုးထားတဲ့ ဝန်ခံချက်တောင်
ရှိတယ်၊ သူက မှားယွင်းစွပ်စွဲတယ်လို့ပြောရုံနဲ့ ငါတို့က ဘယ်လိုလက်ခံရမှာလဲ? ကိုယ်ရေးအကြံပေးအရာရှိ၊
ဝန်ကြီးချုပ်စစ်ဆေးနိုင်အောင် စာရွက်စာတမ်းတွေကို မြန်မြန်ယူလာပေးလိုက်”
"ဟုတ်... ဟုတ်ကဲ့" ဘေးနားတွင် မဝံ့မရဲ ရပ်နေသောလူက နောက်ဘက်အခန်းဆီသို့
ချက်ချင်း ပြေးသွားကာ ခဏအကြာတွင် သူ့လက်ထဲတွင် ပစ္စည်းအမြောက်အများကို
ကိုင်ဆောင်ကာ ပြေးထွက်လာခဲ့သည်။
ဝူကျစ်ကန်းက စာရွက်စာတမ်းများကို အလျင်အမြန် လှမ်းယူကာ လို့ရှီးယန်ထံသို့
တရိုတသေ လွှဲပေးလိုက်သည်။ "သခင်ကြီးလို့၊ ဒါက ဒီအမှုရဲ့ သက်သေထွက်ဆိုချက်တွေရော
သက်သေပစ္စည်တွေရောပါ၊ အားလုံး ရှိနေတာမို့ သူ ငြင်းလို့ မရပါဘူး!"
ကျွော့ချင်းက တံခါးဝတွင် ခါးကို တစ်ဝက်လောက်ကိုင်းကာ
မတ်တပ်ရပ်နေပြီး တောက်ပသော မျက်လုံးတစ်စုံဖြင့် လို့ရှီးယန်ကို စိုက်ကြည့်နေကာ သူ့၏တုံ့ပြန်မှုကို
စောင့်မျှော်နေခဲ့သည်။
သူက လင်းပါ့ခန်းရဲ့
ဇနီးမယားကိုတောင် ဆင့်ခေါ်ထားခဲ့သေးတယ်။ အဲ့တာတွေက ရှည်လျားတဲ့ အမှုတွဲတွေဖြစ်ပေမယ့်
သူ ဖတ်ပြီးသွားတာ ဖြစ်နိုင်လောက်တယ်။ တစ်ညတည်းမှာ သူ ဘယ်လိုတောင် အလုပ် လုပ်နိုင်ရတာလဲ?!
ဒီလူက
ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းနံမယ်ကြီးတဲ့ ၀န်ကြီးချုပ်တစ်ယောက် ဖြစ်လာခဲ့တာ မထူးဆန်းတော့ဘူး။
သူ့မှာ သေချာပေါက် အကြောင်းပြချက်တွေ ရှိနေတာပဲ။
သူမ မျှော်လင့်ထားသည့်အတိုင်း
လို့ရှီးယန်က စာရွတ်စာတမ်းများကို လက်မခံဘဲ စိတ်ရှုပ်နေဟန်ဖင့် သက်ပြင်းချလိုက်သည်။
"မင်းတို့ထဲက
တစ်ယောက်က တရားမမျှတမှု မရှိဘူးလို့ အခိုင်အမာပြောနေပြီး ကျန်တစ်ယောက်က မတရားမှုအတွက်
ဆက်တောင်းဆိုနေတယ်။ ဒီကိစ္စမှာ အကျဉ်းသားကို ဒီကိုခေါ်လာပြီး အမှန်တရားအတွက်
လူကိုယ်တိုင်... မေးမြန်းချင်တယ်"
ဝူကျစ်ကန်းက အံ့အားသင့်သွားသော်လည်း သူ ဘာမှ ပြန်မပြောရဲတော့ဘဲ
သူ့ဘေးနားရှိ ရုံးတော်ဝန်ထမ်းနှစ်ဦးကို "မင်းတို့နှစ်ယောက် အကျဉ်းသား လင်းပါ့ခန်းကို
သွားခေါ်ပါ"
"ဟုတ်ကဲ့" အမှုထမ်းများက အမိန့်ကိုနာခံပြီး ထွက်သွားသည်။
မထင်မှတ်ပဲ သူတို့ သွားနေသည်က နာရီဝက်လောက်ကြာနေခဲ့သည်။ ကျွော့ချင်းက
တစ်ခုခု မကောင်းတော့ဘူးဟု ခံစားနေမိသော်လည်း လို့ရှီးယန်၏အမူအရာတွင် စိတ်လှုပ်ရှားမှု
အရိပ်အယောင်များ မရှိဘဲ ပုံမှန်အတိုင်းပဲ ရှိနေခဲ့သည်။ သူက ထိုင်ခုံလက်တန်းကို သူ့လက်တစ်ဖက်ဖြင့်
ခပ်ဖွဖွ ပုတ်နေခဲ့သည်။ သူ့ဘေးတွင် ရှိနေသည့် ဝူကျစ်ကန်း၏နဖူးပေါ်မှ ချွေးများ တစ်ပေါက်ပေါက်ကျနေပြီး
လို့ရှီးယန်က သူ့ဘေးတွင် ရှိနေသောကြောင့် ဝူကျစ်ကန်းက လှုပ်ပင် မလှုပ်ရဲတော့ပေ။
နောက်ဆုံးတွင် ထွက်ခွာသွားသော အမှုထမ်းနှစ်ဦး ပြန်ရောက်လာခဲ့သည်။
ဝူကျစ်ကန်းက “ဘာလို့ ဒီလောက်ကြာနေတာလဲ”ဟု အသံတိုးတိုးဖြင့် ဆူပူလိုက်ပြီးမှ
၎င်းတို့နောက်တွင် တစ်ယောက်မှ မရှိသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး
မေးလိုက်သည်။
“လူက ဘယ်မှာလဲ?”
နှစ်ယောက်လုံး မောဟိုက်နေပြီး တယောက်က ထိတ်လန့်တကြား
ပြန်ဖြေလာသည်။
"သခင်ကြီး၊
လင်းပါ့ခန်းက သေဒဏ်စီရင်ခံရမှာကို ကြောက်လို့ ဒီမနက် စောစောစီးစီး သတ်သေသွားပြီ!"
သေဒဏ်စီရင်ခံရမှာကို ကြောက်လို့ သေကြောင်းကြံတယ်!?
ကျွော့ချင်းက ဝူကျစ်ကန်း၏ အမူအရာကို တိတ်တဆိတ် အာရုံစိုက်နေခဲ့သည်။
ထိုသတင်းကြားပြီးနောက် သူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး သူ့မျက်နှာမှာ
အဖြူမှ အစိမ်းရောင်သို့ ပြောင်းသွားသည်။ သူက အလွန်ထိတ်လန့်သွားပုံရပြီး
ဟန်ဆောင်နေပုံ မရပေ။ လို့ရှီးယန်က စကားတစ်ခွန်းမှ မပြောဘဲ မျက်မှောင်ကြုတ်နေသည်။
ထိုတစ်ယောက်က အမှန်တကယ် သေဆုံးသွားမည်ဟု သူလည်း မမျှော်လင့်ထားခဲ့ပေ။
ဒါက တကယ်ကို သတ်သေတာလား?
တိုက်ဆိုင်လွန်းသောကြောင့် ကျွော့ချင်းက အချိန်ကို
မှန်ကန်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟုသာ တွေးနေခဲ့သည်။
“ကျွန်တော်မျိုးတို့ရဲ့ ကျေးဇူးရှင်က သေသွားပြီလား!?” အပြင်မှ ရွာသားများ၏မျက်လုံးများက
မယုံကြည်နိုင်စွာ ပြူးကျယ်လာပြီး အထဲသို့ အလျင်စလို ဝင်ချင်နေကြသည်။ သို့သော် ဝန်ကြီးချုပ်လို့က
ထိုနေရာတွင် ရှိနေသောကြောင့် အမှားအယွင်း တစ်စုံတစ်ရာ မပြုလုပ်ဝံ့ဘဲ စိတ်ပူရုံသာ တက်နိုင်တော့သည်။
“ယောကျာ်း…” ထိုစကားကို ကြားလိုက်ချိန်တွင် လင်းသခင်မက မြေပြင်ပေါ်သို့ ချက်ချင်း
လဲကျသွားသည်။ သူမက ငိုယိုနေရင်း တစ်ခုခုကို တွေးလိုက်မိပုံဖြင့် ရုတ်တရက် ထရပ်လိုက်ပြီး
ဝူကျစ်ကန်းကို လက်ညှိုးထိုးကာ “ကျွန်မခင်ပွန်းက မှားယွင်းစွပ်စွဲခံရတာ၊ သူ့ကိုယ်သူ
သတ်သေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင့်တို့လူတွေပဲ ဖြစ်မယ်၊ ရှင့်တို့လူတွေက
ကျွန်မယောက်ျားကို သတ်ခဲ့တာဖြစ်မယ်!"
သခင်မလင်းက ဝူကျစ်ကန်းဆီသို့
အရူးအမူး ပြေးသွားခဲ့သော်လည်း နှစ်ဖက်စလုံးမှ ရုံးတော်အမှုထမ်းများက တုတ်ရှည်များကိုင်ကာ
သူမကို တားဆီးထားခဲ့သည်။ သူမက ရှေ့မတိုးနိုင်သော်လည်း ဆက်လက်အော်ဟစ်ဆဲဆိုနေခဲ့သည်။
ဝူကျစ်ကန်းက အသိစိတ်ဝင်လာပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။
"ရပ်လိုက်၊ မသိနားမလည်တဲ့မိန်းမနဲ့ ကလေးတွေက တရားရုံးမှာ ဆူပူနေစရာ မလိုဘူး၊
သူ(မ)ကို မောင်းထုတ်လိုက်!"
ဝူကျစ်ကန်းက
လို့ရှီးယန်ဒေါသဖြစ်သွားမည် ကြောက်ရွံသောကြောင့် သူ့ကို သေသေချာချာ အကဲခတ်လိုက်သော်လည်း
ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်က ထိုကြွက်စုတ်များ၏ ဆင်ခြေများကို သတိမထားမိဘဲ
စဉ်းစားနေဟန်ရှိသည်။
“ငါ့ကိုလွှတ်!” သခင်မလင်းက အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း နောက်ဆုံးတွင်
အရွယ်ရောက်ပြီးသား ယောကျာ်းနှစ်ဦးကို တွန်းလှန်နိုင်ခြင်း မရှိပေ။ ရုံးတော်မှ ရဲမက်များက
သူမကို ဘယ်ညာ ကိုင်ဆွဲကာ ဆွဲထုတ်လိုက်ကြသည်။
"ခနစောင့်ပါဦး"
သခင်မလင်းကို မောင်းထုတ်ခါနီးမှာပင် အေးစက်စက်အသံတစ်ခု
တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
"ဘာလို့
လူတွေကို အလျင်စလို မောင်းထုတ်နေတာလဲ? ဒါက သေကြောင်းကြံတာလား... လူသတ်မှုလား... ဆိုတာ
အလောင်းကို ကြည့်လိုက်ရင် သိလိမ့်မယ်"
…
[ဖော်ရွေသောသတိပေးချက်-
အလောင်းစစ်ဆေးခြင်းနည်းလမ်းများနှင့် သက်ဆိုင်သည့်အသိပညာအားလုံးသည် စုန့်စီ ၏အမှားများမှ ဝေးကွာသောစုဆောင်းမှု၊
ခေတ်သစ်မှုခင်းဆေးပညာနှင့် အခြားဆက်စပ်စာအုပ်များမှ ဖြစ်သည်၊ Lu~ မှ ဖန်တီးထားခြင်းမဟုတ်ပေ။
Snail Green သည် ဆေးပညာရှင်မဟုတ်ပါ။ ဆောင်းပါးတွင် အမှားပါပါက ခွင့်လွှတ်ပါ~] (T/N: မူရင်းမှာကိုက အဲ့လိုပြောထားပါတယ်။ ကိုယ်လဲ အတူတူပါပဲ၊အဲ့တာနဲ့ ပတ်သတ်တဲ့ ဗဟုသုတ ဘာမှ မရှိပါဘူး၊ အမှားတစ်စုံတရာပါသွားရင် ချစ်သောအားဖြင့် ခွင့်လွှတ်ပေးကြပါနော်)
✍️✍️✍️