Chapter 11
Viewers 112

အခန်း ၁၁- အလောင်းခွဲစိတ်စစ်ဆေးခြင်း (အပိုင်း ၁)

  "ဘာလို့ လူတွေကို အလျင်စလို မောင်းထုတ်နေတာလဲ? ဒါက သေကြောင်းကြံတာလား... လူသတ်မှုလား... ဆိုတာ အလောင်းကို ကြည့်လိုက်ရင် သိလိမ့်မယ်"

  အထူးသဖြင့် အေးစက်နေသော ခန်းမထဲတွင် ကြမ်းတမ်းသောအသံတစ်ခုက တိုးတိုးတိတ်တိတ် ထွက်ပေါ်လာနေပြီး ပြောသူက မီးခိုးရောင်၀တ်စုံကို ၀တ်ထားသည့် ထူးဆန်းသော အမျိုးသားတစ်ဦးဖြစ်နေလေသည်။ ဝူကျစ်ကန်းက စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

"မင်းက ဘယ်သူလဲ? မင်းက ဒီခန်းမထဲမှာ လာပြီး ဆူညံနေရအောင် ဘယ်လောက်တောင် သတ္တိရှိနေတာလဲ?"

  "ငါ..."

သူမ ဘယ်လိုဖြေရမလဲ?

 ကျွော့ချင်းက သူမနှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး ပျင်းရိနေပုံဖြင့် "ကျွန်တော်က လမ်းသွားလမ်းလာတစ်ယောက်ပါ"

  လမ်းသွားလမ်းလာ ~~?!

  အားလုံး အံ့အားသင့်သွားကြသည်။ ဒါက ဘယ်လိုအဖြေမျိုးလဲ?

  လို့ရှီးယန်က သူ့နှာခေါင်းကို ပွတ်သပ်ပြီး ရယ်မောချင်စိတ်ကို ချိုးနှိမ်ရန် ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်သည်။

 လမ်းသွားလမ်းလာတဲ့လား~~?! ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်တဲ့ ဆင်ခြေလဲ?

  သူက တရားရုံးကို မထီမဲ့မြင်ပြုနေတာနော်! 

ဝူကျစ်ကန်း၏ မျက်နှာက ဒေါသကြောင့် မည်းမှောင်သွားသည်။ လို့ရှီးယန်က သူနှင့်အတူ ရှိနေသည်ကို ခဏတာအတွင်း မေ့သွားကာ ဝူကျစ်ကန်းက ခန်းမအလယ်သို့ လျှောက်သွားကာ ကျွော့ချင်းကို ဒေါသတကြီး လက်ညှိုးထိုးရင်း "ဒါက ယုတ္တိမတန်ဘူး၊ လာကြစမ်း၊ သူ့ကို မောင်းထုတ်လိုက်..."

  "ဝူလူကြီးမင်း" သူ့ခေါင်းပေါ်မှ ထွက်လာသည့်အသံတိုးတိုးက မလေးလံသော်လည်း ပေါ့ပါးနေခြင်းလည်း မရှိပေ။ သို့သော်လည်း ထိုအသံက ရေအေးတစ်ဇလုံ သူ့ခေါင်းပေါ်သို့ စီးကျလာသလို ခံစားရစေသည်။ ဝူကျစ်ကန်းက အသိပြန်ဝင်သွားပြီး နောက်သို့ အမြန်ပြန်လှည့်လိုက်ကာ လေးလေးစားစား ပြန်ပြောလိုက်သည်။

"ဝန်ကြီးချုပ်က ဘာများအမိန့်ပေးချင်ပါသလဲ?"

  လို့ရှီးယန်က မတ်တပ်ထရပ်လိုက်ပြီး အနည်းငယ် တွန့်ကျေသွားသော သူ့ဝတ်ရုံကို သပ်ရပ်ပြန်ပြင်ပြီးနောက် "အဲ့ခန္ဓာကိုယ်က ဘယ်မှာလဲ?"

  ဝူကျစ်ကန်းက သတင်းပို့ရန် ရောက်ရှိလာသော ရုံးတော်အမှုထမ်းများကို လှမ်းကြည့်လိုက်ရာ အမှုထမ်းတစ်ယောက်က ကမန်းကတန်း ပြန်ဖြေလာခဲ့သည်။ “အကျဥ်းထောင်ထဲမှာ ရှိနေသေးပါတယ်”

  လို့ရှီးယန်က ခန်းမကို ဖြတ်သွားပြီးနောက် ဘေးတံခါးဆီသို့ လျှောက်သွားခဲ့သည်။ ဝူကျစ်ကန်းက ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် "သခင်ကြီးလို့၊ ဘာဖြစ်လို့ပါလဲ?"

  "ဒီဝန်ကြီးချုပ်က အလောင်းကို သွားကြည့်မယ်။ သေကြောင်းကြံတာလား? လူသတ်မှုလားဆိုတာ အမှန်အတိုင်းသိအောင် စစ်ကြည့်ရမှာပေါ့!"

လို့ရှီးယန်၏ မျက်နှာက ညှိုးနွမ်းနေပြီး သူပျော်နေသည်လား ဒေါသထွက်နေသည်လား မပြောနိုင်ပေ။ လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားပြီး ဝူကျစ်ကန်းက ထိတ်လန့်တကြားဖြင့် သူ့နောက်သို့ လိုက်သွားကာ သူ့အင်္ကျီမှ ချွေးများက ရေစိမ်လို့ရနေပြီ ဖြစ်သည်။

  အလောင်းကို စစ်ဆေးတော့မည်ဟု ကြားသောအခါတွင် လင်းသခင်မက ရှေ့သို့ ပြေးသွားပြန်သည်။ ရွာသားများကလည်း လင်းပါ့ခန်း ရုတ်တရက် သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်းမြင်ချင်သော‌ကြောင့် လူတစ်စုက ရှေ့သို့ ပြေးသွားကြသည်။ သို့သော်လည်း ရုံးတော် အမှုထမ်းများက သူတို့ကို တားဆီးထားခဲ့သည်။

"မင်းတို့ ဝင်လို့မရဘူး!"

  ရဲမက်တစ်ယောက်၏တုတ်ရှည်ကို လှမ်းကိုင်ထားလိုက်သည့် သခင်မလင်း၏လက်က ပြင်းထန်စွာ တုန်ခါနေပြီး "ဘာလို့လဲ၊ အဲ့ဒါ ငါ့ယောက်ျား!"

 ဝူစစ်၏ သန်မာသော ခန္ဓာကိုယ်က လင်းသခင်မ၏ နံဘေးကို ရောက်သွားပြီး သူမကို ကာကွယ်ပေးထားခဲ့သည်။ သူက ရိုးသားသော မျက်နှာဖြင့် "အစ်ကိုကြီး၊ အရာရှိကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါ!"

  မရဘူး!” ရုံးတော် အမှုထမ်းများက သူတို့ကို လှည့်ပင်မကြည့်ဘဲ ညှိုနှိုင်းရန် အခွင့်အလမ်းလည်း မရှိပေ။

  ကျွော့ချင်းက တံခါးဘောင်ကို ကိုယ်တစ်ဝက်မှီကာ ရွာသားများနှင့် အစိုးရအရာရှိများကြားမှ လွန်ဆွဲပွဲကို ကြည့်နေသည်။

သူတို့က ဘာနားလည်လို့လဲ? ဘာမှ နားမလည်ဘဲ ဝင်သွားတာက ဘာမှ အသုံးမဝင်ဘူး။ ဝန်ကြီးချုပ်လို့က ပြိုင်ဘက်ကင်းတဲ့ ဥာဏ်ပညာရှိပြီး ပြသနာတွေကို  နတ်ဘုရားတွေထက်သာလွန်အောင် ဖြေရှင်းပေးနိုင်ဖို့ ဆုတောင်းတာကမှ လက်တွေ့ကျနိုင်သေးတယ်။  

“ဝှါး” ကျွော့ချင်းက သမ်းဝေနေရင်း လှည့်ထွက်သွားခဲ့သည်။

သူမက သေလောက်အောင် ပင်ပမ်းနွမ်းနယ်နေပြီး အိပ်ချင်နေပြီ။ သူမက ဒီနေရာကို ဘာကြောင့်မှန်းမသိ ရောက်ရှိလာပြီးကတည်းက ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး။ နောက်ဘာလုပ်ရမလဲဆိုတာ မစဉ်းစားရသေးခင် ကောင်းကောင်းအနားယူဖို့ နေရာရှာချင်နေပြီ။

  သူမ တံခါးခုံကို ဖြတ်ကျော်ကာ ပြန်ထွက်နေစဉ်မှာပင် စမ်းရေကဲ့သို့ ကြည်လင်သော ယောက်ျားအသံ ထွက်ပေါ်လာပြန်သည်။

 "သူတို့ကို ဝင်ခိုင်းလိုက်"

  ရောက်ရှိလာသူက ဝန်ကြီးချုပ်၏ သက်တော်စောင့်ဖြစ်ပြီး ရုံးတော်အမှုထမ်းများက အချင်းချင်း အပြန်ပြန် အလှန်လှန် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့က ရွာသားများကို မတားဆီးရဲတော့ဘဲ သူတို့၏တုတ်ရှည်များကို အောက်သို့ ပြန်ချလိုက်ကြသည်။ ရွာသားများက လင်းသခင်မနှင့်အတူ အထဲသို့ ပြေးဝင်သွားကြသည်။

  အလွန်သာယာသော အသံကြောင့် ကျွော့ချင်းက စူးစမ်းချင်စိတ်ဖြင့် ပြန်ကြည့်လိုက်မိသည်။ တံခါးဘေးတွင် အဖြူရောင်အရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူက လို့ရှီးယန်၏သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။ ကျွော့ချင်းက သူ့ကို အနည်းငယ် စွေ့ကြည့်ကာ တိတ်တဆိတ် အကဲခတ်လိုက်သည်။

ထိုလူက အရပ် ၁၉၀ စင်တီမီတာခန့်ရှိသည်ဟု ခန့်မှန်းရပြီး နှင်းဖြူရောင်အသားအရည်နှင့် အညိုရင့်ရောင်ဆံပင်များက သူနှင့် လိုက်ဖက်လွန်းလှသည်။ သူ၏မျက်နှာသွင်ပြင်က ကြည်လင်နေပြီး ကောင်းကင်ပြာရောင်မျက်လုံးများက ကြည်လင်သော ဖန်ခွက်များကဲ့သို့ ပေါင်းစည်းထားသောကြောင့် သူ့ကို ထိပ်တန်းအဆင့် သွေးနှောလူချောလေးဟု ခေါ်ဝေါ်နိုင်ပေသည်။ သို့သော် ထိုအရာက အထူးခြားဆုံး မဟုတ်ဘဲ ထင်ရှားနေသည်က သူ့မျက်နှာတစ်ခုလုံး အမူအရာ ကင်းမဲ့နေခြင်းပင်။ သူက လုံးဝ အေးစက်စက်နေခြင်းမျိုးမရှိသလို နူးညံ့သိမ်မွေ့ပုံလည်း မရပေ။ သူ့ထံတွင် သီးခြားဆန်သော သွင်ပြင်မျိုး ရှိနေပြီး သူမ သူ့ကို သိပ်မကြိုက်သော်လည်း သူမ ဝန်ခံနိုင်သည်ကတော့ ရှိနေသေးသည်။

သူက အရမ်းချစ်စရာကောင်းတယ်။

  ထိုလူက ရုတ်တရက် သူမဆီသို့ လှမ်းလာခဲ့သည်။ ကျွော့ချင်းက သူမ၏ ဦးထုပ်အစွန်းကို ဆွဲချလိုက်ပြီး ထွက်ခွာရန် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုလူက သူမ၏အနားတွင် ရပ်လိုက်ပြီး ဘာမှမထူးခြားသော အသံဖြင့် တည်ငြိမ်စွာ ပြောလာခဲ့သည်။

"သွားကြရအောင်"

  "ဘယ်သွားမလို့လဲ?" ကျွော့ချင်းက တုံးအဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

  "အဲ့ဒါကို ငါ မသိဘူး" အေးစက်စက် တုံ့ပြန်သံနှင့်အတူ သူ့၏ဖြူဖျော့ဖျော့လက်တစ်ဘက်က ကျွော့ချင်း၏လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

  "ရပ်လိုက်၊ ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်လို့ရတယ်"

နင်လုပ်လို့ ငါ သေတော့မယ်၊ နာလိုက်တာဆိုတာမှ၊ ဘာလို့ဒီလောက် အားထည့်ထားရတာလဲ?

  မော့ပိုင်က သူ့လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး စကားမပြောဘဲ ရှေ့သို့ လျှောက်သွားနေခဲ့သည်။ ကျွော့ချင်းက မကျေမနပ်ဖြင့် သူ့နောက်မှ လိုက်လျောက်သွားပြီး ခန်းမထဲသို့ ဝင်သွားခဲ့သည်။ သူမက သူ့အနားမှ ဖြတ်ကျော်လိုက်ရင်း အေးစက်သောအသံဖြင့် စနောက်လိုက်သေးသည်။ "ခင်ဗျားမှာ ဒီလို လှပတဲ့ မျက်လုံးတွေ ရှိနေမှ ကျွန်တော် ခင်ဗျားကို ငြင်းနိုင်မှာ မဟုတ်ဘူး!

ဒါပေမယ့် ငါ့မှာ ရန်ညှိုးထားတက်တဲ့ အကျင့်တော့ရှိတယ်နော်။

  မော့ပိုင်တစ်ယောက် အလွန်ထိတ်လန့်သွားခဲ့သည်။

လှတယ်? ဟုတ်လား? ဒီမျက်လုံးတွေကြောင့် သူ့မိသားစုက သူ့ကို စွန့်ပစ်ခဲ့ပြီး လူတိုင်းက သူ့ကို သရဲတစ္ဆေလို့ ပြောခဲ့ကြတယ်။ သူ့မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေလည်း မရှိဘူး၊ ပြီးတော့ သူ့မျက်လုံးတွေကို ဘယ်သူကမှ ကြည့်ချင်ရင်တောင် တိုက်ရိုက် မကြည့်ရဲကြဘူး။ ခုတော့ ဒီလူက ဒီမျက်လုံးတွေကို လှတယ်လို့ ပြောနေတာလား?

  သူ့မျက်လုံးများထဲတွင် လှောင်ပြောင်ချင်နေသော အရိပ်အယောင်များ တောက်ပလာသော်လည်း သူ့မျက်နှာက ဘာမှ မပြောင်းလဲဘဲ ဘာကိုမှ ဂရုမစိုက်သလို ဖြူဖျော့နေမြဲဖြစ်သည်။

  

  အကျဉ်းထောင်အတွင်းတွင်....

        ထောင့်ချိုးပေါင်းများစွာ လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် ကျွော့ချင်းတစ်ယောက် လင်းပါ့ခန်း၏ အချုပ်ခန်းဆီသို့ ရောက်ရှိသွားခဲ့သည်။

  ကျွော့ချင်းက အနီးနားပတ်ဝန်းကျင်ကို တမင်တကာ ကြည့်ရှု့လိုက်သည်။ အချုပ်ခန်းက အကျဥ်းထောင်၏ အတွင်းဘက်အကျဆုံးတွင် ရှိနေပြီး အလှည့်ကျအစောင့်များ ဤနေရာသို့ ရောက်လာရန် မလွယ်ကူပေ။ ရောက်လာလျှင်ပင် ဤအခန်းကို မြနိုင်င်ရန် ခက်ခဲသည်။ ထို့ပြင် တိုက်ဆိုင်မှုလား ရည်ရွယ်သည်လားဟု မပြောနိုင်သော်လည်း ဤအခန်းအနီးရှိ အကျဥ်းခန်းများအားလုံးက အလွတ် ဖြစ်နေခဲ့သည်။

ဆိုလိုတာက ဒီအခန်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် အခြေခံအားဖြင့် သက်သေမရှိဘူးလို့ ဆိုလိုတာပါ။

  အချုပ်ခန်း၏တံခါးဝတွင် လူများ ပြည့်ကျပ်နေပြီ ဖြစ်သည်။ ကျွော့ချင်းက အပြင်ဘက်တွင် ရပ်နေသော်လည်း ထုတ်တန်းအမြင့်တွင် တွဲလောင်းကျနေဆဲဖြစ်သော အလောင်းကို မြင်နိုင်သေးသည်။ သေဆုံးသူ၏ မျက်နှာအရောင်က ခရမ်းပြာရောင်ဖြစ်နေပြီး ရောင်ရမ်းမှုများက ထင်ရှားနေကာ ပြန့်ကျဲနေသော အစက်အပြောက်များ ရှိနေသည်။ မျက်နှာအရေပြားပေါ်တွင် ပြန့်ကျဲနေသော သွေးအစက်အချို့လည်း ရှိနေပြီး သေဆုံးရသည့် အကြောင်းရင်းမှာ အသက်ရှူကြပ်ခြင်းကြောင့်ဖြစ်နိုင်သည်။

သို့သော် အောက်ဘက်ကို ငုံ့ကြည့်လိုက်ချိန်တွင်တော့ ကျွော့ချင်း အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်မသည်။

  "ဝန်ကြီးချုပ်ကို လေးစားစွာ အရိုအသေပေးပါတယ်!" အနောက်မှ အမျိုးသားအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကျွော့ချင်းက နောက်သို့ လှည့်ကြည့်လိုက်ရာ အသက်သုံးဆယ်ကျော် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမြန်ရောက်လာပြီး လို့ရှီးယန်ကို အလေးပြုနေလေသည်။

  "မင်းက ဘယ်သူလဲ?" လို့ရှီးယန်က လူလတ်ပိုင်းအရွယ်လူကို မေးလိုက်ခြင်း ဖြစ်သော်လည်း သူ့၏မျက်လုံးများက ကျွော့ချင်းကိုသာ စိုက်ကြည့်နေခဲ့သည်။

အခုန  အလောင်းကို စိုက်ကြည့်နေတဲ့ ဒီကောင်လေးရဲ့မျက်လုံးတွေက အရမ်းကို စူးရဲလွန်းနေတယ်။ မနေ့ညက ကျင်းစက နျိုကျားရွာက မိသားစုဝင်တွေ အားလုံးကို စစ်ဆေးခဲ့ပြီးပြီ။ နျိုကျားရွာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ချင်းဖုန့်ကို ပြန်ပေးဆွဲဖို့ စိတ်ကူးခဲ့တဲ့သူက အဲ့ကောင်လေးလား? သူ့ရည်ရွယ်ချက်က ဘာလဲ? 

လို့ရှီးယန်က သူ့အကြောင်းများကို အကုန်သိရရန် အလွန်စိတ်ဝင်စားနေခဲ့သည်။

  လူလတ်ပိုင်းအရွယ် အမျိုးသားက "ဒီနိမ့်ကျတဲ့သူက ယင်းထျန်းရုံးတော်ရဲ့ စစ်ဆေးရေးမှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝမ့်ပမ်ရှန့်ပါ၊ အလောင်းတွေကို စစ်ဆေးခဲ့တာ ဆယ်နှစ်ကျော်လောက်ရှိပါပြီ"

စစ်ဆေးရေးမှူးတဲ့လား? ဒါဆို သူက ရှေးခေတ် မှုခင်းဆေးဆရာဝန်တစ်ယောက်ပေါ့။

သူ့မျက်နှာတွင် အလောင်းစစ်ဆေးခြင်းအတွက် ယုံကြည်မှုအပြည့်ရှိနေပြီး ဘဝင်မြင့်နေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ တစ်ရက်ကြာ ဒေါသထွက်နေခဲ့ရသည့် ကျွော့ချင်း၏စိတ်အခြေအနေက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက အလောင်းများကို မည်သို့စစ်ဆေးသည်ကို မြင်ချင်နေမိသည်။

  "ကောင်းပြီ၊ သူက သတ်သေတာလား? လူသတ်မှုလားဆိုတာကို သေချာစမ်းသပ်ကြည့်သင့်တယ်"

တကယ်လို့ လူသတ်မှု ဖြစ်ခဲ့ရင် ဒီအမှုရဲ့ သက်ရောက်မှုက သေးသေး မဟုတ်ဘူး ဆိုတာ သေချာနေပြီ။ တကယ်လို့ တစ်ယောက်ယောက်က ယင်းထျန်းရုံးတော်ရဲ့အကျဉ်းထောင်တဲမှာ လူသတ်မှုကျူးလွန်နိုင်ခဲ့ရင် အဲ့လူက ရိုးရှင်းတဲ့လူတစ်ယောက် ဘယ်လို ဖြစ်နိုင်တော့မှာလဲ?

  "ဟုတ်ကဲ့"

  ဝမ့်ပမ်ရှန့်က အချုပ်ခန်းထဲသို့ ၀င်သွားခဲ့ပြီး ရုံးတော်အမှုထမ်းများက အလောင်းကို အောက်ကို ပြန်ချပြီးနေပြီ ဖြစ်သည်။

  ခရမ်းရောင်မျက်နှာနှင့် ဖောကားရောင်ရမ်းနေမှုတို့က မူလအသွင်အပြင်ကို မမြင်ရသလောက် ဖြစ်သွားစေသည်။ တောင့်တင်းသော ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သခင်မလင်းက ထိုထိုးနှက်မှုကို မခံနိုင်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ယောကျာ်း..."

  "သခင်မ၊ သတိထားပါဦး!" ရွာသားများက သခင်မလင်းကို နောက်ပြန်ဆုတ်ရန် ကူညီပေးခဲ့သည်။ ကျွော့ချင်းက အခြေအနေကို အခွင့်ကောင်းယူကာ  အချုပ်ခန်းအနီးသို့ ချဥ်းကပ်သွားလိုက်သည်။ စစ်ဆေးရေးမှူးက အလောင်း၏ဦးခေါင်းကို မကာ လည်ပင်းညှစ်ခံထားရသည့် ဒဏ်ရာများကို စစ်ဆေးကြည့်ရှုပြီးနောက် သေဆုံးသူ၏ လက်ခြေများကို ကြည့်နေသည်။ ငါးမိနစ်ခန့်အကြာတွင် သူက မတ်တပ်ထရပ်ပြီး လို့ရှီးယန်ဆီသို့ ချဥ်းကပ်သွားကာ “ဝန်ကြီးချုပ်ကို သတင်းပို့ပါတယ်၊ အလောင်းရဲ့မျက်နှာက ခရမ်းရောင်ရင့်ရောင်၊ လက်နှစ်ဖက်စလုံးက အောက်ကို ဒေါင်လိုက် ကျနေပြီး ခြေဖဝါးမှာ မီးလောင်ဒဏ်ရာတွေ ရှိတယ်။ လည်ပင်းမှာ ခရမ်းရောင်ဖျော့ဖျော့ကြိုးပြားရာ အမှတ်အသားတွေရှိနေပြီး အရာတွေက ဘယ်ဘက်နားရွက်ကနေ ညာဘက်နားရွက်အနောက်နားအထိ ဆန့်ထွက်နေသောကြောင့် သူ့ကိုယ်သူ သတ်သေသွားပုံရပြီး သူ့ကိုယ်သူ ကြိုးဆွဲချတဲ့ အရာကတော့ ခါးစည်းကြိုးပါဘဲ”

  သေကြောင်းကြံတယ်? 

လို့ရှီးယန်က ခဏလောက်စဉ်းစားနေပြီးမှ "သူ ဘယ်တုန်းက သေတာလဲ?"

  ဝမ့်ပမ်ရှန့်က အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် "နှစ်ရှီးချန်" ဟု ပြန်ဖြေလိုက်သည်။

  မှားနေပြီ!

  ခန္ဓာကိုယ်အစက်အပြောက်တွေကို တစ်ချက်ကြည့်လိုက်တာနဲ့ သေဆုံးသူက ဆယ်နာရီထက်မနည်းတဲ့အချိန်ကတည်းက သေဆုံးနေခဲ့တာ ဖြစ်နိုင်တယ်။ 

သူမက အလောင်းနှင့် ဝေးကွာလွန်းသော အကျဉ်းခန်းအပြင်ဘက်တွင် ရပ်နေသော ကျွော့ချင်းက သေဆုံးရသည့် အကြောင်းရင်းကို မဆုံးဖြတ်နိုင်ပေ။ ထို့ပြင် သူမက ဒေါသတကြီး ဝင်ရောက်ပြောဆိုပါက သူမကိုယ်တိုင် ဒုက္ခရောက်သွားနိုင်သည်။ ကျွော့ချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ကဲ... အကြံပြုချက်အချို့နဲ့ စလိုက်ကြရအောင်....

  "အရမ်းထူးဆန်းတာပဲ!" ကျွော့ချင်းက အံ့သြဟန်ဆောင်ပြီး "ဒီလူက အရမ်းကံကောင်းတယ်၊ သူ့ကိုယ်သူ သတ်သေခါနီးမှာ သူ့ဘာသာ သန့်ရှင်းရေး လုပ်ပြီး အဝတ်အသစ်နဲ့ ဖိနပ်အသစ်ကို ဝတ်နိုင်ခဲ့တယ်။ ထူးဆန်းတာက သူက အဝတ်အသစ်နဲ့ ဖိနပ်အသစ်လဲပေမယ့် ဆံပင်ကိုတော့ လုံးဝ မဖြီးထားဘူး!"

✍️✍️✍️