Chapter 61
ထိုကိစ္စကို အတွင်းရေးမှူး ကျန်း နှင့် မျက်နှာလွှဲ မထားသင့်ကြောင်း ဟန်ခိုင် သဘောပေါက် လိုက်လေသည်။ မြို့တော်ဝန် စွန်းကို ကိုယ်တိုင်ကိုယ်ကျ ပြောပြရန် ရက်အနည်းငယ် အချိန်ယူ၍ သူ စီစဉ်တော့လေသည်။ ကျွန်းတစ်ခုလုံးရှိ လူအများ၏ အသက်အိုးအိမ်များမှာ သူ့လက်ထဲတွင် ရှိနေခြင်း ဖြစ်သည်။
မြို့တော်ဝန် စွန်း နှင့်တွေ့ဆုံခွင့်ရရန် အုပ်ချုပ်ရေး အဆောက်အဦးသို့ သွားလျှင် အကြောင်းထူးမည်မဟုတ်၍ မြို့တော်ဝန်၏ ကားကိုသာ ဆီး၍ ပြောမည်ဟု စိတ်ကူးထားလေသည်။ဤအကြံမှာ ဆိုးရွားသော်လည်း ဟန်ခိုင် တွင် ရွေးချယ်စရာ မရှိတော့ချေ။
မြို့တော်ဝန်သည် အလုပ်များသူ ဖြစ်၍ ရုံးဆင်းချိန် မမှန်တတ်သဖြင့် သူနှင့် မတွေ့လိုက်ရသည်က များသည်။တစ်ခါတစ်ရံ စွန်းကျားရှီက အိမ်ကိုပင် ကားမောင်းမပြန်သည့် အခါများလည်း ရှိသည်။ဟန်ခိုင် သည် အခြေအနေကို သုံးရက်ကြာ စောင့်ကြည့်နေခဲ့ပြီး အစီအစဉ်ကို အကောင်အထည်မပေါ်မီ မမျှော်လင့်ဘဲ စွန်းကျားရှီ ၏ ကားနှင့် အတိုက်ခံရမလို ဖြစ်ခဲ့သည်။ကံကောင်းစွာနှင့် သူ နှင့် ကားကြာ အကွာအဝေးမှာ ၁မီတာပင် မဝေးချေ။
ဟန်ခိုင် သည် ဒရိုင်ဘာထိုင်ခုံအနားသို့ အမြန်ပြေးသွားကာ မှန်တံခါးကို ခပ်ရှက်ရှက်ဖြင့် ခေါက်လိုက်လေသည်။ စွန်းကျားရှီ က ကားမှန်ကို ချလိုက်ပြီး အေးစက်စက် ပြောလိုက်လေ၏။
“မင်းက ဘယ်သူလဲ.. ဘာကိစ္စရှိလို့လဲ..."
ဤသည်မှာ စွန်းကျားရှီ နှင့် ကိုယ်တိုင်ကိုယ်ကျ ဒုတိယအကြိမ် စကားပြောဖူးခြင်း ဖြစ်သည်။ ပထမတစ်ကြိမ်မှာ လွန်ခဲ့သော သုံးနှစ်က စွန်းကျားရှီ သည် ကျွန်းသို့ ထွက်ပြေးရန် လူအားလုံးကို စည်းရုံးစဉ်က ဖြစ်သည်။
ဇွန်ဘီဗိုင်းရပ် မဖြစ်ပွားမီ စွန်းကျားရှီ သည် ယွင်ကျင့်မြို့၏ ခရိုင်အကြီးအကဲ တစ်ဦးသာဖြစ်သည်။ ဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက် အစိုးရအရာရှိ အများစုသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားခြင်း သို့မဟုတ် ဇွန်ဘီများ အကိုက်ခံရပြီး သေဆုံးခဲ့ရသည်။
၂၀၂၂ တွင် ဗိုင်းရပ်စ် စတင်ဖြစ်ပွားသောအခါ အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်ရွံ့မှု ၊ စိတ်ပျက်အားငယ်မှုတို့ဖြင့် တစ်ချိန်လုံး နေထိုင်ခဲ့ကြရသည်။ ထိုအချိန်တွင် စွန်းကျားရှီ က ယွင်ကျင့်မြို့၌ အသက်ရှင်ကျန်နေသေးသော လူများကို တစ်ယောက်ပြီးတစ်ယောက် စုဝေးရန် သူ့ကိုယ်တိုင် နှိုးဆော်ခဲ့ပြီး အားလုံးကို လှေဖြင့် ကျွန်းသို့ စေလွှတ်ခဲ့သောကြောင့် ကျွန်းပေါ်သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ရခြင်း ဖြစ်လေသည်။ထို့ကြောင့် စွန်းကျားရှီ ကို မြို့တော်ဝန်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေတော့သည်။
ဟန်ခိုင် က ရှက်ရယ်ရယ်လိုက်သည်။
“မြို့တော်ဝန်ခင်ဗျာ.. ကျွန်တော်က CDCရဲ့ သုတေသီ တစ်ယောက်ပါ....ကျွန်တော် အရေးကြီးကိစ္စ တစ်ခုပြောစရာ ရှိပါတယ်..."
စွန်းကျားရှီ က ဟန်ခိုင် ကို အေးစက်စွာ ကြည့်နေဆဲဖြစ်ပြီး ခေါင်းကို မညိတ်ချင် ညိတ်ချင်ဖြင့် ပြောလိုက်သည်။
"ပြောလေ..."
ဟန်ခိုင် သည် စွန်းကျားရှီ က သူ့ကို ကားအပြင်မှာသာ ရပ်ပြီး စကားပြောခွင့်ပေးမည်ဟု မထင်ထား၍ မျက်နှာမထားတတ်အောင် ဖြစ်သွားရသည်။
"မြို့တော်ဝန်...ပြောရမှာ အရှည်ကြီးဆိုတော့လေ...ဒီမှာပဲ ပြောရမှာလား..."
ဟန်ခိုင် က ကားနောက်ခန်းကို စိုက်ကြည့်လိုက်သည်။ စွန်းကျားရှီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလေ၏။
"စကားပြော ကောင်းအောင် ရှေ့ခန်းကထိုင်..."
ဟန်ခိုင် သည် ဝမ်းပန်းတသာဖြင့် ခေါင်းညိတ်ကာ ကားရှေ့ခန်းထဲသို့ ဝင်ထိုင်လိုက်သည်။ စွန်းကျားရှီ က ကားစတီယာရင်ကို လှည့်လိုက်သည်။
“ဘာကိစ္စလဲ... ငါ့ကို ပြောလို့ရပြီ...”
"မြို့တော်ဝန်ဗျ... ဒါက ဒီလိုရှိပါတယ်...."
ဟန်ခိုင် က လွန်ခဲ့သည့် ရက်အနည်းငယ်က အတွင်းရေးမှူး ကျန်း ကိုပြောခဲ့သည့် အတိုင်း ပြန်ပြောပြလိုက်သည်။ သူ စကားပြောနေစဥ် စွန်းကျားရှီ သည် အတွင်းရေးမှူး ကျန်း ကဲ့သို့ အကြံပေးချက်ကို ပယ်ချမည် စိုးသောကြောင့် စွန်းကျားရှီ ၏ မျက်နှာအပြောင်းအလဲကို အကဲခတ်နေရလေသည်။
သို့သော် စွန်းကျားရှီ ၏ မျက်နှာထားမှာ အေးစက်မြဲဖြစ်သဖြင့် ဟန်ခိုင် သူ့မျက်နှာ အပြောင်းအလဲကို မှန်းတတ်အောင် ဖြစ်နေရသည်။ ဟန်ခိုင် ၏စကားကို နားထောင်ပြီးနောက် စွန်းကျားရှီ သည် ကားကိုစက်သပ်လိုက်ပြီး ပြောလေသည်။
“အင်း.... မင်းပြောတာကို ငါနားလည်ပါတယ်...ဒါပေမယ့် မလိုအပ်ဘူးထင်တယ်.... ကျွန်းပေါ်မှာ သေနတ်တွေနဲ့ လက်နက်ခဲယမ်းတွေ အခုဆိုရင် သိပ်ရှားပါးသွားပြီ.... အဲ့ဒီတော့လက်နက်ကိုင်တပ်ဖွဲ့တွေက ရေခဲမျက်နှာပြင်ကို အရည်ပျော်သွားအောင် ဖောက်ခွဲရေး ပစ္စည်းတွေ ထည့်ထားဖို့ရာ မဖြစ်နိုင်ဘူး... ပြီးတော့ ဖောက်ခွဲရေးပစ္စည်း တွေကို ကျွန်းနယ်စပ်မှာ တပ်ဆင်သင့်တယ်လို့ မင်းပြောတယ်မဟုတ်လား...ဘယ်လောက်ပဲ ပင်လယ် ရေတွေ ခဲသွားပါစေ...ကျွန်းကို ဇွန်ဘီတွေ လာရောက်နိုင်ခြေ ဘယ်လောက်ပဲရှိရှိ အဲ့ဒါတော့ လုံးဝမဖြစ်နိုင်ဘူး...ဘာဖြစ်လို့လဲဆိုတော့ ဖောက်ခွဲရေးပစ္စည်းတွေဆိုရင် ချိန်ကိုက်ကိရိယာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေမှ ကောင်းမယ်...အခု ကျွန်းပေါ်မှာ ကျန်နေတဲ့ချိန်ကိုက်ဗုံး အရေအတွက်ကို လက်ချိုးတောင်ရေလို့ရတယ်...အဲ့ဒီတော့ မင်းပြောတဲ့ကိစ္စကြီးကို အောင်မြင်အောင် လုပ်ဖို့ရာ မဖြစ်နိုင်ဘူး..."
စွန်းကျားရှီ ၏ ဆိုလိုရင်းမှာ သိသာထင်ရှားနေပြီ ဖြစ်သော်လည်း ဟန်ခိုင် က အရှုံးမပေးဘဲ နောက်တဆင့်တက်ပြီး တောင်းဆိုလိုက်ပြန်သည်။
“ချိန်ကိုက် ဖောက်ခွဲရေး ပစ္စည်းတွေ မလိုအပ်ပါဘူးဗျ...ချိန်ကိုက် ဖောက်ခွဲရေး ပစ္စည်းတွေအစား သာမန်ဖောက်ခွဲရေးပစ္စည်း တွေကိုပဲ အစောင့်တွေဆီ ပေးထားလိုက်ရင် ဖြစ်ပါတယ်...ဒါဆို အစောင့်တွေက ဇွန်ဘီအုပ်စုကို တွေ့ရင် ရေခဲပြင်ကို ဖောက်ခွဲပစ်လိုက်ရုံပါပဲ... အဲ့လိုဆိုရင် လက်နက်ခဲယမ်း အရောင်း ဌာနကနေ ဖောက်ခွဲရေးပစ္စည်းတွေကို ယူပြီး ကျွန်းနယ်စပ်ကို အပြေးအလွှား သွားပို့ရတဲ့ ဒုက္ခရော...နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တွေ လွှတ်ဖို့ရော အချိန်ကုန် သက်သာစေမှာပါ...”
"အစောင့်တွေကို ဖောက်ခွဲရေးပစ္စည်းတွေ ဝေပေးထားမယ် ဟုတ်လား...."
စွန်းကျားရှီ က ပြက်ရယ်ပြုဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
"ပရော်ဖက်ဆာ ဟန်...မင်းကလည်း မညံ့စမ်းပါနဲ့... တပ်ဖွဲ့ဝင်တွေ လူအင်အားနည်း နေလို့ စစ်ဆင်ရေးအဖွဲ့ နဲ့ နယ်ခြားစောင့်တပ်က ဝန်ထမ်းတွေ အားလုံး ငြူစူနေကြတာ...သူတို့ကို ဖောက်ခွဲရေးပစ္စည်းတွေ ပေးထားလိုက်ရင် ဇွန်ဘီတွေ မရောက်လာခင် တစ်ကျွန်းလုံး ပြဿနာတွေ တက်သွားနိုင်တယ်.... ”
“ဒါပေမယ့်…”
စွန်းကျားရှီ က သူ့လက်ကို ကာ၍ ဟန်ခိုင် ကို တားလိုက်သည်။
“မလုပ်ပါနဲ့ ပရော်ဖက်ဆာ ဟန်...လောလောဆယ် ငါအလုပ်တွေ အရမ်းရှုပ်နေတယ်...အိမ်ပြန်ရောက်ရင်လည်း လုပ်ရမဲ့ အလုပ်တွေ ပုံနေတာပဲ...အဲ့ဒီတော့ မင်းနဲ့ ငြင်းခုန် ပြောဆိုနေဖို့ အချိန်မရှိဘူး..."
စွန်းကျားရှီ ၏ လူများကို လိုက်ရန် ရည်ရွယ်ချက်မှာ ထင်ရှားနေပြီဖြစ်သည်။ ဟန်ခိုင် သည် ထပ်ပြောချင်သေးသော်လည်း ဒေါသတကြီး ကားပေါ်မှ ဆင်းလိုက်သည်။
ထို့နောက် ဟန်ခိုင် သည် အမှောင်ထဲတွင် ရပ်ကာ လှေကားထောင့်မှ ပျောက်ကွယ်သွားသည့် စွန်းကျားရှီ ၏ကျောကိုသာ ငေးကြည့်နေမိတော့သည်။
လူတစ်ယောက်၏ ယူဆချက်ကို အခြားလူတစ်ယောက်က လက်ခံနားလည်ပေးရန်မှာ ထင်သလောက်မလွယ်ကူကြောင်း သူ အစကတည်းက သဘောပေါက်ခဲ့သင့်သည်။
Xxxxxx
Chapter 62
နွေဦးရာသီရောက်ရန် ရက်အနည်းငယ်ကျန်နေသေးသဖြင့် အအေးေလျာ့လာသော်လည်း ရာသီဥတုမှာ အလွန်အမင်း မပူသေးပေ။ ကျွန်းနယ်စပ်တွင် မတ်တပ်ရပ်၍ စောင့်ကြပ်ရခြင်းသည် လူတစ်ယောက် ကို နှိပ်စက်ခြင်းတစ်မျိုး ဖြစ်လေသည်။ အေးစက်သော လေထုကလည်း မျက်နှာကို ဓားနှင့် ခြစ်လိုက်သကဲ့သို့ စပ်ဖျင်းနေတော့သည်။
နံနက်ခြောက်နာရီတွင် ဂျူတီပြောင်းရန် ဝူဟွေ ရောက်လာသောအခါ ညဘက်တာဝန်ကျသော ဝမ်ရှင်းကျန့် သည် တိုင်ကို မှီထား၍ ခေါင်းငိုက်စိုက်နှင့် အိပ်ပျော်နေလေသည်။ နွေဦးရာသီ မကြာမီ ရောက်မည်ဖြစ်၍ သူတို့ခေါင်းပေါ်ရှိ ဝန်ထုပ်ကြီး မှာလည်း အနည်းငယ် လျော့သွားပြီ ဖြစ်သည်။
နွေဦးရာသီအစတွင် ပင်လယ်ရေခဲပြင်များ အရည်ပျော်လာမည် ဖြစ်သည်။ တဖြည်းဖြည်း ရေခဲထုကြီးသည် ပျော်ဝင်လာမည်ဖြစ်၍ ကျွန်းပေါ်မှ လူအများ စိတ်လက်ချမ်းသာ ရပေတော့မည်။
ဝူဟွေ သည် တိုင်ပေါ်မှီ၍ အိပ်နေသော ဝမ်ရှင်းကျန့် ကို ခပ်ဖွဖွ ပုတ်နှိုးလိုက်သည်။ ဝမ်ရှင်းကျန့် သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် သူ့ခေါင်းမှာ စောင်းနေပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။ ဝူဟွေ က ခပ်ဆတ်ဆတ် ပုတ်နှိုးလိုက်မှ ဝမ်ရှင်းကျန့် နိုးလာလေသည်။ဝမ်ရှင်းကျန့်က ဝူဟွေကို ကြည့်ပြီး မျက်လုံးကို ပွတ်သပ်လိုက်သည်။
“အင်..အရမ်းအေးလွန်းလို့ အိပ်ချင်နေပြီ....”
"မကြာခင် နွေဦးရာသီ ရောက်တော့မှာပါ အစ်ကိုရ..နောက်ထပ် ရက်နည်းနည်း ကြာရင် ကျွန်တော်တို့ လွတ်လပ်တော့မယ်...."
ဝမ်ရှင်းကျန့် က သမ်းဝေလိုက်သဖြင့် ဝူဟွေ ပါ အိပ်ငိုက်ချင်သွားရသည်။
"မင်းတို့လို ကင်းစောင့်ဖို့ ယာယီတာဝန်ယူထားရတဲ့ လူတွေပဲ လွတ်မှာပါကွာ... ငါတို့က တစ်နှစ်ပတ်လုံး ကင်းစောင့်ရမှာ..."
ဝူဟွေ က သူ့ကို မည်သို့ပြန်ပြောရမည် မသိတော့ဘဲ ပြုံးရုံသာ ပြုံးနေလေသည်။
“အစ်ကို အိမ်ပြန်အိပ်တော့... ကောင်းကောင်းအိပ်... အောက်ထပ်ဆင်းရင် သတိထား...ပြုတ်ကျလိမ့်မယ်..."
ဝမ်ရှင်းကျန့် သည် လည်ပင်းနှင့် မျက်နှာတဝိုက်ကိုပါ ဖုံးထားသော ပဝါကို ချွတ်လိုက်ပြီး နေရာတွင် ရပ်နေသေးသည်။ထို့နောက် အေးမြသောပင်လယ်လေကို ဟားကနဲ မှုတ်ထုတ်လိုက်ပြီး မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
ဝူဟွေ က ဘေးနားရှိ မှန်ပြောင်းကို ကောက်ကိုင်လိုက်ပြီး အဝေးကို ကြည့်လိုက်သည်။ ဝူဟွေ က မှန်ပြောင်းကို အချိန်အတန်ကြာ စိုက်ကြည့်နေသဖြင့် ဝမ်ရှင်းကျန့် က မပြန်သေးဘဲ ပြုံးစိစိဖြင့် မေးလိုက်သည်။
“ဘာကိုများ ဒီလောက်တောင် အကြာကြီး ကြည့်နေရတာလဲ... မင်းကြည့်ရတာ အရမ်းကို စွဲလန်းနေပုံပဲ...ဘာလဲ..ရေခဲပြင်ပေါ်မှာ မိန်းမလှလေးတွေ ရှိနေလို့လား..."
ဝူဟွေ သည် ထိတ်လန့်သွားဟန်ဖြင့် မျက်နှာ ဖြူဖျော့သွားကာ မှန်ပြောင်းကို အောက်သို့ ချလိုက်သည်။ ဝူဟွေ က သူ့ကို ကြည့်လိုက်စဉ် သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး စကားတစ်ခွန်းကိုပင် သေချာမပြောနိုင်တော့ပေ။
ဝမ်ရှင်းကျန့် က ရယ်လိုက်ပြီး ရွတ်နောက်နောက် မေးလိုက်သည်။
“ဘာတွေ တွေ့လို့ ဒီလောက်တောင် ကြောက်နေရတာလဲ...”
ဝူဟွေ က ထိတ်လန့်တကြားဖြင့် တံတွေးကို ဂလုကနဲ မျိုချလိုက်ပြီး တုန်ယီစွာ ပြောလေသည်။
“ဇွန်ဘီ… ဇွန်ဘီတွေ အများကြီးပဲ...ဒီကို လာနေကြပြီ…"
ဝမ်ရှင်းကျန့် အနည်းငယ် လန့်သွားသော်လည်း နွေဦီးရာသီပင်ရောက်တော့မည် ဖြစ်၍ ဇွန်ဘီများ ရောက်လာသည်ကို မယုံနိုင် ဖြစ်နေသေးသည်။
"မင်းကလည်း...မနောက်စမ်းပါနဲ့...ပျော်စရာမကောင်းဘူး... "
ဝူဟွေ သည် စကားကိုအပေါက်အလမ်း တည့်အောင်ပင် မပြောတတ်တော့ဘဲ လက်ထဲမှ မှန်ပြောင်းကို ဝမ်ရှင်းကျန့် ကိုသာ ပေးလိုက်လေသည်။
ဝမ်ရှင်းကျန့် သည် မှန်ပြောင်းကိုယူကာ အဝေးကို လှမ်းကြည့်လိုက်ရာ တစ်ကျွန်းလုံးကို သေသွားစေနိုင်သော ဇွန်ဘီများသည် ကျွန်းသို့ တရွေ့ရွေ့လာနေသည်ကို မြင်လိုက်ရတော့လေသည်။သို့ရာတွင် သူက ဝူဟွေ ထက် အသက်ကြီးသူ ဖြစ်၍ ထိတ်လန့်ပုံမပြဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
“အခုချက်ချင်း အရေးပေါ် ဥဩ ဆွဲလိုက်....လက်နက်ကိုင်တပ်ဖွဲ့ ဌာနကို အခုချက်ချင်း သတင်းပို့...”
ဝူဟွေ က ဝမ်ရှင်းကျန့် ၏ စကားကို ကြားလျှင် ချက်ချင်းပင် အချက်ပေးခလုတ်ဆီသို့ ပြေးသွားလိုက်သည်။
ဝမ်ရှင်းကျန့် က လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ အသည်းအသန် ပြေးသွားပြီး တံခါးစောင့်၏ လက်ကို ဆွဲလှုပ်လိုက်ပြီး အသက်ဝဝ ရှူလိုက်သည်။
တံခါးစောင့် တာဝန်ကျသူသည် ဝမ်ရှင်းကျန့် ကို ကောင်းစွာသိလေသည်။ သူက ဝမ်ရှင်းကျန့် ကို အဘယ်ကြောင့် အမောတကော ပြေးလာရသည်ကို မေးမြန်းလိုက်သည်။
"မင်းဒီကို ဘာလာလုပ်တာလဲကွ... လူဝင်စားဖို့ ပြေးလာတာလား..."
“မဟုတ်ဘူး… မဟုတ်ဘူး...ဇွန်ဘီတွေ ရောက်လာပြီ...”
ဝမ်ရှင်းကျန့် သည် နောက်ပြောင်နေပုံမပေါ်သော်လည်း သူ့စကားကို မယုံပေ။
နွေဦးရာသီ ရောက်တော့မည် ဖြစ်၍ လူတိုင်း စိတ်သက်သာရာ ရလုနီးပါး ဖြစ်နေလေသည်။
"ဒါနောက်စရာမဟုတ်ဘူးနော်..."
ဝမ်ရှင်းကျန့် သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွား၏။
"ငါဘယ်မှာ နောက်နေလို့လဲ... ဒီမှာ မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး... လက်နက်ကိုင် တပ်ဖွဲ့ဌာနရဲ့ အကြီးအကဲနဲ့ တွေ့ချင်တယ်...."
“အကြီးအကဲ က မလာသေးဘူး... သူက ၈နာရီမှ လာမှာ...”
"ဒါဆို လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကရော..."
“အခုမှ ၆နာရီကျော် ပဲရှိသေးတယ်... ဘယ်သူမှ ထဦးမှာ မဟုတ်သေးဘူး... ခေါင်းဆောင်လည်း အိပ်ရာနိုးဦးမှာ မဟုတ်ဘူး... မင်း ဒီမှာ ထိုင်စောင့်ရင် စောင့်နေလိုက်..."
"စောင့်ရမယ် ဟုတ်လား..."
ဝမ်ရှင်းကျန့် က သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
ဒီကောင် ဘယ်လောက်တောင်အရေးကြီးတဲ့ ကိစ္စဆိုတာ မသိသေးဘူး...
“ဒီမှာ..ငါ ကင်းစောင့်နေတုန်းက မှန်ပြောင်းနဲ့ အဝေးကို ကြည့်လိုက်တာ ရေခဲပြင်ပေါ်မှာ ဇွန်ဘီတွေ အုပ်လိုက်ကြီး တွေ့ခဲ့ရတယ်... ကျွန်းကိုရောက်ဖို့ နာရီဝက်လောက်ပဲ လိုတော့မှာ... သူတို့တွေ ရောက်လာရင် ငါတို့အားလုံး သေကုန်လိမ့်မယ်... အဲဒီအကြောင်းကို မင်းတို့ ခေါင်းဆောင်ကို အမြန်ပြောပြီး ရေခဲတွေကို ဖောက်ခွဲပစ်ဖို့ စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်း ဖွဲ့စည်းဖို့ ပြောရမယ်...”
"ဒါဆို ခေါင်းဆောင်ကို မြန်မြန် ဖုန်းခေါ်ရမှာပေါ့...."
"လမ်းမှာ ခေါ်ပြီးသွားပြီ... ဖုန်းမကိုင်ဘူး.. သူ အိပ်ရာမထသေးလို့ဖြစ်မှာ..."
"ဒါဆိုရင် စစ်ဆင်ရေး အဖွဲ့ရဲ့ တပ်ခွဲမှူးကို ဖုန်းခေါ်လိုက်လေ.."
"ဟုတ်သားပဲ...ဒီကိစ္စမှာ တပ်ခွဲမှူးကို ဘယ်မေ့ထားလို့ရမလဲ..."
ဝမ်ရှင်းကျန့် သည် တပ်ခွဲမှူး ၏နံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်။
တပ်ခွဲမှူး ကျန့် က အိပ်ချင်မူးတူးသံဖြင့် ဒေါသတကြီး အော်လိုက်သည်။
"ဘယ်သူလဲ...ဒီအချိန်က လူအိပ်ချိန်မှန်း နားမလည်ဘူးလား...”
ဝမ်ရှင်းကျန့် က ကျန့်ဟိုင် ၏ ဒေါသကို ဂရုမစိုက်ဘဲ ကမန်းကတန်းပြောလိုက်သည်။
“တပ်ခွဲမှူး...အခုက အိပ်ရမဲ့ အချိန်မဟုတ်သေးဘူး.... ဇွန်ဘီတွေ အများကြီး ကျွန်းကို လာနေကြပြီ...”
ကျန့်ဟိုင် သည် ထိုစကားကိုကြားပြီးနောက် လန့်ဖျပ်သွားရ၏။
“မင်းက ဘယ်သူလဲ... ဘာတွေဖြစ်နေတာလဲ..."
Xxxxxx