အပိုင်း ၆၃-၆၄
Viewers 5k

Chapter 63


“တပ်ခွဲမှူး...ကျွန်တော်က ဝမ်ရှင်းကျန့် ပါ... ကျွန်တော် ကင်းစောင့်နေချိန်မှာ ရေခဲပြင်ပေါ်ကို ဖြတ်ပြီး ဇွန်ဘီတွေ အများကြီးလာနေတာကို တွေ့ခဲ့ရပါတယ်.... ကျွန်းနဲ့ သိပ်မဝေးဘူး...နာရီဝက်အတွင်း သူတို့‌တွေ ကျွန်းပေါ်ကို ရောက်လာကြမယ် ထင်တယ်... တပ်ခွဲမှူး...အချိန်မရှိတော့ဘူး...ရေခဲတွေကို ဖောက်ခွဲပစ်ဖို့ ‌တပ်ဖွဲ့အင်အား‌တွေ လွှတ်ပေးပါ...” 


ဖုန်းထဲတွင် ဝမ်ရှင်းကျန့် ၏ အသံဆုံးသွားသည်နှင့် အိမ်အပြင်ဘက်မှ ကျယ်လောင်သည့် အချက်ပေးသံကို ကျန့်ဟိုင် ကြားလိုက်ရလေသည်။ သူ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် အဝတ်အစားလဲလိုက်ပြီး သူ့စိတ်ထဲတွင် အရည်အချင်းရှိသည် ဟု ထင်သော စစ်ဆင်ရေး အဖွဲ့၀င်များစွာကို လှမ်းခေါ်လိုက်တော့သည်။ 


ကျန့်ဟိုင်  လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ ရောက်သောအခါ သူခေါ်ယူထားသော အဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်းများကို ထုပ်ပိုးပြီး ကျွန်းနယ်စပ်သို့ သွားနေကြပြီ ဖြစ်သည်။  ခေါင်းဆောင်မှာ လီနန်ရှန့် ဖြစ်၏။ ကျန့်ဟိုင် သည် လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ ပြေး၍သွားနေသည်ကို လီနန်ရှန့် မြင်သောအခါ အမြန်ပြေးလာသည်။


“တပ်ခွဲမှူး...ဖောက်ခွဲရေးပစ္စည်းတွေ ယူဖို့ ညီအစ်ကိုတွေကို ကျွန်တော် ပြောထားပြီးပါပြီ...အခု သူတို့အားလုံး ကျွန်းနယ်စပ်ကို သွားနေကြပြီ...” 


ကျန့်ဟိုင် အနည်းငယ် အံ့သြသွား‌ရသော်လည်း ယခု‌အခြေအနေသည် အလွန်အရေးကြီးနေသဖြင့်  တပ်ဖွဲ့ဝင်များကို ရှင်းပြရန် မချိန်မရှိပေ။


လီနန်ရှန့် က ဘယ်လိုများ စီစဥ်လိုက်တာလဲ...


သို့သော်  လီနန်ရှန့် ကိုမေးရန် အချိန်မရှိသဖြင့် ကမန်းကတန်း ပြောလိုက်သည်။ 


"မြန်နိုင်သမျှ မြန်မြန်သွားကြ...ဇွန်ဘီတွေကို ကျွန်းပေါ် မတက်စေနဲ့...."


လီနန်ရှန့် က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ 


ကျန့်ဟိုင် သည် လက်နက်ကိုင် တပ်ဖွဲ့ဌာန တံခါးဆီ ရောက်သောအခါ အစောင့်တပ်သားနှင့်ဝမ်ရှင်းကျန့် ကို တွေ့လိုက်ရ၍ ကိစ္စအားလုံးကို သူ နားလည်သွားလေသည်။ ဝမ်ရှင်းကျန့် သည် ထက်မြက်သူဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဌာန၏ တံခါးစောင့် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။


ဝမ်ရှင်းကျန့် က ကျွန်းသို့ ဇွန်ဘီအုပ်စုကြီး ရောက်ရှိလာကြောင်းကို လီနန်ရှန့် အား ပြောပြခြင်း ဖြစ်နိုင်သည်။ 


ဖောက်ခွဲရေးပစ္စည်း‌များသည် ဤမျှများပြားလှသော ဇွန်ဘီများကို ရပ်တန့်နိုင်ပါ့မည်လား...


ယခုချက်ချင်း အရေးတကြီး လုပ်ဆောင်ရမည့် တာဝန်မှာ မြို့တော်ဝန်ကို ရှာဖွေရန် ၊ ဤကိစ္စကို မြို့တော်ဝန်ထံ သတင်းပို့ရန်နှင့် ယခုဖြစ်ပျက်နေသော အခြေအနေအားလုံးကို မြို့တော်ဝန်အား စီမံခန့်ခွဲစေခြင်း ပင် ဖြစ်လေသည်။ လွန်ခဲ့သည့် သုံးနှစ်က သူတို့သည် မြို့တော်ဝန်၏ ကျေးဇူးကြောင့် ယွင်ကျင့် မြို့မှ ကျွန်းသို့ ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့လေသည်။ 


ထို့နောက် ကျန့်ဟိုင် က မြို့တော်ဝန် စွန်းကျားရှီ ကို ဖုန်းဆက်လိုက်သည်။ မြို့တော်ဝန်မှာ ကျွန်းပေါ်တွင် ဘာဖြစ်နေမှန်း ရှင်းရှင်းလင်းလင်း မသိသောကြောင့် ဖုန်းကိုင်လိုက်သည်နှင့် ကမန်းကတန်း မေးလိုက်သည်။


"အရာရှိ ကျန့်...ဘာဖြစ်နေတာလဲ.... ကျွန်းပေါ်မှာ ဥဩသံတွေ ဆူညံနေတာပဲ..."


ကျန့်ဟိုင် က အစောင့်များသည် ကျွန်းသို့ လာနေကြသော ဇွန်ဘီအများအပြားကို တွေ့ခဲ့ကြောင်း မြန်မြန်ဆန်ဆန် အကျဉ်းချုံးပြောပြလိုက်သည်။


စွန်းကျားရှီ သည် အိပ်နေရာမှ လူးလဲထလိုက်ပြီး လွန်ခဲ့သည့်တစ်လကျော်က ဟန်ခိုင် ပြောခဲ့သည့်စကားကို သတိရသွားရသည်။


 တိုက်ဆိုင်တာလား...


လွန်ခဲ့သည့်တစ်လကျော်က ဟန်ခိုင် သည် သူ့ကားရှေ့တွင် တမင်သက်သက် ပိတ်ရပ်ကာ ဇွန်ဘီများ ကျွန်းသို့ ရောက်လာနိုင်ကြောင်း ပြောခဲ့လေသည်။ 


ဘယ်လိုဖြစ်ရတာလဲ...


 "ဘာလို့ ဒီလောက် အများကြီး လာနေရတာလဲ..." 


စွန်းကျားရှီ က ကျန့်ဟိုင် ကို မေးလိုက်သည်။ ကျန့်ဟိုင် က အစောင့်များသည် ရှေ့မှ ဦးဆောင်လာနေသော ဇွန်ဘီတစ်ကောင်ကို မြင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောလိုက်သည်။


ထို့နောက် စွန်းကျားရှီ သည် မေးခွန်းများ မမေးတော့ဘဲ အဝတ်အစားကို ကြုံသလို ဆွဲလွဲဝတ်လိုက်ပြီး အုပ်ချုပ်ရေး အဆောက်အဦးသို့ သွားလိုက်သည်။ 


လီနန်ရှန့် နှင့် အခြားသူများ ကျွန်းနယ်စပ်သို့ ရောက်သောအခါ၊ ဇွန်ဘီများသည် ကျွန်းနှင့် မီတာတစ်ရာသာ ဝေးနေတော့သည်။


ယခုမြင်ကွင်းကြီးသည် အလွန် ကြောက်စရာကောင်းလှသဖြင့် လီနန်ရှန့် မင်တက်နေရလေသည်။ သူသည် ဇွန်ဘီများစွာကို မြင်ဖူးသော်လည်း ဤကဲ့သို့ များပြားလှသည့် ဖုတ်ကောင်အုပ်စုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ သူ့စိတ်ထဲတွင် "ဂြိုလ်ဆိုးဝင်ပြီ" ဟု ရေရွတ်မိသွားရသည်။


ငါတို့ကို ဖက်ထုပ်လုပ်ပြီး စားတော့မှာပဲ... 


လီနန်ရှန့် သည် ဇွန်ဘီ အစုလိုက် အပြုံလိုက်ကို ကြည့်ပြီး ကြောက်စိတ်ကြောင့် ခွေကျလုမတတ် ဖြစ်သွားရသည်။ ထိုဇွန်ဘီများသည်  ရေခဲပြင်ကို ဖြတ်၍ လမ်းလျှောက်လာရသဖြင့် ပင်ပန်းနေပုံရသည်။ ရှေ့မှ လူအများကို မြင်နေရသော်လည်း  အလျင်စလို ပြေးမလာကြဘဲ ဖြည်းဖြည်းချင်းသာ လျှောက်လာနေကြသည်။ 


လီနန်ရှန့် က အချက်ပြလိုက်ရာ ကျွန်းနယ်စပ်သို့ ရောက်ရှိလာကြသော စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ရေခဲပြင်ပေါ်သို့ ဗုံးများ တစ်ပြိုင်နက် ပစ်ချလိုက်လေသည်။ ဖြစ်စဉ်အားလုံးသည် သူစိတ်ကူးထားသည်ထက် အဆင်ပြေသွားလေသည်။ ဇွန်ဘီများသည် ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။ ဗုံးများ ပေါက်ကွဲသွားသဖြင့်ရေခဲပြင်ကြီးမှာ ကွဲအက်သွားပြီး ရှေ့ဆုံးတန်းမှ ဇွန်ဘီများမှာ လဲကျသွားပြီး ပင်လယ်အောက်သို့ စွပ်ကနဲ နစ်မြုပ်သွားလေတော့သည်။


ရှေ့တန်းရှိ ဇွန်ဘီနှစ်ကောင်သည် ဖက်ထုပ်များကဲ့သို့ ပင်လယ်ထဲသို့ ကျသွားသောအခါ နောက်တန်းများရှိ ဇွန်ဘီများသည် ဆက်လျှောက်မလာဘဲ ရေခဲပြင် အက်ကြောင်းအစွန်းတွင် ရပ်နေလေသည်။


လီနန်ရှန့် သည် ကွဲအက်သွားသော ရေခဲများကို ကြည့်ရင်း ထိုအက်ကြောင်းများတွင် ရေခဲများ ပြန်ဖြစ်လာမည်ကို တွေးပူလျက်ရှိသည်။နွေဦးမရောက်မီ ရာသီဥတု ပူလာအောင် ဆုတောင်းရုံသာ ရှိပေတော့သည်။


ထိုစဉ် ကျွန်းပေါ်ရှိ အသံချဲ့စက် မြည်လာပြီး မြို့တော်ဝန် စွန်းကျားရှီ ၏ အသံထွက်လာသောအခါ လီနန်ရှန့်  မှင်တက်သွားမိသည်။ မြို့တော်ဝန် ပြောသွားသည်မှာ ဇွန်ဘီများသည် ကျွန်းပေါ်သို့ရောက်ရှိလာတော့မည်ကို ရှင်းပြနေပြီး လူတိုင်းသည် အုပ်ချုပ်ရေးအဆောက်အဦး၏ ဝင်ပေါက်တွင် စုဝေးရန် နှင့် မြေအောက်လမ်းမှ တစ်ဆင့် ထွက်ပြေးကြရန် ဆော်ဩနေတော့သည်။ ကျွန်းပေါ်တွင် စတင်အခြေချ နေထိုင်စဉ်က လူအများ စုပေါင်း၍ မြေအောက်လမ်းကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။ကံကောင်းစွာနှင့် ယခုအခြေအနေတွင် လူအများဘေးကင်းရန် ထွက်ပြေးနိုင်မည့် လမ်းကြောင်း ဖြစ်နေပြီ ဖြစ်သည်။


ယခု ရောက်ရှိနေကြသော လူအုပ်ကြီးမှာ များပြားလွန်းလှသဖြင့် သေအံ့ဆဲဆဲ အခြေအနေ၌ မည်သို့ စီစဉ်ရမည်ကို မတွေးတတ်အောင် ဖြစ်နေရသည်။


မြို့တော်ဝန်သည် အုပ်ချုပ်ရေး အဆောက်အဦး တံခါးဝတွင် လူစုရန် တစ်နာရီခန့် စောင့်နေခဲ့သည်။ ထိုလူစုထဲမှ တစ်ယောက်က မြို့တော်ဝန် တံခါးဝတွင် ရပ်နေသည်ကိုမြင်လျှင် သူက မြို့တော်ဝန်ကို ပြောလိုက်သည်။


 “မြို့တော်ဝန် ဘာဖြစ်နေတာလဲ...ကျွန်တော်တို့‌အားလုံး ဝေခွဲမရဖြစ်နေကြပြီ...” 


အခါလွန်မှသာ နောင်တရလေ့ရှိကြပြီး ဝေဖန်လေကန်တတ်သော တချို့လူများကို အကြောင်းစုံရှင်းပြရန် စွန်းကျားရှီ က အတွင်းရေးမှူး ကျန်း ကို လော်စပီကာ ယူလာပေးရန် ပြောလိုက်သည်။


Xxxxxxxx


Chapter 64


စွန်းကျားရှီ သည် လော်စပီကာကို ကိုင်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။


"အားလုံး တိတ်တိတ်နေကြပါ..." 


သူပြောပြီးသည်နှင့် အချိန်အတော်ကြာ ဆူညံနေသော လူအုပ်ကြီးမှာ ငြိမ်သက်သွားလေသည်။ 


" အခု ကျွန်းပတ်လည်မှာ ဇွန်ဘီ ထောင်သောင်းချီ ရှိနေတယ်လို့ ကျွန်းနယ်စပ်က တပ်ဖွဲ့ဝင်တွေက ပြောတယ်.... ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့က ကျွန်းတစ်ဝိုက်က ရေခဲတွေကို ဗုံးကြဲလိုက်ပါတယ်...ဒါကြောင့် ကျွန်တော်တို့ အတွက် အချိန်ပိုရသွားတယ်...ဒါပေမဲ့လည်း တစ်ကျွန်းလုံးက လူတွေရဲ့ အသက်ကို စိတ်ချလက်ချ နေလို့ မဖြစ်ပါဘူး...အရင်နှစ်တွေနဲ့ နှိုင်းရရင်  ရေခဲပြင်ဟာ နွေဦးရာသီအစမှာ အရည်ပျော်သွားပါလိမ့်မယ်... နွေဦးရာသီ အစက နှစ်ရက်ပဲ လိုတော့ပေမဲ့ ရာသီဥတု ပူလာမဲ့ အရိပ်အယောင် မတွေ့ရသေးဘူး....ဗုံး‌ကြောင့် ကွဲသွားတဲ့ ရေခဲပြင်အက်ကြောင်းကလည်း သိပ်မကြာခင် ပြန်ခဲသွားမှာပဲ... အများဆုံး တစ်ရက်နဲ့ တစ်ညပဲ ခံနိုင်တယ်... ညဘက်ဆိုရင် အပူချိန် သိသိသာသာကြီး ကျဆင်းလာတဲ့အတွက် မနက်ဖြန် မနက်ဆို ရေခဲပြင် ကြီး ပြန်ဖြစ်ဖို့ များတယ်...ရေခဲပြင်ကို ဖောက်ခွဲပစ်တဲ့နည်းက အလုပ်ဖြစ်ပေမဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အများကြီးမကျန်တော့ဘူး...အဲ့တော့ ကျွန်းတစ်ဝိုက်က ရေခဲတွေကို ဖောက်ခွဲပစ်လို့ မရနိုင်ဘူး...” 


မြို့တော်ဝန်၏ စကားဆုံးသည်နှင့် စောစောက ငြိမ်သက်သွားသော လူအုပ်ကြီးမှာ တစ်ဖန်ပြန်၍ ဆူညံလာကြပြန်သည်။ စွန်းကျားရှီ က လော်စပီကာကို တစ်ဖန်ပြန်ကိုင်လိုက်ပြီး ပြောလိုက်ပြန်သည်။


“အခုလောလောဆယ် အကောင်းဆုံးနည်းလမ်းကတော့ အစားအစာအလုံအလောက်ယူပြီး လွတ်မြောက်လိုဏ်ခေါင်းထဲမှာ ပုန်းနေဖို့ပါပဲ... ရေခဲတွေ လုံးလုံး အရည်ပျော်သွားပေမယ့် ဇွန်ဘီတွေ ကျွန်းကို ရောက်လာတယ်ဆိုရင်လည်း ငါတို့ ယွင်ကျင့် မြို့ကို ပြန်သွားကြရမှာပဲ...”


စွန်းကျားရှီ ၏ အသံဆုံးသွားသည်နှင့် တပြိုင်နက် လူအများက တစ်ဖန်ပြန်၍ ဆူညံနေကြပြန်သည်။ ထို့နောက် အသက်လေးဆယ်ခန့်ရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လူအုပ်ရှေ့သို့ လျှောက်လာပြီး ပြောလိုက်၏။


“မြို့တော်ဝန် စွန်း... ခင်ဗျားက ကျွန်တော်တို့ကို ယွင်ကျင့် မြို့ကို ပြန်ခိုင်းတယ်နော်..ဒါပေမဲ့ ယွင်ကျင့် မြို့မှာ ဇွန်ဘီတွေ အများကြီးရှိတယ်..ကျွန်တော်တို့ကို သေခိုင်းနေတာလား..."


"ဒါဆို ယွင်ကျင့်မြို့ထက် ပိုကောင်းတဲ့ နေရာကို မင်းသိလား..." 


 "တခြားနေရာကို မသိတတ်ပေမယ့် ကျွန်တော် လူတွေကို မီးတွင်းထဲကို မတွန်းချလိုက်နိုင်ဘူး....,” 


“လွန်ခဲ့တဲ့ ၃ နှစ်ကလိုပါပဲ... လူတိုင်းကို ကျွန်တော့်နောက် လိုက်ဖို့ အတင်းအကျပ် ‌ပြောမှာမဟုတ်ဘူး...  ယွင်ကျင့် မြို့ကို မသွားချင်ရင် ကျွန်းပေါ်မှာ နေနိုင်သလို တခြားနေရာတွေကို လှေနဲ့ ကိုယ့်ဘာကိုယ် သွားလို့ရတယ်...ဒါပေမယ့် ကျွန်းပေါ်မှာ နေတာပဲဖြစ်ဖြစ်..လှေနဲ့ တခြားနေရာတွေကို သွားတာပဲဖြစ်ဖြစ်  ယွင်ကျင့် မြို့ကို ပြန်လာတာထက် အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်...."


 


စွန်းကျားရှီ ၏ စကား‌‌ကြောင့် လူအများ  ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြန်သည်။


လူအုပ်ဘေးတွင် ရပ်နေသည့် လင်းကျင်းရှု က ဖခင်ဖြစ်သူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။


"အဖေ...သမီးတို့ ဘယ်လိုလုပ်ကြမလဲဟင်..." 


လင်းဟန် သည် သမီးဖြစ်သူ၏လက်ကို နှစ်သိမ့်စွာ ဆုပ်ကိုင်ထားလိုက်ပြီး နှစ်သိမ့်လိုက်သည်။


 “သမီးရဲ့ ဦးလေးစွန်း ပြောတာကို နားထောင်ရမှာပေါ့... အစကတည်းက သူက အဖေတို့ကို ဘေးကင်းအောင် ဒီကို ခေါ်လာခဲ့တာ‌လေ...”


 "အဖေ သမီးတို့ သေတော့မှာလားဟင်..." 


လင်းကျင်းရှု ၏အသံမှာ ဝမ်းနည်းခြင်းအပြည့် ရှိနေ၏။


 "မသေပါဘူး သမီးရယ်... အဖေ သမီးကို အမြဲကာကွယ်ပေးမှာပါ..." 


ခဏအကြာတွင်၊ စွန်းကျားရှီ ၏ အသံသည် အသံချဲ့စက်မှ ထပ်မံထွက်ပေါ်လာ၏။


“မင်းတို့အခု စကားပြောနေဖို့ အချိန် မရှိဘူး...အရေးကြီးတဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ယူလာဖို့ တစ်နာရီ အချိန်ပေးမယ်... တစ်နာရီအတွင်း ဘယ်သူမှ မလာဘူးဆိုရင် အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာလို့  မှတ်ယူပစ်မှာပါ....အခုအချိန်က အရမ်းအရေးကြီးတယ်...မင်းတို့ တစ်ယောက်တစ်လေကို စောင့်နေလိုက်လို့ တခြားလူတွေရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးချင်ဘူး..." 


တစ်နာရီကြာပြီးနောက်တွင် လူတိုင်းသည် အုပ်ချုပ်ရေး အဆောက်အဦး ၏ အ၀င်ဝတွင် အိတ်ကြီး၊အိတ်ငယ်များဖြင့် အချိန်မီ ရောက်လာကြလေသည်။  စွန်းကျားရှီ သည် စုရုံးနေကြသော လူအုပ်ကြီးကို ကြည့်ကာ သူ့ကိုယ်သူ တွေးနေမိသည်- 'ဟုတ်တယ်... လူ‌တွေကို ဖိအားပေးလိုက်ရင် သူတို့ မြန်မြန် အလုပ်လုပ်ကြတော့တာပဲ... '


လွတ်မြောက်လမ်း၏ ဝင်ပေါက်သည် အုပ်ချုပ်ရေး အဆောက်အဦး၏ မြေအောက်ခန်း ဖြစ်သည်။ ဝင်ပေါက်မှာ အလွန်ကျဉ်းမြောင်းလှပြီး လျှို့ဝှက်စွာ ပြုလုပ်ထားသောကြောင့် လူတစ်ယောက်သာ သွား၍ရသည်။ လွတ်မြောက်လမ်းသည် အုပ်ချုပ်ရေး အဆောက်အဦးမှ ကျွန်းနယ်နိမိတ်သို့ တိုက်ရိုက် လမ်းဖောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရေခဲများ အရည်ပျော်နေသမျှ ကာလပတ်လုံး သူတို့သည် ကျွန်းမှ လှေများဖြင့် ထွက်ခွာသွားနိုင်မည် ဖြစ်သည်။ 


စွန်းကျားရှီ သည် မူလက လူအများကို တစ်သုတ်ပြီးတစ်သုတ် လိုဏ်ခေါင်းဝင်ပေါက်သို့ ဝင်ခွင့်ပြုရန် စီစဉ်ထားသော်လည်း အားလုံးက လွတ်မြောက်လိုဏ်ခေါင်း အတွင်းသို့ ဝိုင်းအုံတိုးဝှေ့လိုက်ကြသဖြင့် အနည်းငယ် ဖရိုဖရဲ ဖြစ်ခဲ့ရလေသည်။ 


ဤသို့ဖြင့် လင်းကျင်းရှု နှင့် လင်းဟန် တို့မှာ လူအုပ်ကြီးကြောင့် အဝေးသို့ ရောက်သွားရသည်။ လင်းဟန် မှာ လွတ်မြောက်လိုဏ်‌ခေါင်းထဲ ရောက်သွားသော်လည်း  လင်းကျင်းရှု မှာမူ အပြင်ဘက်သို့ လွင့်သွားရလေသည်။


စွန်းကျားရှီ သည် ဝင်ပေါက်ဘေးတွင် ရပ်ကာ  ရှုပ်ယှက်ခတ်နေသော လူအုပ်ကို ကြည့်လိုက်၍ ‌စိတ်ပျက်သွားရသော်လည်း အချိန်လုနေရသဖြင့် တစ်ခွန်းတစ်ပါဒမျှ ပြောဆိုမနေတော့ပေ။


လင်းကျင်းရှု သည် လင်းဟန် ၏ လက်တွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူမသည် ငယ်ရွယ်သူဖြစ်ပြီး ဆာလောင်နေသော ထိုဝံပုလွေများကဲ့သို့ ခွန်အားမရှိသဖြင့် သူမ အပြင်သို့ ထွက်လာရသည်။ 


သူမသည် အပြင်တွင်ရပ်နေသော စွန်းကျားရှီ ကို မြင်လိုက်သောအခါ  ဦးလေးဖြစ်သူအား ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည်။


“ဦးလေး စွန်း... အဖေနဲ့ သမီး လူစုကွဲသွားပြီ...”


စွန်းကျားရှီ သည် လင်းကျင်းရှု ကိုကြည့်၍ ကြင်နာစွာပြုံးလိုက်၏။


"ဘာဖြစ်သွားလို့လဲ..."


လင်းကျင်းရှု က အတင်းတိုး ဝှေ့နေဆဲ လူအုပ်ကို မကျေမနပ် စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။


 “လူအုပ်ကြီးက ပြည့်ကျပ်နေတာပဲ...အဲ့တော့ ဘယ်သူမှ တန်းစီမနေတော့ဘူး... ဦးလေး စွန်း... သူတို့ကို ပြောပါဦး..." 


 “ဦးလေးလည်း မထိန်းနိုင်တော့ဘူး...သူတို့ကလည်း ဦးလေးပြောရင် နားထောင်မှာ မဟုတ်ဘူး..  စိတ်မပူပါနဲ့...သမီးအဖေက လွတ်မြောက် လိုဏ်ခေါင်းထဲကို ရောက်သွားမှာပါ... နောက်မှ သမီးကို အထဲ ခေါ်သွားပေးဖို့ အတွင်းရေးမှူး ကျန်း ကို ပြောလိုက်မယ်....အထဲမှာ သမီးအဖေကို တွေ့မှာပါ...”


Xxxxxx